ကမ္ဘာတစ်ဝှမ်း လက်ဖက်ရဲ့ ထူးခြားမှုသမိုင်းအစဉ်အလာ

“လက်ဖက်” ဆိုတာ ကမ္ဘာတဝှမ်း မသိသူမရှိလောက်အောင် သုံးစွဲလျက်ရှိတဲ့ ဖျော်ရည် ကုန်ကြမ်း တစ်မျိုး ဖြစ်ပါတယ်။လက်ဖက်ပင်ဆိုတာ နှစ်ရှည်ပင်ဖြစ်ပြီး တရုတ်၊ အာသံ၊ ကိုးကန့်နဲ့ အင်ဒိုချိုင်းနား ဆိုပြီး မျိုး(၄)မျိုး ရှိရာမှာတော့ မြန်မာ နိုင်ငံမှာ အာသံမျိုးကိုသာ အဓိကထားစိုက်ပျိုးကြပါတယ်။မြန်မာနိုင်ငံမှာ ရှေးဟောင်း လက်ဖက်စိုက်ခင်း ကြီး တွေလည်း ရှိနေပြီး လက်ဖက်စို၊ လက်ဖက်အခါးခြောက်၊ လက်ဖက်အချိုခြောက် တွေကို ထုတ်လုပ်သုံးစွဲ လျက်ရှိပါတယ်။
လက်ဖက်နဲ့ ပတ်သက်ပြီး မှတ်တမ်းတွေလည်းရှိပါတယ်။ဦးပုညရဲ့ လက်ဖက် မေတ္တာစာ ထဲမှာ သရေခေတ္တရာ ဒွတ္တဘောင်မင်းကို စားတော်ဆက်ဖို့ ဓနုပလောင်လူမျိုးတွေက လက်ဖက်ပင်ကို စီမံစိုက်ပျိုး ခဲ့တယ်လို့ ဖော်ပြထားပါတယ်။နောက်ထပ်မှတ်တမ်းတစ်ခုမှာတော့ အလောင်းစည်သူမင်းလက်ထက်မှာ ပလောင်တောင်သူတွေကို လက်ဖက်မျိုးစေ့ပေးကာ စိုက်ပျိုးစေခဲ့တယ်လို့လည်းဆိုတဲ့ အတွက် မြန်မာနိုင်ငံရဲ့ လက်ဖက်သမိုင်းက နှစ်ပေါင်း ၁၀၀၀ ကျော်ကြာမြင့်ပြီလို့ဆိုရမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ရေပြီးရင် အများဆုံးသောက်သုံးကြတာက လက်ဖက်ရည်ဖြစ်ပြီး ကမ္ဘာ့ လက်ဖက်သမိုင်းကို ငဲ့စောင်းကြည့်မယ်ဆိုရင် သမိုင်းဆိုင်ရာ အထောက်အထားတွေ၊ဒဏ္ဍာရီ ပုံပြင်တွေ ပြည့်နှက်လို့နေပါတယ်။တရုတ်တို့ရဲ့ ဒဏ္ဍာရီထဲမှာ ရှေးနှစ်ရာပေါင်းများစွာက ဘာသာရေးဘက်မှာ ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဝါဒီတစ်ဦး ရှိခဲ့ ပါတယ်။သူဟာ ကိုးနှစ်တိုင်တိုင် မအိပ်ဘဲ တရားအားထုတ်မယ်လို့ အဓိဋ္ဌာန်ပြုခဲ့ပေမဲ့ သုံးနှစ်ကြာတဲ့အခါ ရုတ်တရက် အိပ်ပျော်သွားခဲ့ပါတယ်။နိုးလားတဲ့အခါ အဓိဋ္ဌာန် ပျက်သွားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်တဲ့အနေနဲ့ မျက်ခွံတွေကို လှီးဖြတ်ပြီး လွှင့်ပစ်လိုက်ပါတယ်။မျက်ခွံကျရာနေရာကနေ အပင် တစ်ပင်ပေါက်လာခဲ့ပါတယ်။အဲဒီအပင်လေးက ကမ္ဘာပေါ်မှာ ပထမဆုံးပေါက်ရောက်တဲ့ လက်ဖက်ပင်လို့ အစဉ်အဆက် ပြောဆိုလာခဲ့ကြပါတယ်။
ရှေးဟောင်းသုတေသန အထောက်အထားတွေ ပြဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ လောက်က တရုတ်နိုင်ငံ မှာ စတင် စိုက်ပျိုးခဲ့ကြတယ်လို့ဆိုပါတယ်။တရုတ်တို့ စတင်စိုက်ပျိုးတဲ့ လက်ဖက်ဟာ လက်ရှိ ကမ္ဘာပေါ်မှာ စိုက်ပျိုးနေတဲ့ လက်ဖက်ပင်တွေနဲ့ အတူတူပဲဖြစ်ပေမဲ့ စားသောက်ပုံကတော့ လက်ရှိပုံစံနဲ့ကွဲပြားပါတယ်။ အဲဒီအချိန်တုန်းက လက်ဖက်ကို ဟင်းသီးဟင်းရွက်(ဒါမှမဟုတ်)အစေ့ယာဂု တို့နဲ့ ချက်စားခဲ့ပါတယ်။လက်ဖက်ကို အရည်အဖြစ်ပြောင်းလဲသောက်သုံးခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ခန့်ကဖြစ်ပါတယ်။အပူနဲ့အစိုဓာတ် ပေါင်းစပ်မှုကနေ စိမ်းစိုနေတဲ့ အရွက်တွေက စုံလင်ထွေပြားတဲ့ အရသာဖန်တီးနိုင်တယ်လို့ လူတွေ သဘော ပေါက်နားလည်လာခဲ့ပြီး အမျိုးမျိုးစမ်းသပ် သောက်သုံးမှုတွေပြုလုပ်ခဲ့ပါတယ်။ ရေနွေးကြမ်းနဲ့ရောနှောသောက်သုံးတဲ့ Muo cha(ဒါမှမဟုတ်)Matcha လို့ခေါ်တဲ့ သောက်စရာတစ်ခုအဖြစ် ဖန်တီးခဲ့ပါတယ်။ Muo cha ဟာထင်ရှားတဲ့ တရုတ်ယဉ်ကျေးမှုတစ်ခုလာတဲ့အထိ လူကြိုက်များခဲ့ပါတယ်။၉ ရာစု ထန် မင်းဆက်လက်ထက်မှာ ဂျပန်ဘုန်းတော်ကြီးတစ်ပါးက ဂျပန်ကို ပထမဆုံး လက်ဖက်ပင် ယူဆောင်သွား ခဲ့ပါတယ်။ဂျပန်လူမျိုးတွေက လက်ဖက်ရည်ကို သူတို့ကိုယ်ပိုင် ထူးခြားတဲ့ အစဉ်အလာတွေနဲ့ ပေါင်းစပ်ချဲ့ထွင် လိုက်တဲ့အခါမှာ ဂျပန်လက်ဖက်ရည်ပွဲ ဖန်တီးမှုအထိဖြစ်သွား ခဲ့ပါတယ်။၁၄ ရာစု မင်မင်းဆက်လက်ထက်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့လက်ဖက်ပင်အများဆုံးရှိရာနိုင်ငံဖြစ်ပြီး ကြွေထည်၊ပိုးထည်၊လက်ဖက် တွေက အဓိက ပြည်ပပို့ကုန်ဖြစ်ခဲ့ပါတယ်။တစ်ကမ္ဘာလုံး လက်ဖက်ရည် သောက်သုံးမှု ပျံ့နှံ့သွားတာကြောင့် တရုတ်နိုင်ငံဟာ ကြီးမားတဲ့ ဩဇာနဲ့ စီးပွားရေးအရှိန်အဝါ ရခဲ့ပါတယ်။
၁၇၀၀ ပြည့်နှစ်မတိုင်မီ လက်ဖက် ဟာ ကော်ဖီစျေးရဲ့ ဆယ်ဆ အထိမြင့်တက်ခဲ့ပါတယ်။ လက်ဖက် ကုန်သွယ် မှုက အမြတ်များလွန်းတဲ့အတွက် အနောက်တိုင်းကုမ္ပဏီတွေကြား ပြင်းထန်တဲ့ပြိုင်ဆိုင်မှု တွေဖြစ်ပေါ်ခဲ့ ပါတယ်။ သူတို့ အားလုံးဟာ လက်ဖက် တွေကို ဥရောပကို အမြန်ဆုံးရောက်ရှိဖို့ ကြိုးစား ခဲ့ကြပါတယ်။ အစပထမမှာတော့ ဗြိတိန်တို့က တရုတ်လက်ဖက်အားလုံးကို ငွေဒင်္ဂါးနဲ့ပေးချခဲ့ပြီး စျေးကြီးလွန်းတဲ့အတွက် နောက်ပိုင်းမှာတော့ ဘိန်းနဲ့လဲလှယ်ဖို့ ကြိုးစားခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံသားတွေ ဆေးစွဲလာခဲ့ပါတယ်။၁၈၃၉ ခုနှစ်မှာ တရုတ်အာဏာပိုင်တစ်ဦးက တရုတ်အပေါ်ဗြိတိန် လွှမ်းမိုးမှုကို ဆန့်ကျင်တဲ့အနေနဲ့ သူ့ရဲ့ လူတွေကို များပြားလှတဲ့ ဗြိတိသျှဘိန်းပို့ကုန်တွေကို ဖျက်စီးဖို့ အမိန့်ပေးခဲ့ ပါတယ်။ဒီလုပ်ဆောင်ချက်က ပထမ ဘိန်းစစ်ပွဲဖြစ်လာစေခဲ့ပါတယ်။နောက်ပိုင်းမှာ ဗြိတိသျှတို့ဟာ လက်ဖက်ပင် တွေကို ယူဆောင်သွားပြီး အိန္ဒိယမှာ သွားရောက် စိုက်ပျိုးထုတ်လုပ်ခဲ့ကြပါတယ်။လက်ဖက်ပင်ဟာ နွေးပြီး မြေဩဇာကောင်းတဲ့ ဒေသတွေမှာပေါက်ရောက်နိုင်တဲ့အတွက် ကမ္ဘာ့ဒေသအများ အပြားမှာ စိုက်ပျိုးလို့လာခဲ့ပါတယ်။
လက်ရှိအချိန်မှာ စိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံက တရုတ်နိုင်ငံဖြစ်ပြီး သူ့ရဲ့နောက်မှာတော့ အိန္ဒိယ၊ကင်ညာ၊သီရိလင်္ကာ၊ဗီယက်နမ်၊တူရကီ၊အီရန်၊အင်ဒိုနီးရှား၊အာဂျင်တီးနား နဲ့ ဂျပန် နိုင်ငံတိုကလည်း အများအပြားထုတ်လုပ်လျက်ရှိပါတယ်။
===========================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

More Interesting Blogs from Zlann