ကမ္ဘာ့နိုင်ငံအသီးသီးကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များတွင် ရေကြောင်းဖြင့်ပို့ဆောင်ရေး လမ်းကြောင်းမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ရေကြောင်းလမ်းကိုသုံးခြင်းအားဖြင့် ကုန်ကျ စရိတ်လည်း သက်သာသလို ပင်လယ်ကူးသင်္ဘောကြီးတွေက ကုန်တန်ချိန်များစွာကိုလည်း သယ်ဆောင် နိုင်တာကြောင့် ပို့ဆောင်ရေးလမ်းကြောင်းတွေကို များစွာအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့်လည်း ရေလမ်းခရီးတွေ ပိုမိုကောင်းမွန်အဆင်ပြေလာဖို့အတွက် ပင်လယ်အချင်းချင်းကိုဆက်သွယ်ပေးတဲ့ တူးမြောင်းတွေ ကိုဖောက်လုပ်လာကြပါတယ်။
တူးမြောင်းတွေမှာတော့ ပြည်တွင်းသုံးရန်တူးမြောင်းနဲ့ သင်္ဘောကြီးများသွားလာရန်တူးမြောင်းဆိုပြီး အမျိုးအစားနှစ်မျိုးရှိပါတယ်။ သင်္ဘောကြီးများသွားလာရန်တူးမြောင်းဆိုတာကတော့ ကျွန်းဆွယ်တွေ ကိုဖြတ်ပြီး ပင်လယ်တစ်ခုနဲ့တစ်ခုကူးသန်းရာမှာ အချိန်ကုန်သက်သာစေဖို့အတွက် အဓိကဖောက်လုပ်ထားတဲ့ တူးမြောင်းမျိုးပဲဖြစ်ပါတယ်။ တချို့ဒေသတွေကတော့ ပြည်တွင်းအတွက်အရေးကြီးတဲ့နေရာကိုပဲ သင်္ဘောဆိပ်အဖြစ်နဲ့ တည်ဆောက်ထားကြပါတယ်။ အဲဒီလို ကုန်တင်သင်္ဘောကြီးတွေအတွက် ပင်လယ်ချင်း ဆက်သွယ်ထားတဲ့ တူးမြောင်းတွေကတော့ အီဂျစ်နိုင်ငံရှိဆူးအက်တူးမြောင်း၊ ဂျာမနီနိုင်ငံရှိ ကီးတူးမြောင်းနဲ့ အမေရိကန်နိုင်ငံရှိ ပနားမားတူးမြောင်းတွေပဲဖြစ်ပါတယ်။ကယ်လ်ဒိုနီးယန်းတူးမြောင်းကတော့ ရှေးအကျဆုံး တူးမြောင်းတစ်ခုလည်းဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံမှာရှိတဲ့ မန်ချက်စတာတူးမြောင်းကတော့ မန်ချက်စတာမြို့ကို သင်္ဘောဆိပ်ဖြစ်လာစေဖို့ဖောက်လုပ်ထားတဲ့ တူးမြောင်းဖြစ်ပါတယ်။ အခုတော့ အီဂျစ်နိုင်ငံမှာရှိတဲ့ ဆူးအက်တူးမြောင်းအကြောင်းကို လေ့လာကြည့်ကြရအောင်ပါ။
ဆူးအက်တူးမြောင်းကတော့ အီဂျစ်နိုင်ငံမှာရှိတဲ့ သဲကန္တာရကိုဖြတ်ပြီး မြေထဲပင်လယ်နဲ့ ပင်လယ်နီကိုဆက်စပ်ပေးထားတဲ့ ရေလမ်းကြောင်းတစ်ခုပဲဖြစ်ပါတယ်။ ၁၈၆၉ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ပြီးဖွင့်လှစ်အသုံးပြုခဲ့တဲ့ ဆူးအက်တူးမြောင်းကြီးဟာ အာရှတိုက်နဲ့ ဥရောပတိုက်ကို ဖြတ်ပြီး ဖောက်လုပ်ထားတာကြောင့် အာဖရိကတိုက်ကြီးကိုကွေ့ပတ်သွားလာရတဲ့ အချိန်တွေကို များစွာ သက်သာစေပါတယ်။ အာဖရိကတိုက်ကို ကွေ့ပတ်ပြီးသွားရချိန်တုန်းကဆိုရင် လန်ဒန်မြို့ကနေ ဘုံဘိုင်မြို့ကို မိုင်ပေါင်း ၁၁၀၀၀ ကျော်လောက်အထိကိုသွားရပေမဲ့ ဆူးအက်တူးမြောင်းကနေ ဖြတ်သန်းသွားမယ် ဆိုရင်တော့ မိုင်ပေါင်း ၆၀၀၀ ကျော်သာသွားရတော့တဲ့အတွက် မိုင် ၅၀၀၀ လောက်သက်သာလာပါတယ်။
ဆူးအက်တူးမြောင်းဟာ မြေထဲပင်လယ်ကမ်းခြေပေါ်မှာရှိတဲ့ ပိုဆက်မြို့နဲ့ ပင်လယ်နီကမ်းခြေပေါ် ရှိတဲ့ ဆူးအက်မြို့တို့ကိုဖြတ်ပြီးဖောက်လုပ်ထားတာကြောင့် ပင်လယ်ကူးသင်္ဘောတွေဟာ ဥရောပတိုက်ကနေ အရှေ့ဘက်ကိုသွားမယ်ဆိုရင် မြေထဲပင်လယ်ကနေ ပင်လယ်နီကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာကိုတိုက်ရိုက် ရောက်နိုင်ကြပါတော့တယ်။ ၁၈၅၄ ခုနှစ်မှာ အီဂျစ်နိုင်ငံဘုရင်ခံချုပ် ဆာအိပါးရှားက တူးမြောင်းဖောက်လုပ်ဖို့ အရေးကို သဘောတူလိုက်တဲ့အတွက် ပြင်သစ်လူမျိုး အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ မစ္စတာ ဖာဒီနန်ဒီလက်ဆက်က ၁၈၅၉ ခုနှစ်၊ဧပြီလ ၂၅ ရက်မှာ စတင်ပြီးဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ တူးမြောင်းကြီးကို ဖောက်လုပ်ချိန်က ဆယ်နှစ်မျှကြာခဲ့ပါတယ်။ ၁၈၆၉ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှာ တူးမြောင်းကြီးကို ခမ်းခမ်းနားနားဖွင့်လှစ်ခဲ့ပြီးတော့ ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ နိုင်ငံပေါင်းစုံက သင်္ဘော ၆၈ စင်းတို့က တူးမြောင်းကို ဖြတ်ကူးခဲ့ကြပြီး ရှေ့ဆုံးသင်္ဘောမှာတော့ ပြင်သစ်ဘုရင်မ ယူဇေးနီးနဲ့ အင်ဂျင်နီယာ ဖာဒီနန်တို့ကိုယ်တိုင် လိုက်ပါစီးနင်းခဲ့ကြပါတယ်။
တူးမြောင်းကြီးဟာ ကနဦးဖောက်လုပ်စမှာတော့ ၁၆၄ ကီလိုမီတာ( ၁၀၂မိုင်) ရှည်လျားပြီး ၈ မီတာ (၂၆ ပေ) နက်ပါတယ်။ တူးမြောင်းဖောက်လုပ်ရာမှာ ကုန်ကျစရိတ်က ပေါင် ၁၇သန်းခန့်ဖြစ်ပြီး အီဂျစ်နဲ့ပြင်သစ်အစိုးရတို့က ငွေပင်ငွေရင်းစိုက်ထုတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဗြိတိသျှနန်းရင်းဝန် ဒစ်ဇရေလီလက်ထက်က အီဂျစ်ပိုင် ရှယ်ယာအများစုကို ဗြိတိသျှတို့က ဝယ်ယူခဲ့ပါတယ်။ ဗြိတိသျှတို့ဟာ ဆူးအက်တူးမြောင်းကုမ္ပဏီရဲ့ အစုရှယ်ယာ ၈သိန်းထဲကနေ ရှယ်ယာပေါင်း ၃သိန်းခွဲကျော်အထိကို ဝယ်ယူခဲ့ပြီးတော့ တူးမြောင်းအုပ်ချုပ်ထိန်းသိမ်းခွင့်ကိုတိုးတက်အရယူခဲ့ကြပါတယ်။ ၁၈၆၀ ပြည့်လွန်ကာလ တွေမှာ အမေရိကန်ပြည်တွင်းစစ်ဖြစ်ပွားတဲ့အတွက် ဗြိတိသျှတို့က အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်ကနေ ဝယ်ယူနေကျ ဆန်တွေကိုမရတော့ပါဘူး။ ဒါပေမဲ့ အဲဒီကာလမတိုင်ခင် ၁၈၅၂ ခုနှစ်ကတည်းက အင်္ဂလိပ်တွေက မြန်မာနိုင်ငံအောက်ပိုင်းကိုသိမ်းပိုက်ထားပြီးဖြစ်တာကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဆန်အိုးတစ်ခုလိုသတ်မှတ်ပြီးတော့ ၁၈၆၉ ခုနှစ် ဆူးအက်တူးမြောင်း စတင်ဖွင့်လှစ်ချိန်ကစပြီး ဥရောပကိုသယ်ပို့ကြပါတယ်။
၁၈၈၈ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်မှာ တူရကီနိုင်ငံ၊ကွန်စတန်တီနိုပယ်မြို့မှာ ဆူးအက်တူးမြောင်းကို ကမ္ဘာပေါ်ရှိနိုင်ငံများအားလုံး လွတ်လပ်စွာဖြတ်သန်းနိုင်ခွင့်ရှိပါတယ်ဆိုပြီး သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၅၄ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်မှာတော့ အီဂျစ်နိုင်ငံအတွင်း အမျိုးသားနိုင်ငံရေးလှုပ်ရှားထကြွမှုကြောင့် ဆူးအက်ဒေသရှိ ဗြိတိသျှစစ်တပ်အားလုံးကို လပေါင်း ၂၀ အတွင်း ပြန်လည်ရုပ်သိမ်းပေးဖို့ သဘောတူစာချုပ်တစ်ရပ်ကိုချုပ်ဆိုခဲ့ကြပါတယ်။ စာချုပ်အရ ဗြိတိသျှစစ်တပ်အားလုံးကို ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှာ ရုပ်သိမ်းခဲ့ကြပါတယ်။ ၁၉၅၂ ခုနှစ်မှာ ဖာရော့ဘုရင်ကိုနန်းချပြီး အီဂျစ်ကိုသမ္မတနိုင်ငံအနေနဲ့ ကြေညာပြီးနောက် ကာနယ်နက်ဆာက သမ္မတ ဖြစ်လာပါတယ်။ အဲဒီနောက် ၁၉၅၆ ခုနှစ်မှာ ဆူးအက်ဝန်ဆည်ရိုး တူးဖော်နိုင်ရေးအတွက် အဲဒီအချိန်က ကမ္ဘာ့ဘဏ်တွေဖြစ်တဲ့ အမေရိကန်နိုင်ငံနဲ့ဗြိတိသျှနိုင်ငံတို့က အီဂျစ်ကိုငွေချေးမယ်လို့ ကတိပေးပြီးသော် လည်း အီဂျစ်နိုင်ငံရဲ့စီးပွားရေးအခြေအနေက မခိုင်မြဲနိုင်ဘူးလို့ အကြောင်းပြကာ ကတိဖျက်ခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း အီဂျစ်နိုင်ငံသမ္မတ ကာနယ်နက်ဆာက အလက်ဇန္ဒြားယားပြည်နယ်မှာကျင်းပတဲ့ လူထုအစည်းအဝေးပွဲမှာ ဆူးအက်တူးမြောင်းကို အီဂျစ်နိုင်ငံအစိုးရက ပြည်သူပိုင်သိမ်းယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးတို့ လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီး အဲဒီကိစ္စကို ဗြိတိသျှနဲ့ပြင်သစ်တို့က ကန့်ကွက်ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ဆူးအက်တူးမြောင်းကြီးဟာ ခေတ်အဆက်ဆက် ကမ္ဘာ့ပင်လယ်ကုန်သွယ်ရေးရဲ့ အသက်သွေးကြော တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ပင်လယ်ကုန်သွယ်ရေးရဲ့ ၁၂ ရာခိုင်နှုန်းခန့်ဟာ တူးမြောင်းကိုဖြတ်သန်းသွား တာဖြစ်ပြီး အီဂျစ်နိုင်ငံအနေနဲ့လည်း ၎င်းတူးမြောင်းကနေ အခိုင်အမာဝင်ငွေရရှိနေတာဖြစ်ပါတယ်။ တူးမြောင်းကြီးကိုတော့ နောက်ပိုင်းမှာ ထပ်မံတိုးချဲ့ဖောက်လုပ်ခဲ့တာကြောင့် ၂၀၁၀ ပြည့်နှစ်အရောက်မှာ ၁၉၃.၃ ကီလိုမီတာ( ၁၂၀.၁၁ မိုင်) ရှည်လျားလာပြီး ၂၄ မီတာ(၇၉ပေ) နက်ကာ ၂၀၅ မီတာ(၆၇၃ ပေ) အကျယ်အထိ ရှိလာပါတယ်။
ဆူးအက်တူးမြောင်းအတွင်း ယခင်က တစ်နေ့ကို သင်္ဘော ၄၉စီးပဲ ဖြတ်သန်းနိုင်သော်လည်း ၂၀၁၄ ခုနှစ်မှာတော့ ဒေါ်လာ ၈.၄ ဘီလျံအကုန်အကျခံပြီး ထပ်မံချဲ့ထွင်လိုက်တာကြောင့် ၉၇ စီးအထိကို ဖြတ်သန်းသွားနိုင်ပြီလည်းဖြစ်ပါတယ်။ ပင်လယ်ကူးသင်္ဘောကြီးတွေဟာ တူးမြောင်းကိုဖြတ်ဖို့အတွက် အလှည့်ကျ ကျောက်ချစောင့်ရပြီးတော့ တကယ်တမ်း တူးမြောင်းကိုဖြတ်သန်းချိန်က ၁၂ နာရီမျှသာ ကြာမြင့်ပါတယ်။ အိန္ဒိယသမုဒ္ဒရာကိုဖြတ်သန်းလာကြတဲ့ သင်္ဘောတွေကလည်း ဆိုမာလီပင်လယ်ဓားပြ တွေရန်ရှိပေမဲ့ အချိန်ကုန်၊ ငွေကုန်သက်သာတဲ့ ဆူးအက်တူးမြောင်းကိုသာရွေးချယ်ဖြတ်သန်းကြပါတယ်။ ဒါ့ပြင် ကမ္ဘာကျော် ၆ ရက်ကြာစစ်ပွဲကလည်း ဆူးအက်တူးမြောင်းရဲ့ အထင်ကရတစ်ခုဖြစ်ပြန်ပါတယ်။ အဲဒီစစ်ပွဲအပြီးမှာတော့ တူးမြောင်းကြီးကို ၈ နှစ်ခန့်ပိတ်ဆို့ခဲ့ကြတာကြောင့် အဲဒီအချိန်က သင်္ဘော ၁၄စီးနဲ့ သင်္ဘောသားတချို့လည်း ပိတ်မိခဲ့ကြပါတယ်။
၂၀၂၁ခုနှစ်ရဲ့ ဇန်နဝါရီလကနေ ဩဂုတ်လအတွင်းကို သင်္ဘောအစီးရေ ၁၃,၃၁၇ စီးထိဖြတ်သန်းသွား ခဲ့ပြီဖြစ်တာကြောင့် ၂၀၂၀ ပြည့်နှစ်ကထက် ၆.၇ ရာခိုင်နှုန်းအထိကို မြင့်တက်လာခဲ့ကြောင်းလည်း အီဂျစ်နိုင်ငံရဲ့ ဆူးအက်တူးမြောင်းအာဏာပိုင်တွေက ပြောကြားခဲ့ကြပါတယ်။ ဒါ့ပြင် အီဂျစ်အစိုးရအတွက် တူးမြောင်းဖြတ်သန်းခဟာ ယခင်က တစ်နှစ်ကို ဒေါ်လာ ၅ ဘီလျံရှိခဲ့ရာက ၂၀၂၃ ခုနှစ်အရောက်မှာ ဒေါ်လာ ၁၃ ဘီလျံအထိကိုရရှိလာကြလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် အီဂျစ်နိုင်ငံမှာရှိတဲ့ ဆူးအက်တူးမြောင်းနဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ ပနားမားတူးမြောင်းတို့ဟာ ကမ္ဘာ့ရေပိုင်နက်ရဲ့ ဈေးကွက်ကို အပြိုင်အဆိုင်လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။