တရုတ်နိုင်ငံ ဟေနန်ပြည်နယ်၊ လူရှန်းစီရင်စုအတွင်းမှာတည်ထားကိုးကွယ်ထားတဲ့ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပြီး ကမ္ဘာ့ဒုတိယအမြင့်ဆုံး ရုပ်တုကြီးတစ်ခု လည်းဖြစ်ပါတယ်။အဲဒီရုပ်ပွားတော်ကြီးကို ၁၉၉၇ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ နှစ်ပေါင်း ၁၁ နှစ်တိုင်တိုင် တည်ဆောက်ခဲ့ရပါတယ်။အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့တဲ့ ညီညွတ်ရေးရုပ်တုကြီးမတိုင်ခင် အထိ ကမ္ဘာ့အမြင့်ဆုံး ရုပ်တုတစ်ခုအနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။
ရေပူစမ်းကျောင်းတော်(သို့) စမ်းရေကျောင်းတော် ဗုဒ္ဓရုပ်ပွားတော်( Spring Temple Buddha) လို့လည်း လူသိ များကြပါတယ်။အကြောင်းကတော့ အနီးနားမှာရှိတဲ့ ထျန်းရွှေ့ရေပူစမ်းကို အစွဲပြုပြီး ခေါ်ကြတာပါ။ ထျန်းရွှေ့လို့ ခေါ်တဲ့ ရေပူစမ်းဟာဆိုရင် အပူချိန် ၁၄၀ ဒီဂရီဖာရင်ဟိုက်(၆၀ ဒီဂရီဆဲလ်စီးရပ်) ရှိပြီး အနာရောဂါ အမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်တယ်လို့လည်း ဆိုကြပါတယ်။ ရုပ်ပွားတော်ရဲ့ အောက်ခြေမှာတော့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ခုရှိပါတယ်။ အောက်ခြေကနေ ဗုဒ္ဓရုပ်ပွားတော်ဆီကို ရောက်ဖို့ဆိုရင်တော့ လှေကားပေါင်း ၁၀၀၀ ကျော် တက်လှမ်းရမှာဖြစ်ပါတယ်။ မြင့်မားတဲ့ တောင်တန်းဒေသအတွင်းမှာ တည်ထား တာကြောင့် မြင်ရသူတိုင်းရင်သပ်ရှုမောဖွယ်ကောင်းလောက်တဲ့ ပန်းချီကားတစ်ချပ်လို တင့်တယ်နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
ဖော်သုရှန်း ရှုခင်းသာ ဧရိယာအတွင်းမှာတည်ရှိပြီး National Freeway အမှတ် ၃၁၁ နဲ့လည်း နီးနီးကပ်ကပ် တည်ရှိ နေပါတယ်။ ရုပ်ပွားတော်ကြီးရဲ့ အမြင့်က အောက်ခံကြာပလ္လင်အပါအဝင် ၁၂၈ မီတာ(၄၂၀ ပေ) ရှိပြီး ကြာပလ္လင်က ၂၀ မီတာ(၆၆ ပေ) အမြင့်ရှိပါတယ်။ အောက်ခံခုံက နှစ်ဆင့်ဖြစ်ပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာ လမှာ ရုပ်ပွားတော်တည်ထားရာ တောင်ကုန်းကို ပြုပြင်ခဲ့ပါတယ်။ ရုပ်ပွားတော် တည်ဆောက်ရေးစီမံကိန်း အတွက် ကုန်ကျငွေက စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅ သန်းဖြစ်ပြီး ရုပ်တုတစ်ခုတည်းအတွက် ကုန်ကျငွေက ၁၈ သန်း ဖြစ်ပါတယ်။ ဒါ့အပြင် ကြေးနီအချပ်ပေါင်း( copper cast) ၁၁၀၀ နဲ့ ဆက်စပ်တည်ဆောက်ထား တာ ဖြစ်ပြီး စုစုပေါင်း အလေးချိန် က တန်ချိန် ၁၀၀၀ ဖြစ်ပါတယ်။ရုပ်ပွားတော်တစ်ခုလုံးကို ကြေးနီနဲ့ စတီးလ်တွေ အဓိက ထားအသုံးပြုထားပြီး ရွှေကိုလည်းသုံးထားတယ်လို့ ဆိုပါတယ်။
ရုပ်ပွားတော်ကြီးကို ၁၉၉၇ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာပြီးစီးခဲ့ပါတယ်။ တည်ထားကိုးကွယ်ရတဲ့ အကြောင်းအရင်းကတော့ အာဖဂန်နစ္စတန်နိုင်ငံမှာ ဘာမီယန်ဗုဒ္ဓရုပ်ပွားတော် မိုင်းခွဲ ဖြိုဖျက်ခံခဲ့ရတာကို တုံ့ပြန်တဲ့အနေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဘာမီယန်ရုပ်ပွားတော်နှစ်ဆူဟာ အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဘာမီယန်တောင်ကြားက ကျောက်ဆောင် ချောက်ကမ်းပါး တစ်ခုမှာ တည်ရှိနေတဲ့ အေဒီ ၆ ရာစုလောက်က လက်ရာတွေဖြစ်ပါတယ်။ အမြင့်ပေ ၁၅၀ ကျော်ရှိပြီး နှစ်ပေါင်း ၁၄၀၀ ကျော်သက်တမ်းရှိတဲ့ အဲဒီရုပ်ပွားတော်တွေဟာ ၂၀၀၁ ခုနှစ်က ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။
ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်အနေနဲ့ စံချိန်တင်နေတဲ့ ရေပူစမ်းကျောင်းတော် ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ခြေချောင်း တော်တွေဟာ လူတစ်ရပ်ကျော် အရွယ်အစားရှိပြီး ခြေတော်ရင်းမှာ ၁၁၆ တန် အလေးချိန်ရှိ ကြေးညိုနဲ့ သွန်းလုပ်ထားတဲ့ ကံကောင်းစေတဲ့ခေါင်းလောင်း(Bell of Good Luck) တည်ရှိပါတယ်။ ဒါ့အပြင် ထန်မင်းဆက်လက်ထက်က တည်ထောင်ခဲ့တဲ့ ဖော်ချွမ်လို့ခေါ်တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း လည်းရှိ ပါသေးတယ်။
ရုပ်ပွားတော်ကြီးဟာ အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပေမယ့် ကမ္ဘာပေါ်က အမြင့်ဆုံးရုပ်တုတွေ ထဲမှာဆိုရင် တော့ ဒုတိယနေရာကိုပဲလက်ခံထားရပါတယ်။ကမ္ဘာ့အကြီးဆုံးရုပ်တုကြီးက အိန္ဒိယနိုင်ငံ၊ နာမာဒခရိုင်၊ ဂူဂျာရတ်ပြည်နယ် မှာတည်ရှိပါတယ်။ ဒီရုပ်တုတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၀ ပြည့်နှစ်မှာ စတင်ကြေညာ ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းကိုတော့ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံလွတ်လပ်ရေး ရရှိရေးမှာ တစ်ထောင့်တစ်နေရာကနေ တက်ကြွစွာ ပါဝင်ခဲ့တဲ့အပြင် လွတ်လပ်ရေးရရှိ ပြီးချိန်မှာ နိုင်ငံရဲ့ပထမဆုံး ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆာဒါးဘာလက်ဘိုင်ပါတဲရဲ့ပုံပဲ ဖြစ်ပါတယ်။
ဆာဒါးဘာလက်ဘိုင်ပါတဲ ရဲ့ ၁၄၃ နှစ်မြောက်မွေးနေ့ဖြစ်တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်မှာ လက်ရှိဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
‘ညီညွတ်ခြင်းရုပ်တု’ လို့ အမည်ပေးထားတဲ့ ဆာဒါးဘာလက်ဘိုင်ပါတဲ ရဲ့ ရုပ်တုကြီးဟာ အမြင့်ပေပေါင်း ၅၉၇ ပေ (၁၈၂ မီတာ)နဲ့ ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီးအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးအဖြစ် သတ်မှတ်ခံထားရ တာကတော့ မြန်မာနိုင်ငံ၊ မုံရွာမြို့အနီး ခတက္ကန်တောင်ရွာ၊ ဇီးဖြူတောင်မှာရှိတဲ့ လေးကျွန်းစကြာ ရပ်တော်မူ ဗုဒ္ဓရုပ်ပွား တော်ကြီးဖြစ်ပါတယ်။ ရေပူစမ်းကျောင်းတော် ရုပ်ပွားတော်ဟာ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ မှာ ပြီးစီးခဲ့ တာကြောင့် လေးကျွန်းစကြာ ရုပ်ပွားတော်ကြီးက ဒုတိယနေရာကိုရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီရုပ်ပွားတော်ကြီး ဟာ အမြင့် ၃၈၁ ပေ(၁၁၆ မီတာ) မြင့်တာကြောင့် ကမ္ဘာ့တတိယအမြင့်ဆုံး ရုပ်တုကြီးဖြစ်ပါတယ်။
ကမ္ဘာ့အမြင့်ဆုံးရုပ်တုများစာရင်းမှာဆိုရင် နံပါတ် ၁ မှ ၉ အထိကို အာရှနိုင်ငံတွေဖြစ်ကြတဲ့ အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က နေရာယူထားတာဖြစ်ပြီး ရုရှားနိုင်ငံကတော့ နံပါတ် ၁၀ မှာရပ်တည်နေပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ အထင်ကရ လည်ပတ် စရာနေရာ တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ရေပူစမ်းကျောင်းတော် ရုပ်ပွားတော်ရဲ့ အနီးနားမှာဆိုရင် အမှတ်တရပစ္စည်း အရောင်းဆိုင်တွေနဲ့ သက်သတ်လွတ်စားသောက်ဆိုင်တွေ အပြင် ရေပူစမ်းတွေ၊ ပန်းခြံနဲ့ အနားယူစရာနေရာ တွေလည်းရှိပါတယ်။ ဒါကြောင့် ရုပ်ပွားတော်ကြီးဟာ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ဘုရားဖူးတွေကို ဆွဲဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့ စိတ်ဝင်စားဖွယ်နေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။
——————–
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….