ယင်ရွှီဆိုတဲ့ ရှေးဟောင်းသုတေသန နေရာက တရုတ်နိုင်ငံ၊ ပေကျင်းမြို့တောင်ဘက်ကနေ ၅၀၀ ကီလိုမီတာလောက်အကွာ၊ အန်းယန်မြို့အနီးမှာ တည်ရှိပါတယ်။ အဲဒီနေရာဟာ ရှန်းမင်းဆက်နှောင်းပိုင်း ဘီစီ (၁၃၀၀ -၁၀၄၆) ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့အလျောက် တရုတ်အစောပိုင်း ယဉ်ကျေးမှု၊ လက်မှုပညာနဲ့ တရုတ်နိုင်ငံ ကြေးခေတ်ရဲ့ ကြွယ်ဝမှုတို့ကို မြင်တွေ့နိုင်ပါတယ်။
နန်းတော်ဆိုင်ရာနေရာ ၈၀ ကျော်အပါအဝင် နောက်ပိုင်းတရုတ်ဗိသုကာလက်ရာတွေရဲ့ ရှေ့ပြေးပုံစံတွေဖြစ်တဲ့ တော်ဝင်သင်္ချိုင်းတွေနဲ့ နန်းတော်အဆောက်အအုံအများအပြားကို တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တူးဖော်တွေ့ရှိမှုတွေထဲမှာ ရှန်းမင်းဆက်တော်ဝင်မိသားစုရဲ့ တစ်ခုတည်းသော မွမ်းမံထားတဲ့ သင်္ချိုင်းဂူသာမက နန်းတော်နဲ့ ဘိုးဘွားဗိမာန်တွေလည်း အပါအဝင်ပါပဲ။
ယင်းရွှီကနေ တူးဖော်တွေ့ရှိခဲ့တဲ့ ဈာပနပစ္စည်းအများအပြားနဲ့ သူ့ရဲ့လက်ရာမြောက်လက်ရာတွေက ရှန်းမင်းဆက်ရဲ့ အဆင့်မြင့် လက်မှုပညာအဆင့်ကို သက်သေပြနေပါတယ်။ ယင်းရွှီကနေ တူးဖော်တွေ့ရှိခဲ့တဲ့ အရိုးကမ္ပည်းစာတွေဟာလည်း ကမ္ဘာပေါ်မှာ ရှေးအကျဆုံး အရေးအသားစနစ်တွေထဲက တစ်ခုဖြစ်ပြီး ရှေးခေတ်ယုံကြည်ချက်တွေနဲ့ လူမှုရေးစနစ်တို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဖိုးတန်သက်သေတွေ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟော်နန်ပြည်နယ်မှာရှိတဲ့ သမိုင်းဝင်ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ အန်းယန်မြို့တော်ရဲ့ အနောက်မြောက်ဘက် ဟွမ်မြစ်ရဲ့ တစ်ဖက်တစ်ချက်စီမှာ တည်ရှိတဲ့ ယင်းရွှီ ရှေးဟောင်းသုတေသနနေရာဆိုတာက ဘီစီ ၁၃၀၀ က စတင်ခဲ့ပြီး အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ နန်းတော်၊ ဘိုးဘွားဗိမာန်ဧရိယာ၊ တော်ဝင်သင်္ချိုင်းဧရိယာ စုစုပေါင်း ၄၁၄ ဟက်တာနဲ့ အပြင်ဘက်ကြားခံဧရိယာ ၇၀ ဟက်တာရှိပါတယ်။ သမိုင်းဝင်ပစ္စည်းတွေ၊ အရိုးတွေ၊ ရှေးဟောင်းသုတေသနတူးဖော်မှုတွေနဲ့ တရုတ်သမိုင်းမှာ ပထမဆုံးမြို့တော်နေရာအဖြစ် ယင်းရွှီနေရာကို အတည်ပြုထားတာလည်း ဖြစ်ပါတယ်။
ရှန်းမင်းဆက်ရဲ့ အယောက် ၂၀ မြောက်ဘုရင်ဖြစ်တဲ့ Pan Geng က မြို့တော်ကို ယန်ကနေ ယင်းဆီ (အခု Xiaotun ရွာ၊ အန်းယန်မြို့ဧရိယာ) ဘီစီ ၁၃၀၀ လောက်မှာ ပြောင်းရွှေ့ခဲ့ပြီး တာရှည်တည်တံ့ခိုင်မြဲတဲ့ မြို့တော်ကို တည်ထောင်ခဲ့ပါတယ်။ အဲဒါက ၂၅၅ နှစ်၊ ဘုရင် ၁၂ ပါးနဲ့ မျိုးဆက် ၈ ခုကို လွှမ်းခြုံတဲ့အပြင် ခမ်းနားတဲ့ ယင်း-ရှန်းယဉ်ကျေးမှုကို ဖန်တီးခဲ့တာဖြစ်သလို သူ့ရဲ့သမိုင်းဝင်၊ အနုပညာတန်ဖိုးက အဖိုးမဖြတ်နိုင်ပါဘူး။
ယင်းရွှီက တရုတ်နိုင်ငံရဲ့ အစောဆုံးနေရာဖြစ်သလို သစ်သားအဆောက်အအုံအကြွင်းအကျန်တွေ ပါရှိတဲ့ မြေကြီးအုတ်မြစ် ၈၀ ကျော်ရှိတဲ့ နေရာပါ။ ဒါ့အပြင် ရေလွှမ်းမိုးမှုထိန်းချုပ်ရေး လုပ်ဆောင်မှုအဖြစ် ဆောင်ရွက်ရာ ကတုတ်ကျင်းတွေ ဝန်းရံထားတဲ့ ဘိုးဘွားစဉ်ဆက်ခန်းမတွေနဲ့ ယဇ်ပလ္လင်တွေအပါအဝင် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းတွေရှိတဲ့ တရုတ်နိုင်ငံရဲ့ အစောဆုံးနေရာ ဖြစ်ပါတယ်။ စာတွေပါတဲ့ အရိုးတွေကို နန်းတော်ဧရိယာမှာရှိတဲ့ သင်္ချိုင်းအများအပြားမှာ မြှုပ်နှံထားတာကြောင့် တရုတ်စာအရေးအသားရဲ့ အစောဆုံးအထောက်အထားလို့ ယူဆကြပါတယ်။
ပိုမြင့်မားတဲ့ တော်ဝင်ဂူဗိမာန်ဧရိယာမှာ ယဇ်ပူဇော်ခြင်းနဲ့ဆိုင်တဲ့အရာတွေ ပါဝင်ပြီး ယဇ်ပူဇော်ခံရသူတွေလို့ ယုံကြည်နေကြဆဲ ဖြစ်ပါတယ်။ ဒါတွေတင်မကပါဘူး။ နာရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေမှာ လက်ရာမြောက်အောင် တန်ဆာဆင်ထားတဲ့ ကြေးအိုးတွေ၊ ကျောက်စိမ်းတွေ၊ အရိုးထွင်းပန်းပုတွေနဲ့ ကြွေထည်တွေလည်း ပါဝင်ပါတယ်။
တရုတ်နိုင်ငံရဲ့ အရေးအပါဆုံး အစောပိုင်းမြို့တော်နေရာတွေထဲက တစ်ခုအနေနဲ့ ယင်းရွှီရဲ့ စီမံကိန်းနဲ့ အပြင်အဆင်ဟာ နောက်ပိုင်းမှာ တရုတ်မြို့တော်တွေ တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။ ယင်းရွှီတော်ဝင်ဂူဗိမာန်က တရုတ်နိုင်ငံရဲ့ အစောဆုံး အကြီးစား တော်ဝင်ဂူဗိမာန်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ တော်ဝင်ဂူဗိမာန်စနစ်ရဲ့ အရင်းအမြစ်လည်း ဖြစ်ပါတယ်။ အရိုးကမ္ပည်းတွေက အစောဆုံးသိထားတဲ့ တရုတ်အက္ခရာတွေဖြစ်သလို ရှန်းမင်းဆက်ရဲ့သမိုင်းကြောင်း အထောက်အထားတွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်နီးပါးက တရုတ်သမိုင်းကို ခြေရာခံဖို့ ကူညီပေးပါတယ်။
ယင်းရွှီနေရာက ရှန်းမင်းဆက်နှောင်းပိုင်းမှာရှိတဲ့ လူမှုဘဝတွေကို ပြသထားပြီး ကြေးသွန်းလုပ်တာနဲ့ ပြက္ခဒိန်စနစ်တွေအပါအဝင် ခေတ်ကာလရဲ့ မြင့်မားတဲ့ ဗိသုကာနည်းပညာတွေကို ထင်ဟပ်စေပါတယ်။ ရှန်းမင်းဆက်နှောင်းပိုင်းရဲ့ မြို့တော်တစ်ခုအနေနဲ့ အရေးကြီးတဲ့ ယဉ်ကျေးမှုဖလှယ်တာတွေကို သရုပ်ပြခဲ့ပြီး ရှေးဟောင်းတရုတ်ကြေးဝါယဉ်ကျေးမှု (စာရေးစနစ်တွေ အပါအဝင်) ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြုခဲ့ပါတယ်။
သူ့ရဲ့ ယဉ်ကျေးမှုအကြွင်းအကျန်တွေကနေ ရှန်းမင်းဆက်နှောင်းပိုင်း ယဉ်ကျေးမှုဓလေ့ထုံးတမ်း အထောက်အထားတွေကို ပေးစွမ်းနိုင်ပါတယ်။ အဲဒီလိုပဲ နေနဲ့ လဆိုင်ရာ ပြက္ခဒိန်စနစ်တွေလိုမျိုး နည်းပညာဆိုင်ရာ အောင်မြင်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေကိုလည်း သက်သေပြနေပါတယ်။
အလားတူ ယင်းရွှီမှာရှိတဲ့ နန်းတော်တွေ၊ ဘိုးဘွားခန်းမတွေနဲ့ တော်ဝင်ဂူဗိမာန်တွေဟာ အစောပိုင်းတရုတ်ဗိသုကာပညာရဲ့ ထူးထူးခြားခြား နမူနာတွေဖြစ်ပြီး တရုတ်နန်းတော်ဗိသုကာနဲ့ တော်ဝင်ဂူဗိမာန်တွေရဲ့ အစောပိုင်းရှေ့ပြေးပုံစံတွေအတွက် အုတ်မြစ်ချရာမှာ အလွန်အရေးပါခဲ့ပါတယ်။
ဒါ့အပြင် အဲဒီနေရာကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာရုပ်ကြွင်းတွေဟာ တရုတ်နိုင်ငံရဲ့ အစောပိုင်းသမိုင်းကြောင်း၊ ရှေးခေတ်ယုံကြည်ချက်၊ လူမှုရေးစနစ်နဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအတွက် ခိုင်လုံတဲ့အထောက်အထားတွေဖြစ်ပါတယ်။
ယင်းရွှီနေရာရဲ့ အမည်စာရင်းတင်သွင်းထားတဲ့ နေရာဧရိယာဟာ ၄၁၄ ဟက်တာ ဖြစ်ပြီး ကြားခံဇုန်ဧရိယာက ၇၂၀ ဟက်တာဖြစ်ပါတယ်။ ကောင်းစွာထိန်းသိမ်းထားတဲ့ သူ့ရဲ့နေရာယူနစ်တွေဟာ နေရာနယ်နိမိတ်အတွင်းမှာရှိတဲ့ နန်းတော်၊ ဘိုးဘွားခန်းမ၊ တော်ဝင်သင်္ချိုင်းနေရာတွေနဲ့ မတူးဖော်ရသေးတဲ့ ကြားခံဇုန်ထဲက Huanbei Shang မြို့နေရာတို့ကို သရုပ်ပြဖို့ လုံလောက်ပါတယ်။
သိပ္ပံနည်းကျ ရှေးဟောင်းသုတေသနတူးဖော်တာနဲ့ ကာကွယ်တဲ့လုပ်ငန်းကို ယင်းရွှီမှာ လုပ်ဆောင်ပြီးတဲ့နောက်၊ တူးဖော်တွေ့ရှိခဲ့တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို သဘာဝအပါအဝင် လူတို့လုပ်ဆောင်တဲ့ခြိမ်းခြောက်မှုနဲ့ ဖျက်ဆီးမှုတွေကနေ ကောင်းစွာကာကွယ်ထားပြီး သမိုင်းဆိုင်ရာအချက်အလက်တွေကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားပါတယ်။
ယင်းရွှီဧရိယာနဲ့ သူ့ရဲ့ကြားခံဇုန်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး သူ့ရဲ့ပတ်ဝန်းကျင်ကို ကာကွယ်ထားပါတယ်။
ဒါကြောင့်လည်း ယင်းရွှီ ရှေးဟောင်းသုတေသနနေရာနဲ့ တူးဖော်တွေ့ရှိထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေအားလုံးအတွက် သမိုင်းဝင်အင်္ဂါရပ်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့အပြင် မူလနေရာကို တတ်နိုင်သမျှ ကာကွယ်ထားပါတယ်။ ၂၀၀၆ ခုနှစ် ရောက်ချိန်မှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းမှာ အဲဒီယင်းရွှီနေရာကို ထည့်သွင်းလိုက်တာပါပဲ။
#ZLann #ZLann_Podcas #မြန်မာစကားပုံ #ယာလည်းညက်ကြက်လည်းပန်း #MyanmarIdioms #Proverbs