ကမ္ဘာ့အမွေ မဟာတူးမြောင်းကြီး Grand Canal ဆိုတာ တရုတ်နိုင်ငံ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ရေလမ်းကြောင်းတစ်ခုသဖွယ် ဖန်တီးချိတ်ဆက်ပေးထားတဲ့ တူးမြောင်းစနစ်တစ်ခုဖြစ်ပါတယ်။ ဒီတူးမြောင်းကြီးက တရုတ်နိုင်ငံရဲ့ မြစ်ဝါမြစ်နဲ့ ယန်ဇီမြစ်တို့ကို ချိတ်ဆက်ပေးထားတာပါ။ သူက ကမ္ဘာပေါ်မှာ အရှည်လျားဆုံး ရေလမ်းအတုဖြစ်သလို လက်ရှိအချိန်ထိဆိုရင်တော့ သူ့သက်တမ်းက နှစ်ပေါင်း ၂၅၀၀ ဝန်းကျင်တောင် ရှိနေပါပြီ။ မဟာတူးမြောင်းကြီးကို ကမ္ဘာ့အမွေအနှစ်အဖြစ် ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ ယူနက်စကိုက သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ မဟာတူးမြောင်းကြီးကို တရုတ်နိုင်ငံကပိုင်ဆိုင်တဲ့ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုလို့ပြောမယ်ဆိုရင်လည်း ပြောလို့ရပါတယ်။ သူက တရုတ်ရဲ့ စီးပွားရေး သာယာဝပြောရေးနဲ့ တည်ငြိမ်ရေးမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ ဒီကနေ့ထိတိုင်အောင် ဒေသတွင်း ဖလှယ်မှုတွေ မြှင့်တင်ရာမှာလည်း အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေဆဲဖြစ်ပါတယ်။ဒီတူးမြောင်းကြီးက တရုတ်မှာရှိတဲ့ မဟာတံတိုင်းကြီးလိုပဲ လူလုပ်အဆောက်အအုံကြီးတစ်ခုပါ။ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကာလကတည်းကနေ ဒီကနေ့ထိတိုင်အောင် အသုံးပြုလို့ရနေသေးတဲ့ မဟာတူးမြောင်းကြီးတစ်ခုဖြစ်တယ်ဆိုတာ ငြင်းမရတဲ့အချက် ဖြစ်ပါတယ်။ သူ့ကို Jing-Hang Grand Canal လို့ တရုတ်လူမျိုးတွေက သိကြပါတယ်။ တောင်ပိုင်း ဟန်ကျိုးမြို့ကနေ စတင်ပြီး မြောက်ပိုင်း ပေကျင်းမြို့တော်မှာ အဆုံးသတ်တာမို့ ကျင်း-ဟန် မဟာတူးမြောင်းကြီးလို့လည်း ခေါ်ဆိုကြပါတယ်။ ၂၀၁၄ ခုနှစ်မှာပဲ တရုတ်အစိုးရနဲ့ ယူနက်စကိုတို့က ဟန်ကျိုးကနေ Ningbo အထိ အရှေ့ဘက် Zhejiang တူးမြောင်းကို ယခင် Tongji နဲ့ Yongji တူးမြောင်းတွေတစ်လျှောက် Grand Canal ရဲ့ တရားဝင်အစိတ်အပိုင်းတွေအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ တူးမြောင်းကြီးက ပေကျင်းမြို့တော်မှာ အဆုံးမသတ်ခင် ထျန်းကျင်းမြို့ကြီးကို ကျော်ဖြတ်သွားတာဖြစ်သလို ဟန်ကျိုးမြို့ကအစပြုရင်း ကျဲ့ကျန်းနဲ့ ဟော်ပေအပါအဝင် စန်းတုန်းနဲ့ကျန်းစုအထိ အဲဒီပြည်နယ်တွေကိုရောက်ရှိတာဖြစ်ပါတယ်။ မဟာတူးမြောင်းကြီးစတင်ဖြစ်ပေါ်လာပုံကတော့အခုလိုဖြစ်ပါတယ်။ မိုးရာသီကာလမှာ မြစ်ဝါမြစ်နဲ့ ချန်ကျန်းမြစ်တို့ရဲ့ မြစ်ရေကြီးမှုကို တားဆီးနိုင်စေဖို့ ဒီတူးမြောင်းကြီးကို တည်ဆောက်ခဲ့ကြတာဖြစ်သလို စီးပွားရေး၊ အုပ်ချုပ်ရေး၊ စစ်ရေးအရလည်း ကူးလူးကုန်သွယ်မှုမှာ တောင်-မြောက် ချိတ်ဆက်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ တူးမြောင်းကြီးကို တည်ဆောက်ခဲ့တာလို့ဆိုပါတယ်။အဓိကကတော့ တရုတ်နိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်းကို ရေကြောင်းကနေ ချိတ်ဆက်နိုင်ဖို့ မဟာစီမံကိန်းကြီးတစ်ခုအဖြစ် ဆွေ့မင်းဆက် လက်ထက်မှာ စတင်ဖောက်လုပ်ခဲ့တာပါ။ သူ့ရဲ့ရှေးအကျဆုံးအပိုင်းကို စတင်တည်ဆောက်ခဲ့ချိန်က ဘီစီ ၅၀၀ ဝန်းကျင်ကဖြစ်ပါတယ်။ ဧကရာဇ်ယန် လက်ထက် ၆၀၄ ကနေ ၆၀၉ ခုနှစ်အတွင်း Grand Canal က အပြည့်အ၀ ပြီးစီးခဲ့ပါတယ်။ဒါကြောင့် ၆၀၄ ခုနှစ်ကနေ ၆၀၉ ခုနှစ်အတွင်း ချန်ကျန်းမြစ်ဝှမ်းမှာရှိတဲ့ ရန်ကျိုးမြို့ကို အလယ်ပိုင်းဒေသမှာရှိတဲ့ ရှေးဟောင်းမြို့တော် လော့ရန်မြို့နဲ့ ချိတ်ဆက်ဖောက်လုပ်နိုင်ခဲ့ပါတယ်။အလားတူပဲ တောင်ပိုင်း ဟန်ကျိုးမြို့ကိုလည်း မြောက်ပိုင်း ပေကျင်းမြို့နဲ့ ချိတ်ဆက်ဖောက်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီလိုချိတ်ဆက်နိုင်ခဲ့တဲ့အကျိုးရလဒ်အနေနဲ့ ရေလမ်းကြောင်းကတစ်ဆင့် တောင်ပိုင်းမှာထွက်တဲ့ကောက်ပဲသီးနှံတွေကို မြောက်ပိုင်းမှာရှိတဲ့ တပ်စခန်းတွေဆီကို အချိန်မီ ဖြည့်တင်းပေးနိုင်ခဲ့ပါတယ်။ဒီကွန်ရက်ကို ၆၀၉ ခုနှစ်မှာ ပြီးစီးပြီးတဲ့နောက် ဧကရာဇ်ယန်က မြောက်ဘက်က ၁၀၅ ကီလိုမီတာရှည်လျားတဲ့ သင်္ဘောတွေကို သူ့ရဲ့တောင်ပိုင်းမြို့တော် ရန်ကျိုးမြို့ကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းစဉ်မှာ စစ်မှုထမ်းလုပ်သားတွေရဲ့ စည်းကြပ်မှုအမြောက်အမြား ထပ်မံပါ၀င်ပြီး တူးမြောင်းဖွင့်လှစ်တဲ့မှတ်တမ်းမှာ အသေးစိတ်ဖော်ပြထားပါတယ်။ တူးမြောင်းကြီးဟာ မြစ်ဝါမြစ်ရဲ့ ရေလွှမ်းမိုးမှုကြောင့် မကြာခဏ ပြင်ဆင်ခဲ့ရပြီး စစ်မက်ဖြစ်ပွားနေချိန်အတွင်း စစ်ရေးအရ လုပ်ဆောင်ချက်တွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေလည်း ရှိပါတယ်။ တူးမြောင်းစတင်တည်ဆောက်ခဲ့ချိန် ဘီစီ ၅၀၀ နောက်ပိုင်း တခြားမင်းဆက်တွေလက်ထက် ခေတ်အဆက်ဆက် မှာလည်း အေဒီ ၁၂၇၁ ခုနှစ်ကနေ ၁၆၃၃ ခုနှစ်အထိ တူးမြောင်းကြီး ပြုပြင်ထိန်းသိမ်းတာ ပြန်လည်တည်ဆောက်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ တောင်ပိုင်း ဟန်ကျိုးမြို့ကနေ မြောက်ပိုင်း ပေကျင်းမြို့တော်အထိ မဟာတူးမြောင်းကြီးရဲ့အရှည်က မိုင်ပေါင်း ၁၁၀၄ မိုင် ရှည်လျားပြီး အမြင့်ဆုံးအပိုင်းက ပင်လယ်ရေမျက်နှာပြင်အထက် ၁၃၈ ပေ မြင့်မားပါတယ်။ အဲဒီအမြင့်ဆုံးအပိုင်းက စန်းတုန်းပြည်နယ် တောင်ကုန်းတွေပေါ်ကနေ ဖြတ်ဖောက်ထားတဲ့ တူးမြောင်းအပိုင်းပါ။ အဲဒီအမြင့်ကို သင်္ဘောတွေတက်ရောက်နိုင်ဖို့ (Pound Lock) နည်းပညာကို အသုံးပြုထားပါတယ်။အဲဒီနည်းပညာက ရေမျက်နှာပြင်အမြင့်ကို ချိန်ညှိဖို့ အဖွင့်အပိတ်ပြုလုပ်ရတဲ့ ရေထိန်းတံခါးစနစ်ဖြစ်ပါတယ်။ တူးမြောင်းရဲ့တချို့အပိုင်းတွေမှာ နုန်းမြေပို့ချမှုတွေကြောင့် မြေပြင်မြေသားအဖြစ် ပြောင်းလဲသွားပေမဲ့ လက်ရှိအချိန်အထိ မဟာတူးမြောင်းကြီးထဲက အပိုင်းတချို့ကို ပြန်လည်တူးဖော်တာတွေ မလုပ်နိုင်သေးပါဘူး။ ၁၉၄၉ ခုနှစ်မှာ မဟာတူးမြောင်းကြီးကို အကြီးစားပြုပြင်တည်ဆောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွေမှာ သင်္ဘောတွေကြောင့် မဟာတူးမြောင်းကြီးထဲ ရေထုညစ်ညမ်းလာခဲ့ပါတယ်။ဒါကြောင့် ၂၀၀၁ ခုနှစ်မှာ ရေအရည်အသွေးကို မြှင့်တင်ပေးပြီး ရေနေသတ္တဝါတွေ ပြန်လည်ရှင်သန်နိုင်ဖို့ ဒေါ်လာ ၂၅၀ မီလီယံတန်ဖိုးရှိတဲ့စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ပါတယ်။ တရုတ်အစိုးရဟာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရဲ့ ၄၀ရာခိုင်နှုန်းကို မဟာတူးမြောင်းကြီးကတစ်ဆင့် တင်ပို့နိုင်ဖို့ ရည်ရွယ်ပြီး သောင်တူးဖော်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။လက်ရှိအချိန်မှာ စန်းတုန်းပြည်နယ်၊ ကျန်းစုပြည်နယ်နဲ့ ကျဲ့ကျန်းပြည်နယ်တို့က ထွက်ကုန်တွေကို မဟာတူးမြောင်းကတစ်ဆင့် ပေကျင်းမြို့တော်အထိ တင်ပို့နိုင်နေဆဲဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် လာရောက်လည်ပတ်သူ အများအပြားကလည်း တူးမြောင်းကို အထင်ကြီးလေးစားခဲ့ကြပါတယ်။ လာရောက်လည်ပတ်သူတွေထဲမှာ ဂျပန်ဘုန်းကြီး Ennin (၇၉၄- ၈၆၄)၊ ပါရှန်းသမိုင်းပညာရှင် Rashid al-Din Hamadani (၁၂၄၇ -၁၃၁၈)၊ ကိုရီးယားအရာရှိ Choe Bu (၁၄၅၄ -၁၅၀၄)နဲ့ အီတလီသာသနာပြုပုဂ္ဂိုလ် Matteo Ricci (၁၅၅၂ – ၁၆၁၀) တို့ ပါဝင်ခဲ့ပါတယ်။ Grand Canal ဟာ အနောက်တိုင်းဗိသုကာလက်ရာတွေအပေါ်မှာ လွှမ်းမိုးမှုရှိတဲ့ အခြေခံအဆောက်အအုံဖြစ်ပါတယ်။ မြောက်အမေရိကမှာရှိတဲ့ Erie Canal က တရုတ်ဗိသုကာလက်ရာ စိတ်ကူးစိတ်သန်းတွေနဲ့ ဒီဇိုင်းဆွဲထားတာပါ။ Erie တူးမြောင်းက မဟာတူးမြောင်းကြီးရဲ့ Pound Lock စနစ်အပါအဝင် တခြားတည်ဆောက်ပုံစနစ်တွေကို အတုယူပြီး ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် တူးမြောင်းကြီးရဲ့ အကျိုးကျေးဇူးတွေက များပြားတဲ့အားလျော်စွာပဲ စီးပွားရေးသာယာဝပြောမှုကို ယူဆောင်လာနိုင်တဲ့ စီးပွားရေးအားသာချက်အဖြစ် လူအများက ယနေ့ထက်တိုင် ရှုမြင်နေကြတာပဲဖြစ်ပါတယ်။ =============================================== ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨ YouTube ❤: https://www.youtube.com/@zlann_podcast Podcast ❤: https://podcasters.spotify.com/pod/show/z-lann Facebook Group ❤: https://www.facebook.com/groups/zlann/ #ZLann #ZLann_Podcast #မဟာတူးမြောင်းကြီး #မြစ်ဝါမြစ် #တရုတ်ဗိသုကာ