ကိုယ်ခံပညာရပ်တို့ ပေါက်ဖွားရာ “ရှောင်လင်ကျောင်းတော်”

တရုတ်တို့ရဲ့ ကိုယ်ခံပညာရပ်တွေပေါ်ထွန်းလာတဲ့အချိန်ကို တိကျတဲ့မှတ်တမ်းတွေမရှိခဲ့ပေမဲ့ လူနဲ့တိရစ္ဆာန်တို့ရဲ့ တိုက်ပွဲ(ဒါမှမဟုတ်)လူမျိုးစုတွေကြား ဖြစ်ပွားခဲ့တဲ့ ကာလကြာရှည် တိုက်ပွဲတွေကနေ အတွေ့အကြုံတွေကို စုဆောင်းပြီး နည်းစနစ်တွေကို မျိုးဆက်တစ်ခုမှတစ်ခု သို့ လက်ဆင့်ကမ်းခဲ့ကြတယ်လို့ဆိုပါတယ်။ တွေ့ကြုံသိမြင်တဲ့ ပညာရပ်တွေကို လက်ဆင့်ကမ်း သင်ကြားကြသလို အသစ်အသစ်သော ပညာရပ်တွေကို လည်းတီထွင်ကြံဆဖန်တီးခဲ့ကြပါတယ်။ တိရစ္ဆာန်တွေရဲ့ သဘာဝအရ ရှင်သန်ဖို့ ရုန်းကန်တိုက်ခိုက်ကြတဲ့ ဓလေ့စရိုက်တွေကို လေ့လာအတုယူပြီး ထိရောက်တဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေကိုလည်း တီထွင်ကြံဆ ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ တရုတ်တို့ရဲ့ ဒဿန သဘောတရားတွေကိုပါ ပေါင်းစပ်ပြီး တိုက်ခိုက်ရေး နည်းဗျူဟာ တွေကို တီထွင်ခဲ့ကြပါတယ်။ နှစ်ထောင်ပေါင်းများစွာကတည်းက တရုတ်လူမျိုးတွေဟာ ရွှေ့ပြောင်းအခြေချသူတွေအဖြစ် အာရှတစ်ခွင် ပြန့်နှံ့နေထိုင်ခဲ့သလို သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကိုလည်း သယ်ဆောင်သွားခဲ့ကြပါတယ်။ ဒါကြောင့် တရုတ်ယဉ်ကျေးမှု တွေက အခြားအာရှနိုင်ငံတွေရဲ့ ယဉ်ကျေးမှုအတွက် အခြေခံဖြစ်လာခဲ့သလို ကိုယ်ခံပညာရပ်တွေကလည်း အာရှနိုင်ငံတွေအပေါ် သိသိသာသာသက်ရောက်မှုရှိခဲ့ပါတယ်။ တရုတ်ကိုယ်ခံပညာရပ် သမိုင်းကြောင်းကို ပြောမယ်ဆိုရင် ရှောင်လင်ကျောင်းတော် ကိုချန်ထားလို့ မရတဲ့အထိ ဩဇာကြီးမားပါတယ်။ ရှောင်လင်ကျောင်းတော်စတင်တည်ထောင်စဉ်က ကျော်ကြားခြင်းမရှိတဲ့ သာမန်ဘုန်းကြီး ကျောင်းတစ်ကျောင်း သာဖြစ်ပါတယ်။ အေဒီ ၅၈ မှ ၇၆ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ ဗုဒ္ဓသာသနာ ဟာ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။အေဒီ ငါးရာစု မှာတော့ တရုတ်ဘုန်းတော်ကြီးတွေက အိန္ဒိယကို သွားရောက်ပြီး ပညာဆည်းပူးခဲ့သလို ဗုဒ္ဓကျမ်းစာ တွေကိုလည်း ပင့်ဆောင်ခဲ့ကြပါတယ်။အိန္ဒိယဘုန်းကြီးတွေကိုလည်း တရားဟောဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ “Dengfeng County Chronicle” (“Dengfeng xian zhi”) အမည်ရှိတဲ့ ရှေးအကျဆုံးစာအုပ် အရ Batuo အမည် ရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါး ဟာ ၄၆၄ ခုနှစ်မှာ ဗုဒ္ဓတရားတော်တွေဟောကြားဖို့ကြွချီလာခဲ့ ပါတယ်။၄၉၅ ခုနှစ်မှာ ဧကရာဇ် Wen-di ရဲ့ခွင့်ပြုချက်နဲ့ ရှောင်လင်ဘုန်းကြီးကျောင်းကိုတည်ဆောက်ခဲ့ပါတယ်။ ရှောင်လင်ကျောင်းတော်ကြီးရဲ့ အထင်ရှားဆုံးပုဂ္ဂိုလ်က အိန္ဒိယဘုန်းတော်ကြီး ဒါမို ဖြစ်ပါတယ်။ဘုန်းတော်ကြီး ဒါမိုကို ၄၈၃ ခုနှစ်ဝန်းကျင်မှာ မွေးဖွားခဲ့တယ်လို့ယူဆကြပါတယ်။ ရှောင်လင်ကျောင်းတော်ကို ဘုန်းတော်ကြီး ဒါမို ရောက်ရှိလာခဲ့ပြီးနောက် ကျောင်းမှာ သီတင်းသုံးနေထိုင်ကြတဲ့ ဘုန်းကြီးတွေရဲ့ အားနည်းချက်နဲ့ ဖျားနာမှုဒဏ်တွေကို ကုစားပေးနိုင်ဖို့ အချိန်အတော်ကြာကြံစဉ် စဉ်းစားခဲ့ပြီး စာအုပ်နှစ်အုပ် ကိုရေးသား ခဲ့ပါတယ်။အဲဒီစာအုပ်တွေက ကြွက်သားနှင့်အရွတ်များ ပြောင်းလဲခြင်းစာအုပ်နဲ့ အရိုးနှင့်ဦးနှောက် ဆေးကျမ်းတို့ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေကို လေ့ကျင့်ခန်း တွေပြုလုပ်စေခဲ့ရာမှာ ကျန်းမာရေး ကောင်းမွန်လာစေရုံသာမက ကာယ ကြံ့ခိုင်မှု လည်းသိသိသာသာ တိုးတက်လာခဲ့ပါတယ်။အဲဒီလေ့ကျင့်မှုတွေက တရုတ် ကိုယ်ခံပညာ ဖွံ့ဖြိုးတိုးတက် မှုအတွက် ခြေလှမ်းသစ် တစ်ရပ် ဖြစ်ပါတယ်။ ဒါမိုဟာ 536 ခုနှစ်မှာ ရှောင်လင်ကျောင်းတော်မှာပဲ ကွယ်လွန်ခဲ့ပြီး Xiong’er တောင်မှာ မြှုပ်နှံခဲ့ပါတယ်။ သိုင်းပညာတတ်ကျွမ်းလာတဲ့ ရှောင်လင်ဘုန်းကြီးတွေဟာ ခေတ်အဆက်ဆက် ရှောင်လင်ကျောင်းကို ကာကွယ် ခဲ့ပြီး အန္တရာယ်အမျိုးမျိုးကို တွန်းလှန်ခဲ့ကြပါတယ်။ ဒုစရိုက်သမားတွေကို တိုက်ခိုက်အနိုင်ယူနိုင်ဖို့အတွက် ရှောင်လင်ဘုန်းကြီးတွေက လက်နက်အမျိုးမျိုးကို အသုံးပြုပြီးလေ့ကျင့်ခဲ့ကြပါတယ်။လက်နက်တွေထဲမှာ သံ၊ သစ်သား၊ ဓား၊ လှံလို လက်နက်အဖြစ် အသုံးပြုလို့ရတဲ့ အရာအားလုံးနဲ့ လေ့ကျင့်ခဲ့ကြပါတယ်။ ရှောင်လင်ကျောင်းကို ဘုန်းကြီးကျောင်းသားအဖြစ်ဝင်ရောက်နိုင်ဖို့အတွက်လည်း အလွန်ခက်ခဲပါတယ်။ ရှောင်လင်ကျောင်းကို ဝင်ရောက်လိုသူတွေဟာ ဆာလောင်မှုကို သည်းခံနိုင်ရမှာဖြစ်တဲ့အပြင် နေပူမိုးရွာ၊ အအေးဒဏ်စတဲ့ ရာသီဥတုဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိရမှာဖြစ်ပြီး အိပ်စက်ခြင်းမရှိဘဲ ရက်အတန်ကြာ တရားကျင့် နိုင်ရမှာဖြစ်ပါတယ်။ ဝင်ရောက်ခွင့်ရရှိခဲ့မယ်ဆိုရင်လည်း ကျင့်ရမဲ့ ဗုဒ္ဓလမ်းစဉ်တွေကို လိုက်နာ ကျင့်ကြံရပါတယ်။ ရှောင်လင်ကျောင်းမှာ နေထိုင်သူတွေဟာ ဗုဒ္ဓဘာသာကို လေ့လာခြင်းအပြင် ရှောင်လင်ကျောင်းရဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ဖို့ ကိုယ်ခံပညာကို သင်ကြားကြရပါတယ်။ ရှောင်လင်ကျောင်းဟာ နှစ်ပေါင်းသုံးရာခန့် ကိုယ်ပိုင်ကိုယ်ခံပညာကျောင်းအဖြစ် တရားဝင်ရှိခဲ့သလို ပြင်ပကမ္ဘာမှ ကိုယ်ခံပညာ နဲ့ ကျွမ်းကျင်မှုတွေကိုလည်း စုဆောင်းခဲ့ပါတယ်။ မန်ချူးတို့ က ချင်းမင်းဆက်ကို တည်ထောင်တဲ့အခါ တိုင်းပြည်အတွင်း ပုန်ကန်မှုမရှိစေဖို့ ကိုယ်ခံပညာ လေ့ကျင့်သင်ယူမှုကို တားမြစ်ခဲ့ပါတယ်။အဲဒီလိုတားမြစ်ချက်က 1644 ခုနှစ် မှ 1911 ခုနှစ်အထိ နှစ်ပေါင်း ၃၀၀ ခန့် အသက်ဝင်ခဲ့ပါတယ်။ဒီလိုလုပ်ဆောင်မှုတွေက ရှောင်လင်ကျောင်းတော်ရဲ့ ဘုန်းတော်ကြီး အရေအတွက်ကို တဖြည်းဖြည်း လျော့ကျသွား စေခဲ့ပါတယ်။ ရှောင်လင်ရဲ့ မှတ်တမ်းတွေအရ၊ တည်ဆောက်ချိန်မှ ချင်းမင်းဆက် ကုန်ဆုံးချိန်အထိ ဘုန်းကြီးကျောင်း သုံးကြိမ် မီးရှို့ခံခဲ့ရပါတယ်။ ၁၉၂၈ ခုနှစ်မှာ ရှောင်လင်ကျောင်းတိုက်ဧရိယာအတွင်း တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး မီးလောင်မှုက ရက်ပေါင်း လေးဆယ်ကျော် ကြာမြင့်ခဲ့ပါတယ်။ အဲဒီမီးလောင်မှုမှာ ပင်မ အဆောက်အအုံ အားလုံး ပျက်ဆီးခဲ့သလို တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်တွေနဲ့ ကိုယ်ခံပညာ မှတ်တမ်း အများစု ပျက်စီးခဲ့ပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေးကာလတွေမှာ ထပ်မံဖျက်ဆီးခံခဲ့ရပြီး တန်ဖိုးရှိလှတဲ့ ပစ္စည်းအများစု ပျက်စီးခဲ့ပြီး ရှောင်လင်ကျောင်းတော်ကြီးဟာလည်း ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်မှာ ထွက်ရှိလာခဲ့တဲ့ မင်းသား ဂျက်လီရဲ့ The Shaolin Temple ဇာတ်ကားကြောင့် ရှောင်လင် ကျောင်း ဟာ ပြန်လည်လူသိများလာခဲ့ပြီး လာရောက်လည်ပတ်သူတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ ရှောင်လင် ဘုန်းတော်ကြီးတွေဟာ သူတို့ရဲ့ကျောင်းတော်ကို ပြန်လည်တည်ဆောက်ခဲ့ကြပြီး ၂၀၁၀ ပြည့်နှစ် အရောက်မှာတော့ ယူနက်စကို က ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ===========================

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

YouTube ❤: https://www.youtube.com/@zlann_podcast

Podcast ❤: https://podcasters.spotify.com/pod/show/z-lann

Facebook Group ❤: https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #chinese #martialarts #shaolin

More Interesting Blogs from Zlann