ကိုရီးယားသမိုင်းရဲ့ အထင်ရှားဆုံးစစ်သူကြီး Kim Yu Sin

ကျွန်တော်တို့ ဇာတ်လမ်း Z-Lann ရဲ့ကဏ္ဍအသစ်လေးတစ်ခုဖြစ်တဲ့ ‘သိပြီးပြီလား’ ကနေ မြန်မာရာဇဝင်မှာ ပုံစံအမျိုးမျိုးနဲ့ ထင်ရှားကျော်ကြားခဲ့တဲ့ လူပုဂ္ဂိုလ်တွေအကြောင်းကို စုစည်းတင်ဆက်ပေးလျက်ရှိရာကနေ အခုတစ်ခါမှာတော့ အာရှနိုင်ငံအသီးသီးရဲ့ ရာဇဝင်သမိုင်းတွေထဲက ထင်ရှားခဲ့သူအချို့အကြောင်းကိုပါ ထပ်လောင်းဖော်ပြပေးသွားဖို့ စီစဉ်ထားပါတယ်။ ဒီလိုစီစဉ်ထားတဲ့အထဲကမှ ပထမဆုံးအနေနဲ့တင်ဆက်ပေးချင်တဲ့သူကတော့ ကိုရီးယားသမိုင်းမှာ မသိသူမရှိလောက်အောင်ထင်ရှားခဲ့တဲ့ စစ်သူကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူကတော့ ကိုရီးယားသုံးပြည်ထောင်ဖြစ်တဲ့ ဘတ်ဂျယ်၊ ဂိုဂူလျော၊ ရှီလာတို့ကို စည်းလုံးတဲ့နေရာမှာ ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ ရှီလာစစ်သူကြီး Kim Yu Sin (ကင်မ်ယူရှင်း) ပါပဲ။ 🤔

ကိုရီးယားရှေးခေတ်နန်းတွင်းဇာတ်လမ်းတွဲကြိုက်နှစ်သက်သူကတော့ Kim Yu Sin (ကင်ယူရှင်း) ဆိုတဲ့နာမည်ကို အတော်အသင့် ရင်းနှီးကြမယ်လို့ထင်ပါတယ်။ ဟုတ်ပါတယ် … သူက Yeon Gaesomun, Queen Seondeok, Dream of the Emperor တို့လိုမျိုး ရှေးခေတ်သမိုင်းဖြစ်ရပ်မှန်နောက်ခံဇာတ်လမ်းတွဲကြီးတွေထဲမှာပါဝင်တဲ့ ဇာတ်ကောင်တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုမျိုးဇာတ်လမ်းတွေမှာ ထည့်သွင်းရိုက်ကူးရလောက်အောင် သူဟာ ဘယ်လောက်အထိကြီးမားတဲ့စွမ်းဆောင်မှုတွေပြုလုပ်ခဲ့တယ်၊ ဘာကြောင့် ဒီလောက်အထိ ထင်ရှားခဲ့သလဲဆိုတာကိုတော့ ဆက်ပြီးလေ့လာကြည့်လိုက်ရအောင်နော်။ 👌

Kim Yu Sin ကို ခရစ်နှစ် ၅၉၅ ခုနှစ်တုန်းက ရှီလာပြည်မှာမွေးဖွားခဲ့တာဖြစ်ပြီး နေရာအတိအကျကို လက်ရှိခေတ်အနေအထားနဲ့ ဖော်ပြရမယ်ဆိုရင်တော့ ဂျင်ချွန်း စီရင်စုဒေသဖြစ်တယ်လို့ သိရပါတယ်။ သူဟာ King Muyeol (ဘုရင် မူရော) နဲ့ Kim Munmu (ဘုရင် မန်မူ) တို့ မင်းပြုစိုးစံစဉ်အချိန်ကာလအတွင်းမှာ ကိုရီးယားသုံးပြည်ထောင်ကို စည်းလုံးဖို့ရည်ရွယ်တဲ့ တိုက်ပွဲတွေမှာ နာမည်ကျော်ကြားခဲ့သူ စစ်သူကြီးတစ်ယောက်ဖြစ်ပြီး ဘုရင် Guhae (ဂူဟေး) ရဲ့ မြစ်အဖြစ်လည်း တော်စပ်သူဖြစ်ပါတယ်။ ဘုရင် Guhae ဆိုတာကတော့ ရှီလာပြည်ထောင်ရဲ့ လက်အောက်ကို Geumgwan Gaya ပြည်နယ်မကျရောက်ခင်အချိန်တုန်းက Geumgwan Gaya ကို နောက်ဆုံးအုပ်ချုပ်ခဲ့တဲ့ဘုရင်ဖြစ်ပြီး ဒီလိုမျိုးရိုးတော်စပ်မှုကြောင့်လည်း Kim Yu Sin ဟာ ရှီလာပြည်ထောင်မှာ ရာထူးကြီးကြီးမားမား ရရှိခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

အသက် ၁၅ နှစ်အရွယ်မှာတော့ Kim Yu Sin ဟာ ဟွာရမ်း (Hwarang) စစ်သည်တစ်ယောက်ဖြစ်လာခဲ့ပြီး ဓားအတတ်ကိုလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်တာကြောင့် အသက် ၁၈ နှစ်မှာဆိုရင် ဟွာရမ်းရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဟွာရမ်းဆိုတာကတော့ ရှီလာပြည်မှာ ၁၀ ရာစုအထိ ကြာမြင့်စွာတည်ရှိခဲ့တဲ့ အမျိုးသားလူငယ်စစ်သည်တော်အုပ်စုဖြစ်ပြီး Flowering Knights လို့လည်း အသိများကြပါတယ်။ ဟွာရမ်းစစ်သည်တစ်ယောက်ဖြစ်လာခဲ့ပြီးနောက် Kim Yu Sin အနေနဲ့ တော်ဝင်တပ်မတော်ကို စတင်ထိတွေ့မှုက အေဒီ ၆၂၉ ဝန်းကျင်လောက်ဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြပြီး အဲ့ဒီကနေမှတစ်ဆင့် စစ်သည်တော်အဖြစ်နဲ့ သူ့ရဲ့ စွမ်းဆောင်နိုင်ရည်တွေကို အလျင်အမြန်ပြသနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ အသက် ၃၄ နှစ်အရွယ်ကိုရောက်ချိန်မှာတော့ Kim Yu Sin ဟာ တပ်အင်အားစုတွေအကုန်လုံးကို အမိန့်ပေးနိုင်လောက်တဲ့အထိ အင်အားကြီးမားလာခဲ့ပါတော့တယ်။

Kim Yu Sin နဲ့ ဝမ်းကွဲမောင်နှမတော်စပ်သူ Deokman မင်းသမီးက Seon Deok ဘုရင်မဖြစ်လာချိန်မှာတော့ အစ်ကိုဖြစ်သူ Kim Yu Sin ကိုလည်း တော်ဝင်တပ်မတော်ရဲ့ အုပ်ချုပ်သူတပ်မှူးအဖြစ်ထားရှိခဲ့ပါတယ်။ ဒီလိုနဲ့ ရှီလာပြည်ကို ဘုရင်မ Seon Deok အုပ်စိုးစဉ်အချိန် အတွင်းမှာ Kim Yu Sin ကလည်း ကိုယ်ပိုင်စစ်သည်တော်တစ်သိန်းကို ပိုင်ဆိုင်လာခဲ့ပြီး ဘတ်ဂျယ်နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတိုင်းလိုလိုမှာလည်း အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် Kim Yu Sin ဟာ အဲဒီခေတ်အဲဒီအခါတုန်းက ရှီလာပြည်ရဲ့ အင်အားအကြီးမားဆုံးအမျိုးသားတစ်ယောက် ဖြစ်ခဲ့တယ်လို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

နှစ်ကာလကြာမြင့်စွာ စစ်မက်တွေဖြစ်ပွားခဲ့တဲ့ ရှီလာနဲ့ ဘတ်ဂျယ်တို့ဟာ Kim Yu Sin တစ်ယောက် တော်ဝင်တပ်မတော်ရဲ့ ရာထူးမြင့်လာချိန်မှာတော့ ဂိုဂူလျောရဲ့ အင်အားကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် မဟာမိတ်ဖွဲ့ခဲ့ပါတယ်။ မဟာမိတ် သဘောတူချက်အရဆိုရင် ဟန်မြစ်ရဲ့ မြောက်ပိုင်းကို ရှီလာက သိမ်းပိုက်ပြီး တောင်ပိုင်းကိုတော့ ဘတ်ဂျယ်က သိမ်းယူရမှာပါ။ ဒါပေမဲ့ ရှီလာက တောင်ပိုင်းရော၊ မြောက်ပိုင်းကိုပါ သိမ်းပိုက်လိုတာကြောင့် မဟာမိတ်သဘောတူမှုကို ဖျက်သိမ်းခဲ့ပါတယ်။ ဒီအခါမှာတော့ ဘတ်ဂျယ်ကလည်း အင်အားကြီးမားတဲ့ ဂိုဂူလျောနဲ့ပူးပေါင်းလိုက်ပြီး ခရစ်နှစ် ၆၅၅ ခုနှစ်အရောက်မှာ ရှီလာပြည်ကို တိုက်ခိုက်ခဲ့ပါတယ်။ ရှီလာပြည်ကလည်း ထန်လူမျိုးနဲ့ ပူးပေါင်းပြီး ပြန်လည်တိုက်ခိုက်ခဲ့ကာ Kim Yu Sin က ဘယ်အချိန်ဘယ်ကာလမှာ စစ်သူကြီးအဖြစ် ခန့်အပ်ခံရသလဲဆိုတာကိုတော့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမဲ့လည်း အဲဒီလိုပြန်လည်တိုက်ခိုက်ကြတဲ့ အချိန်မှာတော့ ရှီလာတပ်တွေကို ဦးဆောင်တဲ့သူက Kim Yu Sin သာဖြစ်တယ်လို့ ဖော်ပြထားကြတာကိုတွေ့ရပါတယ်။

Kim Yu Sin က အဲဒီတိုက်ပွဲမှာ ရှီလာတပ်သား ငါးသောင်းနဲ့ ထန်ထပ်သား တစ်သိန်းသုံးသောင်းကို ဦးဆောင်ခဲ့တာဖြစ်ပြီး ခရစ်နှစ် ၆၆၀ မှာတော့ ဘတ်ဂျယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဆာဘီကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီအချိန်မှာ ဘတ်ဂျယ်တပ်တွေကို ဦးဆောင်တဲ့သူကတော့ စစ်သူကြီး Gyebaek (ဂယ်ဘတ်) ပါ။ ဒါပေမဲ့ သူတို့ရဲ့တပ်ဖွဲ့မှာက လူအင်အား ၅၀၀၀ ခန့်သာ ပါဝင်တာကြောင့် သူတို့ထက် လူဦးရေ ဆယ်ခခန့်များပြားနေတဲ့ ရှီလာတပ်တွေကို ယှဉ်ပြိုင်တိုက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် ဘတ်ဂျယ်ဟာ တစ်ဖက်မှာလည်း ပြည်တွင်းရေး ပြဿနာကိစ္စရပ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် ပြိုလဲသွားခဲ့ပါတော့တယ်။ ဘတ်ဂျယ်ကို အနိုင်တိုက်ပြီးတဲ့ အချိန်မှာတော့ ရှီလာတပ်တွေဟာ ဂိုဂူလျောကိုလည်း ထန်တပ်တွေနဲ့ပူးပေါင်းပြီး နှစ်ဖက်ခွတိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ ခရစ်နှစ် ၆၆၁ ခုနှစ်ကိုရောက်ချိန်မှာ ထာ၀ရမပျက်သုဉ်းနိုင်ဘူးလို့ ဟစ်ကြွေးထားတဲ့ ဂိုဂူလျောနိုင်ငံကို တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဂိုဂူလျောဘက်ကလည်း Kim Yu Sin ရဲ့ ရှီလာတပ်တွေနဲ့ ထန်တပ်တွေကို ပြန်လည်တွန်းလှန်ခံပေမဲ့ အနိုင်မရရှိတာကြောင့် တဖြည်းဖြည်းနဲ့ အင်အားနည်းပါးလာခဲ့ပြီး ၆၆၈ ခုနှစ်မှာတော့ ရှီလာဘက်က ထိုးစစ်ကိုမခံနိုင်တဲ့အဆုံး အရှုံးပေးလိုက်ရပါတော့တယ်။

စစ်သူကြီး Kim Yu Sin ရဲ့ ရှီလာတပ်တွေဟာ ဘတ်ဂျယ်နဲ့ ဂိုဂူလျောကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို တစ်ဖက်မှာလည်း ပူးပေါင်းထားတဲ့ ထန်တပ်တွေရဲ့ ကျူးကျော်မှုကိုမခံရဖို့ ကြိုးစားရပြန်ပါသေးတယ်။ ဒီလိုမျိုးအခြေအနေတွေဖြစ်ပြီးချိန်မှာတော့ ထန်တပ်တွေကိုလည်း ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်ကို သူတို့ရဲ့လက်အောက်မှာပဲ စုစည်းနိုင်ခဲ့ပါတယ်။ Kim Yu Sin နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတွေများစွာထဲကမှ အထင်ရှားဆုံးတစ်ခုကတော့ သူပုန်တပ်တွေကို ချေမှုန်းဖို့အတွက် သူ့ရဲ့တပ်သားတွေကို အမိန့်ပေးခဲ့စဉ်အချိန်တုန်းက တပ်သားတွေဟာ အမိန့်ကိုငြင်းဆန်ခဲ့တာပါပဲ။ ငြင်းဆန်ခဲ့ရတဲ့အကြောင်းအရင်းကတော့ အဲဒီအချိန်တုန်းက ကောင်းကင်မှ ကြယ်တစ်ပွင့်ကြွေကျလာတာကို တပ်သားတွေက မြင်လိုက်ရပြီးနောက်မှာ ဒီအချင်းအရာကို နိမိတ်မကောင်းတဲ့အရာအဖြစ် သတ်မှတ်ယူဆကြတဲ့အတွက်ဖြစ်ပါတယ်။ ဒီအခါမှာ Kim Yu Sin က သူ့တပ်သားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ဖို့အတွက် ပုံမှန်ထက် အရွယ်အစားကြီးမားတဲ့စွန်တစ်ခုပြုလုပ်ပြီး လောင်စာများများပါဝင်တဲ့ မီးဘောလုံးတစ်ခုကိုလည်း အဆိုပါစွန်မှာချိတ်ဆွဲကာ ကောင်းကင်ဆီကို လွှတ်တင်ခဲ့ပါတယ်။ အဲဒီတော့မှသာ တပ်သားတွေက ကောင်းကင်က ကြီးမားလှတဲ့စွန်ကို ကြယ်တစ်ခုအဖြစ် မြင်တွေ့ပြီး စိတ်ခွန်အားတွေပြန်လည်ရရှိကာ တိုက်ပွဲကို‌ အနိုင်တိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာဆိုရင် တစ်ဖက်ရန်သူက Kim Yu Sin ရဲ့ ပြိုင်ဘက်အဖြစ်လူသိများတဲ့ Bi Dam ဖြစ်ပြီး အဆိုပါတိုက်ပွဲဟာလည်း ကိုရီးယားသမိုင်းမှာ ထင်ရှားတဲ့တိုက်ပွဲတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖြစ်ရပ်မှန်နောက်ခံသမိုင်းကြောင်းကို အခြေခံရိုက်ကူးတဲ့ဇာတ်လမ်းတွဲတွေမှာ ဒီတိုက်ပွဲအကြောင်းက ရံဖန်ရံခါဆိုသလိုပါဝင်တာကိုတွေ့ရပါတယ်။

Kim Yu Sin က ဘတ်ဂျယ်၊ ရှီလာနဲ့ ဂိုဂူလျောတို့က တစ်ပြည်ထောင်နဲ့ တစ်ပြည်ထောင် ကွဲပြားမနေဘဲ တစ်နိုင်ငံတည်းဖြစ်သင့်ကြောင်းကို သူ့ဘ၀တစ်လျှောက်လုံးတွေးတောနေခဲ့တာဖြစ်ပြီး ဒီလိုအကြောင်းကြောင့်လည်း သူ့ကို အဲဒီသုံးပြည်ထောင်ပေါင်းစည်းမှုရဲ့ အဓိကအင်အားစုအဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။ ၆၆၈ ခုနှစ်ကိုရောက်ချိန်မှာတော့ Kim Yu Sin ဟာ “အကြီးမြတ်ဆုံးမဟာဒိုင်း” လို့ အဓိပ္ပာယ်ရတဲ့ ကာကွယ်ရေးဦးစီးချုပ် (Taedaegakgan) ဘွဲ့ကို ချီးမြှင့်ခံခဲ့ရပြီး အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာကိုလည်း အပိုင်စားရရှိခဲ့ပါတယ်။ ဒါ့အပြင် ၆၆၉ ခုနှစ်မှာလည်း တစ်နိုင်ငံလုံးမှာ မြင်းခြံအရေအတွက် ၁၄၂ ခုကို ပိုင်ဆိုင်ရရှိခဲ့ပါသေးတယ်။ အဲဒီလိုမျိုး စည်းစိမ်ဥစ္စာတွေရရှိခဲ့ပြီး လေးနှစ်အကြာမှာတော့ အသက် ၇၉ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ Kim Yu Sin ဟာ ကွယ်လွန်ခဲ့သွားပြီး ကွယ်လွန်ချိန်မှာတော့ သားသမီး ၁၀ ယောက်ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

Kim Yu Sin ကို ကိုရီးယားလူမျိုးတွေက ကိုရီးယားသမိုင်းရဲ့ အကျော်ကြားဆုံးစစ်သူကြီး (သို့မဟုတ်) ဓားတွေရဲ့ အရှင်သခင်အဖြစ် အသိအမှတ်ပြုထားကြပြီး သူနဲ့ပတ်သက်တဲ့ ပုံပြင်ဒဏ္ဍာရီတွေဆိုတာကလည်း အများသားပါ။ သူ သေဆုံးပြီးနောက်မှာဆိုရင် King Heungmu ဘွဲ့တောင်ပေးအပ်ချီးမြှင့်ခံခဲ့ရပြီး သူ့ရဲ့ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကိုတော့ ရှင်ဘုရင်တွေလိုမျိုး ခမ်းနားတဲ့ဂူသင်္ချိုင်းမှာ မြုပ်နှံထားရှိခဲ့ပါတယ်။ Kim Yu Sin မှာ Kim Bo Hee (ကင်မ်ဘိုဟီး) နဲ့ Kim Mun Hee (ကင်မ်မွန်ဟီး) လို့အမည်ခေါ်တွင်တဲ့ ညီမနှစ်ယောက်ရှိပြီး Kim Mun Hee ဆိုတာကတော့ အစ်ကိုဖြစ်သူ Kim Yu Sin ရဲ့ သူငယ်ချင်း King Muyeol (ဘုရင် မူရော) နဲ့ လက်ဆက်ခဲ့ပြီးနောင် Queen Mun Myeong (မွန်မြောင်း) အဖြစ်ထင်ရှားခဲ့ပါတယ်။

Kim Yu Sin နဲ့ပတ်သက်ပြီးရေးသားထားတဲ့ တချို့သောဒဏ္ဍာရီဇာတ်လမ်းတွေမှာတော့ Kim Yu Sin ဟာ တိုက်ပွဲဝင်တဲ့အခါတိုင်း မြင်းဖြူကို စီးနင်းလေ့ရှိတယ်လို့ ဆိုထားကြပါတယ်။ တချို့ဒဏ္ဍာရီတွေမှာဆိုရင်လည်း သူ ကိုင်ဆောင်တဲ့ဓားနဲ့ ဝတ်ဆင်တဲ့ သံချပ်ကာတို့က ကောင်းကင်ဘုံမှ လက်ခံရရှိထားဖြစ်တယ်လို့ ဆိုထားကြပြန်ပါတယ်။ ဒီအကြောင်းအရာတွေကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်တော့ မြင်းဖြူဆိုတာက ဖြူစင်ဖြောင့်မတ်မှုကို ကိုယ်စားပြုတာကြောင့် Kim Yu Sin ရဲ့အသွင်စရိုက်ပုံစံကို မီးမောင်းထိုပြလိုတာဖြစ်နိုင်သလို ဓားနဲ့ သံချပ်ကာကလည်း သူ့ရဲ့စွမ်းအားကြီးမှုအကြောင်းကို ထင်ရှားစေလိုတဲ့အတွက်ကြောင့်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ်ဒဏ္ဍာရီတစ်ခုမှာလည်း Kim Yu Sin နဲ့ကျားတစ်ကောင်တို့ ထိပ်တိုက်ဆုံတွေ့စဉ်အချိန်မှာ Kim Yu Sin က ကျားကို ရင်ဆိုင်တိုက်ခိုက်ရမဲ့အစား သူ့ရဲ့ ရဲရင့်မှု၊ သီလသမာဓိတို့နဲ့ သားရဲသတ္တဝါဖြစ်တဲ့ ကျားကိုယဉ်ပါးစေနိုင်ခဲ့တယ်လို့ ရေးသားထားပါသေးတယ်။ နောက်ဒဏ္ဍာရီတစ်ခုမှာတော့ Kim Yu Sin ကို နတ်ဘုရားတို့ရဲ့ မျက်နှာသာပေးမှုနဲ့ ကာကွယ်မှုသင်္ကေတဖြစ်တဲ့ နဂါးတစ်ကောင်က ကာကွယ်ထားတယ်လို့ဆိုထားကြပြီး ဒီလိုမျိုးကာကွယ်မှုတွေရရှိထားတာကြောင့်လည်း Kim Yu Sin ဟာ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်တဲ့အချိန်တွေတိုင်း ဘေးကင်းတာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ ကိုရီးယားလူမျိုးတွေရဲ့ ရာဇဝင်သမိုင်းမှာ အထင်ရှားဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့တဲ့ စစ်သူကြီး Kim Yu Sin (ကင်မ်ယူရှင်း) အကြောင်းပဲဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးသွားမဲ့ “သိပြီးပြီလား” ကဏ္ဍမှာရော ဘယ်လိုမျိုးသူရဲကောင်းတွေနဲ့ လူပုဂ္ဂိုလ်တွေအကြောင်းကို ရှာဖွေဖော်ပြပေးသွားမလဲဆိုတာကို ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုအားပေးကြတဲ့ ပရိသတ်တစ်ဦးချင်းကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်။ 🥰

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

YouTube ❤: https://www.youtube.com/@zlann_podcast
Podcast ❤ https://podcasters.spotify.com/pod/show/z-lann
Facebook Group ❤ https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #KimYuSin

More Interesting Blogs from Zlann