ကိုးကွယ်ယုံကြည်မှုကို အခြေခံထားတဲ့ ရိုးရာ ဆယ်ပွင့်ပန်း
——————————-
မြန်မာ့မြေ၊ မြန်မာ့ရေက ရေခံမြေခံကောင်းတာနဲ့အညီ ရာသီအလိုက် ပန်းပေါင်းစုံတို့ ဖူးပွင့်ကြပါတယ်။ အမျိုးမျိုးအစုံစုံသော ပန်းတို့ရဲ့ လှပမှုတွေက ပညာရှိတို့ စာဖွဲ့လို့မကုန်နိုင်အောင် များပြားလှပါတယ်။ အဲဒီလို ပန်းတွေက သဘာဝပန်းတွေ ဖြစ်ကြပြီး ဒီလို သဘာဝပန်းတွေနဲ့အပြိုင် သမိုင်းတစ်လျှောက် လှပတဲ့ လူလုပ်လက်ဖြစ် အနုပညာပန်းတို့လည်း ဝေဆာပွင့်ဖူးခဲ့ကြပါတယ်။
မြန်မာ့ယဉ်ကျေးမှု အနုပညာပန်းတို့က ပုဂံခေတ်မှာ လှိုင်လှိုင်ပွင့်ဖူးခဲ့ကြပါတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ လက်မှုအနုပညာကို “ပန်” ဆိုတဲ့ ဝေါဟာရနဲ့ ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ပန်းအတတ်လို့ ပြောင်းလဲခေါ်ဆိုကြပါတယ်။
မြန်မာ့မြေမှာ ပွင့်လန်းခဲ့တဲ့ အနုပညာပန်းတို့ကို “ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ဆယ်ပွင့်ပန်း” ဆိုတဲ့ ဆိုရိုးစကားနဲ့ မှတ်သားခဲ့ကြပါတယ်။ပန်းဆယ်မျိုးက ပန်းချီ၊ ပန်းပု၊ ပန်းရံ၊ ပန်းတော့၊ ပန်းတမော့၊ ပန်းတဉ်း၊ ပန်းထိမ်၊ ပန်းပွတ်၊ ပန်းယွန်း၊ ပန်းပဲတို့ ဖြစ်ပါတယ်။ အုတ်ကို စီတဲ့အတတ်က ပန်းရံ။ ပန်းရံအတတ်နဲ့ အုတ်အင်္ဂတေကို အသုံးပြုပြီး ပန်းအမျိုးမျိုး၊ ရုပ်တုရုပ်လုံး အမျိုးမျိုး ပြုလုပ်တဲ့အတတ်ကို ပန်းတော့လို့ ခေါ်ဆိုပါတယ်။
ကျောက်ကို လိုသလို ပုံဖော်ထုဆစ်တဲ့အတတ်က ပန်းတမော့၊ သစ်သားကို ထွင်းထုပုံဖော်တဲ့ အတတ်ကို ပန်းပု၊ ကြေးကို လိုသလို ပုံသွင်းထုဆစ်ရင် ပန်းတဉ်း၊ ရွှေ၊ ငွေကို လိုသလို ပုံသွင်းထုလုပ်ရင် ပန်းထိမ်၊ သံကို ထုလုပ်ရင် ပန်းပဲ၊ သစ်သားကို ပွတ်လုံး၊ ပွတ်ခြမ်း ပြုလုပ်တဲ့အတတ်ကို ပန်းပွတ်၊ နှီး၊ ဝါးတို့ကို အမာခံပြုလုပ်တဲ့အတတ်ကို ပန်းယွန်း၊ ဆေးရေးပုံဖော်ခြယ်လှယ်တဲ့အတတ်က ပန်းချီလို့ အလွယ်မှတ်ယူ သိရှိနိုင်ပါတယ်။
အတတ်ပညာအနေနဲ့ အမျိုးအမည် ဆယ်မျိုးဖြစ်ပေမဲ့ အဓိက အလုပ်သဘောကတော့ ပုံရေးခြင်းနဲ့ ပုံထုဆစ်ခြင်းသာ ဖြစ်ပါတယ်။ ပုံရေးခြင်းအတတ်ကို ပန်းချီလို့ ခေါ်ပြီး ပုံထုဆစ်ခြင်းအတတ်ကို ပန်းပုလို့ ခေါ်ဆိုပါတယ်။
ပန်းပုလို့ဆိုရာမှာ ပုံဖော်ထုဆစ် အသုံးပြုတဲ့ ဝတ္ထုပစ္စည်းပေါ် မူတည်ပြီး အမည်သစ်တွေ ပွားနေခြင်း ဖြစ်ပါတယ်။ သစ်သားကို ထုဆစ်ရင် ပန်းပု၊ ကြေးကို အသုံးပြုထုဆစ်ရင် ပန်းတဉ်း၊ ရွှေ၊ ငွေကို အသုံးပြု ပုံဖော်မှုကို ပန်းထိမ်၊ အင်္ဂတေကို အသုံးပြုရင် ပန်းတော့၊ ကျောက်ကို အသုံးပြုရင် ပန်းတမော့ အစရှိတဲ့ အသုံးပြုရာပစ္စည်းအလိုက် အမည်နာမ ကွဲပြားခေါ်ဆိုကြခြင်းသာ ဖြစ်ပါတယ်။
ပန်းချီနဲ့ ပန်းပု နှစ်မျိုးမှာ ပန်းချီက မျက်နှာပြင်ညီပေါ် ဆေးရောင်အမျိုးမျိုးတင် ပုံဖော်ရေးဆွဲရပြီး ပန်းပုက ရုပ်လုံး၊ ရုပ်ခုံး၊ ရုပ်ကြွအဖြစ် ထုဆစ်ကြပါတယ်။ ရုပ်လုံးက လေးဘက်မြင်၊ ရုပ်ခုံးက ဖောင်းကြွ မျက်နှာတစ်ဖက်အမြင်၊ ရုပ်ကြွက အခြားအတွယ်အကပ်တို့နဲ့ ရောစပ်ယှက်နွယ် ထုဆစ်ခြင်းဖြစ်ပါတယ်။
မြန်မာမှုအလှဆင် အနုပညာလက်ရာတွေက ပန်းဆယ်မျိုးမှ ဖြစ်ထွန်းလာတဲ့ ပန်းတွေသာ ဖြစ်ပါတယ်။ အဲဒီပန်းတွေကို အလွယ်တကူ ပန်းလို့ ခေါ်ဆိုကြပေမဲ့ အရုပ်တွေလည်း ပါဝင်ကြပါတယ်။ အရုပ်တွေထဲမှာ ဗုဒ္ဓရုပ်ပွားတော်၊ သိကြား၊ ဗြဟ္မာ၊ ယက္ခ၊ ကုမ္ဘဏ်၊ ဂန္ဓဗ္ဗ၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ လူရုပ်တွေ ပါဝင်သလို ဆင်၊ မြင်း၊ ခြင်္သေ့၊ မနုဿီဟ၊ နဂါး၊ ဂဠုန်၊ ကိန္နရီ၊ ကိန္နရာ၊ ဟင်္သာ၊ ကရဝိက်၊ ဥဒေါင်း၊ မကန်း စတဲ့ သတ္တဝါအမျိုးမျိုးတို့ရဲ့ အရုပ်တွေ ပါဝင်ပါတယ်။ ပန်းလို့ဆိုရာမှာလည်း ပန်းပွင့်၊ ပန်းဖူး၊ ပန်းနွယ်၊ ပန်းခက်၊ ပန်းရွက်၊ ခြူးပန်း၊ ခြူးနွယ်တွေကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တွေ့မြင်နိုင်ပါတယ်။
မြန်မာဗိသုကာလောကမှာ ကနုတ်၊ နာရီ၊ ကပီ၊ ဂဇာဆိုတဲ့ ဝေါဟာရအသုံးအနှုန်းတွေရှိပါတယ်။ ရှေးရိုးမြန်မာပန်းချီမှာ ကနုတ်၊ နာရီ၊ ကပီ၊ ဂဇာဆိုတဲ့ ပန်းချီလေးမျိုးက အခြေခံတွေ ဖြစ်ပါတယ်။
နာရီက အမျိုးသမီးကို ခေါ်ခြင်းဖြစ်ပြီး ကပီက မျောက်လို့ အဓိပ္ပာယ်ရပါတယ်။ ဂဇာက ဆင်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ကနုတ်၊ နာရီ၊ ကပီ၊ ဂဇာဆိုတာ ရှေးရိုးမြန်မာပန်းချီမှာသာမက သစ်ပန်းပု၊ ပန်းတော့၊ ပန်းတမော့ အစရှိတဲ့ အလှဆင် အတတ်ပညာတို့ရဲ့ အခြေခံလေးမျိုးလည်း ဖြစ်ပါတယ်။
ပန်းအလင်္ကာတန်ဆာတွေကို ဖန်တီးကြရာမှာ ရည်ရွယ်ချက်၊ ရည်မှန်းချက်တို့ ထားရှိ ဖန်တီးဆင်ယင်ထားခြင်း ဖြစ်ပါတယ်။ ဒီလိုဖန်တီးရာမှာ အသိပညာပေးခြင်း၊ သတင်းစကားပါးခြင်းဆိုတဲ့ ရည်ရွယ်ချက်တွေ ပါစမြဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ စတင်ထွန်းကားစဉ်ကတည်းက ဗုဒ္ဓဘာသာကိုးကွယ်သူတို့ဟာ စေတီပုထိုး၊ ဘုရားကျောင်းကန်တို့ကို သွားရောက်ခဲ့ပါတယ်။ ဗုဒ္ဓသာသနာကို အများပြည်သူတို့ရဲ့ ရင်ထဲ၊ နှလုံးသားထဲ စိမ့်ဝင်စီးဆင်းသွားနိုင်မဲ့နည်းကို ရှာကြံကြတဲ့အခါ အသံနဲ့ ဟောပြောတဲ့နည်းအပြင် ရုပ်ပုံပြ သင်ကြားဟောပြော ပို့ချနည်းစနစ်ကို ဖန်တီးကြပါတယ်။
ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ တန်ဆောင်း၊ ဇရပ်တွေကို လာရောက်သူတိုင်း ကြည့်နိုင်၊ မြင်နိုင်မဲ့ နေရာတွေမှာ ဗုဒ္ဓဝင်ဆိုင်ရာ ဇာတ်၊ နိပါတ်တော်တွေကို ပုံဖော်အလှဆင်ကြပါတယ်။ ဒီလို အလှဆင်ရာမှာ အရုပ်တွေကို ထုဆစ်ခြယ်သသလို ပန်းတွေကိုလည်း ထုဆစ်ခြယ်သခဲ့ပါတယ်။
ဒါတွေဟာ ရှေးခေတ် ရဟန်း၊ သံဃာတို့ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ မြန်မာမှုပန်းပညာရှင်တို့ရဲ့ လက်ရာစွမ်းရည်တွေ ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှု ပန်းဆယ်မျိုးအနုပညာလက်ရာတွေကို အများဆုံး မြင်တွေ့နိုင်တာက ဘာသာရေးအဆောက်အအုံတွေဖြစ်ပါတယ်။ ခေတ်နှင့်အညီ တိုးတက်လာတဲ့ အပြောင်းအလဲတွေကြောင့် ပန်းဆယ်မျိုးပညာရပ်နဲ့ ပတ်သက်တဲ့ လက်ရာတွေကို ဘုရား၊ ပုထိုး၊ ကျောင်းကန်တွေမှာသာမက နေအိမ်အလှဆင်တဲ့ နေရာတွေမှာပါ အသုံးပြုလာကြပါတယ်။
မြန်မာ့ရိုးရာလက်မှုအနုပညာပန်းတို့ တိုးတက်ဖွံ့ဖြိုးလာအောင် ခေတ်အဆက်ဆက် ကြံဆောင်လာကြပေမဲ့ အချို့သော ပညာရပ်တို့ဟာ အခက်အခဲအမျိုးမျိုးကြောင့် မှေးမှိန်ပျောက်ကွယ်လာကြပါတယ်။ မြန်မာ့လက်မှုအနုပညာရေစီးကြောင်းက ဆက်လက်စီးဆင်းနေမြဲဖြစ်သလို ဒါတွေ ရေရှည်တည်တံ့ဖို့အတွက် ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်နေပါပြီ။
#ZLann #ZLann_Podcast #ပန်းဆယ်မျိုး #ပန်းချီ #ပန်းပု #ပန်းရံ
#ပန်းတော့ #ပန်းတမော့ #ပန်းတဉ်း #ပန်းထိမ် #ပန်းပွတ် #ပန်းယွန်း #ပန်းပဲ