မြန်မာတို့ရဲ့သက်ဦးဆံပိုင်ဘုရင်အုပ်ချုပ်ရေးစနစ် ချုပ်ငြိမ်းခဲ့ရတဲ့ကာလကတော့ ကုန်းဘောင်ခေတ်ရဲ့ နောက်ဆုံး မင်းဆက်ဖြစ်တဲ့ သီပေါမင်းလက်ထက်ပဲဖြစ်ပါတယ်။ အဲဒီအချိန်က အနောက်နိုင်ငံတွေမှာ ဘုရင်ရဲ့အာဏာကို ကန့်သတ်ပြီး ဝန်ကြီးအဖွဲ့ဝင်တွေနဲ့ တိုင်းပြည်ရေးရာကို အုပ်ချုပ်ကြတဲ့ စည်းမျဉ်းခံ ဘုရင်စနစ်ကို မိမိတို့ဆီမှာလည်း ပြောင်းလဲဖို့အတွက် ဆန္ဒရှိခဲ့သူကတော့ ဦးကောင်းလို့ သိကြတဲ့ ကင်းဝန်မင်းကြီး ဦးကောင်းဖြစ်ပါတယ်။ ဦးကောင်းလို့ ဆိုလိုက်ရင်တော့ သီပေါမင်းပါတော်မူတဲ့ ကိစ္စနဲ့တွဲပြီး သိထားကြမှာမလွဲပါဘူး။ ‘ ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ် ’ဆိုပြီး လည်းဆိုစမှတ် ရှိကြပါတယ်။
မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်(ခရစ်နှစ် ၁၈၈၅ ခုနှစ်၊နိုဝင်ဘာလ ၂၉ ရက်နေ့)မှာ မြန်မာ အရှင်နှစ်ပါး ပါတော်မူ ခြင်းကို ဦး-၁၊ ကောင်း-၂၊ လိမ်-၄၊ ထုတ်-၇ ဆိုပြီး ယှဉ်တွဲသတ်မှတ်ထားကြတာဖြစ်တယ်လို့ ပညာရှင်တွေက ကောက်ချက်ချကြပါတယ်။ ကင်းဝန်မင်းကြီး ဦးကောင်းဟာ မင်းတုန်းမင်းကြီး လက်ထက် ကတည်းက တိုင်းပြည် ကောင်းစားရေးအတွက် ထမ်းရွက်ခဲ့သူ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ဒါ့အပြင် မြန်မာမင်း နှစ်ဆက်သာမက အင်္ဂလိပ်အစိုးရမင်း နှစ်ဆက်အထိပါ နိုင်ငံရဲ့ အုပ်ချုပ်မှုရေးရာတွေကို တစ်ထောင့် တစ်နေရာ ကနေ ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ငယ်နာမည်က မောင်ချင်းဖြစ်ပြီး ဗန့်ကျီတိုက်နယ်၊ ဆင်ရှင်မြို့နယ်၊ မုန်တိုင်ပင်ရွာ( နောင် မင်းတိုင်ပင်ရွာ)မှာ သက္ကရာဇ် ၁၁၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်က အတွင်းခြောက်စု နတ်သျှင်ရွေးတပ်မှာ အမှုထမ်းတဲ့ သွေးသောက်ကြီး ဦးမှိုဖြစ်ပြီး မိခင်က ဒေါ်နှင်းဆီ(မယ်မင်းစီ) ဖြစ်ပါတယ်။ မွေးချင်းခုနစ်ယောက်ရှိတဲ့ အနက် ဒုတိယမြောက်သားဖြစ်ပါတယ်။
သူနေထိုင်တဲ့ ရွာမှာ ကျောင်းမရှိ တာကြောင့် အခြားရွာတွေမှာ သွားရောက်စာသင်ခဲ့ရပါတယ်။
အသက် ၇ နှစ်အရွယ်မှာတော့ မိဘတွေက ငှက်ပျောတောရွာမှာရှိတဲ့ ကျောင်းထိုင် ဘုန်းတော်ကြီး ဦးဆန်းထံမှာ ပညာသင်ကြားစေပါတယ်။ ၁၀ နှစ်သားအရွယ်ရောက်တဲ့ အခါ ရှင်သာမဏေပြုပေးကြပြီး ရှင်အာသဘဘွဲ့ကို ခံယူခဲ့ပါတယ်။ ၁၅ နှစ်သားအရွယ်မှာတော့ စစ်ကုန်းရွာကျောင်းကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီနောက် ပဒူးရွာကျောင်းနဲ့ ငါးရံ့အို မြစ်စုတ်ရွာကျောင်းတို့မှာလည်း ပိဋကတ်ကျမ်းဂန်တွေကို နှံ့စပ်အောင် သင်ယူခဲ့ပါတယ်။ အသက် ၂၀ပြည့်တဲ့အခါငှက်ပျောတောရွာကျောင်းက ငယ်ဆရာဆီမှာပဲ ရဟန်းခံခဲ့ပါတယ်။ သက္ကရာဇ် ၁၂၀၉ ခုနှစ်၊ အသက် ၂၉ နှစ်ရောက်တဲ့အချိန်မှာတော့ အမရပူရမြို့ ဗားကရာတိုက် ကျောင်းတော်ကြီးကို ပြောင်းရွှေ့ သီတင်းသုံးခဲ့ပါတယ်။
မကြာမီမှာ မောင်ချင်းကနေ ဦးကောင်းအဖြစ် တက်လှမ်းနိုင်မဲ့ ကံအလှည့်အပြောင်းကို ကြုံတွေ့ခဲ့ ရပါတယ်။ အကြောင်းကတော့ ဗားကရာကျောင်းအနောက်ဘက် ရွှေရေးကျောင်းရဲ့ ကျောင်းထိုင်လည်း ဖြစ်သလို မင်းတုန်းမင်းသား ကိုးကွယ်တဲ့ ဦးဝိသုဒ္ဓဟာ သူနဲ့ ပဒူးရွာကျောင်းမှာကတည်းက ခင်မင်ရင်းစွဲရှိခဲ့တာ ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် မင်းတုန်းမင်းသားက သူ့အပါးမှာ ထားဖို့ ပညာရှိလူတော် တွေလိုအပ်တယ်လို့ ပြောတာကြောင့် ဦးဝိသုဒ္ဓက မောင်ချင်းကို လူထွက်စေကာ မင်းသားထံမှာခစားစေပါတယ်။ မင်းတုန်းမင်း ထံရောက်တဲ့အခါမှာတော့ ‘မောင်ချင်း’ ဆိုတဲ့အမည်ဟာ မသင့်တော်တာကြောင့် မင်းသားရဲ့ဘီတော်ဖြစ်တဲ့ အလောင်းဘုရားလက်ထက်က ပြည်ထောင်ဘက် ကျေးကျွန်ကြီးဖြစ်သူ သေနတ်ဝန် မောင်ကောင်းအမည်ကို အစွဲပြုပြီး မောင်ချင်းကနေ မောင်ကောင်းအဖြစ် ပြောင်းလဲခေါ်ဝေါ် စေခဲ့ပါတယ်။ သက္ကရာဇ် ၁၂၁၁ ခုနှစ် ကစပြီး မင်းတုန်းမင်းရဲ့ မင်္ဂလာအိမ်တော်မှာ ခစားခဲ့ရပါတယ်။
အဲဒီအချိန်ကာလဟာ ပုဂံမင်းစိုးစံနေချိန်ဖြစ်ပေမဲ့ အများပြည်သူရဲ့ ကြည်ညိုမှုကို မခံရတဲ့အပြင် အိမ်တော်ပါ အမှုထမ်းတွေရဲ့ အကျင့်ပျက်ချစားမှုတွေကိုပါ မထိန်းချုပ်တာကြောင့် တိုင်းသူပြည်သားတွေ အားလုံးက ရင်ထုမနာဖြစ်ရပါတယ်။ ဒါကြောင့် အကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ မင်းတုန်းမင်းသားကို အလိုရှိကြပါတယ်။ မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်နေ့မှာတော့ ညီတော်ကနောင်မင်းသားနဲ့အတူ ရမည်းသင်းသေနတ်ဗိုလ် ဦးစိုး(နောင် ရေနံချောင်းဝန်ကြီး) စတဲ့ သစ္စာရှိနောက်လိုက်တွေရဲ့ အကူအညီနဲ့ ထီးနန်းကို သိမ်းပိုက်ခဲ့ပါတယ်။ အရှင်မြင့်ရင်ကျွန်တင့်တာလည်း ဓမ္မတာပေပဲမို့ မင်းတုန်းမင်းကြီးရဲ့ အိမ်တော်ပါ အမှုထမ်းတော်တော် များများလည်း ချီးမြှောက်ခြင်းခံ ခဲ့ရပါတယ်။ မောင်ကောင်းဟာလည်း အိမ်တော်မှာ စတင်အမှုထမ်းကတည်းက လိမ္မာပါးနပ်ပြီး ပညာပြည့်စုံမှုကြောင့် ရှေးဦးစွာ ‘မင်းလှသိင်္ခသူ’ ဆိုတဲ့ဘွဲ့နဲ့ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးရွာကို ပေးသနားခံခဲ့ရပြီး အဲဒီနောက်မှာတော့ ရွှေတိုက်စိုး အဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။ ဒါ့အပြင် မင်းတုန်းအရှင်က မောင်ကောင်းရဲ့ လုပ်ရည်ကိုင်ရည်ကို သဘောကျ တာကြောင့် နိုင်ငံတော်ရဲ့အချက်အချာဖြစ်တဲ့ လွှတ်တော်ဌာနမှာ အမှာတော်ရေးအရာနဲ့ ပခန်းမြို့စီရင်စု သပြေငါးရွာစားအဖြစ်ခန့်အပ်ခဲ့ပါတယ်။
အမှာတော်ရေးရာထူးတာဝန် ထမ်းဆောင်နေစဉ်မှာ မင်းတုန်းမင်းက ပုဂံမင်းရဲ့ မိဖုရား(ကိုယ်လုပ်တော်) တစ်ဉီးဖြစ်တဲ့ ဆင်ကြန်သခင်နဲ့ လက်ဆက်ပေးခဲ့ပါတယ်။ အဲဒီနောက် မန္တလေးမှာ မြို့သစ်နန်းသစ် တည်ထောင်တဲ့အခါ မောင်ကောင်းက ၇-ဌာနနဲ့ ပတ်သက်တဲ့အစီအမံတွေအားလုံးကို မင်းကြီးထံ မပြတ်လျှောက်တင်ရတဲ့ တာဝန်ကိုကျေပွန်တာကြောင့် လွှတ်တော်စာရေးကြီး ရာထူးကို တိုးမြှင့်ပေးခြင်းခံရပါတယ်။
အဲဒီနောက် အလုံမြို့ဝန်၊ တောင်ငူရမည်းသင်း နှစ်မြို့အခွန်ဝန်၊ လွှတ်တော် ဝန်ထောက်တို့အပြင် ကြည်း၊ ရေတို့ နဲ့ဆိုင်တဲ့ ကင်းခွန်တွေကို ကြီးကြပ်အုပ်ချုပ်ရတဲ့ ကင်းဝန်ထောက်အထိပါ ရာထူး တိုးလာခဲ့ပါတယ်။ သက္ကရာဇ် ၁၂၂၃ ခုနှစ်မှာ အလုံမြို့ဝန်အဖြစ် ထမ်းဆောင်နေစဉ်အတွင်း အလုံမြို့သူကြီး ဦးအိုရဲ့နှမဖြစ်သူ မရွှေမေနဲ့ လက်ဆက်ခဲ့ပါတယ်။
အိမ်ရှေ့စံကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရတဲ့ မြင်ကွန်း၊မြင်းခုံတိုင် အရေးအခင်း ပေါ်ပေါက်လာတဲ့ အခါမှာတော့ အလုံမြို့ဝန်ဖြစ်နေတဲ့ မောင်ကောင်းကို မင်းတုန်းမင်းကြီးက ပြန်လည်ခေါ်ယူပြီး မင်းကြီး မဟာစည်သူ’ဘွဲ့ပေးအပ်ကာ ဝန်ထောက်တော်ရာထူးနဲ့ အပါးမှာခစား စေခဲ့ပါတယ်။ အရေးတော်ပုံ တည်ငြိမ်သွားတဲ့ အခါမှာတော့ ကြည်းကင်းနဲ့ ရေကင်းတွေကို အုပ်ချုပ်တဲ့ ကင်းဝန် ဝန်ထောက်ရာထူးကို တိုးမြှင့်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကင်းဝန်မင်းကြီး ဦးကောင်းဆိုပြီး ကျော်ကြားခဲ့တာဖြစ်ပါတယ်။
မင်းတုန်းမင်းကြီးက နိုင်ငံတကာနဲ့ဆက်သွယ်ရေးအဆင်ပြေစေဖို့အတွက် ကင်းဝန်မင်းကြီး ဦးကောင်း ခေါင်းဆောင်တဲ့ သံတမန်အဖွဲ့ကို သက္ကရာဇ် ၁၂၃၃ ခုနှစ်၊ တပေါင်းလဆုတ် ၉ရက်နေ့မှာ ဗြိတိန်နိုင်ငံနဲ့ အခြားဥရောပနိုင်ငံတွေဆီ စေလွှတ်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် ဝန်ထောက်ပန်းတဉ်းဝန် မဟာမင်းလှကျော်ထင်(ဦးရွှေဘင်)၊ ဝန်ထောက်ဖန်ချက်ဝန် မဟာမင်းကျော်ရာဇာ(ဦးရွှေအိုး)၊ စာရေးကြီး မင်းလှဇေယျသူ(ဦးခြိမ့်)တို့ လိုက်ပါခဲ့ကြပါတယ်။ သံအဖွဲ့ဟာ အင်္ဂလန်နိုင်ငံကို အရင်ဆုံးသွားရောက်ခဲ့ပြီး အဲဒီနောက် ပြင်သစ်၊ အီတလီစတဲ့ နိုင်ငံကြီးတွေကိုပါ ဝင်ရောက်ကာ နိုင်ငံတစ်ခုစီတိုင်းရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးတို့ကိုလေ့လာမှတ်သားခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကင်းဝန်မင်းကြီးက အနောက်ဥရောပနိုင်ငံတွေမှာ လေ့လာခဲ့ရတဲ့အတိုင်း စည်းမျဉ်းခံဘုရင်စနစ်ကို အကောင်အထည်ဖော်ချင်တဲ့ ဆန္ဒရှိခဲ့တာပါ။ နောက်ပိုင်းမှာ ဦးကောင်းရဲ့ အရှိန်အဝါပိုကြီးမားလာခဲ့ပြီး နန်းတော်ရဲ့အရေးပါသူတစ်ယောက်ဖြစ်လာပါတယ်။ သေနတ်ဝန်အဖြစ်လည်း တာဝန်ယူ ထားရတဲ့အပြင် ဝန်ကြီးတိုင်းလိုချင်ကြတဲ့ ‘ သက်တော်ရှည်မင်းကြီး’ ဘွဲ့ကို ရရှိဖို့လည်း နီးစပ်လာပါတယ်။
ဦးကောင်းဟာ တိုင်းပြည်ရေးရာတွေကို ကိုယ်ရောစိတ်ရောဖိပြီး ဆောင်ရွက်ရုံသာမက ဗဟုသုတကြွယ်ဝပြီး စာပေရေးရာလိုက်စားတတ်သူလည်းဖြစ်ပါတယ်။ ကဗျာစာပေဘက်မှာဆိုရင် ရတု၊အိုင်၊ ရကန်၊သဖြန်၊ တေးထပ်၊ ဧချင်း၊ မော်ကွန်း၊ လူးတား၊ ပျို့ တွေကို ရေးဖွဲ့ခဲ့သလို သူပြုစုခဲ့တဲ့ ကျမ်းတွေကတော့ လန်ဒန်သွား၊ ပြင်သစ်သွား နေ့စဉ်မှတ်တမ်းများ၊ ဓမ္မသတ် ၃၆ စောင်ချုပ်၊ အမွေမှု ဓမ္မသတ်၊ အိမ်မှုဓမ္မသတ်ကျမ်းတို့ဖြစ်ပြီး တိဏ္ဍုကပျို့၊ ရတနာနဒီမော်ကွန်း၊ ဓမ္မသတ်လင်္ကာများ၊ အဍသံခေ ပဝဏ္ဏနာ၊ ပကိဏ္ဏကဍ ဓမ္မသတ်လင်္ကာ စတဲ့ စာပေအမျိုးအစားတွေကိုလည်း ရေးသားခဲ့ပါတယ်။
သက္ကရာဇ် ၁၂၄၀ ပြည့်နှစ်ကို ရောက်တဲ့အခါမှာတော့ မင်းတုန်းမင်းကြီးနာမကျန်းဖြစ်ပြီး အိမ်ရှေ့စံ တင်မြှောက် ရမဲ့အရေး ပေါ်ပေါက်လာပါတယ်။ အိမ်ရှေ့စံကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက်မှာတော့ မင်းတုန်းမင်းကြီးဟာ အိမ်ရှေ့စံလျာထားခြင်း မရှိခဲ့ပါဘူး။ သုံးဆယ်မင်းသား၊ မက္ခရာမင်းသားနဲ့ ညောင်ရမ်း မင်းသားတို့လို မင်းသားကြီးတွေကို အိမ်ရှေ့စံခန့်အပ်လိုက်မယ်ဆိုရင် မိမိတို့ရဲ့အလိုကို ဆန့်ကျင်မှာစိုး တာကြောင့် မင်းသားငယ်ဖြစ်တဲ့ သီပေါကို နန်းတင်ဖို့ ဦးကောင်းနဲ့ ဆင်ဖြူမရှင်မိဖုရားကြီးတို့ ဆန္ဒရှိခဲ့ကြပါတယ်။ ဒါကြောင့် မင်းသားတွေအားလုံးကို ဖမ်းဆီးထားလိုက်ပြီး သီပေါမင်းသားကို နန်းတင်ခဲ့ပါတယ်။ သီပေါမင်းနန်းတက်စအချိန်မှာ သက်တော်ရှည်မင်းကြီးဘွဲ့ကို ရရှိခဲ့ပြီး မျှော်မှန်းထားတဲ့ အုပ်ချုပ်ရေးပုံစံမျိုး ရရှိအောင် ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ အထင်နဲ့အမြင်လွဲခဲ့ပါတယ်။ မိဖုရားကြီးဖြစ်တဲ့ စုဖုရားလတ်က ထက်မြက်ပြီး လွှမ်းမိုးလို့မရနိုင်တဲ့ လူမျိုးဖြစ်တဲ့အပြင် အပါးမှာရှိတဲ့ တိုင်တားမင်းကြီး နဲ့ ရနောင်မောင်မောင်တုတ် တို့လို လူမျိုးတွေကြောင့် အုပ်ချုပ်ရေးက ထင်တိုင်းမပေါက်ဘဲဖြစ်ခဲ့ပါတယ်။
သက္ကရာဇ် ၁၂၄၁ ခုနှစ်မှာ လွှတ်တော်ကို အသိမပေးပဲ ဖမ်းဆီးခံထားရတဲ့ မင်းသား၊မင်းသမီးတွေကို အစုလိုက် သတ်ဖြတ်လိုက်တဲ့အခါမှာ ဦးကောင်းဟာ ဒေါသဖြစ်ဖြစ်နဲ့ ‘ထွီ’ဆိုပြီး ပြောရုံသာတတ်နိုင်ပါတော့တယ်။ နောက်ပိုင်းမှာတော့ ကင်းဝန်မင်းကြီးရဲ့ အရှိန်အဝါ ကျဆင်းလာပြီး တိုင်းပြည်အရေးကလည်း အင်္ဂလိပ်တို့နဲ့ အဆင်မပြေဖြစ်ခဲ့ရပါတယ်။ ရှုပ်ထွေးလာတဲ့ နန်းတွင်းရေးတွေကြောင့် အခွင့်ကောင်းကို စောင့်နေတဲ့ နယ်ချဲ့တို့က မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်မှာတော့ မြန်မာဘုရင်နဲ့မိဖုရားကို နန်းချပြီး ရတနာဂီရိ ကိုပို့ဆောင်ခဲ့ပါတယ်။
နယ်ချဲ့အင်္ဂလိပ်တို့ စစ်ကြောင်းချီလာတဲ့ သင်္ဘောဦးမှာ ညောင်ရမ်းမင်းသားပါလာတဲ့အကြောင်း မဟုတ်မမှန်သတင်းလွှင့်တာကြောင့် မြင်းခြံအထက် အင်္ဂလိပ်စစ်တပ်ရောက်တဲ့ အခါမှာ ဦးကောင်းတို့က မခုခံဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ‘ ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်’ ဆိုပြီးဖြစ်ပေါ် လာတာ လို့လည်း အချို့က ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဦးကောင်းက အင်္ဂလိပ်တို့ စစ်ချီလာစဉ်အတွင်းမှာ မင်းနဲ့ မိဖုရားတို့ကို ဘေးလွတ်ရာဆီရှောင်ရှားပြီး ပြန်လည်ခုခံဖို့ အကြံပေးခဲ့ပေမဲ့ မယ်တော် ဆင်ဖြူမရှင် မိဖုရား ကြီးနဲ့ မိဖုရား စုဖုရားလတ်တို့ မကျန်းမာတာအပြင် သမီးတော်လေးတွေလည်း ငယ်သေးတာကြောင့် မထွက်ခွာဘူးလို့ ငြင်းဆိုကာ လက်နက်ချခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုကြပြန် ပါသေးတယ်။
ဗြိတိသျှတို့ အုပ်ချုပ်စဉ် ဦးကောင်းဟာ အုပ်ချုပ်ရေးမှာတစ်နည်းတစ်ဖုံပါဝင်ခဲ့ရပြန်ပါတယ်။ ဝိတိုရိယ ဘုရင်မ နန်းသက် ရွှေရတုမှာ အိန္ဒိယ တာရာဘွဲ့ ချီးမြှင့် ခံရသလို ၁၈၉၇ မှာ မြန်မာနိုင်ငံ လက်ထောက် ဘုရင်ခံရဲ့ အတိုင်ပင်ခံ အဖွဲ့ ဖွဲ့ရာမှာလည်း သူ့ကို မင်းတိုင်ပင် အမတ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။
သက္ကရာဇ် ၁၂၇၀ ပြည့်နှစ်၊ ဝါဆိုလဆန်း ၃ ရက်( ၁၉၀၈ ခုနှစ်၊ဇွန်လ ၃၀ ရက်) နေ့မှာတော့ အသက် ၈၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးကောင်း ကွယ်လွန်ခဲ့ပါတယ်။
================================================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ပြည့်စုံဖို့ရာ
ဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’

အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ် ။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တစ်လော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမက အနာဂတ် ရောဂါဘယ ဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ် ။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့ ။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်