“ကုန်းဘောင်ခေတ်ရဲ့ စာဆိုတော် တောင်သမန်လယ်စား မောင်ဖေငယ်”

တောင်သမန်လယ်စား မောင်ဖေငယ်လို့ဆိုလိုက်ရင် ကုန်းဘောင်မင်းဆက်နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်းနဲ့ ဒိုင်းခင်ခင်တို့ရဲ့ ပတ်သက်မှုကို အရင်းခံပြီး မိဖုရားစုဖုရားလတ် အမြတ်တော်ရှတာကြောင့် ကွပ်မျက်ခံလိုက်ရတဲ့ စာဆိုတစ်ဦးအဖြစ်သိကြမှာပါ။ စာပေအရာမှာထူးချွန်ပြောင်မြောက်တဲ့ တေးထပ်ဆရာကြီးတွေဖြစ်တဲ့ စလေဦးပုည၊ အချုပ်တန်းဆရာဖေတို့နဲ့ ခေတ်ပြိုင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ တေးထပ်တွေရေးဖွဲ့ပြီး ဉာဏ်ပညာပြည့်ဝတဲ့ စာဆိုတော်တစ်ဦးဖြစ်ပေမဲ့လည်း မလွန်ဆန်နိုင်တဲ့မင်းမိန့်အာဏာအောက်မှာ အသက်ပျောက်ခဲ့ရပုံက‌တော့ အတော်လေးနှမြောစရာကောင်းပါတယ်။
မောင်ဖေငယ်ကို မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်(ခရစ်နှစ် ၁၈၃၈ ခုနှစ်)ခန့်မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ရွှေကူမင်းသားရဲ့မြေးတော်စပ်သူဖြစ်ပါတယ်။ ဘိုးတော်ဘုရားလို့သိကြတဲ့ ဗဒုံမင်းနဲ့ မတ္တရာမြို့စား မိဖုရားသီရိရတနာမဟေ တို့ကနေ ရွှေကူမင်းသား မင်းရဲကျော်စွာကိုဖွားမြင်ခဲ့သလို ဘိုးတော်ဘုရားနဲ့ ကိုယ်လုပ်တော် အန္တသီရိတို့ကနေ မန်ကျည်းတုံရွာစား သီရိမုတ္တာမင်းသမီးတို့ ဖွားမြင်ခဲ့ကြပါတယ်။ ရွှေကူမင်းသားနဲ့ သီရိမုတ္တာမင်းသမီးတို့ကနေ သမီးတော်တစ်ပါး(အမည်မသိ)ကို ထွန်းကားခဲ့ပါတယ်။ အဲဒီသမီးတော်လေး လက်ဆက်ပြီး မွေးဖွားလာတဲ့ သားတော်ကတော့ မောင်ဖေငယ်ပဲဖြစ်ပါတယ်။ ဒါကြောင့် မောင်ဖေငယ်ဟာ ရွှေကူမင်းသားရဲ့ မြေးဖြစ်သလို ဘိုးတော်ဘုရားရဲ့မြစ်လည်းဖြစ်ပါတယ်။
မောင်ဖေငယ်ဟာ ရုပ်ရည်ပြေပြစ်ပြီး ငယ်စဉ်ကတည်းက စာပေအနုပညာကို ဝါသနာကြီးသူဖြစ်တဲ့အပြင် သီပေါကိုယ်တော်နဲ့လည်း ကျောင်းနေဘက်ဖြစ်ပါတယ်။ အဲဒီအချိန်က ဒိုင်းဝန်မင်းကြီးနဲ့ ဒိုင်းဝန်ကတော်တို့မှာ သားသမီးရတနာမထွန်းကားလို့ လိမ္မာယဉ်ကျေးပြီး ဉာဏ်ပညာထက်မြက်တဲ့ မောင်ဖေငယ်လေးကို သားအရင်းသဖွယ်ချစ်ခင်တာကြောင့် မွေးစားသားအဖြစ်မြှောက်စားပါတယ်။ ဒီလိုပဲ ဒိုင်းဝန်ကတော်ရဲ့ မောင်အရင်းဖြစ်တဲ့ ဦးဘိုးတင်မှာလည်း သမီးလေးတစ်ယောက်ရှိပြီး ဒိုင်းဝန်မင်းကြီးတို့က ချစ်ခင်လွန်းလို့ မွေးစားထားရာ ဒိုင်းခင်ခင်(ခင်ခင်ကြီး)လို့ခေါ်ကြပါတယ်။ မောင်ဖေငယ်ဟာ သီပေါကိုယ်တော်ရဲ့ ကျောင်းနေဘက်ဖြစ်သလို ရေနံချောင်းမင်းကြီးရဲ့သား မောင်မောင်တုတ်နဲ့လည်း သူငယ်ချင်းများဖြစ်ကြပါတယ်။
သီပေါကိုယ်တော်ရဲ့ အပါးမှာ မောင်ဖေငယ်က ပညာဉာဏ်ပြည့်ဝတဲ့ နှလုံးရည်နဲ့ အမှုတော်ထမ်းသလို မဟုတ်မခံစိတ်ရှိတဲ့ မောင်မောင်တုတ်ကတော့ လက်ရုံးရည်နဲ့ ကာကွယ်ရင်း အမှုထမ်းခဲ့ပါတယ်။ သီပေါကိုယ်တော်နဲ့ ဆင်ဖြူမရှင်မိဖုရားကြီးရဲ့ သမီးတော်စုဖုရားလတ်တို့ နှစ်ကိုယ်ကြားပေးပို့တဲ့ တေးထပ်များကိုလည်း မောင်ဖေငယ်ကရေးစပ်သီကုံးပေးပါတယ်။ ဒါကြောင့် ရေမြင့်ရင် ကြာတင့်တယ် ဆိုတဲ့အတိုင်းပဲ မင်းတုန်းမင်းနတ်ရွာစံပြီး သားတော် သီပေါကိုယ်တော်နန်းတက်တဲ့ အခါမှာတော့ မောင်ဖေငယ်နဲ့ မောင်မောင်တုတ်တို့လည်း သူကောင်းပြုခံခဲ့ရပါတယ်။ မောင်ဖေငယ်ကို မင်းကျော်ရာဇနန္ဒဘွဲ့ခံ ရွှေတိုက်စိုး၊ ရေနံသာစား၊ စီးတော်မြင်းဝန်နဲ့ လက်သုံးတော်ကြီးကိုင် စသဖြင့်ဘွဲ့အမည်အမျိုးမျိုးပေးပြီး ချီးမြှောက်ခြင်းကိုခံခဲ့ရပါတယ်။ တောင်သမန်အင်းကြီးနဲ့လယ်တွေကို အပိုင်စားရတာကြောင့်လည်း တောင်သမန်လယ်စား မောင်ဖေငယ်လို့ ထင်ရှားပါတယ်။မောင်ဖေငယ်ဟာ ဘုရင့်ချီးမြှောက်မှုကို ရပြီး အခန့်သားနေကာ စိတ်ကူးယဉ်ကဗျာတေးထပ်များကိုသာ ရေးသားနေသူမဟုတ်ဘဲ အထက်အညာဒေသများကို သွားရောက်ပြီး နိုင်ငံတော်ရဲ့ သစ်မှုရေးရာများကို ထမ်းဆောင်သောသူတစ်ယောက်လည်းဖြစ်ပါတယ်။ အဲဒီအကြောင်းကိုတော့ စစ်ကိုင်းဇေတဝန်ဆရာတော်ရဲ့ ကဗျာမှတ်စုမှာ ရေးသားမှတ်တမ်းတင်ထားပါတယ်။
သီပေါမင်းနန်းတက်ပြီးနောက်မှာတော့ ထုံးစံအတိုင်း အဂ္ဂမဟေသီမိဖုရားခေါင်ကြီးရွေးချယ်ကြပြီး ဆင်ဖြူမရှင် မိဖုရားကြီးရဲ့ သမီးတော်အကြီးဖြစ်သူ မိုင်းနောင်စုဖုရားကြီးကို တင်မြှောက်ကြရာမှာ ညီမတော်ဖြစ်တဲ့ မြတောင်စုဖုရားလတ်ကပါ ရာဇပလ္လင်ပေါ်တက်လာတာကြောင့် တစ်ပြိုင်တည်း ညီအစ်မနှစ်ပါးစုံ ဘိသိက်သွန်းနန်းသိမ်းပွဲခံခဲ့ပါတယ်။ အဲဒီနောက်မှာ‌တော့ မိုင်းနောင်စုဖုရားကြီးဟာ မိဖုရားကြီးအမည်ခံ သက်သက်သာဖြစ်ပြီး သီပေါကိုယ်တော်ကို အဆောင်တော်မကူးဖို့ ညီမဖြစ်သူ စုဖုရားလတ်က ပိတ်ပင်တားမြစ်ထားပါတယ်။ စုဖုရားလတ်ဟာ သီပေါဘုရင်ကို မိဖုရားများများထားဖို့ ခွင့်မပြုဘဲနဲ့ တစ်လင်တစ်မယားစနစ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ များမကြာမီမှာပဲ စုဖုရားလတ်မှာ ပဋိသန္ဓေရှိလာပြီး သားတော်လေးတစ်ပါးကို ဖွားမြင်ခဲ့ပါတယ်။ ဒါပေမဲ့ လသားအရွယ်မှာပဲ နန်းလျာမင်းသားလေးဖြစ်တဲ့ ရွှေကိုယ်တော်ကြီးဟာ ကျောက်ရောဂါနဲ့ကွယ်လွန်သွားပါတယ်။
အဲဒီနောက် မိဖုရားဟာ စိတ်လက်မချမ်းမသာဖြစ်တာကြောင့် ကြေကွဲစိတ်ကိုပြေပျောက်စေဖို့ နန်းတော်အတွင်းမှာ ပျော်ပွဲရွှင်ပွဲတွေကျင်းပပါတယ်။ တစ်ဆက်တည်းမှာပဲ ထီးဆောင်းမင်္ဂလာ အခမ်းအနားဖွင့်ပြီး ဘိသိက်သွန်းခံတော်မူဖို့ကိုလည်း စီစဉ်ပါတယ်။ ဒီအခါမှာတော့ ဘိသိက်တော်ဆက် ကညာစင်ရွေးချယ်ဖို့ အတွက်ဖြစ်လာခဲ့ပါတယ်။ ကညာစင်အမျိုးကောင်းသမီးကိုရှာဖွေဖို့အတွက် မောင်ဖေငယ်နဲ့မောင်မောင်တုတ် တို့ကို တာဝန်ပေးလိုက်ရာမှာတော့ မောင်ဖေငယ်ရဲ့ နှမလေးဖြစ်တဲ့ ဒိုင်းခင်ခင်လို့ခေါ်ကြတဲ့ ခင်ခင်ကြီးကို ရွေးချယ်ဖို့ဖြစ်လာပါတယ်။ ဒါကြောင့် လှသွေးကြွယ်နေပြီဖြစ်တဲ့ နှမတော်လေးကို ဘိသိက်ကညာစင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ ဘိသိက်ပွဲပြီးနောက်မှာတော့ ဒိုင်းခင်ခင်ကို မိဖုရားကသဘောကျတာကြောင့် နန်းတွင်းအပျိုတော်အဖြစ်ခစားဖို့ဖြစ်လာပြန်ပါတယ်။
မိဖုရားရဲ့နန်းဆောင်အတွင်းမှာ ခစားနေတဲ့ ဒိုင်းခင်ခင်ကို သီပေါမင်းမြင်တော်မူတဲ့အခါ စုံမက်မိပြီး မောင်ဖေငယ်နဲ့ မောင်မောင်တုတ်ကိုခိုင်းစေကာ နီးစပ်ဖို့အရေး ကြံစည်ပါတယ်။ ငယ်စဉ်ကတည်းက ချစ်ခင်ရင်းစွဲရှိတဲ့ နှမလေး ကောင်းစားဖို့အတွက် မောင်ဖေငယ်ဟာ သီပေါအရှင်နဲ့နီးစပ်ဖို့ ကြံဆောင် ပေးခဲ့ရပါတယ်။ ဒီအကြောင်းတွေကို စုဖုရားလတ်သိတဲ့အခါမှာတော့ အမျက်တော်ရှပြီး ရနောင်းမောင်မောင်တုတ်၊ တောင်သမန်လယ်စား မောင်ဖေငယ်နဲ့ ဒိုင်းခင်ခင်တို့အပြင် ဒိုင်းဝန်မင်းကြီးနဲ့ ဒိုင်းဝန်ကတော်တို့ကိုပါ ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် မောင်ဖေငယ်ကို မိုးကောင်းမြို့မှာ အကျဉ်းချထားပြီး မြန်မာသက္ကရာဇ် ၁၂၄၃ ခုနှစ်၊တပေါင်းလ (ခရစ်နှစ် ၁၈၈၂ ခုနှစ်၊ မတ်လ) မှာတော့ ဗန်းမော်မြို့မှာ ကွပ်မျက်ခံခဲ့ရပါတယ်။ မောင်ဖေငယ်ဟာ သူ့ကို မကွပ်မျက်မီ အချိန်ပိုင်းအလိုမှာ တေးထပ်တစ်ပုဒ်ကို ရေးသားဖွဲ့ဆိုခဲ့ပါတယ်။ ရွှေနန်းတော်ကြီးမှာ မင်းမိဖုရားနှစ်ပါးနဲ့အတူ တခြားသော မိဖုရားအသစ်လေးတစ်ပါးတင်မြှောက်ထားတယ်လို့ကြားသိရချိန်မှာ နှမလေးဒိုင်းခင်ခင် ဖြစ်မယ်လို့ယုံကြည်ပြီး ကြည်နူးပီတိဖြစ်ခဲ့ရပါတယ်။ မကွပ်မျက်မီ ရေးသားထားတဲ့ တေးထပ်မှာ – “ ချစ်ရသူ ခင်ခင်ငဲ့၊ ဘဝင်မြင့်သက်ညှာ၊ ဆင်မသင့် ခက်ပါပြီ၊ သက်သာရာ မရ။ သည်ကိုယ်ဖြင့် တိမ်းခဲ့ချော်ပြီ၊ စိမ်းနဲ့နော် ဘုန်းခင့်လာပ၊ ကလာပ်စု ရုပ်ကြွင်းကိုယ်၊ ပြုတ်ယွင်းယို ကာလ၊ ဖုတ်သင်္ဂြိုဟ် ဈာပန၊ ပြာကျမှ ပြန်ပါ။ ဝဇီရာ စိန်သံလျင်းငယ်နှင့်၊ တရှိန်ချင်း လှမ်းချင့်လို့မှာ၊ ဝတိံဆင်း နန်းကိန္နရာလို၊ လျှမ်းထိန်ဝါဝေဝင်းနှင့်၊ ရွှေပယင်း ငွေလက်တော်၊ ဘုန်းကိုင်ခဲ့နော်၊ အသုဘ ကမ္မဋ္ဌာန်းတော်ကို၊ ကြငှန်းပျော် အို ရှုလှည့်လေး။” ဆိုပြီး ရေးသားဖွဲ့ဆိုထားပါတယ်။ တကယ်တမ်းတော့ သူ့ရဲ့ချစ်နှမလေးခမျာ တိုင်တားမင်းကြီးရဲ့ အိမ်အနောက်ဘက်မှာ အာဏာပါးကွက်သားတို့က လည်မျိုကို ဝါးရင်းတုတ်နဲ့ ရိုက်သတ်လိုက်တာကြောင့် သေဆုံးခဲ့ပြီးဖြစ်တာကို မောင်ဖေငယ် မသိခဲ့ခြင်းဖြစ်ပါတယ်။
တောင်သမန်လယ်စား မောင်ဖေငယ်မှာ အိမ်ထောင်သုံးဆက်ရှိခဲ့တယ်လို့ဆိုကြပါတယ်။ သမိုင်းသုတေသီ တစ်ယောက်ဖြစ်တဲ့ မောင်သန်းဆွေ(ထားဝယ်)ရဲ့ တောင်သမန်ရှင်းတမ်းဆောင်းပါးမှာ ဖော်ပြထားခြင်းအရ မောင်ဖေငယ်ရဲ့ ပထမဇနီးဟာ ရွှေဘိုမင်းရဲ့ မိဖုရားဟောင်း ဟင်္ဂမော်မြို့စားမိဖုရား တင်တင်ဖြစ်တယ်လို့ဆို ပါတယ်။ ဒါကြောင့် မောင်ဖေငယ် မကွယ်လွန်မီရေးသားခဲ့တဲ့ တေးထပ်မှာ “ချစ်ရသူ ခင်ခင်ငဲ့” ဆိုပြီးမှတ်တမ်း တင်ထားခြင်းနဲ့ ပတ်သက်ပြီးလည်း ဆရာမကြီး ဒဂုန်ခင်ခင်လေးက ပြန်လည်ရှင်းလင်းထားပါသေးတယ်။ ဆရာမကြီးဟာ ဒိုင်းခင်ခင်အကြောင်းကို ရည်မှန်းပြီး ပုံသွင်းရေးသားလိုက်တာကြောင့် “ ခင်ခင်ငဲ့” ဆိုပြီး ရေးထားတာဖြစ်ပြီး တကယ်‌တော့ “ ချစ်ရသူ တင်တင်ငဲ့” ဖြစ်တယ်လို့ ကိုယ်တိုင်ပြောကြားချက်ကိုလည်း သိရပါတယ်။ ဒါကြောင့် မောင်ဖေငယ်ရဲ့ နောက်ဆုံးရေးသားတဲ့ တေးထပ်ဟာ ဇနီးဖြစ်သူ တင်တင်ကို ရည်မှန်းတယ်လို့လည်း ဆိုနိုင်ပါတယ်။
ဒါ့အပြင် မောင်ဖေငယ်ဟာ တစ်ခါမှာတော့ သူသောက်ဖို့ဆေးလိပ်ကို ဇနီးဖြစ်သူက မပို့ပေးတာကြောင့်- “နှိပ်စက်ကြီး နှိပ်စက်လေတယ်၊ စိတ်ပျက်ဖွေ အတိ၊ မိတ်ဖက်တွေ ကုဋေရှိရော့ထင်၊ ဆွေတမိ တင့်ပုံ” ဆိုပြီး အပြစ်တင်တဲ့သဘောနဲ့ ရေးသားခဲ့ပါသေးတယ်။ မောင်ဖေငယ်မှာ ဟင်္ဂမော်မိဖုရားအပြင် တခြား ဇနီးနှစ်ယောက်လည်း ရှိပါသေးတယ်။ ဇနီး(အမည်မသိ)တစ်ဦးနဲ့ သမီးဖြစ်သူ တင်တင်ဦးကို ထွန်းကားခဲ့ပြီး နောက်ထပ်ဇနီးတစ်ဦးနဲ့က မောင်မောင်ဖြိုးလို့ခေါ်တဲ့ သားတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ တောင်သမန်လယ်စားမောင်ဖေငယ်ရဲ့ အဆက်အနွယ်တော်များဟာ ယနေ့အချိန်အထိ မန္တလေးနဲ့ တခြားဒေသအရပ်ရပ်မှာ ရှိနေကြသေးတယ်လို့လည်း ဆိုကြပါတယ်။
မောင်ဖေငယ်ဟာ တေးထပ်များအပြင် “ သင်းပျံ့အေးကြည်၊ အီစတန်ပတ်ပါလို့၊ ကတီယံထက်မှာလ၊ စက်တော်ခေါ်၊ မပျော့်တပျော်၊ ပျော်နိုင်ပဲငယ်လေး၊ လှဲ့ရက်နဲ့နော်” အစချီတဲ့ ဘောလယ်ကိုလည်း ရေးသားဖွဲ့ဆိုခဲ့ပါတယ်။ ဒါကြောင့် စာပေဉာဏ်ရင့်သန်တဲ့ တောင်သမန်လယ်စား မောင်ဖေငယ်လို စာဆိုတော်တစ်ယောက် မင်းမိန့်အာဏာတစ်ခုကြောင့် လူ့လောကကနေ စောစောစီးစီးထွက်သွားရခြင်းဟာ အတော်လေးနှမြောစရာကောင်းပါတယ်။ ။
=======================================================
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ …

More Interesting Blogs from Zlann