“ကုန်းဘောင်ခေတ်ရဲ့ နန်းဓ‌လေ့ပုံရိပ်တွေကို ရေးဆွဲခဲ့သူ နန်းတွင်းပန်းချီဆရာ ဆရာချုံ”

ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါမင်း က နန်းတွင်းခေါ်ယူပြီး ချီးမြှင့်မြှောက်စားသူတွေထဲမှာ ပန်းချီတော် ဆရာချုံလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ် မန္တလေး၊ အမရပူရ အစရှိတဲ့ အထက်အညာဒေသ တွေမှာ မငြိမ်သက်မှုတွေရှိတာကြောင့် ပြေးလွှားပုန်းလျှိုးနေရတဲ့ ကာလပျက်ကြီးမှာ မောင်ချုံကို မွေးဖွား လာခဲ့တယ်။

ငယ်နာမည်မောင်ယာချုံလို့ မိဘများက အမည်ပေးခဲ့ကြပြီး နောက်ပိုင်းအရွယ်ရောက်လာတဲ့ အချိန်မှာတော့ မောင်စံချုံအဖြစ်နဲ့ ပြောင်းလဲခေါ်တွင်ကြတယ်။ ရွှေနန်းတော်အတွင်း ရောက်ရှိကာ ပန်းချီတော် ဖြစ်လာချိန်ကနေစပြီး မောင်ချုံ ရယ်လို့ နာမည်တွင်ခဲ့ပါတော့တယ်။

ရှေးမြန်မာတို့ရဲ့ ထုံးစံအတိုင်း ဘုန်းတော်ကြီးကျောင်းမှာ ပညာသင်ကြားခဲ့ရတဲ့ မောင်ချုံက ပန်းချီပုံဆွဲဝါသနာ သန်လှတာကြောင့် ဆေးစပ်ဆရာတွေက ဆရာတော်ထံမှာခွင့်ပန်ကာ မောင်ချုံကို ပန်းချီပညာသင်ပေး ခဲ့ကြတယ်။

သုံးနှစ်ခန့် သင်ယူခဲ့ပြီးတဲ့နောက်မှာ စပ်ပန်းချီ လို့ခေါ်တဲ့ ယာယီပန်းချီလုပ်ငန်းရဲ့အခြေခံကို မောင်ချုံက အတော်အသင့်သိမြင်နားလည်နေခဲ့ပြီဖြစ်တယ်။ အသက် ၁၄ နှစ်အရွယ်ကို ရောက်လာပြီဖြစ်တဲ့ မောင်ချုံရဲ့ရှေ့ရေးကို မျှော်တွေးကာ ဆရာတော်က ပန်းချီတော်ဦးကြာညွန့်ရဲ့သားဖြစ်သူ ဆရာစာထံမှာ တပည့်ခံဖို့ စေလွှတ်လိုက်တယ်။

ရွှေရေးပန်းချီ၊ ငွေရေးပန်းချီနဲ့ ဆေးရေးပန်းချီပညာတွေကို လေ့လာသင်ကြားရင်း ဆရာစာ ထံကနေတစ်ဆင့် ပန်းချီတော်ဦးကြာညွန့်ရဲ့ ရေးနည်းရေးဟန်တွေကိုလည်း ကူးယူလေ့ကျင့်ခဲ့တယ်။ နန်းတွင်း ပန်းချီဆိုင်ရာ ရေးပုံ၊ ခြယ်ပုံတွေကိုလည်း သူ့နေရာနဲ့သူ အကွက်စေ့စေ့ ရေးတတ်ခြယ်တတ်အောင် လေ့လာ သင်ယူဖို့ အခွင့်အရေးရခဲ့ပြန်တယ်။

သီပေါမင်းလက်ထက်မှာ ပန်းချီတော်အဖြစ်နဲ့ အမှုထမ်းရွက်ခွင့်ရတဲ့ ဆရာစာက သိပ်မကြာလိုက်ခင်မှာပဲ မျက်လုံးနှစ်ဖက်အလင်းကွယ်ပြီး အနားယူဖို့အချိန်ရောက်လာတဲ့အခါ တပည့်ဖြစ်သူ မောင်ချုံကို နန်းတွင်းပန်းချီတော်အဖြစ် ခန့်အပ်မြှောက်စားစေတယ်။

မောင်ချုံက ပန်းချီတော်အဖြစ်အမှုထမ်းရင်း မျက်စိကွယ်နေတဲ့ဆရာဖြစ်သူကို ဆက်လက်ပြုစုလုပ်ကျွေးခဲ့တယ်။ ဆရာချုံလို့ထင်ရှားကျော်ကြားလာခဲ့တဲ့ ခေတ်ကာလမှာ နန်းတော်အတွင်း မြန်မာ့ရိုးရာပန်းချီက နံရံဆေးရေး ပန်းချီလက်ရာတွေကနေ ပုရပိုက်ပန်းချီကို ကူးပြောင်းမှုအရှိန်အားကောင်းစဖြစ်တယ်။

ပန်းချီရေးဆွဲတဲ့နည်းစနစ်ပိုင်းမှာ အနီး၊ အဝေးသဘောကို တဖြည်းဖြည်းချင်းပြောင်းလဲအသုံးပြုမှုက (၁၈)ရာစု မြန်မာ့ပန်းချီလောကမှာ တွင်ကျယ်လာပြီး ပန်းချီတော်ဦးကြာညွန့်ရဲ့ လက်ရာပုရပိုက်ပန်းချီတွေမှာ အများဆုံး တွေ့မြင်ခဲ့ရတယ်။ ဆရာစာနဲ့ ဆရာချုံလက်ထက်မှာ ဆက်လက်ကြိုးပမ်းအားထုတ်ခဲ့ကြတာကြောင့် တစ်စတစ်စ တိုးတက်အောင်မြင်လာတယ်။

ဆရာချုံက အနီး၊ အဝေးသဘောနဲ့ ရေးဆွဲနေရာမှ သဘာဝနဲ့နီးစပ်တဲ့ပုံစံကို ပြောင်းလဲရေးခြယ်ကြည့်ခဲ့တယ်။ ဆရာချုံရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးပမ်းမှုက ရာခိုင်နှုန်းမအောင်မြင်ခဲ့ဘူးဆိုပေမဲ့ အတော်အသင့် လက်ခံမှုကိုတော့ ရရှိခဲ့တယ်။

ဆရာချုံရဲ့ပန်းချီလက်ရာတွေကို သေချာလေ့လာကြည့်မယ်ဆိုရင် ရှေးရိုးမြန်မာပန်းချီနည်းဖြစ်တဲ့ မျဥ်းရေး ဆေးခြယ်ခြင်းကို အခြေခံထားပြီးရေးဆွဲခဲ့တယ်ဆိုပေမဲ့ အနီးအဝေး မြင်ကွင်းသဘောတရားတွေ၊ အလင်း အမှောင်ယူဆချက်တွေ သေချာထည့်သွင်းကာ စနစ်တကျနဲ့ ရေးဆွဲထားတာကိုတွေ့ရမှာဖြစ်ပါတယ်။

ဆရာချုံ အပါအဝင် နန်းတွင်းပန်းချီတော်အများစုက ခဲဖြင့်လည်းကောင်း၊ ဆေးရောင်စုံဖြင့်လည်းကောင်း နန်းတွင်း မှူးမတ်အရာရှိတို့ရဲ့ ပုံတူတွေကို တစ်စထက်တစ်စ ပိုမိုတွင်ကျယ်စွာရေးဆွဲလာကြပြီး ပုံတူရေးခြယ်နည်းပညာ ကလည်း ကဏ္ဍတစ်ခုအနေနဲ့ အသက်ဝင်လာခဲ့တယ်။ ဇာတ်နိပါတ်သရုပ်ဖော်ပုံတွေ ရေးဆွဲမှုကြားမှာ ပုံတူပန်းချီ တွေကို တွေ့မြင်လာရတာကလည်း အမြင်ဆန်းစေခဲ့ပါတယ်။

ပန်းချီတော်အဖြစ်နဲ့ နန်းတွင်းမှာ နေ့ရောညပါ အချိန်ရှိသရွေ့ ကြိုးပမ်းအားထုတ်ခဲ့တဲ့ ဆရာချုံအတွက် ကံကြမ္မာ အလှည့်အပြောင်းတစ်ခု ကျရောက်လို့လာပါတယ်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပွားခဲ့တဲ့အကျိုးဆက် နောက်မှာ အရှင်နှစ်ပါး ပါတော်မူခြင်းနဲ့အတူ ဆရာချုံလည်း အင်္ဂလိပ်တို့ဖမ်းဆီးခြင်းခံရကာ (၃)လမျှ အကျဥ်းကျခဲ့တယ်။ မြန်မာစိတ်ပြင်းပြတဲ့ ဆရာချုံက တိုင်းတပါးသားတို့လက်အောက်မှာ အမှုမထမ်းလိုကြောင်း ငြင်းပယ်ခဲ့ပြီး မန္တလေးမြို့မှာဆက်လက်အခြေချနေထိုင်ခဲ့တယ်။

ဆရာချုံက အလွန်မြန်မာဆန်သူတစ်ဦးဖြစ်ပြီး ပန်းချီအပြင် အဂ္ဂိရတ်ပိုင်းကိုလည်း ဝါသနာထုံသူဖြစ်တယ်။ စည်းစနစ်ကြီးပြီး ဘာသာတရားကိုင်းရှိုင်းတယ်။ ပညာကို သိုဝှက်ထားတတ်သူမဟုတ်ဘဲ တပည့်သားမြေးတွေကို ပန်းချီရေးဆွဲနည်းအပြင် ဆေးစပ်နည်း၊ အရောင်ချွတ်နည်း၊ ဆေးရောင်မကျအောင်ထိန်းနည်း အစရှိတဲ့ပညာရပ်တွေကို ကျကျနနသင်ကြားပြသပေးလေ့ ရှိတယ်။ ဆရာချုံရဲ့ တပည့်တွေထဲမှာ ထင်ရှားသူတွေအဖြစ် ပန်းချီဦးဘစိန်၊ ဦးဘဇော်၊ ဦးအောင်မြတ်ကျော်တို့ ပါဝင်ခဲ့ကြတယ်။

၁၈၉၀ ပြည့်နှစ်လောက်မှာ အခက်အခဲတွေကြားကနေ မိမိတတ်ကျွမ်းရာ ပန်းချီပညာနဲ့ ပုံတူ၊ ရှုခင်း၊ နန်းမြို့ရိုး၊ ဘုရားပုထိုးနဲ့ ဇာတ်နိပါတ်ပုံတော်တွေကို လက်မ ၂၀ ခန့်ရှိတဲ့ ပိတ်ပေါ်မှာရေးဆွဲပြီး သစ်သားနဲ့ဘောင်ခတ်ကာ မြန်မာနိုင်ငံရဲ့ ပထမဆုံး တစ်ကိုယ်တော်ပန်းချီပြပွဲကို ဆရာချုံက တီထွင်ပြသခဲ့ဖူးကြောင်း ရှေးမှတ်တမ်းတွေမှာ ဖော်ပြထားတယ်။

အဆင်ပြေတစ်လှည့် မပြေတစ်လှည့် ဘဝခရီးကြမ်းကိုဖြတ်သန်းလာရင်း မအူပင်၊ မလက်တိုရွာက ဆရာတော်ဘုရားကျောင်းရှိရာ အောက်ပြည်အောက်ရွာကို ဆင်းခဲ့တယ်။ ဝမ်းရေးအတွက် ပန်းချီရေးဆွဲကာ ရိုးသားစွာအသက်မွေးဝမ်းကျောင်းပြုခဲ့ပေမဲ့ ပန်းချီတော်ဘဝလို အတည်တကျလုပ်ရခြင်း မရှိ။ အချိန် ၁၂ နှစ်မျှကုန်ဆုံးခဲ့ပြီးတဲ့နောက်မှာတော့ ဆရာတော်ဘုရားကြီးလည်း ပျံလွန်တော်မူသွား ခဲ့တာကြောင့် ၁၉၁၁ ခုနှစ်နှောင်းပိုင်းကိုရောက်တဲ့အခါ မလက်တိုရွာကနေတစ်ဆင့် ရန်ကုန်ကို ပြောင်းရွှေ့ အခြေချခဲ့တယ်။

ရန်ကုန်ကို ရောက်လာခဲ့သည့်တိုင်အောင် မြန်မာ့ပန်းချီကို အားပေးမယ့်သူမရှိဘဲ ဆိုင်းဘုတ်ရေးဆွဲခြင်းအလုပ် ကိုသာ လက်ခံပြီး ရှေ့ဆက်လာခဲ့ရတာကြောင့် ဆရာချုံက မြန်မာမှုပန်းချီပညာနဲ့အသက်မွေးဝမ်းကျောင်း လုပ်ဖို့ကိုတောင် စွန့်လွှတ်ချင်လောက်တဲ့အထိ စိတ်ကူးပေါက်ခဲ့မိတယ်လို့ဆိုပါတယ်။

ဆရာချုံနဲ့အတူတူ သားတွေကလည်း ပန်းချီရေးခြင်းအလုပ်ကို ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့တာကြောင့် တစ်စထက်တစ်စ လုပ်ငန်းက အရှိန်ရလာခဲ့တယ်။ ပန်းချီရေးခြင်းကိုသာမကဘဲ အားလပ်တဲ့အချိန်တွေမှာ နတ်ရုပ်၊ ဘီလူးရုပ်၊ ဇော်ဂျီရုပ် အစ ရှိတဲ့ ပန်း၊ ခြူး၊ ကနုတ်အမျိုးမျိုးကိုလည်း ထုလုပ်ရောင်းချခဲ့တယ်။

၁၉၁၇ ခုနှစ်ရောက်တဲ့အချိန် မြန်မာနိုင်ငံမှာ ပန်းချီရေးဆွဲခြင်းက ကုန်သွယ်ရေးလုပ်ငန်းတစ်ခုအဖြစ်နဲ့ တိုးတက် ဖွံ့ဖြိုးစပြုလာတယ်။ အသက်(၁၇)နှစ်အရွယ်ထဲက ပန်းချီတော်ဖြစ်လာခဲ့သူ ဆရာချုံလည်း ပန်းချီသက်တမ်း (၃၄)နှစ်ဖြတ်သန်းလာခဲ့ပြီးတဲ့နောက်မှာတော့ ရန်ကုန်မြို့၊ ကျုံးကြီးလမ်းနေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

ဆရာချုံရဲ့ ပန်းချီဩဇာကတော့ ရတနာပုံခေတ်ကနေ ခေတ်နှောင်းကာလအထိ မြန်မာမှုလိုက်စားသူ ပန်းချီဆရာ တွေအပေါ်မှာ လွှမ်းခြုံထားနိုင်ဆဲဖြစ်ပါတယ်။

ဆရာချုံ ရေးဆွဲခဲ့တဲ့ လက်ရာတွေထဲမှာ အင်္ဂလန်ကိုရောက်ရှိနေတဲ့ ‘နွေရာသီစံနန်းတော်တွင် လက်နက်ချပုံ’ ပန်းချီကားနဲ့ ‘ပါတော်မူ’ ပန်းချီကားချပ်တွေက ပြောင်မြောက်တဲ့အနုပညာလက်ရာတွေအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ပန်းချီတော် ဆရာချုံရဲ့ လက်ရာတွေကို လေ့လာကြည့်ရှုလိုတဲ့သူတွေအတွက် ရန်ကုန်မြို့၊ လောကနတ်ပန်းချီပြခန်းမှာ ဆရာချုံရဲ့ ရှေးဟောင်းပန်းချီကားတစ်ချပ်ကိုထိန်းသိမ်းပြသပေးထားသလို ဆရာဗိဿနိုး ဦးတင်ဝင်းဆီမှာ တစ်ချပ်၊ တိုက်ကြီးမြို့နယ်၊ ဥတုကျေးရွာ၊ စိတ္တသုခကျောင်းတိုက်မှာ ဆရာချုံရဲ့ ပန်းချီကား စုစုပေါင်း ၂၁ ချပ် ကျန်ရှိနေပါသေးတယ်။ ပန်းချီတော် ဆရာချုံ ကွယ်လွန်သွားခဲ့တာ နှစ်ပေါင်း ၉၀ ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့လည်း သူ့ရဲ့အနုပညာလက်ရာပန်းချီတွေကတော့ ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။

#ZLann #ZLann_Podcast #ဇာတ်လမ်း #ပန်းချီတော်ဆရာချုံ #ဆရာချုံ #ကုန်းဘောင်မင်းဆက် #သီပေါမင်း #မြန်မာရာဇဝင် #MyanmarHistory #မောင်ယာချုံ #သမိုင်း #ပန်းချီပညာ

More Interesting Blogs from Zlann