“မြန်မာတွေ စည်းကမ်းဖောက်လို့၊ ထီးနန်းပျောက်ဖြစ်ပြီ… တွေးမိတိုင်း အရိုးနာတယ်၊ အမျိုးပါ ဆဲချင်ပေါ့လေး”
ဆိုတဲ့ တေးထပ်ကို မြင်ရင် ကုန်းဘောင်ခေတ်ရဲ့စာဆိုကျော် အချုပ်တန်းဆရာဖေကို အမှတ်ရကြမှာပါ။ ဒါ့အပြင် ဆရာဖေဟာ ထင်ရှားတဲ့ စာဆိုကျော်ကြီးတစ်ဦးဖြစ်တဲ့ စလေဦးပုညနဲ့ စာဆိုပြိုင်ဘက်ဖြစ်ပေမဲ့လည်း ဦးပုညထက် အသက်ငယ်ပါတယ်။ ဆရာဖေရဲ့ အရေးအသားတိုင်းလိုလိုဟာ ဆန်းသစ်နုနယ်တဲ့ အဖွဲ့အနွဲ့များနဲ့ ရေးစပ်ထားတာကြောင့် ထိထိမိမိနဲ့ ဆိုလိုရင်းကို လူတိုင်းသဘောပေါက်နိုင်ပါတယ်။
အချုပ်တန်း ဆရာဖေလို့ သိကြတဲ့ ဆရာဖေကို မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်၊ ဝါဆိုလဆန်း (၂)ရက် (ခရစ်နှစ် ၁၈၃၈ ခုနှစ်၊ ဇွန်လ ၂၃ ရက်)က အင်းဝမြို့ဟောင်းမှာ ဖွားမြင်ခဲ့ပါတယ်။ ဖခင်ဟာ ပုဂံမင်းလက်ထက် အသုံးတော်ခံစာရေးအဖြစ် အမှုထမ်းခဲ့တဲ့ ဦးရောက် ဖြစ်ပြီး မိခင်ကတော့ မထင်ရှားတဲ့ သဘင်သည်မျိုးရိုး ဖြစ်ပါတယ်။ ပုဂံမင်းနန်းကျပြီး မင်းတုန်းမင်းနန်းတက်တဲ့အခါ ဦးရောက်လည်း ရာထူးကနေ ရပ်စဲခံရပြီး မန္တလေးမြို့ရိုးတောင်ဘက်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ မင်းတုန်းမင်းကြီး မန္တလေးမှာ မြို့သစ်နန်းသစ် တည်တဲ့အခါ အမရပူရကနေ ပြောင်းရွှေ့လိုက်ပါလာကြတဲ့ ပြည်သူပြည်သားတွေကို အလုပ်အကိုင် တူရာအလိုက် အစု၊ရပ်ကွက်၊ အဝင်း စသဖြင့်အသီးသီး နေရာချပေးပါတယ်။
ဆရာဖေရဲ့ ဖခင်ဖြစ်သူ ဦးရောက်ဟာ တော်ဝင်မိသားစုအပါအဝင် နန်းတွင်းအဝတ်အထည်များကို ချုပ်လုပ်ရတဲ့ လက်မှုပညာကို တတ်ကျွမ်းတာကြောင့် မန္တလေးမြို့၊ စိတ္တရမဟီရပ် ‘အပ်ချုပ်တန်း’ မှာနေထိုင်ခဲ့ကြပါတယ်။ ဒါကြောင့် နေထိုင်ရာအရပ်ကို အစွဲပြုပြီး အချုပ်တန်း မောင်ဖေလို့ ခေါ်ဆိုရင်းကနေ အချုပ်တန်းဆရာဖေ ဖြစ်လာတာပါ။ ဆရာဖေဟာ ငယ်စဉ်ကတည်းက သဘင်သည်မျိုးရိုးဖြစ်တဲ့ မိခင်ဖြစ်သူကြောင့် သဘင်ပညာသည် တွေနဲ့ တွေ့ဆုံရပြီး စာတိုစာစ၊ ဇာတ်ချင်းနဲ့ ဇာတ်စကားတွေကို သင်ယူရေးသား ခွင့်ရခဲ့တာဖြစ်ပါတယ်။ အနုသုခုမ ပါရမီပါတာကြောင့် ဇာတ်စာတွေရေးရာမှာ ပြောင်မြောက်ပြီး ဇာတ်သဘင်နယ်ပယ်မှာလည်း အသက်ငယ်ငယ်နဲ့ ဆရာတပ်ကာ အခေါ်ခံခဲ့ရသူဖြစ်ပါတယ်။
အဲဒီကနေ ဝါသနာပါတဲ့ စာပေပညာရပ်ကို လေ့လာလိုက်စားရင်း လေးချိုးတွေနဲ့ တေးထပ်တွေကို ရေးသားခဲ့ပါတယ်။ အဲဒီတုန်းက ရွှေနန်းတော်ကြီးမှာ မင်းတုန်းမင်းမြှောက်စားတာကြောင့် ကျော်ကြားနေတဲ့ စာဆိုကျော် စလေဦးပုညနဲ့ ဆရာဖေတို့ဟာ တစ်ယောက်နဲ့တစ်ယောက် စောင်းချိတ်ပြီး စာပေတွေ အပြိုင်အဆိုင်စပ်ဆိုနေကြချိန်လည်းဖြစ်ပါတယ်။ ဆရာဖေကတော့ ဘုရင့်မြှောက်စားမှု မခံရတာကြောင့် ဦးပုညလောက်နာမည်မကြီးခဲ့ပါဘူး။ ဆရာဖေဟာ အပ်ချုပ်သည်သားဖြစ်တာကြောင့် မိဘတွေနဲ့ ဒိုးတူပေါင်ဖက်လုပ်ကိုင်စားသောက်ခဲ့ရပါတယ်။ “ စာကောင်းရင် မအေပေးတွေက၊ စလေရေးဆိုကြပြန်တယ်၊ တို့များကျ ဉာဏ်မမီတယ်၊ ကံမပီ ညစ်နွမ်း” ဆိုပြီး စာကောင်းပေမွန်လေးများရေးထားတာကို မြင်ကြတာနဲ့ စလေဦးပုညရေးတယ်လို့ပဲ ထင်ကြတာကြောင့် မခံမရပ်နိုင်ဖြစ်ပြီး ရေးဖွဲ့လိုက်ရာကနေ စလေဦးပုညနဲ့ စာပေတိုက်ပွဲစခဲ့တယ်လို့လည်း ဆိုကြပါတယ်။
မြန်မာသက္ကရာဇ် ၁၂၂၆ ခုနှစ်လောက်ကစပြီး ဆရာဖေဟာ မက္ခရာမင်းသားကြီးထံမှာ အဆောင်ကိုင်အဖြစ်နဲ့ စတင်အမှုထမ်းခဲ့ရပါတယ်။ ဒါကို စလေဦးပုညကလည်း “ ခါးတောင်းကျိုက် ပိတုန်းပိတ်နဲ့၊ ကျုံးထိပ်က ငဖေ၊ ကုန်းပြိတ္တ တစ္ဆေလို၊ အသရေဟိတ်နွမ်း၊ မနှိုင်းအပ် မယှဉ်ရာ၊ နင်ဘာပြုဟော့ရမ်း” စသဖြင့် မက္ခရာမင်းသားကြီး ထံမှာ ဆရာဖေ ဓားထမ်းကာ ခါးထောင်းကျိုက်ပြီး အမှုထမ်းနေပုံကို ဦးပုညက နှိမ့်ချရေးဖွဲ့ထားတာလည်း ဖြစ်ပါတယ်။ အဲဒီအခါမှာ ဆရာဖေကလည်း “ ဘယ်နဲ့ရေးတဲ့ မောင်ပုတ်စည်၊ ဆန်တစ်ပြည် တေးတစ်ပုဒ်” ဆိုပြီး စလေဦးပုညက ဘုရင်ချီးမြှောက်သူဖြစ်တာကြောင့် စားဝတ်နေရေး အဆင်ပြေပြီး ပူပန်စရာမရှိဖြစ်နေ တာကို ထိထိမိမိရေးသားခဲ့ပါသေးတယ်။ စာဆိုကျော်နှစ်ဦးရဲ့ စာပေတိုက်ပွဲဟာ မြန်မာစာပေလောက အတွက်တော့ ကောင်းမွန်တဲ့စာများကိုဖန်တီးနိုင်ဖို့ အခွင့်အလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။
ဒါ့အပြင် ဆရာဖေရဲ့ ကလောင်သွားဟာ အတော်လေးထက်တာကို တွေ့ရပါတယ်။ ဆရာဖေဟာ မဟုတ်မခံစိတ်နဲ့ မျိုးချစ်စိတ်တို့ပြင်းထန်တဲ့သူဖြစ်တာကြောင့် ငြိမ်မခံတတ်တဲ့ ဗီဇလေးကိုလည်း မြင်ရပါသေး တယ်။ အဲဒီအချိန်တုန်းက မန္တလေးမြို့ရွှေနန်းတော်ကို ရောက်လာကြတဲ့ အင်္ဂလိပ်သံတမန်တွေဟာ မြန်မာနန်းဓလေ့တွေကို စော်ကားခြင်းနဲ့ နန်းတော်တွင်း ဖိနပ်စီးခွင့်ပြုဖို့ တောင်းဆိုခြင်းတိုကို မြန်မာလူမျိုးတော်တော်များများက မကျေနပ်ကြပါဘူး။ အဲဒီထဲမှာ ဆရာဖေလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ်မှာ အိန္ဒိယဘုရင်ခံချုပ် လောဒ့်ဂျွန်လောရင့်စ် ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့အခါ မြန်မာဘုရင်များနည်းတူ ထီးဖြူနှစ်လက်မိုးပြီး လှည့်လည်ပါတယ်။ပြီးနောက် ကပ္ပလီကျွန်း၊ ပို့ဗလဲယားမြို့ အကျဉ်းစခန်းကိုရောက်တဲ့အခါမှာတော့ အစောင့်များ အလစ်မှာ အကျဉ်းသားတစ်ယောက်ရဲ့ဓားနဲ့ထိုးခြင်းကိုခံလိုက်ရပြီး သေဆုံးခဲ့ပါတယ်။ ဒါကို ရန်ကုန်မြို့က ရန်ကုန်ဂေဇက်သတင်းစာမှာ ဖော်ပြခဲ့ပြီး ဆရာဖေမြင်တဲ့အခါမှာတော့- “ ထီးဖြူရုံပြဿဒ်နှင့်၊ မအပ်သည့်အရာ၊ လဒ်(လောဒ်)ဆိုသည့် မိစ္ဆာ၊ ပိတ်ရှာပြီ ဇီဝိ၊ ဘုန်းမတန် ဘုန်းတန့်ကြံတယ်၊ ဆုံးရုပ်နာမ် သွားတဲ့ဝီဇိ၊ မင်းတုတု ခွေးသေသေ၊ သွေးတွေတွေယိုဘိ…” စသဖြင့် ရေးဖွဲ့ခဲ့တဲ့ တေးထပ်ဟာ အတော်လေးကျော်ကြားသွားခဲ့ပါတယ်။
ဒီအခါမှာ အဲဒီတေးထပ်ကို အကြောင်းပြုပြီး ဇာတ်သဘင်သမားများကလည်း ‘မိစ္ဆာကောင်ဓားထိုးဇာတ်’ ရယ်လို့ တင်ဆက်ပြသကြရာမှာ မြန်မာတစ်မျိုးသားလုံး ကျေနပ်အားရဖြစ်ကြပေမဲ့ အင်္ဂလိပ်တို့ကတော့ အတော်လေးခံရခက်ခဲ့ပါတယ်။ ဒါကြောင့်လည်း တေးထပ်ကိုရေးဖွဲ့တဲ့ ဆရာဖေကို အပြစ်ပေးအရေးယူပေးဖို့ မြန်မာဘုရင်ထံအရေးဆိုခဲ့ရာမှာ မငြင်းသာတာကြောင့် မင်းတုန်းမင်းက ဆရာဖေကို အကျဉ်းချ အပြစ်ပေးခဲ့တယ်။ ဒါကိုလည်း ဆရာဖေက- “ သမုတိအတွက် ငဝက်က ဒဏ်ခံ” အစချီတဲ့ တေးထပ်ကို ထပ်မံရေးသားခဲ့ပြီး ရွှေတိုက်ဝန်မင်းထံကို အပို့ခိုင်းလိုက်ပါတယ်။ ဒီအခါ ရွှေတိုက်ဝန်မင်းကလည်း မင်းကြီးကို တင်လျှောက်ရာမှာတော့ ဆရာဖေ အချုပ်က လွတ်ခဲ့ရပါတယ်။
ဆရာဖေဟာ မြင်ကွန်း-မြင်းခုံတိုင်အရေးအခင်းမှာ မက္ခရာမင်းသားကြီးလက်အောက်ကနေ အမှုထမ်းပြီး ပါဝင်ခဲ့သလို ကနောင်မင်းသားရဲ့သားတော် ပန်းတိမ်းမင်းသားက ဘကြီးတော်မင်းတုန်းမင်းကို တော်လှန်ပုန်ကန်တဲ့အခါမှာလည်း မက္ခရာမင်းသားကြီးအမိန့်နဲ့ ပါဝင်တွန်းလှန်ခဲ့ပါတယ်။ မင်းတုန်းမင်းလွန်လို့ သီပေါမင်းလက်ထက်ရောက်တော့ ဘုရင်ရဲ့ အားနည်းချက်တွေကို မြင်ပေမဲ့လည်း ဆရာဖေက မပြောသာပဲနေခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်(ခရစ်နှစ် ၁၈၈၅ ခုနှစ်)မှာ အရှင်နှစ်ပါး ပါတော်မူချိန်မှာတော့ ဆရာဖေလည်း နယ်ချဲ့တော်လှန်ရေးတွေကို ဝင်ရောက်ဆင်နွှဲခဲ့ပါတယ်။ နောက်ပိုင်း အင်္ဂလိပ်တို့ကလည်း နယ်ချဲ့ဆန့်ကျင်ရေးတပ်ဖွဲ့တွေကို ချေမှုန်းနေတာကြောင့် တဖြည်းဖြည်း အင်အားလျော့လာကြပါတယ်။ ဒါကြောင့် တော်လှန်ရေးကို ဦးဆောင်ဦးရွက်လုပ်နေတဲ့ ဝန်းသိုစော်ဘွားကြီးက တရုတ်ပြည်နယ်စပ်ကိုပြောင်းရွှေ့သွားသလို မြင်စိုင်းမင်းသားက ကျောက်ဆည်ဘက်ကို ထွက်သွားပါတယ်။ ဒီလိုနဲ့ စော်ဘွားနဲ့ မင်းသားတွေအသီးသီး တစ်နယ်တစ်ရပ်ဆီထွက်သွားကြတဲ့အခါ ဆရာဖေလည်း အားလျော့သွားခဲ့ရပါတယ်။
ဒါကြောင့် ဆရာဖေက “ မြန်မာတွေစည်းကမ်းဖောက်လို့၊ ထီးနန်းပျောက်ဖြစ်ပြီ၊ မှီးငြမ်းထောက် အသစ်မှီတယ်၊ ညစ်ပလီလူမျိုး၊ မိပစ်လို့ ဖရှောင်သွေတယ်၊ ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး၊ ဗမာချင်းတော့ ကြွားကြချင်၊ ဓားပြသွင် လူဆိုး၊ ကုလားမြင် သူ့အမေရိုးတော့မလို၊ ခုမြေလျှိူးပုန်းအောင်းရှောင်၊ မိုက်မနော် ပြုမဟေးတို့ရယ်က၊ သူ့ပထွေးတော့ ခွေးသို့မဟောင်၊ ပြောရောဟဲ့ ရာဇဝင်ပြောင်အောင်၊ စာဇင်တောင် ဦးချလို့၊ ပလူးရ ပြေးကြို့ခါခါ၊ ခွေးသို့ ပမာ၊ တွေးမိတိုင်း အရိုးနာသည်၊ အမျိုးပါ ဆဲချင်ပေါ့လေး” ဆိုတဲ့ တေးထပ်ကို မချိတင်ကဲဖြစ်ကာ ရေးစပ်သီကုံး လိုက်ပါတယ်။ အဲဒီနောက် ခင်မင်ရင်းစွဲရှိတဲ့ ရှမ်းပြည်က သုံးဆယ်စော်ဘွားထံကို သွားရောက်ပြီး နယ်ချဲ့ဆန့်ကျင်ရေးတွေကို ဦးလည်မသုန် ဆက်လက်ဆောင်ရွက်ပါတယ်။ “ ဖွတ်လူမျိုး မချမ်းသာသည်၊ ဝမ်းစာပင် လက်ပူတိုက်ပါလို့၊ မျက်ဖြူစိုက် တကိန်းဆင်၊ ငြိမ်းဖို့မမြင်” စသဖြင့်လည်း နယ်ချဲ့ လက်အောက်မှာ နေရေးထိုင်ရေး ကျပ်ကျပ်တည်းတည်းဖြစ်ပြီး ဆင်းဆင်းရဲရဲရှာဖွေစားသောက်နေရပုံကို ပေါ်လွင်အောင် ဖော်ပြခဲ့ပါသေးတယ်။
မြန်မာသက္ကရာဇ် ၁၂၅၁ ခုနှစ်မှာ ဆရာဖေနဲ့ မိတ်ဆွေဖြစ်သူ ဗြဲတိုက်စာရေးဟောင်း ဦးထွန်းဝတို့ရှမ်းပြည်ကို ရောက်ရှိခဲ့ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရှမ်းပြည်တစ်ဝိုက်မှာ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ငန်းစဉ်တွေကို သုံးဆယ်စော်ဘွားနဲ့အတူ လုပ်ကိုင်ခဲ့ပြီး သက္ကရာဇ် ၁၂၅၆ ခုနှစ်၊ တန်ခူးလမှာတော့ မျိုးချစ်စာဆိုတော်ကြီး ဆရာဖေ ဖျားနာရာကနေ ကွယ်လွန်ခဲ့ပါတယ်။ ဆရာဖေရေးသားခဲ့တဲ့ စာတွေကို ကြည့်မယ်ဆိုရင် မန်ကျည်းရွက်ကလေးတွေ စီရရီအထပ်ထပ်နေသလိုမျိုး ကာရန်ကို နိုင်နိုင်နင်းနင်းသုံးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ နုနုရွရွနဲ့ လှလှပပစာရေးတတ်တဲ့ ဆရာကြီးကနေ နယ်ချဲ့တော်လှန်ရေးအတွက် ကလောင်သွေးပြီး အင်္ဂလိပ်တို့ကို ကလိကာ တိုက်ပွဲဝင်ပုံကလည်း လေးစားဖို့ကောင်းလှပါတယ်။ ဒါကြောင့် အချုပ်တန်း ဆရာဖေဆိုတာ မျိုးချစ်စိတ်တက်ကြွပြီး ဇာတိမာန်ပြင်းထန်တဲ့ စာဆိုကျော်ကြီးအဖြစ်နဲ့ ယနေ့တိုင်ထင်ရှားနေတာပဲ ဖြစ်ပါတယ်။ ။
———————————————————————————————
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
👉🏻 https://forms.gle/d4L8YTEapA58Gho66
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ …
#Zlann #ZLann_Podcast #ဆရာဖေ #အချုပ်တန်းဆရာဖေ