“ကုန်းဘောင်ထီးရိပ်အောက်က မင်းသွေးမပါတဲ့ ယမနေမင်းသား ခေါ် တပယ်မင်းသား”

‘တပယ်မင်းသား’ဆိုသူကတော့ မင်းတုန်းမင်းကြီးရဲ့ သားတော်တစ်ပါး မဟုတ်သလို မင်းသွေးရောနှော ခြင်းလည်းမရှိတဲ့ မင်းသားတစ်ပါးဖြစ်ပါတယ်။ ဒါ့အပြင် တပယ်မင်းသားရဲ့အကြောင်းကို ပြောကြမယ်ဆိုရင် ကုန်းဘောင်ခေတ်ရဲ့ စာဆိုကျော် စလေဦးပုညနဲ့လည်း ပတ်သက်နေတာကို တွေ့ရမှာပါ။ ဦးပုည သေဆုံး ရခြင်းဟာ တပယ်မင်းသားရဲ့ လက်ချက်ကြောင့်ဖြစ်တယ်လို့ ဆိုကြသလို မြို့ဝန်ဦးသာအိုး သတ်တာ လို့လည်းဆိုကြပါသေးတယ်။
ရတနာပုံနေပြည်တော်ကြီးကို တည်ထောင်ပြီးနောက် နန်းတက်တော်မူတဲ့ မင်းတုန်းမင်းတရားကြီးဟာ တစ်မျိုး တစ်ဖုံ ပတ်သက်တဲ့ အနွယ်တော်တွေအားလုံးကို ရာထူးတွေအသီးသီးပေးပြီး ချီးမြှောက်ပါတယ်။ မင်းတုန်းမင်းကြီးရဲ့ မယ်တော်ဖြစ်တဲ့ ကျောက်မော်မြို့စား တောင်ဆောင်တော်မိဖုရား သီရိသုစန္ဒာ မလ္လာမဟေ မှာ ညီမတော်တစ်ပါးရှိပါတယ်။ မိထွေးတော်လည်းဖြစ်တာကြောင့် အလ္လကပ္ပမြို့ကိုစားစေကာ လေးဗိုလ် ဦးဆိုင်နဲ့ လက်ဆက်ပြီးနောက် သားတစ်ယောက်၊သမီးတစ်ယောက်ထွန်းကားပါတယ်။ မိထွေးတော်ရဲ့ သမီးဖြစ်သူဟာ မင်းတုန်းမင်းကြီးရဲ့ မိဖုရားများစွာထဲက ‘ သီရိပုဗ္ဗာရတနာဒေဝီ’ ဘွဲ့ခံ စိန်တုံးမိဖုရားဖြစ်တာကြောင့် ယောက်ဖလည်းတော်သလို ညီအစ်ကိုဝမ်းကွဲလည်းဖြစ်တဲ့ မောင်ဘ ကိုလည်း သတိုးမင်းရဲခေါင်ဘွဲ့နဲ့ တပယ်မြို့စားမင်းသားအဖြစ် မြှောက်စားပါတယ်။ ဒါကြောင့် မင်းသွေးမရောတဲ့ မင်းသားတစ်ပါးအနေနဲ့ လူသိများတာပါ။
တပယ်မြို့စားမင်းသား မောင်ဘဟာ အနုပညာကို ဝါသနာပါပြီး သီချင်းကြီး၊ သီချင်းခန့်တွေကို စုဆောင်း တတ်သူဖြစ်ပါတယ်။ ဒါ့အပြင် တပယ်မင်းသားနဲ့ ပတ်သက်တဲ့ အထောက်အထားတစ်ခုအဖြစ် ၁၉၀၆ ခုနှစ်က ဗြိတိသျှအိမ်ရှေ့မင်းသားအဖွဲ့ မြန်မာနိုင်ငံကို အလည်အပတ်အနေနဲ့ လာကြပြီး မန္တလေးကို ရောက်တဲ့အခါမှာ တော့ မြန်မာတစ်ယောက်က အဖွဲ့ဝင်တစ်ဦးကို တပယ်မင်းသားပိုင်တဲ့ စောင်းဆိုပြီး တူရိယာ တစ်လက် ရောင်းချခဲ့ဖူးပါတယ်။ ဒီအချက်ကြောင့် တပယ်မင်းသားဟာ တူရိယာ တီးခတ်တာကို နှစ်သက်တယ်ဆိုတာ ထင်ရှားပါတယ်။
ဒါတင်မကသေးပဲ ကိုယ်လုပ်တော်တွေဖြစ်တဲ့ တပယ်ခင်ဥနဲ့ တပယ်ခင်သစ်တို့ဟာလည်း နန်းတွင်း အမျိုးသမီး အဆိုကျော်တွေဖြစ်ကြပါတယ်။ တပယ်မင်းသားဟာ နန်းတွင်းက အနုပညာသည် အမျိုးသမီး တွေနဲ့ပဲ ပတ်သက်နေတာကိုကြည့်ခြင်းအားဖြင့်လည်း အနုပညာချစ်စိတ်ကို ခန့်မှန်းနိုင်ပါတယ်။
ဒီလို အနုပညာမြတ်နိုးတဲ့ တပယ်မင်းသားနဲ့ စလေဦးပုညတို့ရဲ့ ပတ်သက်ပုံကို ပြောရမယ်ဆိုရင်တော့ ကုန်းဘောင် ခေတ်မှာ တွင်တွင်ကျယ်ကျယ်စပ်ဆိုလာကြတဲ့ တေးထပ်တွေအကြောင်းက စရမှာပါ။ တေးထပ်တွေဟာ ကုန်းဘောင်ခေတ်အစောပိုင်းမှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ညောင်ရမ်းခေတ် ကတော့ ဆင်တူတဲ့ အဖွဲ့မျိုးတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ ပိုမိုကျယ်ပြန့်လာပြီး အများဆုံး လည်း ရေးဖွဲ့လာကြပါတယ်။ မင်းတုန်းမင်းတရားကြီးကိုယ်တော်တိုင်က သူ့ရဲ့ မိဖုရားကြီးတွေဆီကို တေးထပ်တွေရေးသားပြီး ပေးပို့ပါတယ်။ ဒါကို နန်းတွင်းက မင်းညီ မင်းသားတွေနဲ့ မင်းမှုထမ်းတွေကပါ ကြင်ရာတော်တွေဆီကို တေးထပ်တွေ အသီးသီးပို့ကြပါတယ်။ ကိုယ်တိုင်စပ်ဆိုကြ တာတွေလည်း ရှိသလို စာဆိုကျော်တွေကို ရေးခိုင်းတာတွေလည်းရှိပါတယ်။
နန်းတွင်းစာဆိုကျော်ကြီးတစ်ယောက်ဖြစ်တဲ့ စလေဦးပုညဟာ တေးထပ်တွေရေးတဲ့နေရာမှာ ထင်ရှား တာကြောင့် နန်းတွင်းက မင်းညီမင်းသားတွေရဲ့ လက်စွဲတော်ဖြစ်ပါတယ်။ဒါကြောင့်လည်း မင်းသားတွေက သူ့ထက်ငါ အပြိုင် ဦးပုညကိုတေးထပ်တွေရေးသားခိုင်းကြပါတယ်။တပယ်မင်းသားကလည်း စာပေအနုပညာ ကို လိုက်စားသူဖြစ်တာကြောင့် တခြားမင်းသားတွေနည်းတူ ဦးပုညကို စာရေးခိုင်းဖို့ ဆင့်ခေါ်ပါတယ်။ ဒီအခါ ဦးပုညဟာ မင်းတုန်းမင်းကြီးရဲ့ တန်ခိုးထက်တဲ့ သားတော်ကြီးဖြစ်တဲ့ မြင်ကွန်းမင်းသားအပါအဝင် အခြား မင်းသားတွေရဲ့ ခိုင်းစေချက်တွေကိုပါ မနားမနေ ရေးပေးနေရချိန်လည်းဖြစ်တာကြောင့် တပယ်မင်းသား အခေါ်လွှတ်လိုက်တဲ့ သူတွေကို မလိုက်ဘူးလို့ ငြင်းလိုက်ပါတယ်။ ဒါပေမဲ့ တပယ်မင်းသားက လက်မလျှော့ သေးပဲ နောက်တစ်နေ့မှာ ထပ်မံ အခေါ်လွှတ်လိုက်ပြန်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဦးပုညက စိတ်မရှည်တော့ပဲ ‘ မင်းသား အစစ်တွေခိုင်းတာကို ရေးနေရတယ်၊ ယမနေ မင်းသားက ခေါ်တာကို မလာအားသေးဘူး။ ဒီကပြီးမှ လာနိုင်မဲ့ အကြောင်းကို လျှောက်လိုက်ပါ’ ဆိုပြီး မချေမငံပြောလိုက်ပါတယ်။ ယမနေမင်းသားဆိုတာက ရုပ်သေးမင်းသားရုပ်ကို ယမနေသားနဲ့ ထုလေ့ရှိ တာကြောင့် ဆိုလိုရင်းက မင်းသားအစစ်မဟုတ်ဘု သူတစ်ပါးအရှိန်နဲ့ ဩဇာရနေတဲ့ မင်းသားတုလို့ တစ်နည်းရည်ညွှန်းလိုက်တာဖြစ်ပါတယ်။ အဲဒီစကားက တပယ်မင်းသားကို သိက္ခာကျစေပြီး အရှက်ရစေ တာကြောင့် ဦးပုညအပေါ် အငြိုးထားခဲ့ပါတယ်။
သက္ကရာဇ် ၁၂၂၈ ခုနှစ် (ခရစ်နှစ် ၁၈၆၆ ခုနှစ်)မှာ အိမ်ရှေ့စံကနောင်မင်းသားကြီး လုပ်ကြံသတ်ဖြတ်ခံရတဲ့ မြင်ကွန်း၊ မြင်းခုံတိုင်အရေးအခင်းမှာတော့ စလေဦးပုည အခါပေးတာကြောင့် မြို့ဝန်ဦးသာအိုး ရဲ့ အိမ်မှာ အကျယ်ချုပ်ထားခြင်းခံရပါတယ်။ အကျယ်ချုပ်ထားစဉ်မှာပဲ ဦးပုညဟာ မြို့ဝန် ဦးသာအိုးရဲ့ မယားငယ် တစ်ယောက်ဖြစ်တဲ့ ခင်သုန်နဲ့ ပတ်သက်မိတာကြောင့် ဦးသာအိုးကပဲ အဆုံးစီရင်လိုက်တယ်လို့ ဆိုကြ ပါတယ်။ ဒါကို အမျိုးသားပညာဝန်ဦးဖိုးကျားနဲ့ ပညာအုပ် ဦးဖိုးစိန်တို့ရဲ့ စာအုပ်စာတမ်းတွေမှာတော့ အဲဒီလိုရေးသားဖော်ပြကြပါတယ်။ ဦးပုည သေဆုံးတာကို မင်းတုန်းမင်းကြီးသိတဲ့ အခါတော့ ‘လူကို ခွေးသတ်လေခြင်း…’ လို့ နှမြောတသ ဆိုခဲ့ပါတယ်။
ဒါပေမယ့် ၁၉၃၂ ခုနှစ်မှာ စာရေးဆရာကြီး မဟာဆွေက ‘သတင်းစာဆရာ ဘိုးဝဇီရ’အတ္ထုပ္ပတ္တိကို ရေးသား ခဲ့ရာမှာတော့ စလေဦးပုညနဲ့ ပတ်သက်တဲ့ အကြောင်းတစ်ချက်ကို ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒါကတော့ မြို့ဝန်ဦးသာအိုးရဲ့ သားဖြစ်သူ မောင်မောင်လေးကို ဘိုးဝဇီရက စာသင်ပေးရင်းကနေ ဦးပုညကို ကွပ်မျက်လိုက်တဲ့အကြောင်းကို မေးကြည့်ဖူးပါတယ်။ဒီအခါ ဦးသာအိုးက-‘ ဘဘက ကံမကောင်းချင်တော့ ဒီလိုအစွပ်စွဲခံရတာပါပဲကွယ်၊ ဘဘက မြို့ဝန်ပေကိုး။ စင်စစ်မတော့ တပယ်မင်းသား အမိန့်နဲ့ လက်မရွံ့တို့ သတ်တာပါပဲ၊ မင်းတရားကြီး မကျေနပ်မှန်းသိလို့ ဘဘအပေါ်လှည့်ချထားတော့ မင်းသားကိုလည်း မစွပ်ဝံ့လို့ သည်အတိုင်းနေရတာပါပဲ’ လို့ပြောဆိုပါတယ်။ ဒါကြောင့် တပယ်မင်းသားက ယမနေမင်းသားလို့ အပြော ခံရတာကို မကျေနပ်တာကြောင့် အငြိုးထားပြီး အခါခွင့်ကြုံတော့ လက်စားချေလိုက်တယ်လို့ ကောက်ချက် ချနိုင်ပါတယ်။
တပယ်မင်းသားရဲ့ ကိုယ်လုပ်တော်တွေဖြစ်ကြတဲ့ တပယ်ခင်ဉနဲ့ တပယ်ခင်သစ်တို့က မြန်မာ့ဂီတ လောကမှာ ထင်ရှားလာမဲ့ အလင်္ကာကျော်စွာဘွဲ့ရ ဒေါ်စောမြအေးကြည်ရဲ့ ဆရာတွေပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ဆရာကတော့ သဘင်ဝန်ကွမ်းဖိုးထိန်းကြီးဖြစ်ပြီး မိဖုရားခေါင်ရဲ့ ရှေ့တော်မှာ ဆိုရတဲ့ မိန်းမပိုင်းဆိုင်ရာ အဆိုတော်တွေပဲ ဖြစ်ကြပါတယ်။ တပယ်ခင်သစ်က အဆိုတင်မဟုတ်ဘဲ အကမှာလည်း ကျွမ်းကျင်သလို ယိုးဒယားအက ကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ တပယ်ခင်ဥကတော့ အဆိုပညာပိုင်းမှာ နာမည်ကျော်သလို ပတ်ပျိုးအဆိုကောင်းပြီး သီချင်းကြီးအများဆုံးရတဲ့သူအဖြစ်နဲ့ ထင်ရှားပါတယ်။ သီပေါမင်းပါတော်မူပြီးနောက်မှာ ရှမ်းပြည်၊ သီပေါအရပ်က စော်ဘွားကြီး ဆာစောချယ်ဆီမှာ ခိုလှုံရင်းကနေ ဒေါ်စောမြအေးကြည်ရဲ့ ဆရာတွေဖြစ်လာကြတာပါ။
မင်းတုန်းမင်းကြီး နာမကျန်းဖြစ်ကာ အိမ်ရှေ့မင်းအရာတင်မြှောက်ဖို့အတွက်နဲ့ နန်းတွင်းရေးတွေ ရှုပ်ထွေး လာချိန်မှာတော့ မင်းသားတွေအကုန်လုံးကို အကျဉ်းချထားလိုက်ပါတယ်။ ပထမတစ်ကြိမ် အကျဉ်းချခံထား ရတဲ့ မင်းသားတွေထဲမှာတော့ တပယ်မင်းသားမပါဝင်ပါဘူး။ တစ်နေ့တခြား ကျန်းမာရေး အခြေအနေ ပိုဆိုးလာတဲ့ မင်းကြီးက သူ့ရဲ့ သားတော်တွေ အကျဉ်းချခံထားရတဲ့အကြောင်းကို မိဖုရားတွေရဲ့ လျှောက်တင်ချက်တွေကတစ်ဆင့် ကြားသိတာကြောင့် အကျဉ်းတိုက်ကလွှတ်စေပြီး ရှေ့တော်မှောက်ကို သွင်းစေပါတယ်။ သုံးဆယ်မင်းသားကြီးကို အထက်ချင်းတွင်းခရိုင်၊ မက္ခရာမင်းသားကြီးကို တောင်တွင်းကြီး ခရိုင်နဲ့ ညောင်ရမ်းမင်းသားကြီးကို အောက်မြစ်စဉ်ခရိုင် အသီးသီးကို ဘုရင်ခံတွေအဖြစ်ခန့်အပ်လိုက်ပါတယ်။
မင်းသားကြီးတွေဟာ ကိုယ်ပိုင်ဒေသတွေဆီကို ခရီးထွက်ဖို့အတွက် မယ်တော်နဲ့ ကြင်ယာတော်တွေ၊ သားတော်သမီးတော်လေးတွေ၊ နောက်လိုက်ဗိုလ်ပါတွေနဲ့ ဆွေတော်မျိုးတော်တွေအားလုံးကို မြောက်ဥယျာဉ် တော်အတွင်းမှာ ဆုံစည်းတွေ့ဆုံကြပါတယ်။ အဲဒီအခါ ဆင်ဖြူမရှင်မိဖုရားကြီးက မှူးမတ်တို့နဲ့ တိုင်ပင်ပြီး အားလုံးကိုတစ်စုတစ်စည်းပဲ ပြန်လည်ဖမ်းဆီးလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ မင်းသားကြီးတွေကို လာတွေ့ကြတဲ့ တပယ်မင်းသားအပါအဝင် ဗန်းမော်အတွင်းဝန် ဦးတိုး၊ ရေနံသာမြို့စားမင်းသား ဦးရွှေမောင်၊ မြင်းစုကြီးဝန် မောင်တက်တူ၊ ရန်ကုန်ဝန် မောင်အုပ်တို့ပါ ဖမ်းဆီးခံလိုက်ရပါတယ်။
သက္ကရာဇ် ၁၂၄၀ ခုနှစ်၊ တပို့တွဲလပြည့်ကျော်မှာတော့ မင်းသားတွေနဲ့ ဆွေမျိုးနီးစပ်တော်ပြီး လာရောက် တွေ့ဆုံသူတွေဖြစ်တဲ့ ဗန်းမော်အတွင်းဝန် ဦးတိုး၊ ရေနံသာမြို့စား မင်းသား ဦးရွှေမောင်၊ မြင်းစုကြီးဝန် မောင်တက်တူ၊ ရန်ကုန်ဝန်မောင်အုပ်တို့နဲ့အတူ စိန်တုံးမိဖုရားရဲ့ မောင်တော်ဖြစ်တဲ့ တပယ်မင်းသားတို့ကို ဦးစွာရှင်းလင်းသတ်ဖြတ်လိုက်ကြပါတယ်။ ဒါကြောင့် မင်းသွေးမပါပေမဲ့ လည်း ကုန်းဘောင်ရဲ့ နောက်ဆုံး နန်းစဉ်လူသတ်ပွဲကြီးမှာ ယမနေမင်းသားတစ်ပါးဖြစ်တဲ့ တပယ်မင်းသားလည်း အသက်ဆုံးခဲ့ရပါတယ်။
အစ်မတော်ဖြစ်တဲ့ စိန်တုံးမိဖုရားကလည်း ပေးသနားခံခဲ့ရတဲ့ လက်ဝတ်ရတနာတွေကို မင်းတုန်းမင်းတရား နတ်ရွာစံပြီးနောက် ပြန်အပ်တဲ့အခါမှာ နောက်ကျတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကျဉ်းချခံခဲ့ ရပါသေးတယ်။ နောက်တော့ ဆင်ဖြူမရှင်မိဖုရားကြီးရဲ့ ရန်ကိုရှောင်တဲ့သဘောမျိုးနဲ့ ဗြိတိသျှပိုင် မော်လမြိုင်မြို့မှာ နန်းကျမိဖုရား အဖြစ် ချို့တဲ့စွာနေခဲ့ပြီး ဘဝနေဝင်ချိန်ကို သီလရှင်ဘဝနဲ့ အေးချမ်းစွာ ဖြတ်သန်းသွားခဲ့ပါတယ်။ ဒါကြောင့် သက်ဦးဆံပိုင်ဘုရင်စနစ်ရဲ့ ထီးနန်းအမွေတွေနဲ့ ရာထူးရာခံတွေဟာ မက်မောစရာကောင်းသလောက် တစ်နည်းတစ်ဖုံ အန္တရာယ်များတဲ့ အရာတွေဖြစ်နေတာလည်း ထင်ရှားပါတယ်။ ။
========================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ ပြည့်စုံဖို့ရာဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ် ။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တစ်လော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမက အနာဂတ် ရောဂါဘယ ဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ် ။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့ ။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်
ဖောင့်ဖြည့်ရန် https://forms.gle/Q658N6QEVYxcegTi7
#ZLann #ZLann_Podcast #တပယ်မင်းသား

More Interesting Blogs from Zlann