ငယ်အမည် ရွှေဝိုင်းလို့အမည်တွင်တဲ့ ဘိုးတော်ဘုရားကို ခမည်းတော် အလောင်းမင်းတရားကြီး နဲ့ မယ်တော် မဟာမင်္ဂလာရတနာဓိပတိ သီရိရာဇာစန္ဒယ တို့မှ ၁၁၀၆ ခု တန်ခူးလပြည့်ကျော် ၆ ရက်နေ့က ဆိုးဖိုရွာမှာ ဖွားမြင်ခဲ့ပါတယ်။ ဘိုးတော်ဘုရားကို မွေးဖွားစဉ်အချိန်က အင်းဝနေပြည်တော်ကို မွန်ဟံသာဝတီတပ်တို့ ဝိုင်းရံနေတဲ့အတွက် အလောင်းမင်းတရားကြီးကမောင်ဝိုင်း လို့ အမည်မှည့်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။
ခမည်းတော်နဲ့နောင်တော် ၂ ပါးတို့လက်ထက်မှာ မြဝတီမြို့၊ ဗဒုံမြို့တို့ကို စားရတဲ့အတွက် ဗဒုံမင်းသား လို့ထင်ရှားပါတယ်။
ဘိုးတော်ဘုရားဟာ ဆင်ဖြူရှင်မင်းလက်ထက်မှာ မင်းသားအဆောင်အယောင်တို့နဲ့ မြှောက်စားခံရ ပါတယ်။စဉ့်ကူးမင်းလက်ထက်မှာတော့ ရာထူးတွေပြန်လည်သိမ်းဆည်းခံရပြီး အိမ်နိမ့်စံဘဝနဲ့ ၉ နှစ်တိုင် မထင်မရှား နေခဲ့ရပါတယ်။ စဉ့်ကူးမင်းက ငွေကြေးထောက်ပံ့ခြင်းမရှိတဲ့ အတွက် စစ်ကိုင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။စစ်ကိုင်းမှာ နေထိုင်စဉ် အိမ်တော်ထိန်းမောင်ပေါ်ဦး၊ မောင်ကျော်ရွေး၊ မောင်မြတ်ထင်တို့က လိုက်ပါအလုပ်အကျွေးပြုကြပါတယ်။ကိုယ်လုပ်တော်အချို့ ကလည်းဈေးရောင်း ကြရသလို သမီးတော်တွေကလည်း ရက်ကန်းရက်ကြရပါတယ်။
ဗဒုံမင်းသားကြီးရဲ့ မိဖုရားခေါင် မယ်လွန်းမယ် ကိုယ်တိုင် ဝါကြိတ်၊ဝါဖန်၊ ဗိုင်းငင်တဲ့ အလုပ်တွေလုပ်ကိုင် ရပြီး ဗဒုံမင်းသာကြီးကိုယ်တိုင် ချည်ခင်တွေကို မဲနယ်ဆိုးခဲ့ရပါတယ်။
ဘိုးတော်ဘုရားနဲ့အတူ ထင်ရှားတဲ့သူတစ်ယောက်လည်း ရှိပါတယ်။အဲဒီသူက ဘိုးတော်ဘုရားရဲ့ အိမ်တော်ထိန်းလည်းဖြစ်၊ အတွင်းဝန်လည်းဖြစ်တဲ့ အမတ်ကြီးဉီးပေါ်ဉီးဖြစ်ပါတယ်။ ဦးပေါ်ဉီး ဟာအလွန်စကားတတ်သူဖြစ်ပြီး၊ စာပေကျမ်းဂန်အရာမှာလည်းအလွန်နှံ့စပ်တဲ့ အတွက် အခွင့်ပေါ်တိုင်း အကြံကောင်းတွေ ပေးတတ်ပါတယ်။
ဖောင်းကားစားမောင်မောင် အင်းဝထီးနန်းကို သိမ်းပိုက်လိုက်ပြီး ဦးရီးတော်တွေကို နေပြည်တော်သို့ ပြန်လာရန်လာရောက်ခေါ်ယူတဲ့အခါ ဦးပေါ်ဦးက ဗဒုံမင်းသား ကို သေလျှင်မြေကြီး ရှင်လျှင် ရွှေထီး အခွင့်အလမ်း ဖြစ်တယ်လို့လျှောက်တင်ခဲ့ပါတယ်။ဗဒုံမင်းသား တစ်ယောက် အင်းဝနေပြည်တော်ရှိ အိမ်တော်မှာ အကျယ်ချုပ်ခံရစဉ် နေပြည်တော်တစ်ခုလုံးမှာတော့ ဖောင်းကားစားမောင်မောင်ရဲ့ လူတွေ ဆိုးသွမ်းရမ်းကားနေတဲ့အတွက် အလောင်းမင်းတရားရဲ့ သစ္စာတော်ခံတွေနဲ့ ပူးပေါင်းပြီး အင်းဝနန်းတော် ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဗဒုံမင်းအင်းဝထီးနန်းကို သိမ်းပိုက်လိုက်ချိန်မှာ သက်တော် ၃၈ နှစ် ရှိနေပြီဖြစ်ပါတယ်။ ဘိုးတော်ဘုရားလို့ အမည်တွင်ရခြင်းက ကုန်းဘောင်နှောင်းခေတ်ဘုရင်တို့ရဲ့ အဘိုးဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။
ဘိုးတော်ဘုရားလက်ထက်မှာ မင်းနေပြည်တော်ကြီးဟာ အလွန်သာယာစည်ကားခဲ့ပါတယ်။ ၁၁၄၁ ခုနှစ်မှာ အင်္ဂလန်ပြည်မှတင်သွင်းတဲ့ ဒင်္ဂါးစက်နဲ့ အမရပူရမှာ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါးတွေ သွန်းလုပ်ခဲ့ပါတယ်။ အောင်ပင်လယ်ကန် နဲ့ နန္ဒာကန် တို့ကိုတူးဖော်ခဲ့ပါတယ်။ မိတ္ထီလာကန်ကို ဆည်ဖို့ပါတယ်။
သာသနာရေးဘက်မှာလည်း အထူးဂရုပြုဆောင်ရွက်တော်မူပါတယ်။စစ်ကိုင်း အိမ်တော်ရာရှိ အောင်မြင်လောက စေတီတော်၊ ဧရာဝတီမြစ် အနောက်ဘက်ရှိ မင်းကွန်းစေတီတော်တို့က ဘိုးတော်ဘုရားရဲ့ ကောင်းမှုတော်တွေဖြစ်ပါတယ်။ မင်းကွန်းစေတီတော်ကြီးရဲ့ ထုထည်က ကြီးမားလွန်းတဲ့အတွက် ပြီးဆုံးအောင် တည်ဆောက်နိုင်ခြင်းမရှိဘဲ စေတီ အနီးမှာ ပိဿာ ၅၅၅၅၅ ခန့်အချိန်ရှိတဲ့ ကြေးခေါင်းလောင်းကြီးကို သွန်းလုပ် လှူဒါန်းတော်မူပါတယ်။
နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ မြို့ပေါင်း ၅၆ မြို့သို့ တစ်မြို့လျှင် ပိဋကတ်တော် တစ်စုံနဲ့ သံဃာတော် ၅ ပါး သာသနာပြု စေလွှတ်တော်မူသလို ပြိုပျက်နေတဲ့ စေတီ၊ပုထိုးတို့ကိုလည်း ပြုပြင်တော်မူပါတယ်။
ဘိုးတော်ဘုရားဟာ နန်းသက်ရှည်တဲ့မင်းတရားတစ်ပါးဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ မှူးမတ်ကောင်း သူရဲကောင်းတွေပေါ်ထွက်ရုံသာမက မင်းလက်ဝဲသုန္ဒရ၊ တွင်းသင်းမင်းကြီး မဟာစည်သူ၊ ဝက်မစွတ်မြို့စား နဝဒေး၊ အမတ်ကြီး ဦးပေါ်ဉီး၊ သာချင်းဆရာကြီး ဉီးအောင်ဖြိုး၊ ဝန်ကတော် မယ်ခွေ၊ မင်းဘူးဆရာတော် ဦးဩဘာသ တို့က ဘိုးတော်ဘုရားလက်ထက် နာမည်ကျော်ကြားတဲ့ ပညာရှိစာဆိုတော်ကြီးတွေဖြစ်ပါတယ်။
ရာဇဝင်တွေမှာ ဘိုးတော်ဗဒုံမင်းရဲ့အကြောင်းကို ချီးကျူးရေးသားမှုတွေသာရှိပေမဲ့ ဘုံကျော်ဆရာတော်ရဲ့ မိန့်ချက်မှတ်စု ပုရပိုက်ထဲမှာတော့ ဘိုးတော်ဘုရားပြုလုပ်ခဲ့တဲ့ အမှား ၄ ချက်ရှိတယ်လို့ မှော်ပီဆရာသိန်းရဲ့ ပါးစပ်ရာဇဝင်စာအုပ်မှာ ဖော်ပြထားပါတယ်။
အဲဒီအမှားတွေက
(၁) ညီတော်ပင်းတလဲမြို့စားမင်းသားကို ရေ၌ချ၍ ကွပ်မျက်တော်မူခြင်း
(၂) အတုလဆရာတော်နှင့် တကွ ဆရာတော် ၆ ပါးကို အတင်းအကျပ် လူဝတ်လဲစေခြင်း
(၃) ရဟန်းတော်တွေကို သိက္ခာသစ် တင်စေခြင်း
(၄) ထုထည်ကြီးမားတဲ့ မင်းကွန်းစေတီတော်ကြီး တည်ဆောက်ခြင်း တို့ဖြစ်တယ်လို့ဆိုပါတယ်။
ကုန်းဘောင်ခေတ်နန်းသက် အရှည်ဆုံးဖြစ်တဲ့ ဘိုးတော်ဘုရားဟာ နန်းသက် ၃၇ နှစ်၊ သက်တော် ၇၄ နှစ် မှာ နတ်ရွာစံခဲ့ပါတယ်။