ပုထုဇဉ်တို့ပီပီ လူအမျိုးမျိုး စိတ်အထွေထွေရှိတတ်ပါတယ်။အဲဒီလိုပဲလူတစ်ယောက်ရဲ့ အရည်အချင်းကိုတိုင်းတာရာမှာလည်း တိုင်းတာမဲ့သူနဲ့ တိုင်းတာခံရမဲ့သူတို့ရဲ့ မတူညီတဲ့အယူအဆတို့ အပေါ်မှာမူတည်ပြီး စံအမျိုးမျိုးကွဲလွဲနိုင်ပါတယ်။တချို့က လူတစ်ယောက်ရဲ့အရည်အချင်းကို ဉာဏ်ပညာကြီးမားတာနဲ့တိုင်းပါတယ်။တချို့က လုပ်ရည်ကိုင်ရည်သွက်လက်ချက်ချာမှုနဲ့တိုင်းပါတယ်။တချို့က ကိုယ်ကျင့်တရားနဲ့တိုင်းပါတယ်။
တချို့က ပညာဘယ်လောက်တတ်သလဲဆိုတာနဲ့တိုင်းပါတယ်။ စသဖြင့် လူတစ်ယောက်ရဲ့အရည်အချင်းကိုတိုင်းတာတဲ့ စံတွေအမျိုးမျိုးကွဲတာတွေ့ရပါတယ်။တိုင်းတာခံရမဲ့လူရဲ့ တာဝန်ယူလုပ်ဆောင်ရတဲ့ အလုပ်အကိုင်အပေါ်မူတည်ပြီးတော့လည်း အရည်အချင်းတိုင်းတာမှုစံတွေ ကွာသွားနိုင်ပါသေးတယ်။ အခုနောက်ပိုင်း ဒီဘက်ခေတ် လုပ်ငန်းနယ်ပယ်အားလုံးနီးပါးမှာ မရှိမဖြစ်အရေးပါနေတဲ့ လုပ်ငန်းခွင်တွေထဲက ဌာနတစ်ခုကတော့ စီမံခန့်ခွဲမှုဆိုင်ရာဌာနပါ။အဲဒီလိုဌာနတွေမှာ တာဝန်ယူလုပ်ကိုင်တဲ့သူတွေရဲ့အရည်အချင်းကို တိုင်းတာမယ်ဆိုရင် Management ဆိုတဲ့ စီမံအုပ်ချုပ်မှုပိုင်းမှာ ဘယ်လောက်ကျွမ်းကျင်သလဲပေါ်မှာ စံထားတိုင်းတာကြတာများပါတယ်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်မဲ့ ရှင်ဘုရင်တွေဆိုရင်တော့ အထက်ကပြောခဲ့တဲ့ လူတစ်ယောက်ရဲ့အရည်အချင်းအမျိုးမျိုး ပြည့်စုံနေမှ သူအုပ်ချုပ်တဲ့တိုင်းပြည် စည်ပင်၀ပြော သာယာအေးချမ်းနိုင်မှာဖြစ်ပါတယ်။
ဥပမာပြောရရင် ရှင်ဘုရင်တစ်ယောက်လုပ်မဲ့သူဟာ ဉာဏ်ပညာကြီးပြီး ကိုယ်ကျင့်တရားကောင်းရမှာဖြစ်သလို ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး စီမံအုပ်ချုပ်မှုပိုင်းမှာပါ ကျွမ်းကျင်ရမှာပါ။ ခေတ်အဆက်ဆက်မြန်မာရှင်ဘုရင်တွေထဲမှာလည်း စီမံအုပ်ချုပ်မှုပိုင်းကျွမ်းကျင်တဲ့ဘုရင်တချို့ ရှိခဲ့ပါတယ်။ သူတို့ထဲက တချို့ရဲ့အကြောင်းကို ထုတ်နုတ်ဖော်ပြပါဆိုရင် ကျန်စစ်သားရဲ့အကြောင်းက ချန်ထားလို့ မရတာ သေချာပါတယ်။ ကျန်စစ်သားဟာ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့လို သူရဲကောင်းတွေကို စုစည်း ဦးဆောင်နိုင်သူဖြစ်တာနဲ့အညီ လက်ရုံးရည်နဲ့ပြည့်စုံတဲ့မင်းတစ်ပါးပါ။ငရမန်ကန်းကို သုတ်သင်နိုင်ဖို့ မြားပစ်ကျွမ်းကျင်ပြီး လက်ဖြောင့်တဲ့ မုဆိုးငစဉ့်အပေါ် စည်းရုံးဦးဆောင်နိုင်ခဲ့တာကို ကြည့်ရင်လည်း သူ့ရဲ့ခေါင်းဆောင်မှုအရည်အချင်းကို မြင်နိုင်ပါတယ်။ ငရမန်ကန်း သူပုန်ထလို့ ပြည်တွင်းမှာ ဆူပူမှုတွေဖြစ်ပေါ်နေတုန်း တိုင်းသူပြည်သားတွေ ဘေးအမျိုးမျိုးနဲ့ကြုံတွေ့ ရကြောင်း၊ တချို့က သားတကွဲမယားတကွဲ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း၊တချို့က ရန်သူတို့ရဲ့ အဖမ်းအဆီးကိုခံရပြီး အောက်ပြည်အောက်ရွာကို ရောက်ကြရကြောင်း၊တချို့က စားရမဲ့၊ သောက်ရမဲ့၊ ဝတ်ရမဲ့ဖြစ်ကြရကြောင်း၊ ကျန်စစ်သား မင်းက တိုင်းသူပြည်သားတွေကို ဒီအခြေအနေဆိုးကနေကယ်တင်ပြီး ပြည့်စုံလုံလောက်ပျော် ရွှင်အောင် ဆောင်ရွက်တော်မူကြောင်း စတာတွေနဲ့ ပတ်သက်လို့ ရွှေစည်းခုံကျောက်စာတိုင်ရဲ့ (ခ) စာမျက်နှာမှာ ရေးထိုးထားပါတယ်။ ကျန်စစ်သားမင်းအကြောင်းကိုပြောရင် ရွှေစည်းခုံကျောက်စာအကြောင်းက ထည့်မပြောလို့မရပါဘူး။
ကျန်စစ်သားမင်းကြီးရဲ့ ဘဝဖြစ်စဉ်ကို ရွှေစည်းခုံကျောက်စာထဲမှာ မွန်ဘာသာနဲ့ ရေးထိုးထားပါတယ်။ ရွှေစည်းခုံဘုရားမှာ တွေ့ခဲ့လို့ ရွှေစည်းခုံကျောက်စာလို့ အမည်တွင်ခဲ့တာပါ။ ကျောက်စာတိုင်နှစ်တိုင် ရှစ်မျက်နှာစလုံးကို မွန်ဘာသာနဲ့ ရေးထိုးထားတာကြောင့် အဲဒီခေတ်က မွန်စာပေနဲ့ယဉ်ကျေးမှု ထွန်းကားခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ရွှေစည်းခုံကျောက်စာထဲမှာ အဲဒီခေတ်ပုဂံသူပုဂံသားတို့ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ အဆင့်အတန်းကိုတွေ့မြင်နိုင်တဲ့အပြင် ကျန်စစ်သားမင်းကြီးရဲ့ တိုင်းပြည်အုပ်ချုပ်ပုံနဲ့ စိတ်နေသဘောထားတို့ကိုပါ တွေ့နိုင်ပါတယ်။ အနော်ရထာမင်းလက်ထက်မှာ ပုဂံက ငြိမ်းချမ်းခဲ့ပေမဲ့ အနော်ရထာမင်းကွယ်လွန်ချိန်မှာ သူ့ရဲ့ထီးနန်းအမွေကိုရရှိခဲ့တဲ့ သားတော် စောလူးမင်းက ပုဂံရဲ့ငြိမ်းချမ်းမှုကို ဆက်လက်မထိန်းသိမ်းနိုင်ခဲ့ပါ ဘူး။ စောလူးမင်းလက်ထက်ရောက်ချိန်မှာ သူ့ရဲ့သူငယ်ချင်းဖြစ်သလို အထိန်းတော်သားလည်းဖြစ်တဲ့ ငရမန်ကန်းက ဥဿာပဲကူးကို အားကိုးပြုပြီး ပုန်ကန်တာကြောင့် ကျန်စစ်သားက နှိမ်နင်းခဲ့ရပါတယ်။ ငရမန်ကန်းက စောလူးမင်းကို ပုန်ကန်ဖမ်းဆီးသွားချိန်မှာ ကျန်စစ်သားက သွားရောက်ကယ်တင်ပါတယ်။ ကျန်စစ်သားက အဲဒီလိုသွားကယ်တာကို သူ့ကိုခိုးယူပါတယ်လို့ စောလူးမင်းက အော်ခဲ့ပါတယ်။ဒါနဲ့ ကျန်စစ်သားလည်း စောလူးမင်းကို ထားခဲ့ရပါတယ်။ စောလူးမင်းဟာ ရန်သူ့လက်ချက်နဲ့ ကံကုန်ချိန်ရောက်မှ ကျန်စစ်သားက ပုဂံပြည်မှာ မင်းလုပ်ပြီး နန်းတက်ခဲ့တာပါ။
ကျန်စစ်သားဟာ မင်းဆက်မျိုးရိုးကနေ ဆင်းသက်လာသူဖြစ်လို့ ထီးနန်းဆက်ခံနိုင်ခဲ့တာမဟုတ်ပါဘူး။ သူဟာ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံပြီး အနော်ရထာလက်ထက်မှာ အလွန်အရေးပါတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် သူ့ရဲ့အရည်အချင်းကြောင့်ပဲ ပုဂံထီးနန်းဆက်ခံနိုင်ခဲ့တာဖြစ်ပါတယ်။ ကျန်စစ်သားမင်းဟာ ငရမန်ကန်းအရေးကိစ္စပြီးတဲ့နောက် တိုင်းသူပြည်သားတို့ရဲ့ နေထိုင်စားသောက်ရေးနဲ့ အသက်မွေးရေးတို့ကို တိုးတက်အောင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျန်စစ်သားမင်းက ကိုယ်ကျင့်တရားကို အလေးထားမြတ်နိုးသူဖြစ်သလို သစ္စာတရားအလေးထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သစ္စာတရားအလေးထားသူလို့ ဘာလို့ပြောနိုင်တာလဲဆိုတော့ အနော်ရထာမင်းကြီးရဲ့အမျက်တော်ရှခြင်းခံရလို့ သူတိမ်းရှောင်နေတုန်းအချိန်မှာတောင် အနော်ရထာမင်းကို မပုန်ကန်ခဲ့ပါဘူး။အလားတူ ရန်သူ့လက်ထဲကို စောလူးမင်း ကျရောက်နေတုန်းမှာလည်း နန်းသိမ်းဖို့ပြောတဲ့ မှူးမတ်တွေရဲ့စကားကိုလျစ်လျူရှုလို့ “ငါ့အရှင်ရှိမရှိကို စူးစမ်း ဦးမယ်။
ငါ့အရှင်ရှိသော် ငါ့အရှင်ကိုယူလို့ နန်းတင်မယ်” လို့ပဲ ပြောခဲ့ပါတယ်။ဒါကြောင့်လည်း မြန်မာ့သမိုင်းမှာ သစ္စာကြီးမားတဲ့မင်းအဖြစ် ကျန်စစ်သားမင်းကို မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ “ပူပင်သောကရောက်ကြရသူတွေကို မင်းကြီးက မေတ္တာကရုဏာဖြစ်လို့ ထိုသူတို့ရဲ့မျက်ရည်တို့ကိုသုတ်ပေးတော်မူမှာဖြစ်ကြောင်း၊ ယာလက် တော်နဲ့ဆန်စပါးကစလို့ စားဖွယ်သောက်ဖွယ် တို့ကို ပေးအပ်ကျွေးမွေးမှာ ဖြစ်ကြောင်း၊ဝဲလက်တော်နဲ့ အဝတ်ပုဆိုးအဆင် တန်ဆာတို့ကို ပေးအပ်ဆင်ယင်မှာဖြစ်ကြောင်း၊ အမိသည် သားငယ်တို့ကို ရင်ခွင်မှာ ပိုက်ထွေးယုယသလို ထိုသူတို့ကိုစောင့်ရှောက်ပြုစုမှာဖြစ်ကြောင်း” စသဖြင့် ရွှေစည်းခုံကျောက်စာမှာ ရေးထိုးခဲ့ ပါတယ်။ဒီကျောက်စာအရတော့ သူက မင်းကျင့်တရားနဲ့ ပြည့်စုံတဲ့မင်းဖြစ်ပြီး တိုင်းသူပြည်သားတွေကို ရင်ဝယ်သားလို သဘောထားခဲ့တယ်လို့ သမိုင်းဆိုင်ရာလေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။ “အိုးစလောင်းရောင်းတဲ့ ဆင်းရဲတဲ့အမယ်အိုတွေဟာ ဈေးကောင်းရကြပြီး ကြွယ်ဝစေမယ်။ နွားမဲ့တဲ့သူတို့ နွားကိုရကြစေမယ်။ လယ်ထွန်စိုက်ပျိုးသူတွေက သူတို့ရဲ့ကျီကြတိုက်တာမှာ စပါးပြောင်းတို့နဲ့ တစ်မျိုးမကပြည့်ဝစေမယ်” လို့ ရွှေစည်းခုံကျောက်စာ (င) မျက်နှာမှာ ဆိုပါတယ်။ဒီအပိုဒ်အရ ပြည်သူပြည်သားတွေကို ဆင်းရဲတွင်းကနေ လွတ်ပြီး ကြွယ်ဝချမ်းသာအောင် ဆောင်ရွက်ခဲ့တဲ့ ကျန်စစ်သား မင်းကြီးရဲ့ စေတနာကို မြင်နိုင်ပါတယ်။
ကျန်စစ်သား မင်းကြီးရဲ့ စီမံအုပ်ချုပ်မှုကောင်းပုံနဲ့ အမြော်အမြင်ရှိပုံတို့ကိုမြင်နိုင်တဲ့ နောက်ထပ်အချက်တချို့လည်းရှိပါသေးတယ်။အဲဒါက သူ့ရဲ့သမီးတော် ရွှေအိမ်သည်ကို တိုင်းတစ်ပါးသားနဲ့ လက်မဆက်ပေးဘဲ မင်းမျိုးဂုဏ်ရှိတဲ့ အနော်ရထာရဲ့မြေးတော်၊ စောလူးရဲ့သား စောယွမ်းနဲ့လက်ဆက်ပေးခဲ့ပါတယ်။ ရာဇဝင်တွေထဲမှာတော့ ရွှေအိမ်သည်နဲ့ မေတ္တာမျှတဲ့တိုင်းတစ်ပါးသားက ပဋိက္ကရား မင်းသားဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်စစ်သားမင်းကြီးဟာ ရွှေအိမ်သည်နဲ့ စောယွမ်းတို့က ဖွားမြင်လာတဲ့ အလောင်းစည်သူကို ရင်ခွင်ပိုက်လို့ ဒီနန်းကား ငါ့မြေးတော်ရဲ့နန်းဖြစ်တယ်လို့ ညီလာခံမှာ မိန့်ကြားခဲ့ပါတယ်။ သူ့ရဲ့သားတော် ရာဇကုမာရ်က ပုဂံထီးနန်းကိုစိုးပိုင်ခွင့်ရှိတဲ့ မျိုးဂုဏ်အရည်အချင်းမရှိဘဲ မြေး တော်အလောင်းစည်သူက ပုဂံထီးနန်းကို စိုးပိုင်ခွင့်ရှိတဲ့ မျိုးဂုဏ်အရည်အချင်းရှိလို့ အလောင်းစည်သူကို နန်းမွေပေးခဲ့တာထင်ရှားပါတယ်။ သူ့ရဲ့သားနဲ့သမီးအပေါ် ဒီလိုတွေစီမံခဲ့တာရဲ့နောက်ဆက်တွဲ ဘာကို သိမြင်နိုင်သေးလဲဆိုတော့ သားတော်၊ သမီးတော်တွေအပေါ် သွန်သင်ဆုံးမမှုကောင်းတဲ့ မိဘကောင်းတစ်ယောက်အဖြစ်ပါ သိမြင်နိုင်ပါတယ်။ အဲဒါရဲ့အကောင်းဆုံးသက်သေတစ်ခုကတော့ ရွှေအိမ်စည်လို့ အများသိကြတဲ့ ရွှေအိမ်သည်ကို သူရဲ့ချစ်သူမဟုတ်တဲ့ စောယွမ်းနဲ့ထိမ်းမြားအောင် ဆောင်ရွက်နိုင်ခဲ့တာပါ။
ဒါ့အပြင် နောက်ထပ်သက်သေတစ်ခုက သားတော် ရာဇကုမာရ်ဟာ နန်းမွေ မရခဲ့ပေမဲ့ သူ့ရဲ့ဖခင်ဖြစ်သူကျန်စစ်သားမင်းကြီးနာမကျန်းဖြစ်တဲ့အခါ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးခဲ့ပါတယ်။ဒါကိုကြည့်ရင် သားတော်ရာဇကုမာရ်ဟာ သူ့ရဲ့ ဆိုဆုံးမပျိုးထောင်မှုတွေအောက်မှာ လိမ္မာရေးခြားရှိနေတယ်ဆိုတာ မြင်သာပါတယ်။ ဒါ့အပြင် ကျန်စစ်သားမင်းဟာ စေတီ၊ ဂူကျောင်းအများအပြားကို တည်ခဲ့တဲ့သူဖြစ်ပြီး အာနန္ဒာစေတီ၊ ရွှေစည်းခုံစေတီတော်တို့ကို ပြီးစီးအောင်တည်တော်မူခဲ့ပါတယ်။အလားတူ တူရွင်းတောင်ခြေနဲ့ အလန်ပုဂံ (တူရွင်း တောင်ခြေနဲ့ မင်းနန်သူရွာကြား)မှာ သတ္တဝါတွေရဲ့အကျိုးအတွက်ဆိုပြီး ရေကန်တစ်ကန်စီတူးခဲ့သလို တူရွင်းတောင်ခြေမှာရှိတဲ့ ကန်ကိုတော့ မြကန်လို့ သမုတ်ခဲ့ကြပါတယ်။ အပယ် ရတနာ၊ ဥဿာမင်းသမီး ခင်ဦး၊ ထီးလှိုင်ရှင်ရွာသူကြီးသမီးခင်တန်နဲ့ ဦးဆောက်ပန်းတို့က ကျန်စစ်သားမင်းရဲ့ မိဖုရားတွေပါ။
အဲဒီမိဖုရားလေးပါးထဲမှာ မိဖုရားဦးဆောက်ပန်းက မထီးတူမ သမ္ဘူလဖြစ်ပြီး မိဖုရားအပယ်ရတနာကနေ သမီးတော်ရွှေအိမ်သည်ကို ဖွားမြင်တာဖြစ်ပါတယ်။ ကျန်စစ်သားမင်းကိုခေါ်တဲ့ တခြားအမည်နာမတွေကတော့ အမျိုးမျိုးရှိပါတယ်။ကျောက်စာတွေရဲ့ ဂြီတြိဘုဝနာဒိတျ ဓမ္မရာဇလို့ ခေါ်သလို ထိလိုင်မင်းလို့ လည်းခေါ်ပါတယ်။အလားတူ ထိလိုင်သျှင်လို့လည်းခေါ်ပြီး ကလန်စစ်သားလို့လည်း ခေါ်ပြန်ပါတယ်။ ကျန်စစ်သားဟာ ပုဂံပြည်မှာမင်းမဖြစ်မီ ထီးလှိုင်အရပ်ကိုအုပ်ချုပ်ခဲ့ဖူးတာကြောင့် ထီးလှိုင်သျှင်လို့ခေါ်တွင်တာ ဖြစ်တယ်လို့ ယူဆကြသလို ဂြီတြိဘုဝနာဒိတျဓမ္မရာဇဆိုတဲ့ ဘွဲ့အမည်ရဲ့ အနက်အဓိပ္ပာယ်ကတော့ ကျက်သရေရှိတဲ့ နေမင်း၊ တရားမင်းဖြစ်တယ်လို့ သမိုင်းဆိုင်ရာစာပေတွေမှာ ဆိုပါတယ်။ ကျန်စစ်သားမင်းကို ဖွားမြင်တဲ့နေရာက ပရိမ္မအရပ်ပါ။
အဲဒီအရပ်ဒေသက ချင်းတွင်းမြစ်ဝအနီး၊ လက်ဝဲမြစ်ကမ်းမှာရှိပါတယ်။ သက္ကရာဇ် ၄ဝ၂ ခုနှစ်လောက်က ဖွားမြင်တယ်လို့တော့ သမိုင်းဆိုင်ရာစာပေတွေမှာ ယူဆထားခဲ့ကြပါတယ်။ ကျန်စစ်သား ပုဂံမှာ မင်းဖြစ်တဲ့အချိန်က ၄၄၆ ခုနှစ် (ခရစ်နှစ် ၁ဝ၈၄ ခုနှစ်) ကဖြစ်ပြီး မင်းအဖြစ်အုပ်ချုပ်ခဲ့တဲ့သက်တမ်း ၂၈ နှစ်ကြာပြီးတဲ့နောက် သက်တော် ၇ဝ ကျော်အရွယ် ၄၇၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ရာဇဝင်တွေနဲ့ သမိုင်းကျောက်စာတွေအရတော့ ကျန်စစ်သားမင်းနဲ့ပတ်သက်တဲ့ ဖော်ပြချက်နဲ့အယူအဆတွေဟာ ကွဲလွဲမှုတွေ အမျိုးမျိုးရှိနေပါတယ်။ဒါပေမဲ့လည်း ကျန်စစ်သားမင်းဟာ စီမံအုပ်ချုပ်မှုစွမ်းရည်ရှိပြီး လက်ရုံးရည်နှလုံးရည်နဲ့ ပြည့်စုံတဲ့ မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်တယ်ဆိုတာကတော့ မြန်မာ့သမိုင်းဆိုင်ရာ အထောက်အထားအများစုက သက်သေခံနေပါတယ်။
#ZLann #ZLann_Podcast #ပုဂံခေတ် #ရွှေစည်းခုံကျောက်စာ
#ကျန်စစ်မင်း #ရွှေစည်းခုံစေတီတော် #Myanmar_History #Bagan