ခင်ပွန်းဖြစ်သူ ရာဇာဓိရာဇ်ရဲ့ ကြောင့်ကြေကွဲစရာဖြစ်ရပ်နဲ့ ဘ၀ဇာတ်သိမ်းခဲ့ရသူ “တလမေဒေါ”

မွန်ရာဇဝင်မှာ ချစ်ခြင်းကြောင့် ဒုက္ခဆင်းရဲရောက်ခဲ့သူ အမျိုးသမီးတစ်ယောက်ရှိခဲ့ဖူးပါတယ်။……

အဲဒါကတော့ မြန်မာ့သမိုင်းမှာ မသိသူမရှိလောက်အောင် ထင်ရှားကျော်ကြားလှတဲ့ မဂဒူးမင်းဆက်ရဲ့ ၉ ဆက်မြောက်မင်း ဟံသာ၀တီဘုရင် ရာဇာဓိရာဇ်ရဲ့ ပထမဆုံးဇနီးသည် “တလမေဒေါ” ပဲဖြစ်ပါတယ်။ ချစ်ရသူရဲ့ ရှောင်ဖယ်ကွင်းမှုတွေ၊ ဥပေက္ခာတွေကိုခံစားရပြီး နောက်ဆုံးမှာတော့ကြေကွဲစရာဖြစ်ရပ်နဲ့ ဘ၀ဇာတ်သိမ်းခဲ့ရသူ “တလမေဒေါ” ရဲ့ အကြောင်းဟာဆိုရင် ကြားသိရသူတိုင်းအဖို့ အလွန်ရင်နာဖို့ကောင်းလှသလို မခံမရပ်နိုင်လည်းဖြစ်ချင်စရာပါ။ ဒီကနေ့ရဲ့ “သိပြီးပြီလား” ကဏ္ဍမှာတော့ ရင်နဲ့ရင်းပြီး ချစ်ရသူကြောင့်ရရှိလာတဲ့ စိတ်ဒုက္ခဆင်းရဲကို ဘဝတစ်ခုလုံးစာ ခါးစည်းခံခဲ့ရတဲ့ “တလမေဒေါ” အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။

တလမေဒေါကို ခမည်းတော် မွန်ဘုရင် ဗညားဦးနဲ့ မယ်တော် စန္ဒာဒေဝီတို့က သက္ကရာဇ် ၁၃၆၈ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ခင်ပွန်းသည် ရာဇာဓိရာဇ်နဲ့ကတော့ အဖေတူ၊ အမေကွဲ မောင်နှမတွေ ဖြစ်ကြပါတယ်။ ရာဇာဓိရာဇ်ရဲ့ ငယ်နာမည်က ‘ဗသုန်ဗန်စက်’ ဖြစ်ပြီး နောင်အခါမှာတော့ ခမည်းတော် ဗညားဦးက ‘ဗညားနွဲ့’ ဆိုပြီး အမည်သတ်မှတ်ပေးခဲ့ပါတယ်။ ဗညားဦးဟာ သားဖြစ်တဲ့ ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ်ကို ငယ်စဉ်အရွယ်ကတည်းက ကြည်ဖြူခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ သမီးတော် ‘တလမေဒေါ’ ကိုတော့ အလွန်ချစ်မြတ်နိုးတယ်လို့ သိရပါတယ်။ ဗညားနွဲ့နဲ့ တလမေဒေါတို့ အရွယ်ရောက်ကြတဲ့အခါမှာတော့ ချစ်ကျွမ်းဝင်ကြခဲ့ကြပြီး ဒဂုံကို နှစ်ဦးသဘောတူထွက်ပြေးခဲ့ကြပါတယ်။ ဒါကို ဗညားဦးသိရှိသွားပြီးနောက်မှာတော့ ချက်ချင်းဆိုသလိုလိုက်လံဖမ်းဆီးစေခဲ့ပြီး မုညက်ရွာအရောက်မှာ နှစ်ယောက်လုံးကို ဖမ်းမိခဲ့ပါတယ်။

နဂိုကတည်းက အမြင်မကြည်တဲ့ ဖခင် ဗညားဦးဟာ သားဖြစ်သူ ဗညားနွဲ့ကို အစောင့်အကျပ်များစွာချထားပြီး အကျဉ်းချခဲ့ပေမဲ့ သမီးဖြစ်သူ တလမေဒေါကိုတော့ အပြစ်မမြင်ဘဲ ကောင်းမွန်စွာစောင့်ရှောက်ထားခဲ့ပါတယ်။ တလမေဒေါမှာ ဖခင်ကို ကြောက်ရတဲ့ကြားထဲကမှ အကျဉ်းကျနေတဲ့ ချစ်သူအတွက်လည်း များစွာပူဆွေးခဲ့ရပါတယ်။ ဒါကြောင့်လည်း ချစ်ရသူအတွက် ခမည်းတော်ဆီမှာ အသနားခံပေးဖို့ အရီးတော် မဟာဒေဝီကို အကြိမ်ကြိမ်ငိုယိုလျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ မဟာဒေဝီ အသနားခံပေးတာလည်း အချည်းနှီးဖြစ်ခဲ့ပြီး ဖခင် ဗညားဦးက “သင်းသည် ငါ့သားပင် မှန်သော်လည်း ရက်စက်သူဖြစ်သည်။ ငါ့ကို နှလုံးပူအောင်လုပ်သည်။ ငါသည် ခမည်းတော်မှန်သော်လည်း သူ့ကိုမချစ်” လို့ပြောဆိုကာ လွတ်မပေးဘဲ နေမြဲအတိုင်းသာ နေခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာ သမီးဖြစ်သူ တလမေဒေါလေး ရင်ကွဲပက်လက်နဲ့ နာမကျန်းလုနီးပါးဖြစ်လာမှ မဟာဒေဝီရဲ့ အသနားခံချက်ကို သဘောတူပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မဟာဒေဝီက ဗညားနွဲ့နဲ့ တလမေဒေါတို့ကို ကောင်းမွန်စွာ လက်ထပ်ပေးပြီး နန်းတော်အနီးအနားမှာပဲ အိမ်တစ်ဆောင်ဆောက်လုပ်ကာ အတူနေထိုင်စေခဲ့ပါတယ်။ အတန်ကြာတဲ့အခါ ဗညားနွဲ့နဲ့ တလမေဒေါတို့မှာ သားတော်လေးတစ်ပါး ဖွားမြင်ခဲ့ပြီး ဒီအခါမှာတော့ ဘိုးတော်ဖြစ်သူ ဗညားဉီးက ဝမ်းမြောက်ဝမ်းသာနဲ့ သူကိုယ်တိုင် မြေးဖြစ်သူကို “ဗောအဲလောကျန်းထော” လို့ အမည်ပေးခဲ့ပါတယ်။ မြန်မာရာဇဝင်မှာတော့ “ဗောလောကျန်းထော” ဆိုတဲ့ နာမည်နဲ့ဖော်ပြထားပါတယ်။ မကြာမီမှာပဲ ဟံသာဝတီအရပ်သားတွေကြားမှာ “မိန်းမအိုလျက်၊ ကြောက်ရှက် မရှု၊ ကာမေသုနှင့် နောင်ရေးအမှု၊ မစ္စုတရား၊ မစဉ်းစားမဆင်ခြင်၊ သူ့လင်ခိုးလို့ ကိုယ်နှင့်ယှက်သည့် အရီးတော်ကြီး” ဆိုတဲ့ တေးသီချင်းတစ်ပုဒ် ပေါ်လာပါတော့တယ်။ ဒီသီချင်းပေါ်လာပြီးနောက်မှာတော့ အရီးတော်မဟာဒေဝီက ရှင်ဘုရင်ဗညားဉီးရဲ့ နောက်ထပ်သမီး တော်တစ်ပါးဖြစ်တဲ့ ‘တလမေသီရိ’ ရဲ့ကြင်ဖက် ‘သမိန်မရူး’ နဲ့ တိတ်တိတ်ပုန်းဖောက်ပြားခဲ့တယ်လို့ သတင်းတွေထွက်ပေါ် လာပါတယ်။ သမိန်မရူးနဲ့ ဗညားနွဲ့တို့ကြားမှာလည်း အမျက်သင့်ကြတဲ့ ကိစ္စလေးတွေရှိခဲ့တာကြောင့် အရီးတော် မဟာဒေဝီက သမိန်မရူးရဲ့စကားတွေကို နားယောင်ပြီး ဗညားနွဲ့ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အမျိုးမျိုးဇာတ်လမ်းဆင်ပါတော့တယ်။

ဒီအခါမှာတော့ အန္တရာယ်အရိပ်အခြေကို သဘောပေါက်တဲ့ ဗညားနွဲ့က ဒဂုံကိုတိမ်းရှောင်ပြီးပုန်ကန်ခဲ့လေရာ ဇနီးသည် တလမေဒေါနဲ့ သားတော်လေးကတော့ ဟံသာဝတီနေပြည်တော်မှာပဲ ကျန်ရစ်ခဲ့ရှာပါတယ်။ အဲဒီအချိန်မှာ ဖခင်ဗညားဦးကလည်း ညီလာခံမထွက်နိုင်လောက်အောင် နာမကျန်းဖြစ်နေခဲ့တာကြောင့် နန်းပြင်ပက အခြေအနေတွေကို မသိရှိခဲ့ပါဘဲ မဟာဒေဝီရဲ့ ပြောစကားကိုသာ နားထောင်နေခဲ့ရပါတယ်။ ဒါကြောင့်လည်း သားတော်ဗညားနွဲ့အပေါ်မှာ အထင်လွဲပြီးရင်း လွဲနေခဲ့ပြီး ဗညားနွဲ့တစ်ယောက် ဒဂုံမြို့မှာ ပုန်ကန်ပြီဆိုတဲ့ သတင်းကြားတဲ့အခါတော့ ဗညားဦးက သမီးတော် တလမေဒေါကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ တလမေဒေါက ဗညားနွဲ့က သူတို့သားအမိကို ချစ်ခင်ယုယမှန်း ဖခင်ဖြစ်သူနဲ့ အရီးတော်မဟာဒေဝီတို့ သိသွားခဲ့ပါက ဒီအချက်ကိုအသုံးချပြီး ဗညားနွဲ့ကို နေပြည်တော်ဆီပြန်ခေါ်ကာ ကွပ်မျက်ကြမှာဖြစ်ကြောင်းကို တွေးတော ဆင်ခြင်မိတာကြောင့် “ဗညားနွဲ့က သမီးတော်အား မယားမမှတ်၊ မလေးမမြတ်၊ အဖက်မလုပ်သည်မှာ မနည်းကြာပြီ၊ ရှင်ပင်ဘုရားမှာလည်း ဤမျှရောဂါကြီး၍ ကျန်းတော်မမူ သောကြောင့် နန်းတော်သို့တက်၍ သမီးတော်မလျှောက်ဝံ့ပါဘုရား” ဟု လှီးလွှဲပြီးဖြေဆိုခဲ့ပါတယ်။ နောက်ပိုင်းတွေမှာလည်း တလမေဒေါမှာ ဖခင်နဲ့ခင်ပွန်းသည်တို့အကြား လိုအပ်သည်များကို ဖာထေးပြောဆိုရင်းနဲ့ အားကိုးစရာခင်ပွန်းမရှိတဲ့ နန်းတော်ထဲမှာ သားအမိနှစ်ယောက် သတိထားနေထိုင်ခဲ့ရပါတယ်။

နောင်များမှာတော့ တလမေဒေါဟာ ရှေ့ရေးကိုကြိုတင်မြင်ယောင်ပြီး ပြောခဲ့လေသလားလို့ မေးခွန်းထုတ်ရလောက်တဲ့ ဖြစ်ရပ်တွေပေါ်ပေါက်လာပါတော့တယ်။ အဲဒါကတော့ ဗညားနွဲ့ဟာ ဒဂုံမှာရှိနေစဉ်အချိန်အတွင်း ဆီသည်မ “မွေမနိတ်”ကို မယားအဖြစ်ကောက်ယူ ပေါင်းသင်းနေထိုင်ခဲ့တာပါပဲ။ မွေမနိတ်က အပျိုစင်တစ်ယောက်မဟုတ်ဘဲ အိမ်ထောင်သည် အမျိုးသမီးဖြစ်ပြီး သူမရဲ့ယောကျာ်းကတော့ “မချွပ်စွပ်”ဖြစ်ပါတယ်။ ဗညားနွဲ့က ဒီအကြောင်းအရာကို သိလျက်နဲ့ပင် မွေမနိတ်ကို ဒဂုံဆီလိုက်ပါဖို့ခေါ်ယူခဲ့ပါတယ်။ ဒီအခါမှာတော့ မချွပ်စွပ်က ဟံသာ၀တီပဲခူးကို တစ်ကိုယ်တည်းထွက်ပြေးခဲ့ပြီး မဟာဒေဝီထံ အခစားဝင်ရောက်ကာ အဖြစ်အပျက် အလုံးစုံကို လျှောက်တင်ခဲ့ပါတယ်။ မဟာဒေဝီကလည်း ရှင်ဘုရင့်ထံ ကုန်းတိုက်ပြောခဲ့တာကြောင့် ဒီစကားကိုကြားတဲ့အခါမှာ တလမေဒေါခမျာလည်း အကြီးအကျယ် စိတ်ထိခိုက်ရှာပါတော့တယ်။

ဗညားနွဲ့ရဲ့ လုပ်ရပ်ဟာ ဘ၀နဲ့ရင်းပြီးချစ်ခဲ့ရတဲ့ ဇနီးသည်အဖို့ အသည်းနာစရာကောင်းတယ်ဆိုပေမဲ့လည်း တလမေဒေါကတော့ သူ့ရဲ့ လင်တော်မောင် အသက်အန္တရာယ်ကင်းနိုင်ဖို့အတွက် တတ်နိုင်သမျှအကောင်းဆုံးကာကွယ်ပေးခဲ့သူပါ။ ဒီအချိန်မှာ မဟာဒေဝီက ဗညားနွဲ့ကို နေပြည်တော်ဆီပြန်လာဖို့ အကြိမ်ကြိမ်ခေါ်ယူနေခဲ့တာကြောင့် ဗညားနွဲ့က အထိန်းတော် “မွေ့အဲလော” ကို သူ့ဆီ အရင်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ မဟာဒေဝီက ခွင့်ပြုလိုက်တာကြောင့် “မွေ့အဲလော” ကလည်း တလမေဒေါထံ လာရောက်ပြီး မင်းသားရှိရာအရပ်ကို သွားမှာဖြစ်တဲ့အတွက် ဘယ်လိုလက်ဆောင်ပဏ္ဏာတွေ ပါးလိုက်ချင်သလဲလို့ မေးမြန်းခဲ့ပါတယ်။ ဒီအခါမှာတော့ တလမေဒေါက သူမအနေနဲ့ ပေးစရာလက်ဆောင် အထူးအထွေမရှိကြောင်း၊ ဆီအိုးတစ်လုံးနှင့် ချိန်ခွင်ကိုသာပေးဆိုကာ ဆီအိုးနဲ့ချိန်ခွင်ကို ထည့်ပေးလိုက်ပြီး “ငါ့မှာ အခြားပစ္စည်းကောင်းတွေရှိပေမဲ့ ဒဂုံသူနဲ့ သင့်တော်မဲ့ ပစ္စည်း နှစ်မျိုးကိုပဲ ထည့်ပေးလိုက်တယ်ဆိုပြီး အမယ့်သားကိုပြောလိုက်ပါ။ ငါ့မှာ သူ ဒဂုံကိုသွားမယ်ဆိုတော့လည်း မတားခဲ့ပါဘူး။ ငါ့အတွက် ဘာပစ္စည်းမှမထားခဲ့လည်း မငြိုငြင်ခဲ့ပါဘူး။ ငါက သူ့ရဲ့ငယ်ချစ်မယားပါ။ ငါတို့က ငယ်ငယ်ကတည်းက ချစ်လို့ပေါင်းလာကြတဲ့ လင်မယားတွေပါ။ ဒါကိုသိပါရက်နဲ့ ငါ့အပေါ်ကို သူလုပ်ရက်လွန်းတာရင်တွေနာလှပါတယ်။ အမယ့်သားက ငါ့အပေါ်မေတ္တာမရှိတော့ပေမဲ့ ငါကတော့ သူ့ကိုအမြဲသတိရနေကြောင်းပြောပေ ပါ။ ငါ့ကို ဒုက္ခအပူပေးပေမဲ့ သူ့ကျေးဇူးတရားတွေကို အမြဲအောက်မေ့နေတယ်ဆိုတာလည်း သိသာအောင်ပြောလိုက်ပါ” ဆိုတဲ့ စကားတွေကို မျက်ရည်မကျအောင် အံခဲလို့ ပြောရှာခဲ့ပါတယ်။

ဒီစကားတွေကို မွေ့အဲလောဆီကနေတစ်ဆင့် ပြန်ကြားရတဲ့အခါမှာတော့ ဗညားနွဲ့က ဟက်ဟက်ပက်ပက်ရယ်မောကာ လက်ခုပ်လက်ဝါးတီးပြီး “ ဒီပစ္စည်းတွေကို ရှင်မနိတ်ငယ်ဆီ ပေးခိုင်းလိုက်တာကိုက မိန်းမမာယာပဲကိုး” လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ မွေ့အဲလောဟာ ပဲခူးကိုပြန်ရောက်တဲ့အခါမှာတော့ တလမေဒေါလေး သနားလွန်းတာကြောင့် မင်းသား ကျန်းမာကြောင်း၊ သခင်မ မျက်နှာမြင်ရဖို့ စိတ်အားထက်သန်နေကြောင်းနဲ့ သားတော်လေးကို သိပ်မဆူဖို့မှာလိုက်ကြောင်း စသဖြင့် စကားတွေသာ ပြန်လည်လျှောက်တင်ပြီး စိတ်အားငယ်နေတဲ့သခင်မကို စိတ်သက်သာရာရစေခဲ့ပါတယ်။ ဒါပေမဲ့ မကြာမီမှာပဲ ဗညားနွဲ့တစ်ယောက် ဟံသာဝတီနေပြည်တော်ကို သိမ်းပိုက်အောင်မြင်လို့ ဆီသည်မ ‘မွေမနိတ်’ ကို မိဖုရားခေါင်ကြီး ဘွဲ့ထူး ချီးမြှင့်လိုက်ပြီဆိုတဲ့ သတင်းဟာ တလမေဒေါရဲ့ရင်၀ကို ဓားနဲ့စိုက်သလို ခံစားရစေခဲ့ပါတယ်။ ဗညားနွဲ့ဟာ ဟံသာဝတီ နေပြည်တော်ဆီ ပြန်ရောက်လာတဲ့အချိန်ထိ တလမေဒေါတို့သားအမိကို လာမတွေ့ခဲ့ဘဲ မွေမနိတ်နဲ့အတူ ရာဇပလ္လင်အထက် ထိုင်ပြီးကာမှ တလမေဒေါတို့ သားအမိကို အခေါ်လွှတ်ခိုင်း ခဲ့ပါတယ်။ ဒီအခါ တလမေဒေါရဲ့ ဝမ်းနည်းမှုက ဒေါသတွေ၊ နာကျင်ခြင်းတွေအဖြစ်ဆီကို ကူးပြောင်းလို့နေပါပြီ။ ဒါကြောင့် သည်းထန်စွာ ငိုကြွေးရင်းကနေ ဘိသိက်ပွဲကိုမလာနိုင်ဘူးလို့ ငြင်းဆန်လိုက်ပါတော့တယ်။ တလမေဒေါက ဒီလိုငြင်းဆန်လိုက်ပေမဲ့လည်း ဗညားနွဲ့ဟာ သားတော်ကိုချီပြီး မွေမနိတ်လက်ကို ဆွဲလို့ ဘိသိက်ခံကာ “ရာဇာဓိရာဇ်” ဘွဲ့ကို ခံယူတော်မူခဲ့ပါတယ်။

ဘုရင်အဖြစ်ရောက်ရှိပြီးချိန်မှာတော့ တလမေဒေါကို သူ့ရဲ့နန်းတက်ပွဲဆီ မလာရောက်ကောင်းလားဆိုပြီး အမျက်တော်ရှကာ စည်းစိမ်နဲ့ ကျေးကျွန်တွေကို သိမ်းယူခဲ့ပါတယ်။ ဒါ့အပြင် သူနဲ့ တလမေဒေါတို့ လက်ထပ်ကြစဉ်တုန်းက ခမည်းတော် ဗညားဦး ပေးသနားလက်ဖွဲ့ခဲ့တဲ့ လက်စွပ် ၁၂ ချည်ကိုလည်း မိဖုရားခေါင်ကြီး “ပီယရာဇာဒေဝီ”ကို ချီးမြှင့်ဖို့အတွက် အမတ်ဒိန် ကို တောင်းယူခိုင်းခဲ့ပါတယ်။ တလမေဒေါအတွက်ကတော့ လက်စွပ်ရဲ့တန်ဖိုးထက် လက်ထပ်မင်္ဂလာတန်ဖိုးကသာ ပိုပြီးတွယ်တာရာ ဖြစ်တာကြောင့် အမတ်ဒိန်ရဲ့စကားကို အတင်းငြင်းဆန်ပြီး လက်စွပ်၁၂ ချည်ကို ဆံထုံးထဲမှာထားကာ “ငါ့ခေါင်းက ဖြုတ်ယူမှ ရမယ်” လို့ ပြောဆိုခဲ့ပါတယ်။ အမတ်ဒိန်က ဒီအချင်းအရာကို ရာဇာဓိရာဇ်ထံ ပြန်လည်လျှောက်တင်တဲ့အခါတော့ “တလမည်ဒေါရဲ့ ဆံထုံးကိုဖြေပြီး ယူငင်စေ” လို့ အမိန့်တော်ချမှတ်လိုက်ပါတယ်။

နောက်ဆုံးမှာတော့ “ငါ့ဆံထုံးကိုတော့ အထိမခံနိုင်” လို့ဆိုပြီး တလမေဒေါက သူကိုယ်တိုင်ပဲ လက်စွပ် ၁၂ချည်ကို ထုတ်ပေးလိုက်ပါတယ်။ လက်စွပ်ကိုရရှိကြောင်းကို ရာဇာဓိရာဇ် သိတဲ့အခါမှာ ချက်ချင်းပဲ “ပီယရာဇာဒေဝီကို ပေးစေ”လို့ အမတ်ဒိန်ကို ခိုင်းစေပါတယ်။ ဒီအချိန်မှာ တလမေဒေါရဲ့ နာကျင်မှုတွေက အဆုံးစွန်အထိ ရောက်နေခဲ့ပါပြီ။ နှလုံးသားက အပူမီးကို ဦးနှောက်ကတားဆီးနိုင်စွမ်းမရှိတော့တဲ့အခါမှာတော့ တလမေဒေါဟာ မတတ်သာတဲ့အဆုံး ထွက်ပေါက်တစ်ခုကို ရွေးချယ်ခဲ့ပါတယ်။ အဲဒါကတော့ ဖုံမသိန်နဲ့သံပုရာကို ရောစပ်ပြီး သောက်သုံးလိုက်တာပါပဲ။ ချစ်သူရဲ့ဥပေက္ခာကြောင့် ရှင်လျက်နဲ့ သေမတတ်ခံစားရတဲ့ နာကျင်ခြင်းတွေအစား တလမေဒေါက သေလမ်း ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။ တလမေဒေါရဲ့နာမည်ဟာ ရာဇဝင်မှာတော့ ထင်ရှားစွာ မကျန်ရစ်ခဲ့ပေမဲ့ ပဒေသရာဇ်ခေတ်မှာ မိန်းမသားတစ်ယောက်ဖြစ်ရတဲ့ နာကျင်မှုနဲ့ဖိနှိပ်ခံရမှုတွေကို သူ့ဘဝနဲ့ရင်းပြီး မီးမောင်းထိုးပြပေးခဲ့သလို မေတ္တာတရားကို အသက်ဆုံးသည့်တိုင် ဦးထိပ်ပန်ဆင်သွားခဲ့တဲ့ အမျိုးသမီး တစ်ယောက်ရဲ့ နှလုံးသားကိုလည်း လှစ်ဟပြသပေးခဲ့ပါတယ်။

နောက်လာမဲ့ “သိပြီးပြီလား” ကဏ္ဍမှာရော ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းအကြောင်းအရာတွေ၊ ဖြစ်ရပ်တွေကို တင်ဆက်ပေးသွားမလဲဆိုတာ စောင့်မျှော်ရှုစားအားပေးကြပါဦးနော်။ ဖတ်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်တစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 🥰🙏

YouTube ❤ https://youtube.com/@zlann_podcast
Podcast ❤ https://podcasters.spotify.com/pod/show/z-lann

#ZLann #ZLann_Podcast #တလမေဒေါ

More Interesting Blogs from Zlann