“ခေတ်စမ်းစာပေလောကကို ဦးဆောင်ခဲ့သူ ဆရာသိပ္ပံမောင်ဝ (ခေါ်) ဦးစိန်တင်”

ဆရာကြီး သိပ္ပံမောင်ဝကတော့ မောင်လူအေးနဲ့ မောင်လူမွှေးတို့လို့ လူကြိုက်များတဲ့ ဆောင်းပါးတွေနဲ့ ဇာတ်ကောင် တွေကို ဖန်တီးရေးသားခဲ့သူဖြစ်ပါတယ်။ ဒါအပြင် ၁၉၃၀ ခုနှစ်ဝန်းကျင်က ပေါ်ပေါက်ခဲ့တဲ့ ခေတ်စမ်းစာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူဖြစ်တဲ့အပြင် အိုင်စီအက်စ် (ICS) အရာရှိကြီးတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
ဆရာကြီး သိပ္ပံမောင်ဝကို ၁၈၉၉ ခုနှစ်၊ဇွန်လ ၅ရက်နေ့က မော်လမြိုင်မြို့၊ မုပွန်၊နတ်ကျွန်းရပ်မှာ အဖ ဦးအုန်းရွှေ ၊အမ ိဒေါ်သစ်တို့မှ ဖွားမြင်ခဲ့တာဖြစ်ပြီး အမည်ရင်းက ဦးစိန်တင်ဖြစ်ပါတယ်။ ငယ်စဉ်မှာ မိခင်ဆုံးပါးသွား တာကြောင့် အဖွားနဲ့ အဒေါ်ဖြစ်သူတို့ လက်မှာ ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၀၅ ခုနှစ်မှာတော့ မုပွန်ရပ်ရှိ ဆရာဦးချစ်လှကျောင်းမှာ စတင်ပညာသင်ကြားခဲ့ပါတယ်။ အဲဒီနောက် မောင်ငံရပ် ရှိ စိန့်အောဂတ်စတင်း အက်စ်ပီဂျီ (S.t.Augustine’s Society for the Propagation of the Gospel) သာသနာပြုကျောင်းသို့ ပြောင်းရွှေ့ပြီး သတ္တမတန်းအထိ ပညာသင်ကြားခဲ့ပါတယ်။
ကျောင်းပညာသင်ယူနေစဉ် အတွင်း အဘိုးဖြစ်သူ ဦးလူကလေးထံမှ ဝတ္ထုပုံပြင်နဲ့ ရာဇဝင်တွေ၊ အဖွားဖြစ်သူ ထံမှ မြန်မာ့ရိုးရာဓလေ့ထုံးတမ်း တွေ၊ဘကြီးဖြစ်သူ တောင်ဝိုင်းကြီး ရွှေကျင်တိုက်ဘုန်းတော်ကြီး ဦးပညာဇောတ ထံမှ ပါဠိ မြန်မာ ဘာသာဆိုင်ရာ ဗဟုသုတတွေကို လေ့လာဆည်းပူးခဲ့ပါတယ်။
စာဖတ်ဝါသနာပါတဲ့ ဆရာကြီးသိပ္ပံမောင်ဝ ဟာ မဟာဇနကဇာတ်တော်ဝတ္ထု၊ သန်းသန်းဝတ္ထု၊ ခင်မြင့်ကြီးဝတ္ထုနဲ့ ဘီအေမောင်ဘလွင်ဝတ္ထုတွေကို စွဲစွဲလမ်းလမ်းဖတ်ရှုပြီးတဲ့နောက် ကျောင်းနေဖက် သူငယ်ချင်းတွေကို ပြန်လည်ပြောပြလေ့ရှိပါတယ်။
သတ္တမတန်းစာမေးပွဲကို အောင်မြင်ပြီးတဲ့နောက် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ရှင်မဟာ ဗုဒ္ဓဃောသ ကျောင်းကြီးမှာ ပညာ သင်ကြားနေစဉ် “ဝဇီရာတင့်” အမည်နဲ့ မြန်မာသတင်းစာတွေမှာ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။
ဆယ်တန်း စာမေးပွဲကို မြန်မာဘာသာ ၊ပါဠိဘာသာ ဂုဏ်ထူးတို့နဲ့ အောင်မြင်ခဲ့ပါတယ်။ရန်ကုန်ကောလိပ် သိပ္ပံကျောင်းမှာ တက္ကသိုလ်ပညာကိုသင်ကြားရင်း ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက် ခဲ့တာကြောင့် ကျောင်းထွက်ပြီး ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်းမှာ ကျောင်းဆရာအနေနဲ့ လုပ်ကိုင် ခဲ့ပါတယ်။ သပိတ်ပြီးဆုံးပြီးနောက် ကောလိပ်သိပ္ပံကျောင်းသို့ ပြန်လည်တက်ရောက်ပြီး ဥပစာဝိဇ္ဇာကျောင်းသား (အိုင်အေ ဂျူနီယာ) အဖြစ် ပညာသင်ကြားခဲပါတယ်။
၁၉၂၄ ခုနှစ် အိုင်အေ အထက်တန်းစာမေးပွဲမှာ မြန်မာဘာသာ ပထမ ဆုရရှိခဲ့ပါတယ်။ ကျောင်းအုပ်ကြီး ချီးမြှင့်တဲ့ တစ်လ ငွေနှစ်ဆယ်ကျပ် ကို နှစ်နှစ်တိတိရရှိခဲ့ပြီး နှစ်နှစ်ပြည့်တဲ့အခါ အစိုးရထောက်ပံ့ငွေ တစ်လ နှစ်ဆယ့် ငါးကျပ် ကိုလည်း ထပ်မံ ရရှိခဲ့ပါတယ်။
၁၉၂၇ ခုနှစ် ဘီအေစာမေးပွဲမှာ မြန်မာဘာသာ ကို ပထမတန်း ဂုဏ်ထူးတန်းနဲ့အောင်မြင်ခဲ့တာကြောင့် ဒယ်လီဂျမ်ရှယ်ဂျီနယ် ဆုတံဆိပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
ကောလိပ်သိပ္ပံကျောင်းမှာ ပညာသင်ကြားနေစဉ် ပါမောက္ခဦးဖေမောင်တင်၊ ပုဂံဝန်ထောက်ဦးတင်၊ ဂုဏ်ထူး ဆောင် ဆရာကြီး ဦးပွားနဲ့ အဂ္ဂမဟာ ပဏ္ဍိတဦးလင်း တို့ထံမှ ပုဂံကျောက်စာကစလို့ ပျို့၊ လင်္ကာ၊ ရာဇဝင်၊သမိုင်း တို့အပြင် ကာလပေါ်ဝတ္ထုတွေအထိပါ အပတ်တကုတ် လေ့လာမှတ်သားခဲ့သူဖြစ်ပါတယ်။ ဒါအပြင် မြန်မာစာနဲ့ပတ်သက်လို့ မြန်မာမှုဆိုင်ရာ ပေစာ၊ပုရပိုက်စာ၊ ပုံနှိပ်စာအမျိုးမျိုးတို့ကစပြီး မြန်မာ့ရှေးဟောင်း ပြဇာတ်တွေအထိပါ ရှာဖွေဖတ်ရှုလေ့လာခဲ့သူလည်းဖြစ်ပါတယ်။ ကောလိပ်က ထုတ်ဝေတဲ့ လက်ရေးစာစောင်နဲ့ ပုံနှိပ်စာစောင်တွေမှာ ဆောင်းပါးတွေကို ဝင်ရောက်ရေးသားခဲ့ပါတယ်။ တကောင်းကျောင်းဆောင် မှာနေတဲ့အချိန်အတောအတွင်း မိမိစာရေးတာကို မသိစေချင်တာကြောင့် ‘နေရပ်ချောင်က လူမည်မောင်ဝ’ ဆိုတဲ့ ကလောင်အမည်ကိုခံလိုက်ရာကနေ သိပ္ပံမောင်ဝဆိုတဲ့ အမည် တွင်ခဲ့ပါတယ်။
ရန်ကုန်ကောလိပ်သိပ္ပံကျောင်းမှ ဝိဇ္ဇာဘွဲ့ရရှိပြီးနောက် အဲဒီမှာပဲ နည်းပြဆရာအဖြစ်အလုပ်ဝင်ခဲ့ပါတယ်။ အလုပ်ဝင်ပြီး ငါးလခန့်ကြာတဲ့အခါမှာတော့ ဆရာကြီးဟာ အိုင်စီအက်စ်လို့ခေါ်တဲ့ အိန္ဒိယ ပဋိညာဉ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာမှာ အောင်မြင်ခဲ့တာကြောင့် နိုင်ငံ့ဝန်ထမ်း ပညာတော်သင်အဖြစ်ရွေးချယ်ခံရပြီး အင်္ဂလန် နိုင်ငံ၊ အောက်စဖိုဒ့်တက္ကသိုလ်၊ ခရိုက်ချပ်ချ်ကောလိပ်မှာ ၁၉၂၇-၁၉၂၉ အထိနှစ်နှစ်ခန့် ပညာသင်ကြားခွင့် ရခဲ့ပါတယ်။ဆရာကြီးဟာ ဗြိတိသျှအစိုးရရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တာကြောင့် မိမိရေးလိုတဲ့ အကြောင်းအရာ တွေကို လွတ်လွတ်လပ်လပ်ရေးခွင့်မရခဲ့ပါဘူး။ ဒါကြောင့် ပညာတော်သင်ရောက်နေစဉ်ကာလအတွင်း သိပ္ပံကျောင်းသား မောင်မြသွင် ဆိုတဲ့ကလောင်အမည်ကိုသုံးပြီး မြန်မာစာပေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို သူရိယနေ့စဉ်သတင်းစာမှာ ဆောင်းပါးရှည် အဖြစ် ရေးသားခဲ့ပါတယ်။
၁၉၂၉ ခုနှစ် မှာ အင်္ဂလန်မှ ပြန်လည်ရောက်ရှိလာခဲ့ပြီး မော်လမြိုင် ဒိုင်းဝန်ကွင်း ဆီဆုံရပ်နေ ပညာဝန်ထောက် ဦးချစ်စု၊ဒေါ်သိန်းရင် တို့ရဲ့ သမီး မလှသန်းနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ဇနီးဖြစ်သူနဲ့ ကိုးလခန့်သာ ပေါင်းသင်း ခဲ့ရပြီး ဇနီးဖြစ်သူကွယ်လွန်ပါတယ်။ဆရာကြီးဟာ နိုင်ငံတော်ဝန်ထမ်း အိုင်စီအက်စ် အနေနဲ့ စစ်ကိုင်း၊ မိတ္ထီလာ၊ မင်းဘူး၊ ဟင်္သာတ၊ မြောင်းမြ၊ ဇလွန်၊ညောင်တုန်း၊ရန်ကုန်(အင်းစိန်)၊ စလင်း၊ ကျောက်ဆည်၊ ရွှေဘို၊ မန္တလေး စတဲ့ မြို့ပေါင်း ၁၂ မြို့မှာ ရာထူးဌာနအမျိုးမျိုးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၃၂ ခုနှစ်မှာတော့ ကျိုက်လတ်မြို့ ဆန်စက်ပိုင်ရှင် ဦးဘိုးကြီး၊ ဒေါ်ချစ်တို့ရဲ့ သမီး မခင်မြင့်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။
ဆရာကြီးဟာ သိပ္ပံကျောင်းသား မောင်မြသွင်အနေနဲ့ ဆောင်းပါးတွေရေးနေစဉ် သိပ္ပံမောင်ဝ၊ တင်မောင်မြင့်၊ မောင်သံချောင်း၊ တင့်တင့်၊ ကောလိပ်ခင်ခင် စတဲ့ ကလောင်အမည်တွေကိုသုံးပြီး စာနယ်ဇင်း အများအပြားမှာ ရေးသားခဲ့ပါတယ်။
ဆရာကြီးရဲ့ အကြီးမားဆုံး ဆန္ဒတစ်ရပ်က မြန်မာစာပေကို တိုးတက်အောင် ဆောင်ရွက်လိုခြင်း ဖြစ် ပါတယ်။ ဒါကြောင့်လည်း မင်းပိုင်းစိုးပိုင်း သူဋ္ဌေးသူကြွယ်ပိုင်းက မြန်မာစာကိုလျစ်လျူရှုထားတဲ့ အချိန်၊ မြန်မာ စာပေ ပညာရှိအပိုင်းကလည်း မြန်မာစာကို သူတို့သာကျွမ်းကျွမ်းကျင်ကျင်တတ်တယ်ဆိုပြီး ယူဆထားတဲ့ အချိန်မျိုးမှာ သိပ္ပံကျောင်းသားတွေကလည်း စာပေဖန်တီးနိုင်တဲ့ အစွမ်းရှိတယ်ဆိုတဲ့ သဘောနဲ့ ကလောင် နာမည်ရှေ့မှာ သိပ္ပံဆိုတဲ့ စကားကိုတပ်ထားတာ ဖြစ်ကြောင်း သူကိုယ်တိုင် ပြောကြားခဲ့ပါတယ်။ ‘မြန်မာစာပေတိုးတက်ရေးသည် ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်၊ ကျွန်ုပ်တို့ပြုမှနုမည့် မြန်မာစာဖြစ်ပါသည်၊ ကြိုးစားကြစို့’ ဆိုပြီးလည်း သူရေးသားတဲ့ စာတစ်ခုမှာ အများပြည်သူကို တိုက်တွန်းနှိုးဆော်ထားပါတယ်။
မြန်မာစာပေတိုးတက်ရာ တိုးတက်ကြောင်းအတွက် မြန်မာစာပေတစ်မျိုးတည်းဖတ်ရှုနေရုံနဲ့မပြီးသေးပဲ အခြား စာပေတွေကိုလည် ဖတ်ဖို့လိုအပ်ကြောင်း ဆရာကြီးက ယုံကြည်ထားပါတယ်။ မြန်မာစာပေဟာ ဝေဖန်ချက် စာတွေရေးသားရာမှာ အားနည်းနေသေးတာကြောင့် အင်္ဂလိပ်ဝေဖန်ချက်စာပေတွေနဲ့ Essays တွေကို ရှာဖွေ ဖတ်ရှု သင့်တယ်လို့လည်း ဆိုပါတယ်။
ဆရာကြီးဟာ စကားပြေအရာမှာ အလွန်ကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။ အရေးအသားအဖွဲ့အနွဲ့ အလွန်ကောင်း ပြီး သူရေးတဲ့ စာပေတွေက လူ့သဘာဝစရိုက်တွေနဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အရင်းတည်ပြီး ရေးသားထားတာဖြစ်ပါတယ်။ သာမန် ပျင်းဖို့ကောင်းတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို လူအများဖတ်ချင်စဖွယ်ဖြစ်အောင်ရေးသားနိုင်သူဖြစ်ပါတယ်။
ဆရာကြီးရေးသားခဲ့တဲ့ စာတွေကိုလေ့လာရခြင်းအားဖြင့်လည်း သူဟာ ပညာရှိ၊ပညာတတ်တို့ကို ချစ်ခင် လေးစားတတ်သလို ပတ်ဝန်းကျင်လောကကိုလည်း အယုတ် အလတ် အမြတ်မရွေး ရိုသေလေးစား တတ်သူတစ်ယောက်ဖြစ်တဲ့အပြင် သဘောထားကြီးသူတစ်ယောက်လည်းဖြစ်တာကို တွေ့ရပါတယ်။
ဝတ္ထု၊ ဝတ္ထုဆောင်းပါး၊ ပြဇာတ်၊ အတ္ထုပ္ပတ္တိ၊ ခရီးသွားစာပေ၊ နေ့စဉ်မှတ်တမ်း၊ စာပေဝေဖန်ရေး အစရှိတဲ့ စာပေ အမျိုးအစား စုံစုံလင်လင် ရေသားခဲ့သူလည်းဖြစ်ပါတယ်။
ဆောင်းပါးရှည်တွေကိုလည်း ရေးသားခဲ့သလို ခေတ်စမ်းစာပေလှုပ်ရှားမှုကိုလည်း တက္ကသိုလ်ကျောင်းသား စာရေးဆရာတွေဖြစ်ကြတဲ့ ဇော်ဂျီ၊ မင်းသုဝဏ်၊မောင်ထင်၊ မောင်သုတ၊ ကုသ၊ ဧမောင်တို့နဲ့ ပူးပေါင်းပြီး ခေတ်စမ်းပုံပြင်များ ကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံသုတေသနအသင်းအတွက် “ ရတနာကြေးမုံ ”ရှေးဟောင်းဝတ္ထုကြီးကိုလည်း တည်းဖြတ်ပေးခဲ့ပါတယ်။ ဆရာကြီးက မိမိကိုယ်ကိုယ် ဇာတ်ကောင် မောင်လူအေး အနေနဲ့ ဖန်တီးရေးသားတဲ့ ဆောင်းပါးတွေမှာ မောင်လူမွှေး၊ မယ်မွှေး၊ မယ်ကေးစတဲ့ သူ့ရဲ့ သားသမီးတွေ အကြောင်း ထည့်သွင်းရေးသားလေ့ရှိပါတယ်။
အင်္ဂလန်မှာပညာသင်နေချိန် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ‘ အောက်စဖိုဒ်တက္ကသိုလ်’ဆိုတဲ့ နေ့စဉ် မှတ်တမ်းတစ်ခုရေးသားခဲ့သလို ဒုတိယကမ္ဘာစစ်အတွင်းက အဖြစ်အပျက်တွေကိုလည်း ‘ စစ်အတွင်း နေ့စဉ် မှတ်တမ်း’ ဆိုပြီး သူ မကွယ်လွန်မီ အချိန်အထိရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ ဝတ္ထုအနေနဲ့ လှအုန်းမယ် ဝတ္ထုကိုရေးသားခဲ့ပါတယ်။ဆရာကြီးဟာ သိပ္ပံမောင်ဝအမည်အပြင် ကလောင်ခွဲ ၅၇ ခုလောက် အထိရှိခဲ့ပြီး စာပေမျိုးစုံ ရေးသားခဲ့ပါတယ်။
ဆရာကြီးဟာ မြန်မာစာပေတိုးတက်မြင့်မားဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေစဉ်မှာပဲ ဓားပြလူဆိုးတို့ရဲ့ လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်၊ ဂျပန်အဝင် ဗြိတိသျှတို့အထွက် မှာတော့ ဆရာကြီးတို့ မိသားစုကလည်း အင်္ဂလိပ်အရာရှိတို့နည်းတူ စစ်ရှောင်ကြပါတယ်။အဲဒီလို စစ်ရှောင်ရင်း ကန့်ဘလူမြို့နဲ့ ဆယ်မိုင်ခန့်အကွာ ဂါးဒါးဆည်ကြီးရွာကို ရောက်ရှိနေခိုက် ၁၉၄၂ ခုနှစ်၊ ဇွန်လ ၆ ရက် မနက် ဝေလီဝေလင်း အချိန်မှာ ဓားပြလူဆိုးတို့ရဲ့ အထင်မှား လက်လွန်မှုကြောင့် ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီးရဲ့ အသက် ၄၃ နှစ်ပြည့်ပြီး နောက်တစ်ရက်မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
မြန်မာစာပေသမိုင်းမှာ ကာရန် အချိတ်အဆက်ရှိတဲ့ စကားပြေတွေကိုသာ လက်ခံကြတဲ့ အခြေအနေ ကနေ စကားပြေရိုးရိုးကို အရေးပေးလာတဲ့ အခြေအနေရောက်အောင် စွမ်းဆောင်ခဲ့ကြတဲ့ စာရေးဆရာတွေထဲမှာတော့ ဆရာကြီး သိပ္ပံမောင်ဝလည်း အပါအဝင်ဖြစ်ပါတယ်။ လွမ်းစရာ၊ ဆွေးစရာ တွေကို ရေးလေ့ရေးထမရှိဘဲ ကြားမြင်ကြုံတွေ့ရတဲ့ ဘဝအကြောင်းနဲ့ လောကအကြောင်းတွေကိုသာ ကျယ်ကျယ် ပြန့်ပြန့်နဲ့ ပြည့်ပြည့်စုံစုံ ရေးသားတတ်တဲ့ သိပ္ပံမောင်ဝ ရဲ့ စာပေလက်ရာတွေဟာ ယနေ့ထက်တိုင် မှတ်သားအတုယူရဆဲဖြစ်ပါတယ်။
=======================================================
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ …

More Interesting Blogs from Zlann