ခေတ်သစ်မြန်မာစာပေလောကရဲ့ ထင်ရှားကျော်ကြားလှတဲ့ စာရေးဆရာမကြီး “ကြည်အေး”

စာအုပ်တွေကိုဖတ်ရှုရတာ နှစ်သက်သဘောကျတဲ့ စာပေချစ်ပရိသတ်တွေအနေနဲ့ကတော့ ‘ကြည်အေး’ ဆိုတဲ့ ကလောင်နာမည်ကို ကောင်းကောင်းရင်းနှီးထားပြီးဖြစ်မှာပါ။ ရိုးရှင်းတဲ့စာအဖွဲ့အနွဲ့တွေနဲ့ လူတွေရဲ့ စိတ်နေစိတ်ထားကို ပီပီပြင်ပြင်ပေါ်လွင်လာအောင် ရေးသားဖန်တီးနိုင်တဲ့ ‘ကြည်အေး’ ဟာဆိုရင် ခေတ်သစ်မြန်မာစာပေလောကရဲ့ ထင်ရှားကျော်ကြားလှတဲ့ စာရေးဆရာမကြီးတစ်ဦးဖြစ်ပါတယ်။
တကယ်တော့ ကြည်အေးဟာ စာရေးဆရာမတစ်ယောက် ဖြစ်ရုံတင်မကဘဲ ကဗျာဆရာမ၊ ဆရာဝန်၊ အင်္ဂလိပ်စာဆရာမ၊ အသံလွှင့်သတင်းသမား ဆိုတဲ့ဖြစ်တည်မှုတွေနဲ့လည်း ရှင်သန်လှုပ်ရှားခဲ့သူပါ။ ဒါ့အပြင် သူမရဲ့ ကဗျာစာအုပ်တွေနဲ့ ဝတ္ထုတိုတွေမှာလည်း သရုပ်ဖော်ပုံပန်းချီတွေကို ကိုယ်တိုင်ရေးဆွဲခဲ့ဖူးတာမို့လို့ ဆရာမကြီး ‘ကြည်အေး’ ဆိုတာက စာပေအနုပညာနဲ့ပတ်သက်လာရင် အင်မတန်ပါရမီရှိသူ ဖြစ်တယ်ဆိုတာကို သိရှိစေနိုင်ပါတယ်။ ဆရာမကြီး ကြည်အေးရဲ့ စာအရေးအသားတွေက စာဖတ်သူပရိသတ်တွေအနေနဲ့ ဖတ်ရှုတဲ့အခါမှာ နားလည်သဘောပေါက်လွယ်တယ်ဆိုပေမဲ့လည်း တခြားစာရေးသူတွေနဲ့ယှဉ်လိုက်တဲ့အခါမှာ အတွေးဆန်း၊ အရေးဆန်းနေတာကြောင့် တချို့ကတော့ ဆရာမကြီးရဲ့ ရေးနည်းရေးဟန်တွေကို ဝေဖန်တိုက်ခိုက်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့လည်း ဆရာမကြီးကတော့ ဒီလိုတိုက်ခိုက်ဝေဖန်မှုတွေကို အနည်းငယ်မျှ စိတ်ဝင်စားခြင်းမရှိသလို တုန်လှုပ်ခြင်းလည်း အလျဉ်းမရှိခဲ့ပါဘူး။ ဆရာမကြီး ကြည်အေး ကို ၁၉၂၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၃ ရက်နေ့မှာ‌ မွေးဖွားခဲ့တာဖြစ်ပြီး မွေးဖွားရာဇာတိက‌တော့ ရန်ကုန်မြို့၊ လှည်းတန်းဖြစ်တယ်လို့ သိရပါတယ်။ ဆရာမကြီးရဲ့အမည်အရင်းကတော့ မကြည်ကြည်တင်မြင့် (ခေါ်) မသောင်းကြည်ဖြစ်ပြီး မိဘနှစ်ပါးကတော့ ဦးဟန် နဲ့ ဒေါ်ငွေယုန်တို့ဖြစ်ပါတယ်။ ဆရာမကြီးဟာ ငယ်ရွယ်စဉ်ကတည်းက ပညာပါရမီရှိပြီး ထူးချွန်ခဲ့ပေမဲ့လည်း ပညာသင်နေဆဲကာလဖြစ်တဲ့ တတိယတန်းအရွယ်မှာတော့ ဒုတိယကမ္ဘာစစ်ဖြစ်ခဲ့တာကြောင့် စစ်ဘေး‌ကင်းလွတ်တဲ့ ကျေးလက်တောရွာမြို့တွေမှာသာ အချိန်ကုန်ခဲ့ရသူပါ။ စစ်ပြီးစအချိန်မှာတော့ အင်္ဂလိပ်သဒ္ဒါဆရာ မစ္စတာ မေတျာဆီမှာ အင်္ဂလိပ်စာကို ၆ လကြာမျှ လေ့လာသင်ယူခဲ့ပြီး စစ်ပြေးနေရတဲ့အတောအတွင်းမှာလည်း စာပေဗိမာန်အဖွဲ့မှ ဖွင့်လှစ်သင်ကြားတဲ့ သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ အဲဒီသင်တန်းမှာ ဆရာကြီး ဦးဝန် (မင်းသုဝဏ်) က မြန်မာစာ၊ ဆရာတက်တိုးက အင်္ဂလိပ်စာနဲ့ သတင်းစာလုပ်ငန်း၊ ဆရာမ ဒေါ်ခခွေးက စိတ္တဗေဒသင်တန်းနဲ့ ဆရာမ ဒေါ်မမကြီး က ကမ္ဘာ့သမိုင်းသင်တန်းတွေကို သင်ကြားခဲ့တာကြောင့် ဆရာမကြီး ကြည်အေးဟာ အရွယ်မရောက်ခင် အချိန်ကတည်းက အဆင့်မြင့် ကောလိပ်ဘာသာရပ်တွေကို အခြေခံတတ်ကျွမ်းခဲ့တယ်လို့ ဆိုရမှာပါ။ စစ်ကြီးပြီးလို့ ကျောင်းကိုပြန်တက်တဲ့အခါမှာတော့ (၇) တန်းမှ ပြန်လည်စတင်ခဲ့ရပေမဲ့လည်း တစ်နှစ်ခွဲဆိုတဲ့ကာလအတွင်းမှာ ၈တန်း၊ ၉တန်းနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို အောင်မြင်ခဲ့ပါတယ်။ အောင်မြင်တဲ့အခါမှာလည်း အင်္ဂလိပ်စာ ဂုဏ်ထူးပါခဲ့ပြီး တစ်နိုင်ငံလုံးရဲ့ အထူးချွန်ဆုံး ၁၀ယောက် စာရင်းထဲမှာလည်းပါဝင်ခဲ့ပြန်ပါသေးတယ်။
ဒီလိုမျိုးထူးထူးချွန်ချွန်နဲ့ အောင်မြင်ပြီးနောက် ၁၉၄၈ ခုနှစ်မှာ ရန်ကုန်ဆေးတက္ကသိုလ်ကို တက်ရောက်ခွင့် ရခဲ့ပေမဲ့လည်း ဆေးပညာ တတိယနှစ်အရောက်မှာ ကျောင်းထွက်ခဲ့ရပါတယ်။ ကျောင်းထွက်ခဲ့ရတဲ့အကြောင်းအရင်းကတော့ ကုန်သည်အလုပ်ကို အဓိကလုပ်ကိုင်ကြတဲ့ မိဘတွေက သမီး မိန်းကလေး ပညာသင်ကြားတာကို လက်ခံအားပေးခြင်း မရှိတဲ့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆေးကျောင်းထွက်ပြီးတဲ့အချိန်မှာ ဝိဇ္ဇာစာမေးပွဲကို အင်္ဂလိပ်စာအထူးပြုနဲ့ ဖြေဆိုခဲ့ပြီး အောင်မြင်တဲ့အခါမှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ အင်္ဂလိပ်စာနည်းပြဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဆရာမကြီးဟာ ၁၉၅၃ ခုနှစ် မှာတော့ ဘဏ်မန်နေဂျာ ဦးတင်မြင့် နဲ့ အိမ်ထောင်ကျခဲ့ပြီး သားသမီး ၆ ဦး ထွန်းကားခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ‌တော့ လန်ဒန်မြို့က ဘီဘီစီ သတင်းဌာနမှာ တစ်နှစ်ခန့်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အင်္ဂလိပ်စာနည်းပြဆရာမ အလုပ်ကိုတော့ ၁၉၆၂ ခုနှစ်ကနေ ၁၉၆၃ ခုနှစ်အထိ လုပ်ကိုင်ခဲ့ ပါတယ်။ တစ်ပိုင်းတစ်စနဲ့ ရပ်နားထားခဲ့တဲ့ ဆေးပညာရပ်ကိုတော့ ၁၉၆၅ ခုနှစ်မှာ ပြန်လည်သင်ယူခဲ့ပြီး ၁၉၇၀ ခုနှစ်မှာတော့ ရန်ကုန်ဆေးတက္ကသိုလ် ကနေ M.B.B.S ဘွဲ့ကိုရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီးမှာတော့ ဆရာဝန်လခမယူဘဲ ဝင်ရောက်လုပ်ကိုင်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ဆရာမကြီးက မိသားစုနဲ့အတူ အမေရိကန်ပြည်ထောင်စုဆီကို ထွက်ခွာသွားခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာ အလုပ်သင်ဆရာဝန်ဖြစ်လာခဲ့သလို နယူးယောက်မြို့မှာလည်း စိတ်ပညာကို အထူးပြုလေ့လာ ခဲ့ပါတယ်။ စိတ်ရောဂါ အထူးကုဆရာဝန် အဖြစ်နဲ့ကတော့ အမေရိကန်နိုင်ငံ၊ အရှေ့မြောက်ဘက်အခြမ်းရှိ မြို့တွေမှာလုပ်ကိုင်ခဲ့ပြီး စင်စင်နက်တီ တက္ကသိုလ်မှာလည်း စိတ်ရောဂါကုမှုပညာရပ်အဖွဲ့ဝင်အဖြစ် ပါဝင် လှုပ်ရှားခဲ့ပါတယ်။ ဆရာမကြီးရဲ့ ခင်ပွန်းဖြစ်သူ ဦးတင်မြင့်ကတော့ ၁၉၈၁ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်မှာ ကွယ်လွန်သွားခဲ့ပြီး အဲဒီနောက် ၁၉၈၈ ခုနှစ်က‌နေ ၂၀၀၁ ခုနှစ်ကာလအပိုင်းအခြားတွေမှာတော့ ဆရာမကြီးဟာ အမေရိကန်နိုင်ငံကနေ အင်္ဂလန်ကို ပြောင်းရွှေ့ကာ အစိုးရဆေးရုံနဲ့ ပုဂ္ဂလိကဆေးရုံတွေရဲ့ အတိုင်ပင်ခံ သမားတော်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ငယ်စဉ်အရွယ်ကတည်းက ကဗျာတွေ၊ ဝတ္ထုတို တွေ ရေးသားရတာကို ဝါသနာပါနှစ်ခြိုက်တဲ့ ဆရာမကြီးရဲ့ ပထမဆုံးသော ပုံနှိပ်ဝတ္ထုကတော့ ၁၉၄၇ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ တာရာမဂ္ဂဇင်း အတွဲ (၁) ၊ အမှတ် (၄) မှာပါဝင်တဲ့ ‘ထိုည’ ဝတ္ထုတို ဖြစ်ပါတယ်။ အတွေးအရေး ဆန်းသစ်တီထွင်ရဲတင်းပြီး ဖြစ်တည်မှုပဓာနဝါဒဆန်တဲ့ စာရေးဆရာမအဖြစ် ထင်ရှားခဲ့တဲ့ ဆရာမကြီး ကြည်အေးရဲ့ အထူးထင်ရှားလူကြိုက်များလှတဲ့ လက်ရာမွန်တွေကတော့ နွမ်းလျအိမ်ပြန် ၊ မောင် ကိုကိုနှင့် မြနန္ဒာ၊ မေတ္တာမီးအိမ်၊ အပြင်ကလူ၊ မီ၊ ကျွန်မ ပညာသည် တို့ ဖြစ်ပါတယ်။ ဆရာမကြီး ကြည်အေးဟာ မမိုးသူ ဆိုတဲ့ ကလောင်ခွဲတစ်ခုနဲ့လည်း The Working Peoples Daily မှာ ဆောင်းပါးတွေရေးသား ခဲ့ပါသေးတယ်။ ကြည်အေး ဆိုတဲ့ ကလောင်အမည်ကတော့ ဂျပန်တော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အစ်ကိုရဲ့ သူငယ်ချင်းဖြစ်သူ ကိုဗကြည် ဆိုသူရဲ့ ပုံနှိပ်မခံရတဲ့အမည်ကို ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကြည်အေး ဆိုတဲ့ ကလောင်နာမည်နဲ့ကတော့ ဝတ္ထုတွေအပြင် ကဗျာတွေကို အများဆုံးရေးသားခဲ့ပြီး မဂ္ဂဇင်းကြီးတွေမှာလည်း ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်နဲ့ ဘာသာပြန်တွေကို ရေးသားခဲ့ပါတယ်။ ဆရာဝန်အဖြစ်ကနေ အငြိမ်းစား ယူပြီးနောက် ၂၀၀၁ ခုနှစ် နောက်ပိုင်းမှာတော့ သူမ ဝါသနာပါတဲ့ စာတွေ၊ ကဗျာတွေကို ပိုမိုရေးသားခဲ့တဲ့ ဆရာမကြီး ကြည်အေးဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မှာကွယ်လွန် အနိစ္စရောက်ခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၈၇ နှစ် အရွယ်ရှိနေပြီဖြစ်ပါတယ်။
===========================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨
<img decoding="async" class="x16dsc37" role="presentation" src="data:;base64, ” width=”18″ height=”18″ />
<img decoding="async" class="x16dsc37" role="presentation" src="data:;base64, ” width=”18″ height=”18″ />
All reactions:

Ya Minn Aye, Hein Min Latt and 65 others

More Interesting Blogs from Zlann