ချင်းတို့ရဲ့နှလုံးသားလို့ အမှတ်သညာပြုထားတဲ့ ရိဒ်ရေကန်ဟာ ချင်းပြည်နယ်ထဲက ရိဒ်ခေါဒါရ်မြို့ လေးမှာတည်ရှိပါတယ်။ရိဒ်ခေါဒါရ်ဆိုတာက တီးတိန်မြို့ကနေ (၃၂) မိုင်လောက်အကွာအဝေးက တောင်တန်းတွေပေါ်မှာရှိနေတာပါ။ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်စွန်းဒေသမှာတည်ရှိပြီး မြန်မာ – အိန္ဒိယ နယ်စပ်မျဉ်းနဲ့ ၂ မိုင်လောက်ပဲ ကွာဝေးပါတယ်။ရိဒ်ရေကန်ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၆၆ ပေအမြင့်မှာ သဘာဝအလျောက် အသည်းပုံသဏ္ဌာန်ဖြစ်ပေါ်နေတဲ့ ရေကန်ကြီး ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ပုံမပျက်ဘဲတည်ရှိနေတာကြောင့် မှော်ရေကန်လို့တင်စားခေါ်ဝေါ်ကြပါတယ်။
ရေကန်ကြီးရဲ့မြောက်ဘက်တောင်ကုန်းပေါ်မှာ ရိဒ်ကျေးရွာလေးရှိပြီး အဲဒီရွာသားတွေက ရိဒ်ရေကန်ကြီးကို အမြတ်တနိုးတန်ဖိုးထားကြသလို ကန်ကြီးအနီးမှာကြီးပြင်းလာရတဲ့သူတို့ဘဝကို ဂုဏ်ယူကြပါတယ်။ ရိဒ်ရေကန်ကြီးရဲ့ ပတ်လည်အကျယ်က ၂.၅ မိုင်အကျယ်ရှိပြီး ကန်ပတ်လည်အနားတစ်လျှောက်မှာလည်း မိုးမခပင်တွေဟာ ခြံစည်းရိုးရှည်ကြီးသဖွယ် စီတန်းပေါက်ရောက်နေပါတယ်။ ဒေသခံတို့က အဲဒီမိုးမခပင်တွေကို ဝိညာဉ်ခြံစည်းရိုးပင်လို့ခေါ်ဆိုကြပြီး အဲဒီမိုးမခပင်တွေအထက်မှာတော့ သစ်ခွပင်တွေက ဆင့်ကာဆင့်ကာ ထပ်မံပေါက်ရောက်နေကြပြန်ပါတယ်။ ကန်ကြီးရဲ့ဧရိယာက ၈၃၂ ဧကရှိပြီး ကန်ရေအနက်က ပေ ၅၀ ကနေ ပေ ၆၀ ထိရှိကာ ကန်ထဲမှာ ကြာဖြူ၊ ကြာနီနဲ့ ဗေဒါတွေ ဖူးပွင့်နေပါတယ်။
ရိဒ်ရေကန်ကြီးရဲ့ ရာဇဝင်ဒဏ္ဍာရီတွေဟာ အလွန်ပဲစိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ဒီလိုဒဏ္ဍာရီတွေထဲမှာမှ ချင်းလူမျိုးတို့အခိုင်အမာယုံကြည်နေကြတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။အဲဒီဒဏ္ဍာရီထဲမှာ အခုလိုပဲ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ရာလောက်က မီဇို ချင်းလူမျိုး ဟွာလ်ငိုးနွယ်ဝင်တို့ဟာ ချင်းတောင်တန်းပေါ်မှာ အခြေချနေထိုင်ခဲ့ရာက တစ်နေ့မှာတော့ မြို့သူကြီးဖြစ်သူ ဟွာလ်ထန် ကအိပ်မက်တစ်ခုကို မြင်မက်ပါတော့တယ်။
သူ့အိပ်မက်ထဲမှာ မုတ်ဆိတ်ဖားဖားနဲ့ အလွန်ကျက်သရေရှိလှတဲ့ နတ်မင်းကြီးတစ်ပါးက ဟွာလ်ထန်ကို ကိုယ်ထင်ပြပြီး “ငါက ဝိညာဉ်စောင့်နတ်မင်းကြီး ပူးရိဒ် ဖြစ်ပေတယ်။ သင်တို့ရဲ့ ဝိညာဉ်တွေကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ ငါဟာ နွားနောက်ဖြူကြီး အသွင်ဖန်ဆင်းပြီး ကောင်းကင်ခရီးနဲ့ လာခဲ့တာဖြစ်တယ်။ သင်တို့နေထိုင်ရာ အနောက်မြောက်ဘက်ခရီးမှာ အတန်ငယ်ဝေးတဲ့ နေရာတစ်ခုတွေ့ရှိခဲ့ပြီးဖြစ်လို့ ငါကိုယ်တော်စံစားနေထိုင်နိုင်ရန်အလို့ငှာ အဲဒီနေရာကို လူတို့ရဲ့ အသည်းနှလုံးသဏ္ဌာန်ကို ဖန်ဆင်းထားပေတယ်။ ငါကိုယ်တော်ဟာ ဒီနေ့ကစလို့ အဲဒီရေကန်ကြီးမှာ စတင်ပြီးစံစားမှာဖြစ်သလို သေတဲ့သူအားလုံးတို့ရဲ့ ဝိညာဉ်တွေကလည်း ငါ့ထံကိုမဖြစ်မနေလာရောက်ရမယ်လို့ ပြောဆိုသွားပါတယ်။
အဲဒီအိပ်မက်အရ မြို့သူကြီးဟွာလ်ထန်က လူလွှတ်ပြီး ရေအိုင်ကြီးကိုရှာဖွေစေပါတယ်။ ခုနစ်ရက်ပြည့်တဲ့နေ့မှာပဲ အဲဒီရေအိုင်ကြီးကို တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိပြီးတဲ့အချိန်ကစလို့ အဲဒီရေကန်ကြီးကို ရိဒ်ရေကန်လို့ ခေါ်ဆိုခဲ့ကြပါတယ်။
ဒီဒဏ္ဍာရီကိုအစွဲပြုလို့ ရိဒ်ရေကန်ကြီးနဲ့ပတ်သက်ပြီး မီဇိုရမ်ချင်းတွေက လူတစ်ယောက်သေဆုံးသွားတဲ့အခါမှာ သေဆုံးသူရဲ့ ဝိညာဉ် ဘဝတစ်ပါးကိုကူးပြောင်းနိုင်ဖို့အတွက် နောက်ဆံတင်းတင်းနဲ့ ရေကန်ကြီးဆီကိုလာရောက်ကြရပြီး အတိတ်ဘဝကိုမေ့ပျောက်နိုင်စေဖို့ စမ်းရေကြည်ကိုသောက်ပြီး နောက်မလှည့်ပန်းကို ပန်ဆင်ကြရပါတယ်။ အဲဒီလိုလုပ်မှပဲ သေဆုံးသူတွေရဲ့ ဝိညာဉ်တွေမှာ အတိတ်ကိုစွဲလမ်းတမ်းတစိတ်တွေ ကွယ်ပျောက်ပြီး ဘဝသစ်ကိုကူးပြောင်းသွားနိုင်ဖို့အတွက် ရေကန်ထဲကို စိတ်ဖြောင့်လက်ဖြောင့်ဆင်းသွားနိုင်ကြတယ်လို့ ယုံကြည်ထားကြပါတယ်။ အဲဒီယုံကြည်ချက်ကြောင့် ချင်းလူမျိုးတွေဟာ ပွင့်လင်းရာသီရောက်တိုင်း ရိဒ်ရေကန်ကြီးဆီကို လာရောက်လည်ပတ်ကာ ရက်လည်၊ နှစ်လည်ပွဲလို နာရေးပွဲတွေ ကျင်းပကြလေ့ရှိပါတယ်။
ရိဒ်ရေကန်ကြီးဟာ အသည်းပုံသဏ္ဌာန်ရှိတဲ့ထူးခြားတဲ့ရေကန်ကြီးတစ်ခုပါ။ သူ့ထူးခြားချက်က မြို့ရဲ့ အပူချိန်ရေခဲမှတ်အောက်ရောက်နေချိန်မှာတောင် ကန်ကအနွေးဓာတ်ရှိနေတာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ တောင်တန်းပေါ်မှာတည်ရှိနေတဲ့ကန်ကြီးဖြစ်တဲ့အလျောက် ကန်ကြီးထဲကို စီးဝင်မယ့်ချောင်းရေ၊ မြောင်းရေ မရှိသလို မိုးရွာတဲ့အချိန်မဟုတ်တဲ့ ဒီဇင်ဘာလကုန်နဲ့ ဇန်နဝါရီလဆန်းလို အချိန်တွေမှာလည်း ကန်ရေပြင်က သူ့အလိုလို နောက်ကျိနေတတ်ပါတယ်။ ရိဒ်ရေကန်ကို လာရောက်လည်ပတ်သူတွေဟာ ကန်ထဲကရေတွေကိုခပ်ယူသယ်ဆောင် သွားတတ်ကြပါတယ်။ ခပ်ယူသွားတဲ့ရေတွေဟာလည်း ကန်ကြီးနောက်ကျိချိန်မှာ တစ်ပြိုင်နက်နောက်ကျိတတ်တယ်လို့ ဆိုကြပြန်ပါတယ်။
ရိဒ်ရေကန်ကြီးကို လာရောက်လည်ပတ်ကြတဲ့ဧည့်သည်အများစုက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကဖြစ်ပြီး လာရောက်ရတဲ့အကြောင်းရင်းကတော့ သူတို့ရဲ့ဆွေမျိုးသားချင်း ဘိုးဘေးတွေရဲ့ဝိညာဉ်တွေဟာ ရေကန်ကြီးထဲမှာ လာရောက်မှီခိုနေထိုင်ကြတယ်ဆိုတဲ့အယူအဆကြောင့် ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ရိဒ်ရေကန်ကြီးထဲမှာ အပျော်စီးလှေတွေစီးနင်းနိုင်အောင် စီစဉ်ပေးထားသလို ညအိပ်တည်းခိုနိုင်ဖို့ပါ စီစဉ်ပေးထားတာကြောင့် သဘာဝကိုလေ့လာတဲ့ခရီးသည်နဲ့ပညာရှင်တွေအပါအဝင် ဓာတ်ပုံဆရာတွေသာမက အပျော်တမ်းခရီးသွားတွေနဲ့ပါစည်ကားနေပြီပဲ ဖြစ်ပါတယ်။