ကမ္ဘာပေါ်က လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အနူးညံ့ဆုံးနဲ့ ခွန်အားအရှိဆုံးစွမ်းအားတစ်ခုကို ပြပါ ဆိုရင်တော့ ချစ်ခြင်းမေတ္တာတရားတွေကိုပဲ လက်ညှိုးထိုးပြရမှာပါ။လူသားတစ်ယောက်အဖြစ် မွေးဖွား လာ ချိန်ကစလို့ သေဆုံးပျောက်ကွယ်သွားတဲ့အချိန်ထိ တိုတောင်းလွန်းတဲ့ ကာလအပိုင်းအခြားလေး တစ်ခုမှာ ရှင်သန်နေထိုင်ရခြင်းတွေဟာ မေတ္တာတရားတွေပါဝင်မှ ပြည့်စုံမှာဖြစ်ပါတယ်။
လူတစ်ယောက်က အခြားလူတစ်ယောက်အပေါ်သာမက သက်ရှိတိရစ္ဆာန်လေးတွေကိုပါ ကြင်နာယုယပြီး တန်ဖိုးထား စောင့်ရှောက်ပေးတတ်တာကို ချစ်ခြင်းမေတ္တာလို့ အနက်ဖွင့်ဆိုနိုင်ပါတယ်။မိဘနဲ့သားသမီး၊ ညီအစ်ကိုသားချင်း၊ ဆွေမျိုးသင်္ဂဟနဲ့ သူငယ်ချင်းမိတ်ဆွေတွေအပြင် ဘဝလက်တွဲဖော်စတဲ့ ကွဲပြားတဲ့ ဖြစ်တည်မှု တွေအပေါ် ထားရှိကြတဲ့ တူညီတဲ့အရာတစ်ခုကလည်း ချစ်ခြင်းမေတ္တာပါပဲ။
ဘဝမှာ ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့ခွင့်ရတယ်ဆိုတာ ကံကောင်းခြင်းတစ်မျိုးပါပဲ။ ကိုယ်ချစ်ရသူနဲ့ အတူရှိ ခွင့်ရခြင်း၊ ချစ်ခြင်းတွေ အပြန်အလှန်ထပ်တူကျခြင်းတွေကတော့ အဲဒီကံကောင်းခြင်းတွေထဲကမှ အဖိုး မဖြတ်နိုင်တဲ့ ဆုလာဘ်ပဲဖြစ်ပါတယ်။ ရေ၊ မီး၊ မင်း၊ သူခိုးဓားပြနဲ့ မချစ်မနှစ်သက်သူဆိုတဲ့ ရန်သူမျိုး ငါးပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ မချစ်မနှစ်သက်သူနဲ့ယှဉ်တွဲနေထိုင်ရခြင်းဟာ ဆိုးရွားတဲ့ ကံကြမ္မာ တစ်ခုဖြစ်မယ်ဆိုရင် ချစ်ခင်ရသူချင်း ကွေကွင်းရတာကလည်း မချိုမြိန်တဲ့ လောကဓံ တစ်ခုပဲဖြစ်ပါတယ်။
ဒါကြောင့် နူးညံ့သိမ်မွေ့ပြီး စွမ်းအားကြီးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကို တခမ်းတနားဖွဲ့ဆိုကြမယ် ဆိုရင်တော့ တစ်ချိန်က အဲဒီချစ်ခြင်းတရားတွေ ရှေ့ဆက်နိုင်ဖို့ လမ်းခင်းပေးခဲ့သူ တစ်ယောက်ကိုလည်း မေ့ထားလို့မရပြန်ပါဘူး။ သူကတော့ စိန့်ဗယ်လင်တိုင်း( St.Valentine ) လို့ ခေါ်တဲ့ ခရစ်ယာန်အာဇာနည် ဘုန်းတော်ကြီးတစ်ပါးပဲဖြစ်ပါတယ်။ သူ့ရဲ့အမည်ကို အစွဲပြုပြီးတော့ ကမ္ဘာအရပ်ရပ်မှာ Valentine’s Day လို့သိကြတဲ့ ‘ချစ်သူများနေ့’ကို အခုထိကျင်းပနေကြဆဲဖြစ်ပါတယ်။ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းနဲ့ ပတ်သက်ပြီး တိကျတဲ့ အတည်ပြုချက်အဖြစ် ဗယ်လင်န်တိုင်းအမည်နဲ့ ခရစ်ယာန်အာဇာနည်ဘုန်းတော်ကြီး သုံးပါးရှိခဲ့တယ်လို့ ကတ်သလစ်ခရစ်ယာန်အသင်းက ဆိုထားပါတယ်။
ချစ်သူများနေ့ ပေါ်ပေါက်လာရတဲ့ အဓိကဖြစ်ရပ်တစ်ခုကတော့ အေဒီ ၃ ရာစုလောက်က ရောမပြည် ကို အုပ်ချုပ်တဲ့ ဒုတိယမြောက် ကလောဒီးယပ်စ်ဘုရင် (Claudius 2) လက်ထက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ရောမပြည်ကြီးဟာ စစ်မက်တိုက်ပွဲတွေကို အမြဲမပြတ်ဆင်နွှဲနေရချိန်ဖြစ်လို့ တိုက်ပွဲ အောင်နိုင် ဖို့ဆိုရင် စစ်သားအမြောက်အမြားလိုအပ်ပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုတဲ့ ယောက်ျားပျိုတွေဟာ မိမိတို့ရဲ့ ချစ်သူရည်းစား၊ အိမ်သူသက်ထားတွေကို ထားရစ်ခဲ့ပြီး စစ်တိုက်ထွက်ကြရပါတယ်။ ဒီအခါမှာတော့ သံယောဇဉ် ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝေးကွာရခြင်းအလွမ်းဒဏ်ကို ခံစားကြရပါတယ်။ ချစ်ရသူကို လွမ်းဆွတ်တဲ့စိတ်တွေကြောင့် စစ်ပွဲကို အာရုံမစိုက်နိုင်ဖြစ်ကာ ဖိဖိစီးစီး မတိုက်ခိုက်နိုင်တော့ဘဲ ရှုံးနိမ့်ကြ ရပါတယ်။
ဒါကို ဘုရင်ကြီး သတိထားမိလာတဲ့အခါ တိုင်းပြည်အတွင်း သံယောဇဉ်အပူမီးကို ဖြစ်စေတဲ့ ထိမ်းမြား လက်ထပ်ခြင်းကို ရာဇဝတ်မှုတစ်ခု အဖြစ် ကြေညာလိုက်ပြီး ထုံးတမ်းအစဉ်အလာနဲ့အညီ ထိမ်းမြား လက်ထပ်ပေးခြင်း လုပ်မပေးဖို့အတွက်လည်း ဘုန်းတော်ကြီးတွေကို အပြင်းအထန် တားမြစ်လိုက်ပါတယ်။ တားမြစ်ထားတဲ့အရာကိုမှ မရအရလုပ်တတ်တဲ့ လူ့သဘာဝကိုတော့ ဘုရင်ကြီးက သတိမမူမိခဲ့ပါဘူး။ လူငယ်ချစ်သူစုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် မေတ္တာသက်ဝင် ကြင်နာတာကို အပြစ်တစ်ခုအဖြစ် သတ်မှတ်လိုက်တာဟာ မတရားဘူးလို့ ခံစားလာကြရပါတယ်။ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကလည်း ဒီအရေးကိစ္စဟာ လုံးဝမဖြစ်သင့်ဘူးလို့ ယူဆတာကြောင့် ချစ်ခင်စုံမက်ပြီး ထိမ်းမြားလက်ထပ်လိုကြတဲ့ စုံတွဲတွေကို တိတ်တဆိတ်သမ္မာကျမ်းစာနဲ့အညီ လက်ထပ်ခြင်းအမှုကို ပြုပေးလိုက်ပါတယ်။ အချိန်ကြာလာတော့ လူသတင်းလူချင်းဆောင်ဆိုသလို တစ်စတစ်စနဲ့ အဲဒီသတင်းဟာ ဘုရင်ကြီးဆီကို ပေါက်ကြားသွားပါတော့တယ်။
ဘုရင့်အမိန့်တော်ကို လွန်ဆန်တယ်ဆိုတဲ့ ပြစ်မှုနဲ့ ဘုန်းတော်ကြီးကို ထောင်သွင်းအကျဉ်းချပြီး အာဏာ ဖီဆန်တယ်လို့ဆိုကာ ကွပ်မျက်ခိုင်းလိုက်ပါတယ်။အကျဉ်းကျနေစဉ်မှာလည်း ဘုန်းတော်ကြီးဟာ ဆေးကုသ တဲ့ပညာကို တတ်မြောက်တာကြောင့် နာမကျန်းဖြစ်နေသူ ထောင်မှူးရဲ့သမီး ဂျူလီ(Julie) ကိုဆေးကုပေး ခဲ့ပြီး ကွပ်မျက်ခံရဆဲဆဲ နောက်ဆုံးနှုတ်ဆက်စာမှာတော့ ‘ Your Valentine’ လို့ လက်မှတ် ရေးထိုး ထားခဲ့ပါတယ်။
ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို ကွပ်မျက်တဲ့ အချိန်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ပါ။ဒါကြောင့် အဲဒီ အချိန် ကစလို့ ချစ်သူစုံတွဲတွေအတွက် အသက်ကို စတေးသွားရသူ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို ဝမ်းနည်းဂုဏ်ပြုတဲ့အနေနဲ့ ‘ Valentine’s day’ ဆိုပြီး စတင်ကျင်းပကြပါတယ်။ ဒါ့အပြင် စိန့်ဗယ်လင်တိုင်း နေ့၊ စိန့်ဗယ်လင်တိုင်းပွဲတော်ဆိုပြီးတော့လည်း အမျိုးမျိုးခေါ်ကြပါသေးတယ်။
ကက်သလစ် ခရစ်ယာန်အသင်းတော်က အသိအမှတ်ပြုထားသော ဗယ်လင်တိုင်း အမည်ရှိတဲ့ ဘုန်းတော်ကြီး သုံးပါးထက်မနည်း ရှိပါတယ်။ဗယ်လင်တိုင်းနဲ့ ပတ်သက်တဲ့ အခြား ဒဏ္ဍာရီ အချို့လည်းရှိနေကြပြီး ဗယ်လင်တိုင်း ဆိုတာက ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လို့ လူသားတွေကို တစ်စုံတစ်ရာ သင်ကြားပေးခဲ့တာ တော့အသေအချာပဲ ဖြစ်ပါတယ်။
ဗယ်လင်န်တိုင်းနေ့ကို အထိမ်းအမှတ်နေ့တစ်ခုအနေနဲ့ အင်္ဂလန်နိုင်ငံမှာ အစောဆုံးကျင်းပခဲ့တာဖြစ်ပြီး ၁၉ ရာစုအရောက်မှာ အင်္ဂလိပ်စကားပြောနိုင်ငံတွေဆီကို ဦးဆုံးပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ၂၀ နဲ့ ၂၁ ရာစု အရောက်မှာ ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ဆက်လက် ပျံ့နှံ့လာပြီး အလေးထားကျင်းပလာကြတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘယ်နိုင်ငံမှ တရားဝင်ပိတ်ရက်အဖြစ် သတ်မှတ်ထားခြင်းမရှိပါဘူး။
ကွဲပြားတဲ့ ဒဏ္ဍာရီဖြစ်ရပ်တွေများစွာရှိပေမဲ့လည်း အဓိကအကြောင်းအရင်းကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဟာ ချစ်ခြင်းမေတ္တာတရားတွေကို ကိုယ်စားပြု သတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေ့မှာဆိုရင် ချစ်သူခင်သူအချင်းချင်း လက်ဆောင်ပစ္စည်းတွေပေးကြတဲ့ ဓလေ့တစ်ခုလည်း ရှိလာ ခဲ့ပါတယ်။ ချစ်ခင်မှုကို ပြသတဲ့အနေနဲ့ တစ်ဖက်လူ စိတ်လှုပ်ရှားပျော်ရွှင်စေမဲ့ မေတ္တာစာလေးတွေ ရေးထားတဲ့ ပိုစ့်ကတ်လေးတွေ ပေးကြသလို အလှပန်းစည်းကလေးတွေနဲ့ ချောကလက်လေးတွေလည်း လဲလှယ်တတ်ကြပါသေးတယ်။ ချစ်သူများနေ့ဆိုတာဟာ သမီးရည်စားချစ်သူနှစ်ယောက်ရဲ့အချစ်ကိုသာ ဖော်ညွှန်းတာမဟုတ်ဘဲ မိမိချစ်ခင်မြတ်နိုးရတဲ့ မိဘ၊ ဆွေမျိုး၊ ညီအစ်ကို၊ မောင်နှမနဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းမိတ်ဆွေ ဘယ်သူ့ကိုမဆို လေးစားချစ်ခင်မှုကို ပြသနိုင်ပါတယ်။
အဲဒီနေ့မှာ ဘာကြောင့် ချောကလက်ကို အဓိကထားပေးကြတာလဲဆိုတဲ့မေးခွန်းအတွက် အရိုးရှင်းဆုံး အဖြေကတော့ လူကြိုက်များတဲ့အစားအစာဖြစ်နေလို့ပါပဲ။ ချောကလက်မကြိုက်တဲ့သူဆိုတာ အတော်ရှား ပါတယ်။ ဒါ့အပြင် ချောကလက်ဟာ ချစ်စိတ်ကိုပိုတိုးစေတယ်လို့ သိပ္ပံပညာရှင်အချို့က ဆိုထားကြပါတယ်။ ချောကလက်စားထားတဲ့သူဟာ မစားထားတဲ့သူထက် ရိုမန်တစ်ဆန်တဲ့ အရာတွေကို လုပ်ဆောင်နိုင်စွမ်း ပိုမြင့်မားတယ်လို့ ပြောကြပါတယ်။ နောက်တစ်ချက်ကတော့ ချောကလက်ဟာ ‘Theobroma Cocoa’ လို့ခေါ်တဲ့ ကိုကိုးပင်ကရတဲ့ အစားအစာဖြစ်ပါတယ်။‘Theobroma Cocoa’ ဟာ ဂရိလူမျိုးတွေရဲ့ အယူအဆအရဆိုရင် ‘ Food for Gods’ ဆိုပြီး ကောင်းချီးမင်္ဂလာတစ်ခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။ ချောကလက်တစ်ကိုက် ကိုက်လိုက်ရတဲ့ အခိုက်အတန့်ဟာ ကိုယ်ချစ်ရသူဆီက လာတဲ့ မေတ္တာတရားကို မြည်းစမ်းလိုက်ရတာနဲ့ တူတာကြောင့်လည်း ချစ်ခြင်းသင်္ကေတအဖြစ် လက်ခံထားကြပါတယ်။
ဒါတင်မကသေးပဲ Dark Chocolate လို့ခေါ်တဲ့ ချောကလက်အနက်ရောင်ဟာ ကျန်းမားရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။ စိတ်ညစ်နေရင် ချောကလက်စားပေးရတယ်ဆိုတာတော့ အားလုံးကြားဖူး ကြမှာပါ။ အကြောင်းကတော့ ချောကလက်စားပေးခြင်းက စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေပြီး ပါဝင်တဲ့ ဓာတ်အချို့က နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးတဲ့အပြင် အသားအရေကို နုပျိုစိုပြေ စေပါတယ်။
ချစ်ခင်ရသူတွေကို ချောကလက်ကျွေးကြတာအပြင် ချစ်ခြင်းမေတ္တာစကားအဖြစ်လည်း နှင်းဆီပန်းလေးတွေ လက်ဆောင်ပေးတတ်ကြပါသေးတယ်။ နှင်းဆီအနီလေးတွေဟာ ချစ်ခြင်းမေတ္တာကို နက်နက်ရှိုင်းရှိုင်း ကိုယ်စားပြုတာကြောင့် အဲဒီနေ့မှာ ပေးကြတာလည်းဖြစ်ပါတယ်။ နှင်းဆီနီတစ်ပွင့်တည်းဆိုရင်တော့ ရင်ထဲမှာ မင်းတစ်ယောက်တည်းပဲရှိတယ်လို့ ဆိုလိုတာဖြစ်ပြီး နှစ်ပွင့်ဆိုရင်တော့ ဒီကမ္ဘာမှာ မင်းရယ်ကိုယ်ရယ် နှစ်ကိုယ်ယှဉ်တွဲတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ညွှန်းပါတယ်။ နှင်းဆီနီသုံးပွင့်ဆိုရင်တော့ စကားလေးသုံးခွန်း ဖြစ်တဲ့ ‘I Love You’ ကို ဆိုလိုတာပဲဖြစ်ပါတယ်။ဒါကြောင့် အဲဒီနေ့မှာ ယောကျ်ားလေး အများစုက ကိုယ်မြတ်နိုးတဲ့ မိန်းကလေးကို နှင်းဆီသုံးပွင့်နဲ့ ချစ်ခြင်းတရားကို ဖွင့်ဟပြကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ချစ်သူစုံတွဲတွေဟာ ချစ်သူများနေ့မှာ လက်ထပ်ခွင့်တောင်းတာနဲ့ မင်္ဂလာပွဲကျင်းပ တာတွေကို ပြုလုပ်ကြပါတယ်။
အနောက်နိုင်ငံတွေမှာတင်မဟုတ်ဘဲ အရှေ့တိုင်းနိုင်ငံတွေမှာလည်း ချစ်သူများနေ့ကို တွင်တွင်ကျယ်ကျယ် ကျင်းပလာကြပါပြီ။ တရုတ်နိုင်ငံမှာဆိုရင် ဗယ်လင်တိုင်းနေ့ကို ချစ်သူပွဲတော်လို့ခေါ်ပြီး တရုတ်ပြက္ခဒိန်အရ ကျင်းပတဲ့ ‘ တရုတ်ပြည်ချစ်သူများနေ့’ ဆိုတာလည်းရှိပါသေးတယ်။ အဲဒီနေ့ကတော့ တရုတ်ပြက္ခဒိန် သတ္တမမြောက်လရဲ့ သတ္တမမြောက်ရက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေဆိုရင် ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ ကောင်မလေးတွေက ကိုယ်ချစ်ခင်စုံမက်တဲ့ ကောင်လေးတွေကို ချောကလက် ပေးကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ လက်ခံရတဲ့ ကောင်လေးက အဲဒီနေ့အပြီး တစ်လအကြာ မတ်လ ၁၄ ရက်နေ့မှာ ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ လက်ခံခဲ့တဲ့လက်ဆောင်ရဲ့ တန်ဖိုးသုံးဆရှိတာကို ပြန်ပေးရတယ်လို့ လည်းဆိုကြပါတယ်။ တကယ်လို့ လက်ဆောင်ပြန်မပေးခဲ့ဘူး ဆိုရင်တော့ အဲဒီကောင်လေးက အထက်စီး ဆန်တဲ့ သဘောသက်ရောက်ပြီး တူညီတဲ့တန်ဖိုးကိုပဲ ပြန်ပေးတယ်ဆိုရင်တော့ အဆက်အသွယ်ဖြတ်တောက် တာလို့ အဓိပ္ပာယ်ရပါတယ်။အဲဒီနေ့ကိုတော့ အဖြူရောင်နေ့(White Day) လို့ခေါ်ပါတယ်။ အဖြူရောင်နေ့ကို တောင်ကိုရီးယားနိုင်ငံမှာလည်း ကျင်းပပြီး အဲဒီနေ့မှာဆိုရင် ချောကလက်လက်ခံထားတဲ့ ကောင်လေးက ချိုချဉ်လေးတွေပြန်ပေးရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံမှာ ဧပြီ ၁၄ ရက်နေ့ကိုတော့ အနက်ရောင်နေ့လို့ခေါ်ကြပြီး ဘာလက်ဆောင်မှ မရလိုက်တဲ့ တစ်ကိုယ်ရည်သမားတွေ ရဲ့နေ့လည်း ဖြစ်ပါတယ်။ အဲဒီနေ့မှာဆိုရင်တော့ အထီးကျန်တာကို ဝမ်းနည်းတဲ့သဘောနဲ့ စားသောက်ဆိုင်တွေမှာ ပဲခေါက်ဆွဲသွားစားကြတာဖြစ်ပါတယ်။
ဒါကြောင့် ဘယ်လူမျိုးပဲဖြစ်နေနေ၊ ဘယ်ဘာသာကိုပဲ ကိုးကွယ်နေနေ ချစ်ခြင်းမေတ္တာ အပေါ်ထားရှိတဲ့ သဘောတရားနဲ့ ခံစားချက်တွေကတော့ အမြဲတမ်းထပ်တူအချိုးကျနေတာကို တွေ့ကြရမှာပါ။ ဒီလိုအကြောင်းအချက်တွေကြောင့် ချစ်ခြင်းစွမ်းအားဟာ ကမ္ဘာပေါ်မှာအနူးညံ့ဆုံးနဲ့အစွမ်းထက်ဆုံးပဲ လို့ဆိုကြတာဟာမမှားနိုင်ပါဘူး။ လူလူချင်းတစ်ဦးကိုတစ်ဦးချစ်ခင်မြတ်နိုးတာဟာ မင်္ဂလာတစ်ပါးပဲ ဖြစ်ပါတယ်။ တိုတောင်းလွန်းတဲ့ လူ့ဘဝကြီးရဲ့ ရှင်သန်နေတဲ့ အချိန်အခိုက်အတန့်လေးမှာပဲ မိမိ ချစ်ခင်မြတ်နိုးသူတွေနဲ့ ဆုံစည်းရတာဖြစ်လို့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြဖို့အတွက် အခုထက်ပိုပြီး အချိန်မဆွဲသင့်တော့ပါဘူး။ ။
=======================================================
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ …