ခွန်အားဗလကြီးမားပြီး အရှင်သခင်ပေါ်မှာ သစ္စာစောင့်သိတဲ့ အမှုထမ်းကောင်း “မင်းလက်ဝါး”

မြန်မာတို့ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ကုန်းဘောင်မင်းဆက်လက်ထက်မှာ အမှုတော်ထမ်းရွက်ခဲ့တဲ့ မင်းမှုထမ်းပေါင်းများစွာရှိပါတယ်။ အချို့ မင်းမှုထမ်းတွေက သမိုင်းမှာ နာမည်ကောင်းနဲ့ ထင်ထင်ရှားရှားကျန်ရစ်ခဲ့သလို အချို့ကတော့ ကောက်ကျစ်စဉ်းလဲမှုကြောင့် ရွံကြောက်စာရင်းဝင်တွေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုပြောပြပေးမယ့် မွန်လူမျိုး အမှုထမ်း မင်းလက်ဝါးအကြောင်းကတော့ ကောင်းသလား၊ ဆိုးသလား မသိရလောက်အောင်ကို အတိအလင်းဖော်ပြခြင်းမရှိခဲ့ကြပါဘူး။ လူသိနည်းတဲ့ အမှုထမ်းတစ်ယောက်လို့ဆိုရင်လည်းမမှားနိုင်ပါဘူး။ မင်းလက်ဝါးဆိုတာကတော့ အမည်နဲ့လိုက်အောင် ခွန်အားဗလကြီးမားပြီး အရှင်သခင်ပေါ်မှာ သစ္စာစောင့်သိတဲ့ အမှုထမ်းကောင်းတစ်ယောက်ဖြစ်ပါတယ်။
‘မင်းလက်ဝါး’ ဆိုတဲ့ အမည်ဟာလည်း ထူးခြားဆန်းကြယ်တဲ့ လူတစ်ယောက်အဖြစ်နဲ့ သတ်မှတ်ပေးထား သလို ဖြစ်နေပါတယ်။ အဲဒီအမည်ဟာ သူ့ကို မင်းမှုထမ်းအနေနဲ့ ဘုရင်က ပေးထားတဲ့ နာမည်မဟုတ်ပါဘူး။ ပြည်သူအများက သူ့ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ စွမ်းစွမ်းတမံ အမှုတော်ထမ်း နိုင်တာတွေကြောင့် အလိုအလျောက် ခေါ်စမှတ်ပြုလာကြတဲ့ အမည်ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်ရဲ့ နောက်ဆုံး ဘုရင်နှစ်ပါးဖြစ်တဲ့ မင်းတုန်းမင်းနဲ့ သီပေါမင်း မင်းဆက်နှစ်ဆက်တိုင်တိုင် နှစ်ပေါင်း သုံးဆယ်ခန့် အမှုထမ်းခဲ့သူဖြစ်ပါတယ်။ မင်းတုန်းမင်းကြီးလက်ထက်မှာ ချီးမြှင့်ခံရတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကတော့ အမြင့်ငါးမြို့ဝန်၊ အလုံဝန်၊ မဟာသမိန်ဘရမ်း၊ မင်းကြီး မင်းခေါင်သူရိန်၊ မင်းကြီး မဟာသက်တော်ရှည် တို့ဖြစ်ပါတယ်။ သားတော် သီပေါမင်းလက်ထက်မှာတော့ မက္ခရာမြို့စား၊ လက်ဝဲ ဝင်းတော်မှူး၊ မင်းကြီး သူရမဟာမင်းခေါင် သမိန်ဗရမ်းနဲ့ အောက်မြစ်စဉ် ခရိုင်မင်းကြီး စတဲ့ ဘွဲ့တွေကို ရရှိခဲ့ပါတယ်။
မင်းလက်ဝါးရဲ့ မျိုးရိုးစဉ်ဆက်ကလည်း အလောင်းမင်းတရားကြီးလက်ထက်ကစလို့ အမှုတော်ထမ်းရွက် ခဲ့ကြတဲ့ မွန်လူမျိုးအမှုထမ်းတွေဖြစ်ကြပါတယ်။ ဘိုးတော်ဘုရားလက်ထက်က အိမ်တော်ပါ ငယ်ကျွန်ရင်းဖြစ်တဲ့ ‘ဖိုးထောရာ’ဟာ သာရဝေါမြို့စားနဲ့ ဝေါတော်မှူးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့ရတဲ့ မွန်လူမျိုး အမှုထမ်းတစ်ယောက်ဖြစ်ပါတယ်။ ဖိုးထောရာရဲ့ သားကတော့ မွန်ပြည်နယ်အောက်ပိုင်းမှာရှိတဲ့ စံရွေး ဖိုးခေါင်ကျေးရွာတိုက်နယ်၊ ဟင်္သာတ၊ ဇလွန်၊ ပုသိမ်မြို့တစ်ခွင်မှာ ရွာစားအဆင့်ကစပြီး မြို့စား၊ မြို့ဝန်အထိ တစ်ဆင့်ချင်းမြှောက်စားခံခဲ့ရတဲ့ မဟာသမိန်ထောပဲဖြစ်ပါတယ်။ ပုသိမ်မြို့ဝန် သမိန်ထောရာဇာဘွဲ့ခံ မဟာသမိန်ထောဟာ ရေကင်းရွာဇာတိဖြစ်တဲ့ မမကြီးဆိုသူ အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျပြီး သမီးတစ်ယောက်၊ သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။ သမီးဖြစ်သူက နောင်မှာ သူရဲဝန်ကတော်ဖြစ်လာမဲ့ ခင်ခင်ကြီးဖြစ်ပြီး သားဖြစ်သူကတော့ မင်းလက်ဝါးဖြစ်လာမဲ့ မောင်လတ်ပဲဖြစ်ပါတယ်။
မင်းလက်ဝါးရဲ့ ငယ်နာမည်က မောင်လတ်ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ မဟာသမိန်ထောက သားသမီးတို့ ငယ်ရွယ်စဉ် ကိုယ်တိုင်လည်း အရွယ်ကောင်းသေးတဲ့ အချိန်မှာပဲ ကွယ်လွန်ခဲ့ရပါတယ်။ မောင်လတ်ရဲ့ ဖခင်သေဆုံးရခြင်း အကြောင်းအရင်းကို တိတိကျကျမသိရပေမဲ့ ဆရာမ ရွှေဘိုမိမိကြီး ရေးသားတဲ့ ‘မင်းလက်ဝါး’ စာအုပ်မှာတော့ “ ဖခင်ဖြစ်သူ သေဆုံးပြီးတဲ့ နောက် မိခင်နဲ့ အစ်မဖြစ်သူတို့နဲ့အတူ မောင်လတ်ခမျာမှာ ခက်ခဲပင်ပန်းကြီးစွာနဲ့ ဘဝကို ရုန်းကန်ရင်ဆိုင် ခဲ့ကြရပါတယ်။ ဒါကြောင့် ဖခင်ဖြစ်သူ သေဆုံးရခြင်းမှာ သာမန်သေဆုံးခြင်းမျိုးမဟုတ်ပဲ မလိုမုန်းတီးသူတို့ရဲ့ ကုန်းချောမှုတွေကြောင့်များ မင်းပြစ်မင်းဒဏ်သင့်သလားဆိုပြီး စဉ်းစားစရာ ဖြစ်လာပါတယ်။ တကယ်တမ်းသာ သာမန်အတိုင်းသေဆုံးခြင်းမျိုးဖြစ်ပါက ကျန်ရစ်တဲ့ မိသားစုမှာလည်း ပင်ပန်းကြီးစွာနဲ့ ဒုက္ခရောက်စရာအကြောင်းမရှိပါဘူး။ သားဖြစ်သူ မောင်လတ်မှာလည်း ရင်ခွင်ပိုက်အရွယ်ပဲ ဖြစ်ပါစေဦး ဖခင်ရဲ့ ရာထူးကို ကျိန်းသေဆက်ခံရနိုင်ချေရှိပါတယ်။ ဒါပေမဲ့ ဖခင်မရှိတော့တဲ့ နောက်ပိုင်း ဒုက္ခရောက်ကြရတဲ့ အကြောင်းနဲ့ ဆက်စပ်စဉ်းစားကြည့်မယ်ဆိုရင်တော့ မင်းပြစ်မင်းဒဏ်သင့်လို့သာ ရှောင်ပုန်းပြီး နေကြရတာဖြစ်မယ်”လို့ ကောက်ချက်ချရေးသားထားပါတယ်။
ဒါ့အပြင် သားနဲ့သမီးလက်ဆွဲပြီး တစ်ရွာမကောင်း၊ တစ်ရွာပြောင်း အနယ်နယ်အရပ်ရပ်ကို ပြောင်းရွှေ့ ကျင်လည်ရင်းကနေ သားဖြစ်သူ မောင်လတ်မှာ မိခင်တို့နဲ့ တကွဲတပြားဖြစ်သွားရပါတယ်။ အဲဒီနောက် မိခင်ဖြစ်သူမှာ ကျန်ရှိတဲ့သမီးဖြစ်သူကို အကောင်းဆုံးပြုစုပျိုးထောင်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ မိခင်ဖြစ်သူ ဒေါ်မမကြီးမှာ ကိုဉီးနဲ့ ကိုမှူးဆိုပြီး မောင်နှစ်ယောက်ရှိတဲ့ အနက် ခုံမင်းကိုဦး(မင်းပျံချီ)ရဲ့ သမီးဖြစ်သူ မမြကြုတ် (နောင်တွင် အနောက်နန်းမတော် မမြကလေး)ကို သာယာဝတီမင်း(ရွှေဘိုမင်း)က မိဖုရားမြှောက်လိုက်တဲ့ သတင်းဟာ ဒေါ်မမကြီးတို့ သားအမိအတွက်တော့ ကံကောင်းမှု တစ်ခုလို့မှတ်ယူရမှာပါ။ မင်းခမ်းမင်းနား အစုံအလင်နဲ့ ရွှေဘိုမင်းက အောက်ပြည်ကို စုန်ဆင်းတဲ့အခိုက် ဒေါ်မမကြီးတို့သားအမိ ရှေ့တော်မှောက်ကို ဝင်ပြီး အကျိုးအကြောင်း လျှောက်ထားတဲ့အခါမှာတော့ ကောင်းမွန်စွာ စောင့်ရှောက် ပေးခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက် သမီးပျိုလေးဖြစ်လာတဲ့ ခင်ခင်ကြီးကို ဟံသာဝတီမြို့ဝန်ရဲ့ အဆက်နွယ်ဖြစ်တဲ့ မွန်လူမျိုးအမျိုးကောင်းသား ဦးရွှေလုံးနဲ့ လက်ဆက်ပေးခဲ့ပါတယ်။
မောင်လတ်ကတော့ အမေ၊အစ်မတို့နဲ့ တကွဲတပြားဖြစ်ပြီးတဲ့နောက် သင့်တော်တဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ စာပေပညာတွေကို သင်ကြားခဲ့ရပါတယ်။ ဘုန်းတော်ကြီးကလည်း တစ်ကောင်ကြွက် ဖြစ်နေရှာတဲ့ မောင်လတ်ကို ကျွေးမွေးစောင့်ရှောက်ထားပြီး သိသင့်သိထိုက်တဲ့ စာပေပညာတွေနဲ့ လူမှုရေးရာတွေကိုပါ သင်ကြားပေးပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဒေသအလိုက် သစ်ခုတ်၊ လယ်လုပ်ခြင်းနဲ့ အသက်မွေးရပါတယ်။ သစ်ခုတ်ရင်း မမျှော်လင့်ပဲနဲ့ သစ်ငုတ်ထိုးမိတဲ့ ဒဏ်ရာကြောင့် မောင်လတ်မှာ ‘မြွေပူရာ ကင်းမှောက်’ ဆိုသလိုပဲ မျက်လုံးတစ်ဖက်ကွယ်ခဲ့ရပါတယ်။ ဒါပေမဲ့ မောင်လတ်ကတော့ မိသားစုနဲ့ ပြန်တွေ့ချင်တဲ့ မျှော်လင့်ချက်နဲ့ အားတင်းပြီး စိတ်အားမလျှော့ခဲ့ပါဘူး။ မကြာမီမှာပဲ မောင်လတ်ဟာ တောင်သူကြီးတစ်ဦးရဲ့သမီးနဲ့ အိမ်ထောင်ကျပြီး တောင်ယာလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ကိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ ကွဲကွာသွားတဲ့ အမေနဲ့ အစ်မဖြစ်သူကို ပြန်တွေ့ချင်တဲ့ စိတ်ဆန္ဒကအမြဲရှိနေသလိုပဲ တမြေ့မြေ့နဲ့ တွေးတောငေးမောနေတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ ဒီအခါမှာ ယောက္ခမဖြစ်သူက မိန်းမောတွေဝေတတ်တဲ့ လူဖျင်း၊လူညံ့တစ်ယောက်အဖြစ် သတ်မှတ်ပြီး နေ့ရှိသ၍ မြည်တွန် တောက်တီးနေပါတယ်။ ကြာလာတော့ ဇနီးဖြစ်သူကပါ သူ့အပေါ် မကြည်ဖြူတော့ပါဘူး။ အချိန်အတော်ကြာတဲ့ နောက်တော့ မောင်လတ်ရဲ့ ဘုန်းစွမ်းကံစ နလန်ထချိန်တန်ပြီလို့ မှတ်ယူရလောက်တဲ့ သတင်းတစ်ခုက ရောက်လာခဲ့ပါတယ်။ အစ်မဖြစ်သူ ခင်ခင်ကြီးတစ်ယောက် အမရပူရမှာ သူရဲဝန်ကတော်အဖြစ်နဲ့ ကောင်းစားနေတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီသတင်းကို ကြားတဲ့အခါမှာတော့ မှန်မမှန်အသေအချာစုံစမ်းပြီး မပျော်မွေ့တဲ့ အရပ်ဒေသကို စွန့်ကာ အစ်မဖြစ်သူရှိရာအရပ်ကို ခြေဆန့်ခဲ့ပါတယ်။
လမ်းခရီးမှာ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရပြီး လှည်းတတန်၊ လှေတတန်၊ ခြေလျင်တတန်နဲ့ လာခဲ့ရာ နောက်ဆုံးမှာတော့ အစ်မဖြစ်သူရှိတဲ့ အမရပူရမြေကို ခြေချခွင့်ရခဲ့ပါတော့တယ်။ အစ်မဖြစ်သူ ခင်ခင်ကြီးမှာလည်း မောင်ဖြစ်သူနဲ့ မမျှော်လင့်ပဲ ပြန်တွေ့ရတာကြောင့် ရှိုက်ကြီးတငင်ငိုကြွေးခဲ့ပါတယ်။ ယောက်ဖတော်စပ်သူ သူရဲဝန် ဦးရွှေလုံးကလည်း မောင်လတ်ရဲ့ အင်္ဂါရုပ်ကို အကဲခတ်ပြီး အရည်အချင်းရှိသူဖြစ်မယ်လို့ မြင်မိတာကြောင့် နှစ်သက်သဘောကျကာ အပါးမှာ ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နန်းတွင်းရေးရာကစလို့ ဓားခုတ်၊ လှံထိုး၊ ဆင်စီး၊ မြင်းစီးတို့ကိုပါ ကျွမ်းကျင်လာအောင် အသေအချာသင်ကြားပေးပြီးတဲ့ နောက်မှာတော့ မင်းတုန်းမင်းကြီးရဲ့ ရှေ့တော်ပါးကို အခစားဝင်စေပါတယ်။ မင်းတုန်းမင်းကြီးက မောင်လတ်ရဲ့ အရည်အချင်းကို အပါးတော်မှာ ခစားစေကာ အကဲခတ်ပြီးမှ ချောင်းဦးဆယ်ရွာစားအဖြစ်နဲ့ အမှုထမ်းစေပါတယ်။ အဲဒီနောက် မောင်လတ်ကလည်း ထမ်းရွက်ရတဲ့ တာဝန်ဝတ္တရားတွေကို မလစ်ဟင်းရအောင် ကြိုးစားလုပ်ဆောင်ပါတယ်။ လုပ်ရည်ကိုင်ရည်ရှိရှိ၊ ရဲစွမ်းသတ္တိအပြည့်နဲ့ အမှုတော်ကို ထမ်းရွက်ခဲ့တာကြောင့် မင်းတုန်းမင်းကြီးက ပထမဆုံးအကြိမ် သူကောင်းပြုခြင်းအဖြစ် အမြင့်မြို့ဝန်ရာထူးကို ပေးအပ်ခဲ့ပါတယ်။
အမြင့်မြို့ဝန်ဖြစ်လာတဲ့အခါမှာတော့ ဦးလတ်ဟာ အမှုတော်ကို ဆထက်တပိုးထမ်းဆောင်ပါတယ်။ သူအုပ်ချုပ်ရာနယ်မြေမှာတော့ ဒုစရိုက်မှုကင်းစင်ပြီး အေးချမ်းတည်ငြိမ်အောင် အုပ်ချုပ်နိုင်စွမ်း ရှိသူလည်းဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာသူ၊ ခိုးဆိုးလုယက်သူ အားလုံးကို ကြီးလေးတဲ့ အပြစ်ဒဏ်တွေချမှတ်ပြီး အရေးယူပါတယ်။ အမိန့်စည်းကမ်းတွေကို မလိုက်နာပဲ မခန့်လေးစားပြုသူတွေဆိုရင် မေးမြန်းစစ်ဆေးပြီး အပြစ်ခိုင်လုံရင်တော့ လက်ဝါးနဲ့ရိုက်ပြီးဆုံးမတတ်ပါတယ်။ ဦးလတ်ဟာ ကုန်းဘောင်ခေတ်မှာတော့ ခွန်အားဗလနဲ့ ပြည့်စုံတဲ့သူလို့ဆိုရမှာပါ။ အသားဖြူဖြူ၊ ထွားကျိုင်းသန်မာပြီး လေးတောင်ပြည့်အရပ်အမောင်းနဲ့ ကိုက်ညီအောင် အားကောင်းမောင်းသန်သူဖြစ်တာကြောင့် သူ့ရဲ့လက်ဝါးနဲ့ တစ်ချက်အရိုက်ခံလိုက်ရရင်ကို အသက်ဇီဝိန်ကြွေသွားနိုင်တယ်လို့ ဆိုစမှတ်ရှိကြပါတယ်။ ဒါကြောင့်လည်း အမြင့်မြို့ဝန် ဦးလတ်အဖြစ်ကနေ ‘ မင်းလက်ဝါး’ ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာဖြစ်ပါတယ်။
မင်းလက်ဝါးရဲ့ ဂုဏ်သတင်းကို မင်းတုန်းမင်းတရားကြီးကြားတဲ့အခါမှာတော့ နှစ်ထောင်းအားရ ဖြစ်တော်မူတာကြောင့် အပါးတော်ကို ခေါ်ပြီး ‘မဟာသမိန်ဘရမ်း’ ဘွဲ့နဲ့ အမြင့်ငါးမြို့ဝန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အမြင့်ငါးမြို့ဆိုတာကတော့ ရုံးစိုက်တဲ့ အမြင့်မြို့ကို ဗဟိုပြုထားတဲ့ ချောင်းဦး၊ အလ္လကပ္ပ၊ ပရိမ္မနဲ့ ကျောက်ရစ်တို့ကို ဆိုလိုတာပဲဖြစ်ပါတယ်။ အမြင့်ငါးမြို့ဝန်အဖြစ် ခန့်အပ်ခံရတဲ့အချိန်မှာတော့ အသက် ၃၃ နှစ်အရွယ်ရှိနေပြီလည်း ဖြစ်ပါတယ်။ နောက်ထပ် မင်းလက်ဝါးကြီးရဲ့ အရည်အချင်းကို ပေါ်လွင်စေမယ့် အဖြစ်အပျက်ကတော့ ပန်းထိမ်းမင်းသားအရေးတော်ပုံပဲဖြစ်ပါတယ်။ မြင်ကွန်း မြင်းခုံတိုင်အရေးအခင်း ပြီးတဲ့နောက် တစ်ဆက်တည်း ဖြစ်ပွားခဲ့တဲ့ ပန်းထိမ်းမင်းသားအရေးတော်ပုံမှာတော့ ပုန်ကန်သူတို့ကို နှိမ်နင်းဖို့အတွက် မင်းတုန်းမင်းကြီးက အမြင့်မြို့ကနေ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ မြစ်စဉ်တစ်လျှောက်က နယ်တွေကို ငြိမ်ဝပ်ပိပြားမှု ရှိစေဖို့နဲ့ ပန်းထိမ်းမင်းသားကို ဖမ်းဆီးပေးဖို့အတွက် အမိန့်ချမှတ်ခဲ့ပြီး တာဝန်ခံ ဗိုလ်ချုပ်ကြီးရာထူးကို ပေးခဲ့ပါတယ်။ ပန်းထိမ်းမင်းသားနဲ့ အခြားပုန်ကန်သူတွေကို လက်ရဖမ်းဆီးပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့ပါတယ်။
မင်းလက်ဝါးကြီးရဲ့ အရှင်သခင်အပေါ် သစ္စာစောင့်သိမှုက တစ်ပါးသူတို့ မလုပ်နိုင်တဲ့ အရာတစ်ခုလည်းရှိပါသေးတယ်။ အဲဒါကတော့ ပန်းထိမ်းမင်းသားနဲ့အတူ ပုန်ကန်သူတို့ထဲမှာ သားဖြစ်သူပါ ပါဝင်နေတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီအကြောင်းကို ကြားသိတဲ့အခါမှာတော့ လက်ရဖမ်းဆီးမိသူတွေထဲမှာ သင်းက အပြစ်အကြီးဆုံးဖြစ်တယ်။ တစ်ပါးသူများမှာ ပန်းထိမ်းမင်းသားရဲ့ အစေခံများဖြစ်စေကာမူ သင်းက ငါ့သားအရင်းဖြစ်လျက်နဲ့ အခုလိုတော်လှန်ဝံ့လေသလားရယ်လို့ ဆိုကာ ကွပ်မျက်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် မင်းလက်ဝါးကြီးရဲ့ သစ္စာစောင့်သိမှုနဲ့ပတ်သက်လို့ နောက်ထပ်ဖြစ်ရပ်တစ်ခုရှိပါသေးတယ်။ ပန်းထိမ်းမင်းသားအရေးတော်ပုံ ပြီးနောက် သားတော်ကြီးတွေကို ဘယ်အမှုထမ်းတစ်ဦးတစ်ယောက်နဲ့မှ အဆက်သွယ်မလုပ်ရလို့ မင်းတုန်းမင်းကြီးက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒါကို မင်းလက်ဝါးရဲ့ သားမက်ဖြစ်တဲ့ အမြင့်မြို့အုပ် မောင်မောင်ကြီးက မက္ခရာမင်းသားကြီးထံ ဝင်ထွက်ခဲ့တဲ့ သတင်းကို ကြားသိရတဲ့ အခါမှာတော့ ကိုယ်တိုင်ပဲ မင်းတုန်းမင်းကြီးကို သံတော်ဦးတင်ပြီး နယ်နှင်ဒဏ်အပြစ်ပေးခဲ့ပါတယ်။
အဲဒီလို သူမတူတဲ့ဆောင်ရွက်ချက်တွေကြောင့် မင်းတုန်းမင်းကြီးက ရှိရင်းစွဲ ‘မဟာသမိန်ဘရမ်း’ ဆိုတဲ့ ဘွဲမှာ ‘မင်းကြီးမင်းခေါင်သူရိန်’ ဆိုတဲ့ ဘွဲ့တော်ကို ထပ်လောင်းပေးအပ်ခဲ့ပါတယ်။ ဒါအပြင် ရတနာကိုးပါးစီခြယ်တဲ့ သီလဝင်ဓားနဲ့ ‘မင်းကြီး မဟာသက်တော်ရှည်’ ရာထူးကိုလည်း ထပ်မံချီးမြှင့်မြှောက်စားခဲ့ပါတယ်။ မင်းလက်ဝါးဟာ မင်းတုန်းမင်းကြီး နတ်ရွာစံတဲ့အချိန်အထိ နှစ်ပေါင်း ၂၂ နှစ်ခန့် အမှုတော်ထမ်းရွက်ခဲ့ပါတယ်။ မင်းတုန်းမင်းတရားကြီး နတ်ရွာစံပြီးတဲ့နောက်မှာတော့ နန်းတက်လာတဲ့ သားတော် သီပေါမင်းလက်ထက်မှာ ဆက်ပြီး အမှုထမ်းခဲ့ပါတယ်။
သီပေါမင်း လက်ထက်မှာ‌တော့ မက္ခရာမြို့ကို အပိုင်စားရရှိပြီး မင်းကြီးသူရ မဟာမင်းခေါင် သမိန်ဘရမ်းဆိုတဲ့ ဘွဲ့အမည်နဲ့ လက်ဝဲဝင်းတော်မှူး ရာထူး ခန့်အပ်ခြင်းခံခဲ့ရပါတယ်။သီပေါမင်း နန်းတက်ပြီး ငါးနှစ်ခန့်အကြာ ၁၂၄၅ ခုနှစ်၊တပေါင်းလမှာ နိုင်ငံရဲ့ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များပြောင်းလဲရာမှာတော့ မင်းလက်ဝါးကို အောက်မြစ်စဉ် ၇ ခရိုင်မင်းကြီး အဖြစ် ချီးမြှင့်ခဲ့ပါသေးတယ်။ ၁၈၈၅ ခုနှစ်၊ တတိယ အင်္ဂလိပ် မြန်မာစစ်ပွဲမှာတော့ ဧရာဝတီမြစ်အောက်ပိုင်း ဝဲယာမှာရှိတဲ့ ဆင်ပေါင်ဝဲ၊ ထူးပေါက်ခံကတုတ်၊ ပန်တော်ပြင် ခံကတုတ်၊ ဂွေးချောင်းခံတပ်၊ မင်းလှခံတပ်တွေပါဝင်တဲ့ ခံစစ်ဒေသတစ်ဝိုက်ကို ဗိုလ်ချုပ်ကြီးအဖြစ် ထမ်းဆောင်ဖို့ တာဝန်ပေးခြင်းခံခဲ့ရပါတယ်။
၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ မင်းလှခံတပ် ရန်သူ့လက်အတွင်းကျရောက်ခဲ့ပေမဲ့ မင်းလက်ဝါးက ထွက်ခွာလွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက် ကျန်ရှိတဲ့ စစ်သည်ရဲမက်တွေကို ပြန်လည်စုစည်းပြီး တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ရာ မြန်မာ့လွှတ်တော်က မေတ္တာရပ်ခံချက်ကြောင့် လက်နက်ချခဲ့ရပါတယ်။ မြန်မာအရှင်နှစ်ပါး ပါတော်မူပြီးနောက်မှာတော့ မင်းလက်ဝါးဟာ ဝန်ကတော် ၈ ဦး၊ သားသမီး ၂၀၊ မြေး ၁၀ ယောက်တို့နဲ့အတူ မန္တလေးမြို့တစ်နေရာမှာ သာမန်မိသားစုတစ်စုလို အခြေချနေထိုင်ခဲ့ပါတယ်။ ဗြိတိသျှတို့က လက်အောက်မှာ အမှုထမ်းဖို့အတွက် ငွေကြေး၊ရာထူးပေါင်းစုံနဲ့ စည်းရုံးသိမ်းသွင်းပေမယ့် လည်း စိုးစဉ်းမှ လက်မခံခဲ့ပါ။
အဲဒီနောက်ပိုင်း နယ်ချဲ့တော်လှန်ရေး လုပ်ငန်းစဉ်တွေ ငြိမ်းအေးသွားတဲ့အခါကျမှ မန္တလေးမြို့ကနေ အမြင့်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ မင်းကြီး မင်းလက်ဝါးဟာ အသက် ၈၀ အရွယ်ရောက်မှ ဝမ်းသက်တဲ့ ရောဂါနဲ့ အမြင့်မြို့မှာပဲ ကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်။ အရှင်သခင်အပေါ် သစ္စာရှိပြီး ခွန်အားဗလကြီးမားကာ ရဲစွမ်းသတ္တိကောင်းသူ မွန်လူမျိုး မင်းမှုထမ်းကောင်း တစ်ယောက်အဖြစ် လူ‌သေပေမဲ့နာမည်မသေပဲ သမိုင်းမှာ ထင်ကျန်ခဲ့သူဖြစ်ပါတယ်။
===========================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

More Interesting Blogs from Zlann