ဂရိထုံးတမ်းဓလေ့တွေကို ဖော်ညွှန်းခဲ့သူ ရှေးခေတ်ကဗျာဆရာကြီး ဟီးဆီးယဒ် (Hesiod)
————————————
ဟီးဆီးယဒ်ရဲ့ ဘဝအကြောင်းတွေက ပညာရှင်အသိုင်းအဝိုင်းမှာ အငြင်းပွားစရာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူရေးသားခဲ့တဲ့ ကဗျာတွေက သူ့ဘဝရဲ့ အသေးစိတ်အချက်အလက်တချို့ကို ထည့်သွင်းဖော်ပြခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ လေ့လာသိရှိခွင့်ရခဲ့ပါတယ်။
ဘီစီ ၇၅၀ နဲ့ ၆၅၀ ကြားမှာ ဟီးဆီးယဒ်ရဲ့ လက်ရာအများအပြားကို တွေ့ရှိရမှာဖြစ်ပါတယ်။ အီးယိုးလီယာဒေသ၊ ကီမီ (Cyme) မြို့မှာ မွေးဖွားခဲ့တယ်လို့ သမိုင်းမှတ်တမ်းအချို့ကဆိုပြီး ဟိုးမားနဲ့ ခေတ်ပြိုင် ကဗျာဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ အတွေးအခေါ်ပိုင်းမှာ သူများတွေနဲ့မတူ တစ်မူထူးခြားတဲ့ ဟီးဆီးယဒ်က အနောက်တိုင်း ရိုးရာပုံစံရေးဖွဲ့မှုမှာ ပထမဆုံး ရေးသားခဲ့တဲ့ ကဗျာဆရာလို့လည်း သတ်မှတ်နိုင်ပါတယ်။
ဟီးဆီးယဒ်ရဲ့ဖခင်က လက်စ်ဘော့စ် (Lesbos) ကျွန်းတွေရဲ့ တောင်ဘက်စွန်း အနာတိုလီယာ (Anatolia) ကမ်းရိုးတန်းကနေ ပင်လယ်ကိုဖြတ်ကျော်ကာ ကျိန်စာသင့်နေရာလို့ လူအများသတ်မှတ်ကြတဲ့ အက်စကရာ (Ascra) မှာ အခြေချနေထိုင်ဖို့ ရွေးချယ်ခဲ့တယ်။ မိသားစုတွင်း ပဋိပက္ခတွေ၊ အငြင်းပွားမှုတွေကြားမှာ ဆင်းဆင်းရဲရဲနဲ့ ဘဝကို ရှင်သန်ဖြတ်သန်းလာရတဲ့ ဟီးဆီးယဒ် အရွယ်ရောက်လာချိန်မှာတော့ ဂရိကိုခြေဆန့်ကာ သူ့ရဲ့ အနုပညာတွေ ဖြန့်ကြက်ခဲ့တယ်။ ဂရိက ဟီးဆီးယဒ်ရဲ့ ကိုယ်ပိုင်ဖန်တီးမှု ကမ္ဘာတစ်ခု ဖြစ်လာပါတယ်။
ဟီးဆီးယဒ်က သူ့ရဲ့ အတွေးတွေကို ကဗျာအဖြစ်နဲ့ ပုံဖော်အသက်သွင်းတဲ့အခါမှာ စာရွက်ပေါ်မှာ ချရေးတာမျိုး၊ သတ်မှတ်ချက်တစ်ခုအတွင်းမှာ ရေးသားတာမျိုး တွေ့ရခဲပြီး နှုတ်ကနေ အလွတ်တန်း ရွတ်ဆိုရင်း တစ်ဆင့်ချင်း ပြန့်နှံ့သွားစေတာမျိုးကိုသာ ပိုပြီး အားသန်ခဲ့ပါတယ်။ နှုတ်တက် ကဗျာလင်္ကာရွတ်ဆိုမှု ဓလေ့ရဲ့ မူလအရင်းခံ ပြန့်ပွားလာမှုက ကဗျာဆရာဟီးဆီးယဒ်ရဲ့ အလေ့အထ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီထဲကမှ ရှားရှားပါးပါး ဟီးဆီးယဒ်ရဲ့ကဗျာ ရေးထွင်းထားတဲ့ ရှေးဟောင်းအပိုင်းအစတစ်ခုကို ဂရိခရီးသွား ပထဝီဝင်ပညာရှင် ပေါစေးနီးယပ်စ် (Pausanias) က ရှာဖွေတွေ့ရှိခဲ့တဲ့ မှတ်တမ်းတချို့တော့ ရှိခဲ့ဖူးပါတယ်။ သူတို့ခေတ်ရဲ့ ကဗျာဆရာအတော်များများက နာမည်ကျော်ကြားမှု ဆိုတာထက် အနုပညာဆိုတဲ့ ဝါသနာကို ဖော်ထုတ်ချင်တာဖြစ်လို့ ကဗျာတွေကို စီးပွားဖြစ် ရေးသားဖြန့်ဝေတာမျိုး မလုပ်ခဲ့ကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ကဗျာရွတ်ဆိုခြင်း အလေ့အထဆိုတာ ဟီးဆီးယဒ်တို့လို ဂရိကဗျာဆရာ အသိုင်းအဝိုင်းကနေ ဆင်းသက် ပေါက်ဖွားလာခဲ့တာ ဖြစ်မယ်လို့ ယူဆကြပါတယ်။
အထင်ရှားဆုံးလက်ရာဖြစ်တဲ့ “Works and Days” ကို သူရေးသားခဲ့စဉ်အချိန်က ဘယ်လိုအတွေးအခေါ်တွေနဲ့များ စဉ်းစားပြီး စာသားတွေ ထွက်လာခဲ့လဲဆိုတာ စိတ်ဝင်စားစရာပါ။ စာကြောင်းရေ ၈၀၀ ကျော် ပါဝင်တယ်လို့ ဖော်ပြထားပြီး တရားမျှတမှုမရှိတဲ့ သူ့ဘဝအကြောင်းကို ပြင်းထန်လှတဲ့ စကားလုံးဖွဲ့နွဲ့မှုတွေနဲ့ ထိထိမိမိ ရေးသားခဲ့တယ်ပါတယ်။ အပိုင်းအလိုက် ခံစားချက်တွေကို ထည့်သွင်းရေးသားသွားခဲ့ပြီး ကဗျာရဲ့ နောက်ဆုံးအပိုင်းမှာတော့ လတစ်လရဲ့ နေ့ကောင်းရက်မြတ်တွေ အကြောင်း၊ ဘယ်လိုနေ့ရက်တွေက ကြွယ်ဝချမ်းသာခြင်းကို ဆောင်ကြဉ်းပေးနိုင်တယ်ဆိုတဲ့အကြောင်း၊ ကောက်ရိတ်ခြင်း၊ မျိုးကြဲခြင်းနဲ့ ထွန်ယက်စိုက်ပျိုးခြင်းတွေ ပြုလုပ်တဲ့အခါ ဘယ်လိုနေ့ရက်တွေကို ရှောင်ကြဉ်သင့်တယ်ဆိုတာတွေကို ဝေမျှသွားပါတယ်။ ယူဘိုးအီးယား (Euboea) ကျွန်းက ချားလ်ဆစ် (Chalcis) မြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ကဗျာပြိုင်ပွဲမှာ “Works and Days” နဲ့ ဟီးဆီးယဒ် ဆုရရှိခဲ့တဲ့ မှတ်တမ်းတွေကိုလည်း ဖတ်ရပါတယ်။
ဟီးဆီးယဒ် ရေးသားခဲ့ပြီး နောက်ထပ်ထင်ရှားတဲ့လက်ရာတစ်ခုကတော့ “သီယိုဂန်နီ” (Theogony) ဖြစ်ပါတယ်။ အဲဒီထဲမှာဆိုရင် နတ်ဘုရားတို့ရဲ့ မူလအစ၊ မျိုးရိုးဆင်းသက်လာပုံ အစရှိသဖြင့် ပါဝင်နေပြီး အစောဆုံး ဂရိဒဏ္ဍာရီတွေအကြောင်း အပြည့်အစုံဖော်ပြထားပါတယ်။ ကမ္ဘာလောက ဖန်တီးခြင်း၊ နတ်ဘုရားတို့ရဲ့ မူလဇာစ်မြစ်၊ တိုက်တန်တွေရဲ့အကြောင်းနဲ့ ဘီလူးသတ္တဝါကြီးတွေ (Giants)၊ ရိုးရာပုံပြင်တွေအပြင် ရောဂါဇာစ်မြစ်ဆိုင်ရာ ဒဏ္ဍာရီတွေလည်း ဖော်ပြပါရှိပါတယ်။ ဘီစီ ၇၀၀ ဝန်းကျင်ခန့်က ဟီးဆီးယဒ်ရဲ့ သီယိုဂန်နီကဗျာမှာ ဂိုင်ယာ (Gaia – ကမ္ဘာမြေ)၊ တားတာရပ်စ် (Tartarus – ငရဲဘုံ)၊ အဲရော့စ် (Eros – တပ်မက်မှု သို့မဟုတ် အချစ်)၊ အဲရာဘာ့စ် (Erebus – အမှောင်ထု)၊ ဟဲမရာ (Hemera – နေ့)၊ နစ် (Nyx – ည) ဆိုပြီးတော့ ကမ္ဘာဦးနတ်ဘုရားတွေကို မတူညီတဲ့ပုံစံ၊ အမည်နာမတွေနဲ့ တင်စားပုံဖော်ခဲ့ပါတယ်။
သူ့ရဲ့ ဘဝအစတွေကို တိတိကျကျ မသိခဲ့ရသလို ဘဝအဆုံးသတ်ချိန်တွေကလည်း ကွဲလွဲချက်တွေ ရှိပါတယ်။ ဟီးဆီးယဒ်ရဲ့ အုတ်ဂူတည်ရှိရာက နေရာနှစ်ခု ကွဲပြားနေတယ်။ ပထမတစ်ခုက ဂရိရဲ့ရွာငယ်လေး နီးမီယာ (Nemea) မှာ မြေမြှုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။ နောက်တစ်ခုက ဘီအိုတီယာ (Boeotia) မြို့မှာ ဟီးဆီးယဒ်ရဲ့ အရိုးပြာကို ဂူသွင်းမြေမြှုပ်ခဲ့ကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဘယ်အချက်က မှန်ကန်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခဲ့ခြင်းမရှိသေးသလို ဟီးဆီးယဒ်ရဲ့ စကားလုံးကြွယ်ဝလှတဲ့ ကဗျာစာပေအရေးအသားကို လက်ခံတဲ့သူရော၊ လက်မခံတဲ့သူရော အများအပြားရှိခဲ့တယ် ဆိုတာကတော့ အမှန်ပါပဲ။
ဟီးဆီးယဒ် လက်ရာတွေက အနောက်တိုင်းလူမှုအဖွဲ့အစည်းရဲ့ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုအပေါ် ကြီးမားတဲ့ ဩဇာသက်ရောက်မှုနဲ့အတူ ခေတ်အဆက်ဆက်ကနေ ယနေ့ထက်ထိတိုင်အောင် ကဗျာဆရာတွေ၊ ပန်းချီဆရာတွေရဲ့ စေ့ဆော်မှုနဲ့အတူ စီးမျောသက်ဝင်နေဆဲဖြစ်ပါတယ်။ ရှေးခေတ်ဂရိစာပေမှာ မပျောက်မပျက် ကျန်ရစ်ခဲ့တဲ့ ဟီးဆီးယဒ်ရဲ့ စာပေဆိုင်ရာ ထင်ရှားမှုတွေကို ရှာဖွေဖော်ထုတ်ရင်း ဆင့်ကဲတိုးတက် ပြောင်းလဲလာတဲ့ စာပေယဉ်ကျေးမှုအတွက် အထောက်အပံ့တစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။
#ZLann_Podcast #ဇာတ်လမ်း #ဟီးဆီးယဒ် #Hesiod #ဂရိကဗျာဆရာ