“ဂီတနဲ့မှော်ဝင် ဘီသိုဗင်”

ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် လူ့ဘ၀ရလာကြပြီဆိုရင်ဖြင့် ရုပ်နဲ့နာမ် ရလာကြမှာ သေချာပါတယ်။ ရုပ်နဲ့နာမ် ရလာကြတာနဲ့အမျှ ဒွာရခြောက်ပါးနဲ့ အာရုံခြောက်ပါးက အမြဲတစေ ထိတွေ့နေမှာပါ။ လူသားတို့ ခံစားတတ်တဲ့ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ ဆိုတဲ့ အာရုံ ၆ ပါးမှာ သဒ္ဒါရုံဆိုတဲ့ အကြားအာရုံကလည်း တစ်ပါးအပါအဝင်ပါ။ နားသောတဆင်ဖို့ရာ ဒီအကြားအာရုံအတွက်ပဲ ဖျော်ဖြေရေးတစ်မျိုးဖြစ်တဲ့ ဂီတဆိုတာ ပေါ်ပေါက်လာရတာပါ။
ဒီလိုမျိုးဂီတဆိုတဲ့အရာကို ဖန်တီးမှုတွေနဲ့ပတ်သက်လို့လည်း နာမည်ကျော် အထင်ကရပုဂ္ဂိုလ်အများအပြားပေါ်ထွက်ခဲ့ပါတယ်။အဲဒီ ပုဂ္ဂိုလ်တွေအထဲမှာ လု(ဒ်)ဝစ် ဗန် ဘီသိုဗင်ကလည်း တစ်ဦးအပါအဝင်ပါ။ သူက ဂျာမန်လူမျိုး နာမည်ကြီးဂီတစာဆိုတစ်ဦးဖြစ်ပြီး ဂီတနယ်ပယ်က ပုဂ္ဂိုလ်အများစုကတော့ သူ့ကို အကြီးမားဆုံး တေးပြုဂီတစာဆိုပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ဘီသိုဗင်ရဲ့ဖခင် (Johann)နဲ့ အဘိုးဖြစ်သူ (Ludwig)တို့က ဂီတသမားတွေဖြစ်လို့ သူက ဂီတမျိုးရိုးကနေ ဆင်းသက်လာသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဘီသိုဘင်ရဲ့ ကလေးဘဝမှာ သူတို့ရဲ့ ဂီတဆိုင်ရာ သင်ကြားလေ့ကျင့်ပေးမှုတွေကို ရရှိခဲ့တာပါ။ ဘီသိုဗင်ရဲ့ မွေးဖွားရာဇာတိက ဂျာမနီနိုင်ငံ၊ ဗွန်မြို့ဖြစ်ပြီး သူ့ရဲ့ မွေးသက္ကရာဇ်ကတော့ ၁၇၇၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ဖြစ်ပါတယ်။

သူ့ရဲ့ ငယ်စဉ်တောင်ကျေးကလေးဘ၀ ဖြတ်သန်းရပုံက အတော့်ကို စိတ်မကောင်းဖွယ်အတိနဲ့ ပြည့်နှက်လို့နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံခဲ့ရမှုတွေလည်း ရှိခဲ့ပါတယ်။ သူ့အတွက်စိတ်ဒဏ်ရာတွေပေးခဲ့တဲ့ အဓိကတရားခံကတော့ သူ့ဖခင်ပါ။ သူ့ဖခင်က အိမ်ထောင့်တာဝန်ကို မယူလိုဘဲ ပေါ့ပေါ့တန်တန်နေတာကြောင့်လည်း မိသားစုဝင်တွေက ဆင်းရဲကျပ်တည်းပြီး ကျန်းမာရေးလည်း ချို့တဲ့ခဲ့ကြရပါတယ်။

သူငယ်စဉ်ကတည်းက သူ့ဖခင်က အရက်သမားတစ်ဦးဖြစ်နေတာကြောင့် အဖေဖြစ်သူရဲ့ အတင်းအဓမ္မ ခိုင်းစေမှုတွေအတိုင်း လုပ်နေခဲ့ရပါတယ်။ဒါကြောင့်ပဲ သူ့ငယ်ဘ၀ဟာ ချုပ်ချယ်တင်းကျပ်မှုတွေကြားမှာ နေထိုင်ခဲ့ရသလို သူ့အသက် ၄ နှစ်အရွယ်လောက်ကတည်းက ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီ အရွယ်ကတည်းကစလို့ စန္ဒရားတီး သင်ခဲ့ပါတယ်။ သင်ခဲ့တယ်ဆိုတာထက် သင်ခဲ့ရတယ်လို့ပဲ ပြောရမှာပါ။ ဘာလို့လည်းဆိုတော့ အဲဒီလို စန္ဒရားတီး သင်ဖို့အတွက် သူ့ဖခင်က ရိုက်နှက်စေခိုင်းခဲ့တာကြောင့်ပါ။ ဒီလိုလုပ်ခဲ့တာဟာလည်း အိမ်ထောင့်တာဝန်ကို ထိထိရောက်ရောက် မထမ်းဆောင်လိုတဲ့သူ့ဖခင်က ဘီသိုဗင်ကို ဂီတနယ်ပယ်ထဲ အတင်းဆွဲသွင်းပြီး အိမ်ထောင်စရိတ် ရှာနိုင်စေဖို့အတွက် ဖြစ်ပါတယ်။

ဒါကြောင့်လည်း ကလေးသဘာ၀ လွတ်လွတ်လပ်လပ် ဆော့ကစားရမဲ့အချိန်မှာ မကစားခဲ့ရဘဲ ကလေးတစ်ယောက်ရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။ ဒီအရာတွေကပဲ ဘီသိုဗင်ရဲ့ စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် စိတ်ချောက်ချားတာ၊ စိတ်တို၊စိတ်ဆတ်လွယ်တာတွေကို ဖြစ်လာစေခဲ့ပါတယ်။ ဘီသိုဗင်ဟာ မသာယာတဲ့ အိမ်ထောင်စုကို ကျောထောက် နောက်ခံပြုရင်း သူ့ရဲ့ ဂီတပညာ တိုးတက်အောင် ကြိုးစားခဲ့ရတာပါ။ ဒါပေမဲ့လည်း ဂီတဘက်မှာ ထူးချွန်တဲ့ အရည်အသွေးတွေ ရှိခဲ့တဲ့အလျောက် တေးဂီတနဲ့ ပတ်သက်လို့ အစွမ်းအစတွေကို ငယ်စဉ်ဘဝကတည်းက ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။

အဲဒါတွေအတွက် အကောင်းဆုံးသက်သေကတော့ ၁၁ နှစ်သားမှာတင် တေးဂီတတွေကို ကိုယ်တိုင် စပ်ဆိုနိုင်ခဲ့ပြီး ၁၇၈၃ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံး တေးဂီတလက်ရာကို စတင်ထုတ်ပြနိုင်ပါပြီ။ ၁၄ နှစ်သားအရွယ်မှာ နန်းတွင်း လက်ထောက် အော်ဂင်(Organ)ဆရာ ဖြစ်လာခဲ့သလို နောက်ပိုင်းမှာ အော်ခက်စတြာ(Orchestra) တီးဝိုင်းတွေကို ခေါင်းဆောင် နိုင်ခဲ့ပါတယ်။ ဘီသိုဗင်အတွက် ဂီတပညာကို သူ့ရဲ့ဖခင် (Johann)နဲ့ သူ့ရဲ့ အဘဖြစ်သူ (Ludwig)တို့ကပဲ လေ့ကျင့်သင်ကြားပေးခဲ့တာ မဟုတ်ပါဘူး။သူ နောက်ထပ် ဆည်းပူးသင်ယူခဲ့တဲ့ ဂီတပညာရှင်ကြီးတွေလည်း ရှိပါသေးတယ်။ အဲဒီ ဂီတပညာရှင်ကြီးတွေထဲမှာ ဆရာကြီးမိုးဇက်နဲ့ ဂျိုးဇက် ဟိုင်ဒင်တို့ ပါဝင်ပါတယ်။
ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ဆိုတာက ၁၇၈၇ ခုနှစ်လောက်မှာ ဂီတမြို့တော်အဖြစ် ထင်ရှားပါတယ်။ အဲဒီကာလ သူ့အသက် ၁၇ နှစ်သားအရွယ်ရောက်ချိန်မှာပဲ ဗီယင်နာမြို့ကို သွားရောက်ပြီး ဂီတပညာရှင် မိုးဇက်ရဲ့ရှေ့မှောက်မှာ သူ့ရဲ့စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ မိုးဇက်ကတောင် ဘီသိုဗင်ရဲ့ဂီတသံက ကမ္ဘာကို လွှမ်းအောင် ပြုလုပ်နိုင်လိမ့်မယ်ဆိုပြီး နိမိတ်ဖတ်ခဲ့ပါသေးတယ်။

ဗီယင်နာက ပြန်ရောက်ပြီးနောက်ပိုင်း မိခင်ဖြစ်သူကွယ်လွန်သွားပေမဲ့ သူ့ဖခင်အပါအဝင် သူ့ရဲ့ ညီအစ်ကို မောင်နှမတွေရဲ့ တာဝန်ကို ဘီသိုဗင်ကပဲ တာဝန်ယူခဲ့ရပါတယ်။ သူ့ကို စိတ်သောကပေးတဲ့ မိသားစုဝင်တွေရဲ့ အနွံအတာတွေကိုခံရင်း ဂီတအရည်အသွေး ဆက်လက်တိုးတက်အောင် လုပ်ဆောင်ခဲ့ရတာပါ။ ဘီသိုဗင်ဟာ ၁၇၉၂ မှာ ဗီယင်နာကို နောက်တစ်ကြိမ်ပြန်ရောက်ခဲ့ပါသေးတယ်။ အဲဒီကာလက မိုးဇက်ကွယ်လွန်ပြီး တစ်နှစ်အကြာမှာ ဖြစ်ပါတယ်။အဲဒီအချိန် ဗီယင်နာကို နောက်တစ်ကြိမ်ပြန်ရောက်ခဲ့တော့ တေးဂီတပညာရှင် ဟေ့ထံမှာ ပညာသင်ယူခဲ့သလို အဲဒီနေရာမှာပဲ လူပျိုဘဝနဲ့ နေထိုင်ခဲ့တာပါ။

ဒီလိုနဲ့သူဟာ ဗီယင်နာမှာ ဂီတပညာ ဆည်းပူးခဲ့ပြီးတဲ့နောက် ထိပ်တန်း ဂီတစာဆို တစ်ဦးဖြစ်လာခဲ့ပါတယ်။ စန္ဒရားပညာမှာ အထူးကျွမ်းကျင်တဲ့ ဘီသိုဗင်အတွက်တော့ ကိုယ်တိုင်တီးခတ်တဲ့နေရာမှာတင် ကျွမ်းကျင်တာမဟုတ်ပါဘူး။ တခြားသူတွေကို ပြန်လည်သင်ကြားပေးရာမှာလည်း ထင်ရှားကျော်ကြားသလို အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

သူရဲ့ ဂီတလက်ရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ပုံနှိပ်ထုတ်ဝေရောင်းချလာတဲ့အချိန်မှာတောင် သူ့ရဲ့အသက်က ၂၅နှစ်ပဲရှိပါသေးတယ်။ သူ့ရဲ့ကံကြမ္မာအလှည့်အပြောင်းက အသက် ၃၀ လောက်မှာ ဘ၀တစ်ဆစ်ချိုးပြောင်းသွားစေခဲ့ပါတယ်။ အဲဒီပြောင်းလဲမှုက အကောင်းဘက်ကိုတော့ မဟုတ်ပါဘူး။အဆိုးဘက်ကိုပါ။ အဲဒါကတော့ တဖြည်းဖြည်း နားလေးလာရာကနေ အဲဒီအသက်အပိုင်းအခြားရောက်ချိန်မှာ နားထိုင်းတဲ့ဘ၀ ရောက်သွားရတာပဲဖြစ်ပါတယ်။ အဲဒီရောဂါရဲ့ အကျိုးဆက် စိတ်ဖိစီးမှုတွေကြောင့်ပဲ သူ့ကိုယ်သူ အဆုံးစီရင်ဖို့အထိ ကြိုးစားမိခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့အသက် ၃၀ကျော်ကနေ ၄၀ ကျော်ကာလအတွင်းမှာ နားမကြားရောဂါက ပိုဆိုးလာတာမို့ လူတောမတိုးတော့ပါဘူး။ အသံမကြားနိုင်တော့ပေမဲ့ သူ့ရဲ့ပညာရပ်နယ်ပယ်ကနေ လမ်းခွဲထွက်ခွာတာမျိုးမလုပ်ဘဲ တေးဂီတကြီးတွေကို စပ်ဆိုခဲ့ပါသေးတယ်။ အဲဒီလို စပ်ဆိုခဲ့တဲ့ တေးကြီးတေးခန့်တွေကတောင် သူ့ရဲ့ အကောင်းဆုံး လက်ရာတွေဖြစ်လာတယ်လို့ ဆိုကြပါတယ်။

ဘီသိုဗင် ရင်ဆိုင်ရတဲ့ လောကဓံတွေက တွန်းကန်အားတစ်ခုသဖွယ်ဖြစ်ခဲ့တာကြောင့် တေးဂီတတွေကို သူ့ကလောင်သွားပေါ်ကနေတစ်ဆင့် တစ်ပုဒ်ပြီးတစ်ပုဒ် ဖန်တီးနိုင်ခဲ့ပါတယ်။ သီချင်း ရိုးရိုးတွေကိုသာမက ဂီတပြဇာတ်ကြီးတွေကိုပါ ရေးသားနိုင်ခဲ့တာမို့လည်း သူ့ရဲ့အံ့မခန်းတဲ့ ဂီတစွမ်းရည်ကို လူအများစုက အသိအမှတ်ပြုခဲ့ရပါတယ်။

ဒီလိုနဲ့ ဘီသိုဗင်တစ်ယောက်ဟာ ကျန်းမာရေးချူချာနေတဲ့ ကာလအတောအတွင်း ၁၈၂၇ ခုနှစ်မှာ ညီဖြစ်သူထံ အလည်သွားတုန်း ဗီယင်နာမြို့မှာ ကွယ်လွန်ခဲ့ရပါတယ်။သူကွယ်လွန်တဲ့အချိန်မှာ အသက်က ၅၆ နှစ်ပဲ ရှိပါသေးတယ်။ သူကွယ်လွန်ပြီးတဲ့နောက်မှာတော့ သူရဲ့ဇာတိ ဗွန်းမြို့နဲ့ သူ့ရဲ့သင်္ချိုင်းရှိတဲ့ ဗီယင်နာမြို့တို့မှာ သူ့ရဲ့ ရုပ်တုတွေကို ထားရှိခဲ့တဲ့အပြင် သူမွေးဖွားခဲ့ရာ နေအိမ်ကိုလည်း ပြတိုက်အဖြစ် ထားရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

သူ့ဘ၀နေဝင်သွားချိန်အထိ သူ့ရဲ့မေတ္တာရေးကို ပြန်ငဲ့ကြည့်မယ်ဆိုပြန်တော့လည်း အမျိုးသမီးတချို့နဲ့ ရင်းနှီးပတ်သက်မှုတွေ ရှိခဲ့ဖူးပေမဲ့ အချိန်ကြာကြာ မပတ်သက်ဖြစ်ခဲ့ပါဘူး။ သူ့ရဲ့ လက်ရာမြောက် တေးဂီတများစွာရှိခဲ့ပြီး အဲဒီအထဲမှာ Moonlight Sonataနဲ့ The Emperor Concerto တို့က အပါအဝင်ဖြစ်သလို သူ့ကို နာမည်ထင်ရှားစေခဲ့တဲ့ အရာတွေလို့လည်း ပြောလို့ရပါတယ်။ ဘီသိုဗင်ရဲ့ ထင်ရှားကျော်ကြားတဲ့ နဝမမြောက် ဆင်ဖိုနီကတော့ သံစုံတီးဝိုင်းလောကမှာ ပထမဆုံးသံပြိုင်တေးကို စတင်ထည့်ရေးခဲ့တဲ့ ဆင်ဖိုနီမျိုးပဲ ဖြစ်ပါတယ်။

#ZLann_Podcast #ဇာတ်လမ်း #ဘီသိုဗင် #ဂီတစာဆို #ဂီတပြဇာတ် #Beethoven

More Interesting Blogs from Zlann