စလေဦးပုညကို အသက်ဇီဝိန်ချုပ်စေခဲ့သူအဖြစ် နာမည်ဆိုးတွင်ကျန်ရစ်ခဲ့တဲ့ “မြို့ဝန်မင်း ဦးသာအိုး”

ရာဇဝင်သမိုင်းမှာ သူတို့ရဲ့ လုပ်ရပ်အပြုအမူတွေကြောင့် နာမည်တွင်ကျန်ရစ်ခဲ့တဲ့ ရှင်ဘုရင်၊ မင်းဆွေမင်းမျိုး၊ ရဟန်းသံဃာနဲ့ လူပုဂ္ဂိုလ်တွေ များစွာရှိကြပေမဲ့ အဲဒီထဲကမှ တချို့တွေကတော့ မကောင်းတဲ့သတင်းဂုဏ်ပုဒ်တွေနဲ့ပဲ နာမည်တွင်ခဲ့ကြပါတယ်။ အဲဒီလို သမိုင်းကြောင်းမကောင်းတဲ့သူတစ်ယောက်အဖြစ် နာမည်ဆိုးတွင်ခဲ့တဲ့သူတွေထဲမှာ ကုန်းဘောင်မင်းဆက်ရဲ့ မြို့ဝန်မင်း “ဦးသာအိုး” လည်း ပါဝင်ပါတယ်။
ဦးသာအိုးရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းကိုတော့ ရာဇဝင်မှတ်တမ်းတွေထဲမှာ အတိအကျဖော်ပြမထားပါဘူး။ဒါပေမဲ့ သူဟာ ကုန်းဘောင်ခေတ်၊ မင်းတုန်းမင်းလက်ထက်တုန်းက မြို့ဝန်မင်းအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ဘွဲ့နာမည်ကတော့ “မင်းကြီး မဟာမင်းခေါင်သူရိန်” ဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေအရ ဦးသာအိုးက မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားတို့ ပုဂံမင်းကို ပုန်ကန်ခြားနားစဉ်အချိန်တုန်းက မင်းသားနှစ်ပါးဘက်ကနေ အားသွန်ခွန်စိုက် ပါဝင်ဆင်နွှဲခဲ့သူပါ။ဒါကြောင့်လည်း မင်းတုန်းမင်း ထီးနန်းဆက်ခံခွင့်ရတဲ့အချိန်မှာတော့ မြို့ဝန်မင်းအဖြစ် မြှောက်စားခံခဲ့ရပါတယ်။ မင်းတုန်းမင်းတရားကြီး လက်ထက်မှာ မြို့ဝန်သုံးဦးခန့်အပ်ခဲ့ပြီး အဲဒီထဲကမှ ဦးသာအိုးက မင်္ဂလာအိမ်တော်ပါဖြစ်ကာ တစ်နှစ်ကို လစာငွေ တစ်သောင်းရရှိခဲ့ပါတယ်။
မင်းတုန်းမင်းကြီးရဲ့ နောက်လိုက်ငယ်ကျွန်အရင်းဖြစ်တဲ့ ဦးသာအိုးက မြို့ဝန်အဖြစ် ခန့်အပ်ခံရပြီးချိန်မှာတော့ မင်းနေပြည်တော်တစ်ခွင်မှာ သူ့ရဲ့တန်ခိုးဩဇာအရှိန်အဝါတွေက အင်မတန်ကြီးထွားခဲ့ပါတယ်။ ဒါပေမဲ့ နှလုံးရည်ပြည့်၀သူတစ်ယောက်မဟုတ်ဘဲ လက်ရုံးရည်ကိုပဲ အဓိကအားကိုးသူဖြစ်တာကြောင့် “ဦးသာအိုး” ရဲ့ နာမည်ကို ကြားလိုက်တာနဲ့တင် ကြောက်ရွံ့ရသူတွေ ဒုနဲ့ ဒေးပါ။ ဒါတွေအပြင် ဦးသာအိုးဟာ အပျော်အပါးနဲ့ မိန်းမကိစ္စ လိုက်စားသူဖြစ်တာကြောင့် သူ့မှာ တရားဝင်မိန်းမတွေရော၊ တရားမဝင်ပေါင်းသင်းတဲ့မိန်းမတွေရော များစွာရှိခဲ့ပြီး ဒီအချက်ကလည်း သူ့ကို နာမည်ဆိုးတွင်ခဲ့တဲ့အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။
“ဦးသာအိုး” ရဲ့ အကြောင်းကိုပြောမယ်ဆိုရင် မြန်မာ့စာပေလောကရဲ့ အကျော်အမော်တစ်ယောက်ဖြစ်တဲ့ “စလေ ဦးပုည” ရဲ့ အကြောင်းက ချန်လှပ်ထားလို့မရပါဘူး။ အကြောင်းရင်းက “စလေ ဦးပုည” ရဲ့ အသက်ဇီဝိန်ကိုချုပ်ငြိမ်းစေခဲ့သူက “ဦးသာအိုး” ဖြစ်တယ်လို့ ရာဇဝင်ကျမ်းတွေမှာ ဖော်ပြထားတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုရာဇဝင်တွင်ခဲ့ရတဲ့ အဓိကအကြောင်းကတော့ ဦးသာအိုးရဲ့ မြောက်မြားစွာသော ဇနီးမယားတွေထဲက တစ်ယောက်ဖြစ်သူနဲ့ ဦးပုညတို့ ငြိစွန်းခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
မြို့စားရွာစားမျိုးရိုးကနေ ဆင်းသက်လာသူ ဦးပုညဟာ ငယ်စဉ်ကတည်းက ရှင်သာမဏေအဖြစ် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့သူဖြစ်ပြီး စာပေအဖွဲ့အနွဲ့မှာ လွန်စွာမှ ပါရမီရင့်သန်ပါတယ်။ ဒါ့အပြင် လောကီရေးရာ အတတ်ပညာတွေဖြစ်တဲ့ အဂ္ဂိရတ်ကျမ်း အစောင်စောင်ကို နှုတ်တက်ဆောင်နိုင်ပြီး ကာယသိဒ္ဓိလမ်း၊ ပထဝီသိဒ္ဓိလမ်း၊ မနောမယသိဒ္ဓိလမ်း၊ အနုလောမသိဒ္ဓိလမ်း၊ အာကာသသိဒ္ဓိလမ်းနဲ့ ပဋိလုံသိဒ္ဓိလမ်းတို့ကိုလည်း ပေါက်ရောက်ကျွမ်းကျွင်သူ ဖြစ်ပါတယ်။ ဒါကြောင့် မင်းတုန်းမင်းကြီးက ကိုရင်ကြီး ဦးပုညကို ရှေ့တော်မှောက်သွင်းစေဖို့အတွက် ဦးသာအိုးကို အမိန့်ပေးစေခိုင်းခဲ့ပါတယ်။
ဒီလိုနဲ့ ဘုရင့်ရှေ့တော်မှောက်ကို ဦးပုည ရောက်ရှိလာချိန်မှာတော့ သူ လေ့လာသိမှတ်ဖူးတဲ့အရာတွေကို မခြွင်းမချန်ဆိုသလို ပြောပြခဲ့တာကြောင့် မင်းတုန်းမင်းကြီးက ဦးပုညကို သူ့အနီးမှာ မင်းမှုထမ်းအဖြစ် ခစားစေခဲ့ပါတယ်။ ဒီအခါမှာ အသက် ၅၀ အရွယ်ရောက်မှ ကိုရင်ကြီးအဖြစ်ကနေ လူဝတ်ကြောင်အဖြစ် ပြောင်းလဲနေထိုင်ဖို့အတွက် လိုအပ်တာတွေကို မြို့ဝန် ဦးသာအိုးက စီမံဆောင်ရွက်ပေးခဲ့ရပြီး အဲဒီကာလအတွင်းမှာ ဦးပုညက ဦးသာအိုးရဲ့ နေအိမ်မှာပဲ ခေတ္တခဏ နေထိုင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ မင်းတုန်းမင်းကြီးက ဦးပုညရဲ့ ပညာအရည်အချင်းကို ယခင်ကထက် ပိုမိုနှစ်သက် သဘောတွေ့ခဲ့တာကြောင့် “မင်းလှသိင်္ခယာ” ဆိုတဲ့ဘွဲ့နာမည်နဲ့ “လက်ဖက်ရည်တော်” အဖြစ် ခန့်အပ်ခဲ့ပြီး ဆုတော်ငွေတော်တွေနဲ့ တစ်သီးတစ်သန့်နေထိုင်ဖို့ နေအိမ်ခြံဝင်းတို့ကို ပေးသနားချီးမြှင့်ခဲ့ပါတယ်။
ဦးပုညဟာ ဦးသာအိုးရဲ့ အိမ်မှာ ခိုကပ်နေထိုင်ရာကနေ သူ့ရဲ့ ကိုယ်ပိုင်အိုးအိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီးတဲ့နောက် သူဝါသနာပါတဲ့ ကဗျာ၊ အလင်္ကာ၊ မှာတမ်း၊ ပြဇာတ်နဲ့ ၀တ္ထုအစရှိတဲ့ စာကောင်းပေကောင်းတွေကို ဆက်လက်ရေးသားဖွဲ့ဆိုခဲ့ပါတယ်။ တစ်ဖက်မှာလည်း သူ တတ်ကျွမ်းတဲ့ ဗေဒင်ယတြာအတတ်ပညာကိုဟောပြောကာ မင်းတုန်းဘုရင်ရဲ့ စေခိုင်းမှုတွေကြောင့် သံဖိုနန်းကို မပြတ်ဆိုသလိုသွားရောက်ရတဲ့အတွက် ဦးပုညရဲ့ နာမည်ဂုဏ်သတင်းက မြို့တော်တစ်ခွင်မှာ ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ အဲဒီအချိန်ထိတိုင်လည်း မြို့ဝန်မင်း ဦးသာအိုးနဲ့ ဦးပုညတို့အကြား ဘာရန်ငြိုးရန်စမှမရှိခဲ့သလို ဦးပုညကိုယ်တိုင်ကလည်း ဦးသာအိုးရဲ့ နေအိမ်ကို ဝင်ထွက်သွားလာမှုတွေရှိနေခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ ဒီလိုမျိုးအဝင်အထွက်တွေရှိနေခဲ့တာကြောင့် ဦးသာအိုးရဲ့ နေအိမ်မှာရှိတဲ့ အဆောင်ကိုင်၊ ထီးတော်မိုး၊ ဆင်ထိန်း၊ မြင်းထိန်း၊ မောင်းထောင်း၊ ရေခပ်အစရှိတဲ့ အမှုထမ်းတွေနဲ့သာမက ဦးသာအိုးရဲ့ မယားအငယ်အနှောင်းလေးတွေနဲ့လည်း ရင်းရင်းနှီးနှီး ခင်ခင်မင်မင် အရောတဝင်ရှိနေခဲ့ပါတယ်။
ဦးပုညနဲ့ ဆက်သွယ်သိကျွမ်းခဲ့တဲ့အချိန်မှာ မြို့ဝန်မင်း ဦးသာအိုးရဲ့ အသက်က ၆၃ နှစ်ရှိနေပြီဖြစ်ပြီး တရားဝင် မယားကြီးရော၊ အငယ်အနှောင်းမယားတွေရောအပါအဝင် အယောက်လေးဆယ်ကျော်၊ ငါးဆယ်ဝန်းကျင်လောက်ရှိနေခဲ့ပါတယ်။ ဦးသာအိုး သိမ်းပိုက်ရယူထားတဲ့ အငယ်အနှောင်းလေးတွေရဲ့ အသက်အရွယ်ကလည်း များစွာငယ်ရွယ်နုနယ်ကြပြီး မိန်းမသားပီပီ ဗေဒင်ဓာတ်ရိုက်ဓာတ်ဆင်ယတြာပိုင်းတွေမှာ ဝါသနာထုံကြသူတွေပါ။ ဒါကြောင့်လည်း ဗေဒင်တတ်ကျွမ်းတဲ့ ဦးပုညဆီကို ဝင်ထွက်သွားလာလေ့ရှိခဲ့ကြပါတယ်။ အဲဒီအချိန်မှာတော့ လူမှန်းသိတတ်စအရွယ်ကနေ အသက် ၅၀ အရွယ်ထိတိုင် ကိုရင်ဝတ်နဲ့ နေထိုင်လာခဲ့ပြီး ဘယ်ဣတ္ထိယမိန်းမသားတွေနဲ့မှ ထိတွေ့ရောနှောခြင်းမပြုခဲ့ဖူးတဲ့ ဦးပုညဟာ ကိလေသာအပူမီးတွေကို စတင်ရင်ဆိုင်ခဲ့ရပါတော့တယ်။
ဒီလိုအခြေအနေအတွင်းမှာပဲ ဦးသာအိုးရဲ့ မယားငယ်တွေထဲကတစ်ယောက်ဖြစ်တဲ့ ခင်သုန် (တချို့ ရာဇဝင်မှတ်တမ်းတွေမှာတော့ ‘မရွှေလုပ်’ လို့ဖော်ပြထားကြပါတယ်) ဟာ ဆရာကြီးဦးပုညကို မကြာခဏဆိုသလို ထိပါးရောနှောနှောင့်ယှက်ပြီး ကာမဂုဏ်အာရုံကို နှိုးဆွခဲ့တာကြောင့် ဦးပုညခမျာ တင်းမခံနိုင်တဲ့အဆုံး စိတ်တွေပြိုလဲယိမ်းယိုင်ခဲ့ရပါတယ်။ ဒီလိုနဲ့ လက်ဖက်ရည်တော် ဦးပုညနဲ့ ဝန်ကတော်လေး ခင်သုန်တို့ ဖောက်ပြားမှောက်မှားနေကြတယ်ဆိုတဲ့သတင်းဟာ ဦးသာအိုးရဲ့ နားဆီကို ပေါက်ကြားသွားခဲ့ပါတယ်။ အဲဒီနောက် ဖြစ်ရပ်ကိစ္စအလုံးစုံကို စစ်ဆေးတွေ့ရှိချိန်မှာတော့ ဦးသာအိုးတစ်ယောက် အသားတွေ ဆတ်ဆတ်ခါတဲ့အထိတိုင်အောင် နာကြည်းမှုတွေ၊ ဒေါသတွေထွက်ခဲ့တယ်လို့ ဆိုပါတယ်။ နဂိုမူလကတည်းက နှလုံးရည်မရှိဘဲ လက်ရုံးရည်ထက်တဲ့ ဦးသာအိုးဟာ သူ့နောက်ကွယ်မှာ ဖောက်ပြားကြတဲ့ ဦးပုညနဲ့ ခင်သုန်တို့ကို ဖမ်းဆီးနှိပ်စက်မှုတွေပြုလုပ်ခဲ့ပြီး ဦးပုညကိုလည်း ကျေးဇူးမသိတတ်သူအဖြစ်သတ်မှတ်ကာ စိတ်ဆိုးမာန်ဆိုးနဲ့ တိတ်တဆိတ်ကွပ်မျက်ဖို့ စီစဉ်လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ ဦးသာအိုးရဲ့ စီစဉ်လုပ်ဆောင်မှုတွေကို အထောက်တော်တွေက ကြိုတင်ကြားသိလိုက်ချိန်မှာ မင်းတုန်းမင်းကြီးဆီကို လျှောက်တင်အစီရင်ခံခဲ့ကြပါတယ်။မင်းတုန်းမင်းကြီးကလည်း သူသာလျှင် ဦးပုညကို အချိန်မီကယ်တင်နိုင်မယ်ဆိုတာ ဆင်ခြင်တွေးတောမိတဲ့အတွက် မြို့ဝန်မင်း ဦးသာအိုးကို ရှေ့တော်မှောက်လာရောက်ခစားဖို့ အမြန်အခေါ်လွှတ်လိုက်ပါတော့တယ်။ ဦးသာအိုးလည်း သူ့အနေနဲ့ ဘယ်လောက်ပဲ ဘုန်းတန်ခိုးအရှိန်အဝါကြီးမားပါစေ၊ ရှင်ဘုရင်က ချက်ချင်းလာရောက်ခစားဖို့ အမိန့်ပါးလာချိန်မှာတော့ ရွှေနန်းတော်ဆီကို ကြောက်ကြောက်ရွံ့ရွံ့နဲ့ အပြေးအလွှားလာခဲ့ရပြီး ဝပ်တွားဦးချခစားဝင်ခဲ့ပါတယ်။ ဦးသာအိုး ရှေ့တော်မှောက်ရောက်လာချိန်မှာ မင်းတုန်းမင်းကြီးက သူ့ရဲ့ အထောက်တော်တွေ လျှောက်တင်ချက်ဟာ မှန်ကန်မှုရှိ၊ မရှိ ဆိုတာကို မေးမြန်းတော်မူခဲ့ပါတယ်။ ဒီအခါမှာ ဦးသာအိုးက ဘာကိုမှ ဖုံးကွယ်ထိန်ချန်ထားခြင်းမရှိဘဲ ဦးပုညဟာ မိမိနောက်ကွယ်မှာ မိမိရဲ့ ဇနီးမယားတစ်ဦးနဲ့ ဖောက်ပြားကြောင်း၊ ဒီလို ‘ပရဒါရကံ’ ကျူးလွန်သူကို မြေမြှုပ်ပြီး ဇီဝိန်ချုပ်စေလိုတာကြောင့် ကျင်းတူးမိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
ဖြစ်ရပ်အကြောင်းစုံကို မင်းတရားကြီး သိရှိပြီးချိန်မှာတော့ ပညာရှိတစ်ယောက်ကို မဆုံးရှုံးစေလိုတဲ့အတွက် ဦးပုညအား အသက်ချမ်းသာပေးဖို့ ဦးသာအိုးကို တောင်းဆိုလိုက်ပြီး ဖောက်ပြားမှောက်မှားမိသူဟာလည်း အငယ်အနှောင်းသာဖြစ်တာကြောင့် ခွင့်လွှတ်သည်းခံပေးဖို့ ဆုံးမပါတော့တယ်။ လွှတ်တော်ကိုတောင် မထီမဲ့မြင်ပြုဝံ့တဲ့ ဦးသာအိုးဟာ ဘ၀ရှင်မင်းတရားကြီးကိုတော့ ကြောက်ရွံ့တဲ့သူပါ။ ဒါကြောင့် စိတ်ထဲမှာ မကျေနပ်မှုတွေကိန်းအောင်းရှိနေပေမဲ့လည်း နောက်ဆုံးမှာတော့ မင်းတရားကြီးရဲ့ တောင်းဆိုမှုအတိုင်း ဦးပုညကို အသက်ချမ်းသာပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဦးသာအိုးက နန်းတော်ကနေ နေအိမ်ဆီကို ပြန်ရောက်လာချိန်မှာ ဦးပုညနဲ့ ခင်သုန်တို့ကိုခေါ်ဆောင်ပြီး ခွင့်လွှတ်သဘောထားကြီးဟန်အပြည့်နဲ့ ပေးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း ခင်သုန်ဟာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် အတွင်းကြေကြေနေပြီဖြစ်တဲ့အတွက် ဦးပုညအိမ်ကိုလိုက်သွားပြီး ၆ လအကြာမှာ ကွယ်လွန်သွားခဲ့ရပါတယ်။
ဒီလိုနဲ့ မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်အရောက်မှာ ဦးပုညတစ်ယောက် ဦးသာအိုးလက်ချက်နဲ့ ဘ၀နိဂုံးချုပ်ဖို့ နောက်တစ်ကြိမ် အကြောင်းဖန်လာပါတယ်။ အဲဒါကတော့ မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားတို့နှစ်ယောက် ပူးပေါင်းပြီး ခမည်းတော် မင်းတုန်းမင်းကြီးကိုလုပ်ကြံမဲ့ မြင်ကွန်းမြင်းခုံတိုင်အရေးအခင်းမှာ ဦးပုညက အခါတော်ပေးမိခဲ့တာကြောင့်ပါပဲ။ သမိုင်းမှတ်တမ်းတွေမှာတော့ ဦးပုညက ဓားထက်လွန်းလှတဲ့ မြင်ကွန်းမင်းသားကြီးရဲ့ စေခိုင်းချက်အရ ရှောင်လွှဲခွင့်မရဘဲ ပြုခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားကြပေမဲ့ နဂိုကတည်းက ဦးပုညအပေါ်မှာ အငြိုးအတေးရှိနေတဲ့ မြို့ဝန်မင်း ဦးသာအိုးကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဦးပုညကို တစ်ပါတည်းလက်စဖျောက်ကွပ်မျက်လိုက်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို မင်းတုန်းမင်းကြီး ကြားသိတဲ့အခါမှာတော့ “လူကို ခွေးသတ်လေခြင်း” လို့ဆိုကာ လွန်စွာနှမြောတသဖြစ်ဟန်နဲ့ ရေရွတ်ပြောခဲ့သလို အမျိုးသားပညာဝန် ဦးဖိုးကျားနဲ့ ပညာအုပ် ဦးဖိုးစိန်တို့ရဲ့ မှတ်တမ်းမှတ်ရာတွေထဲမှာလည်း အလားတူပုံစံမျိုး အခိုင်အမာဖော်ပြရေးသားခဲ့ကြတာကြောင့် ဦးသာအိုးဟာ ပညာရှိ စလေဦးပုညကို ကွပ်မျက်စီရင်ခဲ့သူအဖြစ် ရာဇဝင်မှာ နာမည်ဆိုးတွင်ကျန်ရစ်ခဲ့ပါတော့တယ်။
ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် နှောင်းခေတ်သမိုင်းပညာရှင်တို့က စလေ ဦးပုညကို ကွပ်မျက်ခဲ့သူတရားခံက မြို့ဝန်မင်း ဦးသာအိုး မဟုတ်ဘဲ ‘တပယ်မင်းသား’ သာဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ခရစ်နှစ် ၁၉၃၂ ခုနှစ်တုန်းက စာရေးဆရာကြီး မဟာဆွေဟာ မင်းတုန်းမင်းလက်ထက်တုန်းကထွက်ရှိခဲ့တဲ့ “ရတနာပုံ နေပြည်တော်သတင်းစာ” မှာ အမှုထမ်းခဲ့သူ ဘိုး၀ဇီရနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး “ဘိုး၀ဇီရအတ္ထုပ္ပတ္တိ” ကိုရေးသားခဲ့ရာ အဲဒီစာအုပ်ထဲမှာ ဘိုး၀ဇီရ ပြောပြခဲ့တဲ့ ဦးပုည စီရင်ခံရပုံနဲ့ ပတ်သက်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဘိုး၀ဇီရရဲ့ ပြောစကားအရ အဲဒီခေတ်ကာလအချိန်တုန်းက ဘိုး၀ဇီရဟာ မြို့ဝန်မင်း ဦးသာအိုးရဲ့ သားဖြစ်သူ မောင်မောင်လေးကို ပညာသင်ကြားပေးခဲ့ရတာကြောင့် ဦးသာအိုးနဲ့လည်း ရင်းနှီးခင်မင်မှုရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် တစ်နေ့မှာ အကြောင်းစပ်လျဉ်းပြီး ဦးသာအိုးက ဦးပုညကို အမှန်တကယ်ပဲ စီရင်ကွပ်မျက်ခဲ့သလားဆိုတာကို မေးမြန်းကြည့်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ ဦးသာအိုးက “အိမ်း … ဘဘက ကံမကောင်းချင်တော့ ဒီလို အစွပ်စွဲခံရတာပါပဲကွယ်၊ ဘဘက မြို့ဝန်ပေကိုး။ စင်စစ်မတော့ တပယ်မင်းသားရဲ့ အမိန့်နဲ့ လက်မရွံ့တို့ သတ်တာပါပဲ။ မင်းတရားကြီး မကျေနပ်မှန်းသိလို့ ဘဘအပေါ်လှည့်ချထားတော့ မင်းသားကိုလည်း မစွပ်စွဲဝံ့လို့ ဒီအတိုင်းနေရတာပါပဲ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
တပယ်မင်းသားဆိုတာက စင်စစ်အားဖြင့် မင်းမျိုးမင်းနွယ်တစ်ယောက်မဟုတ်ဘဲ မင်းတုန်းမင်းရဲ့ မိထွေးတော် အလ္လကပ္ပမြို့စားမှပါလာတဲ့ သားတော်တစ်ပါးပဲဖြစ်ပါတယ်။ တပယ်မင်းသားကို လေးဗိုလ်ဦးဆိုင်နဲ့ အလ္လကပ္ပမြို့စားတို့က မွေးဖွားခဲ့တာကြောင့် သူတို့တွေမှာ မင်းသွေးပါဝင်မှုတစ်စွန်းတစ်စတောင် မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း မင်းတုန်းမင်းက မိထွေးတော် အလ္လကပ္ပမြို့စားကို အရေးတယူလုပ်ခဲ့တာကြောင့် တပယ်မင်းသားက အလိုအလျောက်ချီးမြှောက်ခံ မင်းသားအဖြစ် ရောက်ရှိခဲ့တာဖြစ်ပါတယ်။ တပယ်မင်းသားဟာ တေးကဗျာတွေ၊ အတီးအမှုတ်တွေကို ဝါသနာကြီးသူတစ်ယောက်ဖြစ်တဲ့အလျောက် စလေဦးပုညကိုလည်း သူ့အတွက် တေးကဗျာတွေရေးစပ်သီကုံးခိုင်းလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ထုံးစံအတိုင်း တေးကဗျာရေးစပ်ဖို့အတွက် တပယ်မင်းသားက ဦးပုညကို အခေါ်လွှတ်ခဲ့ရာမှာ ဦးပုညက တခြား မင်းညီမင်းသားတွေရဲ့ စေခိုင်းမှုကြောင့် အားလပ်ချိန်မရှိဘဲဖြစ်နေခဲ့တာမို့ စိတ်ရှုပ်ထွေးစွာနဲ့ “မင်းသားအစစ်တွေအတွက် ရေးပေးနေရတယ်၊ ယမနေမင်းသား ခေါ်တာကိုမလာနိုင်အားသေးဘူး” လို့ဆိုကာ မချေမငံ ပြန်ပြောလိုက်ပါတော့တယ်။ ယမနေသားဆိုတာက ရုပ်သေးရုပ်တွေကို ထုလုပ်ပုံဖော်ရာမှာအသုံးပြုတဲ့သစ်သားဖြစ်တာကြောင့် တပယ်မင်းသားအနေနဲ့ မိမိကို နှိမ့်ချပြောဆိုခဲ့တဲ့ ဦးပုညကို အငြိုးအတေးထားခဲ့ဟန်ရှိတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
ဦးပုညကို ကွပ်မျက်ခဲ့တဲ့ တရားခံဟာ မြို့ဝန်မင်း ဦးသာအိုးမဟုတ်ဘဲ တပယ်မင်းသားသာဖြစ်ကြောင်းကို ထပ်မံဖော်ပြနေတဲ့ နောက်ထပ်အထောက်အထားတစ်ရပ်လည်းရှိပါသေးတယ်။ အဲဒါကတော့ ရတနာပုံခေတ်တုန်းက “ဂျိမ်းဂျော့စကော့” ဆိုသူက ရွှေရိုး လို့အမည်ရကလောင်နဲ့ ရေးသားထွက်ရှိခဲ့တဲ့ “The Burma, His Life and Nations” စာအုပ်ထဲက စာကြောင်းကြောင့်ပါပဲ။ အဲဒီစာအုပ်ထဲမှာ “ဂျိမ်းဂျော့စကော့” က “Oo Hpo Nyah is the most celebrated recent author. He was killed in the late King’s reign by the Table Mintha.” (ဦးပုညသည် နာမည်အကြီးဆုံးခေတ်ပေါ်စာရေးဆရာဖြစ်၏။ သူ့ကို ယခင်မင်းလက်ထက်တွင် တပယ်မင်းသားက အဆုံးစီရင်ခဲ့လေသည်။) လို့ရေးသားဖော်ပြခဲ့တာကြောင့် ဦးပုညကို စီရင်ခဲ့တဲ့ တရားခံဟာ ဦးသာအိုးမဟုတ်ဘဲ တပယ်မင်းသားနဲ့ သူ့ရဲ့နောက်လိုက်နောက်ပါတွေဖြစ်နိုင်တယ်လို့ ယနေ့ခေတ်ရဲ့ သမိုင်းသုတေသီ တချို့က ကောက်ချက်ချယူဆထားကြတာကို တွေ့ရပါတယ်။
================================================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ပြည့်စုံဖို့ရာ
ဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ 💯 အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ် ။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တစ်လော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမက အနာဂတ် ရောဂါဘယ ဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ် ။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့ ။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်
ဖောင့်ဖြည့်ရန် <<< https://forms.gle/Q658N6QEVYxcegTi7>>>

More Interesting Blogs from Zlann