စာဆိုအကျော်အမော် တောင်ငူဘုရင် “နတ်သျှင်နောင်”

မြန်မာ့သမိုင်းရဲ့ ထင်ရှားကျော်ကြားပုဂ္ဂိုလ်‌တွေထဲမှာဆိုရင် စာပေရေးစပ်တဲ့နေရာမှာ ပါရမီရင့်သန်ရုံသာမက စစ်မက်ရေးရာမှာပါ အစွမ်းအစရှိတဲ့ တောင်ငူဘုရင် ‘နတ်သျှင်နောင်’ ကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဒါ့အပြင် နတ်သျှင်နောင်လို့ဆိုလိုက်တာနဲ့ ‘ဓာတုကလျာ’ ဆိုတဲ့ နာမည်ကိုပါတွဲမြင်ရလောက်တဲ့အထိ ‘နတ်သျှင်နောင်နဲ့ ဓာတုကလျာ’ တို့ရဲ့ ဇာတ်လမ်းဟာလည်း စိတ်ဝင်စားစရာ ကောင်းလို့နေပြန်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် ဇာတ်လမ်း Z-Lann ရဲ့ ‘သိပြီးပြီလား’ ကဏ္ဍလေးမှာတော့ တောင်ငူခေတ်ရဲ့ စာဆိုအကျော်အမော်လည်းဖြစ်၊ ဘုရင်တတစ်ပါးလည်းဖြစ်ခဲ့တဲ့ နတ်သျှင်နောင် အကြောင်းကို လက်လှမ်းမှီသလောက် စုစည်းတင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

နတ်သျှင်နောင်ကို ခမည်းတော် တောင်ငူရွှေနန်းတည်မင်း သီဟသူရမဟာဓမ္မရာဇာ (မင်းရဲကျော်ထင်)နဲ့ မယ်တော် မိဖုရားခေါင်ကြီး အတုလအဂ္ဂမဟာဒေဝီ (မင်းခင်စော) တို့က သက္ကရာဇ် ၉၃၄ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ နတ်သျှင်နောင်ရဲ့ မွေးသက္ကရာဇာ်နဲ့ပတ်သက်လို့ နှောင်းလူတွေကြားမှာ အငြင်းပွားဖွယ်ရာတွေရှိခဲ့‌ပေမဲ့ ဆရာကြီး ဦးချမ်းမြ (မြကေတု)ကတော့ နတ်သျှင်နောင်ကို ၉၃၃ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ကြောင်းကို အောက်ပါအချက်အလက်တွေနဲ့ ရှင်းလင်းထောက်ပြခဲ့ဖူးပါတယ်။ ပထမတစ်ချက်ကတော့ အနောက်ဘက်လွန်မင်းက နတ်သျှင်နောင်ကို နောင်တော်လို့ခေါ်တဲ့အချက်ပဲဖြစ်ပါတယ်။ အနောက်ဘက်လွန်မင်းတရားကို သက္ကရာဇ် ၉၃၉ ခုနှစ်မှာ မွေးဖွားခဲ့တာ‌ကြောင့် နတ်သျှင်နောင်ကို တချို့သောရာဇဝင်မှတ်တမ်းမှာ ဖော်ပြထားတဲ့အတိုင်း သက္ကရာဇ် ၉၄ဝ ပြည့်နှစ်မှာ မွေးဖွားခဲ့တယ်ဆိုတာက မဖြစ်နိုင်ဘူးလို့ ဆရာကြီးက ဆိုထားပါတယ်။ ‌ဒုတိယတစ်ချက်ကတော့ တောင်ငူရွှေနန်းတည်မင်းနဲ့ မိဖုရားခေါင်ကြီး မင်းခင်စောတို့ဟာ သက္ကရာဇ် ၉၃၃ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ကြတာကြောင့် သားတော်ကြီးဖြစ်တဲ့ နတ်သျှင်နောင်ကို သက္ကရာဇ် ၉၃၃ ခုနှစ် (ဒါမှဟုတ်) ၉၃၄ ခုနှစ်လောက်မှာ မွေးဖွားခဲ့တာဖြစ်နိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ တတိယအချက်ကတော့ နတ်သျှင်နောင်ရဲ့ အိမ်နိမ့် (၃၁) နှစ််မှာ (၁) နဲ့ (၈) ဂဏန်းတို့က ဆင်တူနေတာကြောင့် အိမ်နိမ့်သက် (၇) နှစ်ကပျောက်သွားတာ ဖြစ်နိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် နတ်သျှင်နောင်ဟာ သက္ကရာဇ် ၉၃၃ ခုနှစ် (ဒါမှမဟုတ်) ၉၃၄ ခုနှစ််မှာ မွေးဖွားတာဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားတာဖြစ်ပါတယ်။

တောင်ငူရွှေနန်းတည်မင်းနဲ့ မိဖုရားခေါင်ကြီး မင်းခင်စောတို့ မွေးဖွားခဲ့တဲ့ သားတော်လေးပါးထဲမှာဆိုရင် နတ်သျှင်နောင်က သားအကြီးဆုံးဩရသဖြစ်ပြီး ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးရဲ့ မြေးအဖြစ်လည်း တော်စပ်သူပါ။ နတ်သျှင်နောင်ဟာ တောင်ငူထီးနန်းမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး ဘုရင့်နောင်မင်းတရားကြီးကတော့ နတ်သျှင်နောင်ရဲ့အဘိုးဖြစ်သူ မင်းခေါင်နဲ့ အဖေတူ၊ အမေကွဲ ညီအစ်ကို တော်စပ်တာ ဖြစ်ပါတယ်။ ဘုရင့်နောင်မင်းတရားကြီးဟာ တစ်နိုင်ငံလုံးကို ပိုင်စိုးအုပ်ချုပ်ကြောင်းကြေညာခဲ့ပြီးနောက်မှာတော့ ဟံသာဝတီကို မင်းနေပြည်တော်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက် ပြည်၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ဇင်းမယ် အစရှိတဲ့ နေရာဒေသအသီးသီးမှာ သူ့ရဲ့ညီတော်တွေ၊ သားတော်တွေကို စေလွှတ်ပြီး လက်အောက်ခံမင်း (တစ်နည်းအားဖြင့် ဘုရင်ခံ) တွေအဖြစ် အုပ်ချုပ်စေခဲ့တာကြောင့် နတ်သျှင်နောင်ရဲ့ အဘိုးဖြစ်တဲ့ မင်းခေါင်ဟာလည်း တောင်ငူရဲ့ လက်အောက်ခံမင်းတစ်ပါး ဖြစ်လာခဲ့ပါတယ်။

ငယ်စဉ်အရွယ်ကတည်းက ဆင်စီး၊ မြင်းစီး၊ ဓားခုတ်၊ လှံထိုးတို့မှာ ကျွမ်းကျင်ပြီး လုပ်ရည်ကိုင်ရည်လည်းရှိတဲ့ နတ်သျှင်နောင်ဟာ စောင်းညင်းအတတ်ကိုလည်း ကောင်းစွာတတ်မြောက်သူပါ။ အသက် ၉ နှစ်အရွယ်ကနေစတင်လို့ နန္ဒဘုရင် (ငါးဆူဒါယကာ မင်းတရားကြီး) ရဲ့တိုက်ပွဲတွေမှာ ခမည်းတော် တောင်ငူဘုရင်နဲ့အတူ လိုက်ပါခဲ့ရပြီး မိုးကောင်း စော်ဘွားပုန်ကန်တဲ့အခါမှာလည်း နတ်သျှင်နောင်ဟာ တောင်ငူအားနဲ့ တပ်တစ်တပ်အဖြစ်ဖြင့် လိုက်ပါတိုက်ခိုက်ရာ အောင်ပွဲရခဲ့ပါတယ်။ အဲဒီအချိန်တုန်းဆိုရင် နတ်သျှင်နောင်ရဲ့ အသက်ဟာ ၁၂ နှစ်အရွယ်မျှသာရှိသေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် အသက် ၁၄ နှစ်အရွယ်ကိုရောက်ချိန်မှာလည်း အယုဒ္ဓယဘုရင် ဗြနရာဇ်ကို ခုခံတိုက်ခိုက်ပြီး အောင်ပွဲရခဲ့ပြန်ပါသေးတယ်။ ဒါကြောင့် နတ်သျှင်နောင်ဟာ အရွယ်ရောက်လာတာနဲ့အမျှ နန္ဒဘုရင်လက်ထက်အတွင်း ပေါ်ပေါက်လာတဲ့ အရေးအခင်းတို့မှာ ပါဝင်တန်သလောက် ပါဝင်လာခဲ့ရပါတယ်။ အဘိုးဖြစ်သူ မင်းခေါင် နတ်ရွာစံတဲ့အခါမှာတော့ ခမည်းတော်က ‘မင်းရဲသီဟသူဘွဲ့’ နဲ့ တောင်ငူထီးနန်းကို သိမ်းပိုက်ခဲ့သောအခါ နတ်သျှင်နောင်ဟာလည်း ပိုပြီးအရာရောက်လာခဲ့ပါတော့တယ်။

နတ်သျှင်နောင်ဟာ အရွယ်ရောက်လာတာနဲ့အမျှ အတွေ့အကြုံတွေကလည်း တဖြည်းဖြည်းတိုးခဲ့ပြီး အဲဒီအတွေ့အကြုံ‌တွေကိုလည်း နောင်မှာကြုံတွေ့လာခဲ့တဲ့ အရေးအခင်းတွေမှာ ကောင်းစွာအသုံးချနိုင်ခဲ့ပါတယ်။ နန္ဒဘုရင်ဟာ သူထီးနန်းဆက်ခံခဲ့တဲ့ ၁၁ နှစ်အတွင်းမှာ စစ်ပွဲတွေ အကြိမ်ကြိမ်အလီလီဖြစ်ခဲ့တာကြောင့် တိုင်းပြည်အခြေအနေက ချို့ယွင်းလာခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့လည်း ပြည်စား မင်းကြီးနှောင်းနဲ့ စိတ်ဝမ်းကွဲခဲ့ရပါတယ်။

ဒီအခြေအနေမှာပဲ အယုဒ္ဓယဘုရင် ဗြနရာဇ်က မွန်တွေနဲ့ပူးပေါင်းပြီး ပဲခူးကိုလာရောက်တိုက်ခိုက်ခဲ့ရာမှာ ဇင်းမယ်မင်းနဲ့ တောင်ငူမင်းတို့က ပဲခူးဘက်က စစ်ကူပေးခဲ့တာကြောင့် နန္ဒဘုရင်မှာ သက်သာရခဲ့ပါတယ်။ ဒါပေမဲ့ သားဖြစ်သူ မင်းကြီးနှောင်းက နန္ဒဘုရင်အပေါ်မှာ မင်းရဲကျော်စွာကို အိမ်ရှေ့စံအပ်နှင်းမှုနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်ခဲ့တာကြောင့် ပုန်ကန်ခဲ့ပါတယ်။ ဒါ့အပြင် ပဲခူးအရှေ့မှ အနောက်အထိ ကြွက်တွေရဲ့ဘေးရန်ကလည်း တစ်စခန်းထခဲ့တာကြောင့် စပါးတွေပျက်စီးပြီး အငတ်ဘေး ကပ်ဆိုက်လာခဲ့ပါတယ်။ ဒီလိုမျိုးအခြေအနေအရပ်ရပ်တို့ကြောင့် နိုင်ငံတစ်ဝန်းလုံး ကသောင်းကနင်းတွေဖြစ်နေခဲ့ပြီး နောက်ဆုံးမှာတော့ အိမ်ရှေ့စံ မင်းရဲကျော်စွာဟာ နတ်သျှင်နောင်လက်ချက်နဲ့ အသက်ပျောက်ခဲ့သလို သားဖြစ်သူ အညံ့ခံကြောင်းကို ကြားရတဲ့ နန္ဒဘုရင််မှာလည်း “ငါ့စည်းစိမ်ကို ငါ့ညီ မင်းရဲသီဟသူ ယူပါစေတော့။ ငါမူကား မြတ်စောညီနောင် ခြေတော်ရင်းမှာ သီတင်းသုံးနေပါတော့မည်” ဆိုပြီး စိတ်လျှော့ကာ နန်းအပ်ခဲ့ပါတော့တယ်။

ဒီလိုနဲ့ ဘုရင့်နောင်ရဲ့ ဇွဲ၊ လုံ့လတို့နဲ့ ဖန်တီးတည်ဆောက်ခဲ့တဲ့ ကမ္ဘောဇသာဒီနန်းတော်ဟာ တောင်ငူဘုရင် မင်းရဲသီဟသူရဲ့ လက်အောက်ကိုကျရောက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မင်းရဲသီဟသူဟာ နန်းကျဘုရင်ဟောင်းဖြစ်တဲ့ နန္ဒဘုရင်ကို ရှေးဦးစွာ တောင်ငူကိုပို့ဆောင်စေခဲ့ပြီး ပဲခူးမှာရှိတဲ့ မင်းမှူးမတ်တွေနဲ့ စစ်သည်တွေကို သစ္စာပေးပြီး နန်းသိမ်းပွဲခံခဲ့ပါတယ်။ ဒါဟာ မင်းရဲသီဟသူအတွက် အောင်ပွဲဖြစ်သလို သားဖြစ်သူ နတ်သျှင်နောင်ကိုလည်း အထွတ်အထိပ်သို့ ရောက်သွားစေခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုဆိုလည်း မမှားပါဘူး။ သက္ကရာဇ် ၉၆၄ ခု၊ နတ်တော်လဆန်း (၈)ရက်၊ ကြာသပတေးနေ့မှာတော့ မင်းရဲသီဟသူဟာ တောင်ငူကို ကျုံး၊ မြို့ရိုး၊ တန်ဆောင်း၊ ပြာသာဒ်အသစ်တို့နဲ့ တစ်ဖန်ပြင်ဆင်မွမ်းမံပြီး ကေတုမတီ ရွှေနန်း‌တော်အသစ်ကြီးကို တည်တော်မူခဲ့ပါတယ်။ ဒါကြောင့်လည်း မင်းရဲသီဟသူကို တောင်ငူရွှေနန်းတည်မင်းလို့ ခေါ်တွင်စေခဲ့တာဖြစ်ပါတယ်။ မင်းရဲသီဟသူဟာ တောင်ငူရွှေနန်းတော်ကြီးကို အသစ်တစ်ဖန်တည်တော်မူပြီးနောက် သက္ကရာဇ် ၉၆၄ ခု၊ နှောင်းတန်ခူးလဆန်း (၁ဝ)ရက်၊ သောကြာနေ့မှာတော့ မိဖုရားခေါင်နဲ့အတူ နန်းသိမ်းပွဲကျင်းပပြီး ‘မဟာဓမ္မရာဇာ’ ဘွဲ့အမည်ကို သမုတ်တော်မူကာ မိဖုရားခေါင်ကြီးကိုလည်း ‘အတုလအဂ္ဂမဟာဒေဝီ’ ဘွဲ့အပ်နှင်းခဲ့ပါတယ်။

သားတော်ကြီးဖြစ်တဲ့ နတ်သျှင်နောင်ကိုလည်း ဟံသာဝတီအိမ်ရှေ့မင်းအဖြစ် အပ်နှင်းခဲ့ပြီး ဘုရင့်နောင်မင်းတရားကြီးရဲ့ သမီးတော်လည်းဖြစ်၊ ဇင်းမယ်ဘုရင် အနော်ရထာမင်းစောရဲ့ နှမတော်လည်းဖြစ်တဲ့ ရာဇဓာတုကလျာနဲ့ ထိမ်းမြားလက်ထပ်ပေးခဲ့ပါတယ်။

‘ရာဇဓာတုကလျာ’ ဟာဆိုရင် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးရဲ့ မိဖုရားတစ်ပါးဖြစ်သူ ‘ရာဇဒေဝီ’ ဘွဲ့ခံ တပယင်းစတုဂါမဏိရဲ့ သမီး ‘ရှင်ထွေးလှ’မှ သက္ကရာဇ် ၉၂၁ ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ရာဇဓာတုကလျာဟာ နတ်သျှင်နောင်ထက် အသက် (၁၃) နှစ်ပိုကြီးပါတယ်။ ဒါ့အပြင် ဘုရင့်နောင်မင်းတရားကြီးရဲ့ သမီးတော်လည်းဖြစ်တာကြောင့် ဘုရင့်နောင်မင်းတရားကြီးရဲ့မြေးတော်စပ်တဲ့ နတ်သျှင်နောင်နဲ့ဆိုရင် ဒွေးလေးတော်နဲ့ တူတော်‌အဖြစ် တော်စပ်ကြသူတွေပါ။ တစ်ဖန် ဓာတုကလျာရဲ့ ပထမကြင်ရာတော်ဖြစ်တဲ့ မဟာဥပရာဇာနဲ့ နတ်သျှင်နောင်တို့မှာ ဝမ်းကွဲ နောင်တော်ညီတော်ဖြစ်ကြတာကြောင့် ဓာတုကလျာနဲ့ နတ်သျှင်နောင်တို့ရဲ့ တော်စပ်မှုပုံစံက မရီးတော်နဲ့မတ်တော် အဖြစ်လည်းရှိကြပါသေးတယ်။ နတ်သျှင်နောင်နဲ့ ရာဇဓာတုကလျာတို့ ထိမ်းမြားစဉ်အချိန်မှာ ရာဇဓာတုကလျာရဲ့ အသက်က ၄၃ နှစ်နဲ့ ၄ လကျော်ရှိပြီး နတ်သျှင်နောင်ကတော့ အသက် ၃ဝ အရွယ်သာရှိပါသေးတယ်။ အပျိုစင်မဟုတ်တဲ့အပြင် မုဆိုးမဘဝ အရွယ်ကျစပြုပြီ ဖြစ်နေတဲ့ အိမ်ရှေ့မိဖုရားဟောင်း ရာဇဓာတုကလျာကို နတ်သျှင်နောင်ကိုယ်တော်က နှစ်သက်မြတ်နိုးတဲ့ပုံစံဟာ ရာဇဝင်မှာစာတွင်လောက်တဲ့အထိ ပြောစမှတ်တွင်ခဲ့ပါတယ်။ ရာဇဝင်တွေမှာတော့ နတ်သျှင်နောင်မှာ ရာဇဓာတုကလျာနဲ့ရရှိတဲ့ သားတော်၊ သမီးတော် မဖွားမြင်ခဲ့‌ဘူးလို့ ဆိုထားကြပေမဲ့လည်း ဦးကုလားရဲ့ ရာဇဝင်ချုပ်ထဲမှာ‌တော့ ‘သားတော်ငယ်က လွန်သည် တစ်ပါး’ လို့ဆိုကာ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။ နတ်သျှင်နောင်နဲ့ ကြင်ရာတော် ရာဇဓာတုကလျာတို့ဟာ ၇ လမျှသာ ပေါင်းဖက်လိုက်ရပြီး ၁၆၀၃ ခုနှစ်၊ အောက်တိုဘာလမှာ‌တော့ ရာဇဓာတုကလျာ ကံတော်ကုန်ခဲ့ရှာပါတယ်။ ကံတော်ကုန်ချိန်မှာတော့ ဓာတာကလျာရဲ့အသက်ဟာ သက်တော် ၄၄ နှစ်ပြည့်ဖို့ ၁ လအလို ဖြစ်ပါတယ်။

ရာဇဓာတုကလျာ ကွယ်လွန်ပြီးချိန်မှာတော့ ဇနီးဖြစ်သူကို အသက်တမျှချစ်ရတဲ့ နတ်သျှင်နောင်မှာလည်း စိတ်နှလုံးချုံးချုံးကျ ကြေကွဲခဲ့ရပါတော့တယ်။ သက္ကရာဇ် ၉၇၁ ခု၊ ဝါခေါင်လဆန်း (၁၅)ရက်၊ အင်္ဂါနေ့မှာတော့ နတ်သျှင်နောင်ရဲ့ ခမည်းတော် တောင်ငူဘုရင် မင်းရဲသီဟသူမှာ နတ်ပြည်စံတော်မူခဲ့ပါတယ်။ ခမည်းတော် နတ်ပြည်စံတော်မူပြီးနောက် (၆) ရက်အကြာမှာတော့ အိမ်ရှေ့စံ နတ်သျှင်နောင်ဟာ ‘ဘုရင်သီဟသူရ’ ဘွဲ့အမည်ကိုခံယူခဲ့ပြီး ကေတုမတီထီးနန်းရဲ့ မင်းဧကရာဇ်အဖြစ် နန်းတက်ခဲ့ပါတယ်။ နတ်သျှင်နောင်ဟာ နန်းတက်တဲ့အခါမှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဘိသိက်ခံမိဖုရားကြီးအဖြစ် တင်မြှောက်ခြင်းမရှိခဲ့ပါဘူး။ သွားလေသူ ဇနီးသည် ‘ရာဇဓာတုကလျာ’ ကိုသာ အဂ္ဂမဟေသီဒေဝီအဖြစ် ရည်ရွယ်ထားခဲ့တာကြောင့် ရာဇဓာတုကလျာ နတ်ရွာစံပြီးတဲ့အခါမှာတော့ သူ့အနေနဲ့ မိဖုရားအသစ်ရွေးချယ်လိုတဲ့ဆန္ဒမရှိခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကိုလည်း မိဖုရားကြီးနေရာအတွက်သာမက မိဖုရားငယ်တွေပါ မထားခဲ့တာကိုကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ နတ်သျှင်နောင်မှာ ကိုယ်လုပ်တော် လေးပါးသာရှိခဲ့ပြီး အဲဒီကိုယ်လုပ်တော်တွေကတော့ မင်းရဲတိုင်မင်းသမီး၊ နေမျိုးမင်းထင်ကတော်၏ညီမ မင်းခင်လတ်၊ သက်တော်ရှည်ရဲ့ သမီးနဲ့ ခင်မျိုးတော်တို့ ဖြစ်ပါတယ်။


နတ်သျှင်နောင်တစ်ယောက် ဘုရင်တစ်ပါးအဖြစ်နဲ့ တောင်ငူထီးနန်းစည်းစိမ်တို့ကို ခံစားပြီးတစ်နှစ်အကြာမှာတော့ အင်းဝမင်း မဟာဓမ္မရာဇာ (ခေါ်) အနောက်ဘက်လွန်မင်းက တောင်ငူကို လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ အင်းဝတပ်ဟာ လူအင်အား၊ ဉာဏ်အင်အားများပြားပြီး အဲဒီအထဲမှာ ဟံသာဝတီပျက်စဉ်က အင်းဝမှာ ခိုလှုံခဲ့ကြတဲ့ မှူးမတ်စစ်သည်တွေ အများအပြားလည်းပါဝင်တယ်လို့ အဆိုရှိပါတယ်။ ဒါကြောင့် အင်းဝတပ်ကို တောင်ငူတပ်က မယှဉ်နိုင်ဖြစ်ခဲ့ပြီး အဲဒီအချိန်အတွင်းမှာလည်း နတ်သျှင်နောင်ရဲ့ ခန္ဓာကိုယ်မှာ ဆင်၊ မြင်းကိုတောင် မစီးနိုင်လောက်အောင် အနာတရတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေခဲ့တာကြောင့် ပြာဿာဒ်ကျောင်း ဆရာတော်နှင့် ဘထွေးတော် သတိုးဓမ္မရာဇာ၊ ညီ မင်းရဲကျော်စွာ၊ ညီ မင်းရဲသီဟသူ၊ ညီ မင်းရဲကျော်ထင်တို့ရဲ့ မေတ္တာရပ်ခံချက်တွေအရ အနောက်ဘက်လွန်မင်းကို အညံ့ခံခဲ့ရပါတယ်။ ဒီနောက်ပိုင်းမှာတော့ နတ်သျှင်နောင်ဟာ အနောက်ဘက်လွန်မင်းရဲ့ လက်အောက်ခံမင်း (ဘုရင်ခံ) အဖြစ်ကို ရောက်ရှိခဲ့ပြီး အနောက်ဘက်လွန်မင်းဆိုတာကတော့ နတ်သျှင်‌နောင်လိုပင် ဘုရင့်နောင်ရဲ့ မြေးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုအချက်ကြောင့်လည်း အခြေအနေချင်းတူညီတဲ့ မင်းတစ်ပါးရဲ့ လက်အောက်ခံမင်းဘဝကိုရောက်ရှိတာဟာ နတ်သျှင်နောင်အဖို့ အရှက်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုသဖွယ် ခံစားခဲ့ရပါတယ်။ ဒါ့အပြင် စစ်ရှုံးသောတိုင်းပြည်တို့ရဲ့ အစဉ်အလာအတိုင်း တောင်ငူဇာတိခံများ၊ ပဲခူး၊ ပြည်နဲ့ အင်းဝတို့မှ ခိုဝင်ခဲ့သူများ၊ ဆွေတော်မျိုးတော်များ၊ တောင်ငူမှ အနုပညာသည်နဲ့ စာဆိုတော်အများအပြားကို အင်းဝက သိမ်းယူသွားတာ ခံလိုက်ရတဲ့အတွက် ဒါဟာလည်း နာကျည်းစရာဖြစ်ခဲ့ပါတယ်။
ဒီအချင်းအရာတွေပြီးစီးချိန်မှာတော့ အနောက်ဘက်လွန်မင်းက တောင်ငူမှ အင်းဝနေပြည်တော်သို့ပြန်သွားခဲ့ပြီး နတ်သျှင်နောင်ကတော့ ကေတုမတီနန်းတော်ကြီးထဲမှာ အခြွေအရံအနည်းငယ်နဲ့ စစ်ရှုံးဘုရင်တစ်ပါးအဖြစ် ညှိုးငယ်စွာကျန်ခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အင်းဝကို ပြန်လည်တိုက်ခိုက်ဖို့အတွက် အကြံဉာဏ်ကိုစဉ်းစားရင်း တစ်ဖက်မှာလည်း မဟာမိတ်ကိုရှာဖွေနေခဲ့ပါတယ်။ အဲဒီအခါမှာတော့ တိုက်ရည်ကောင်းပြီး လက်နက်ပေါများတဲ့ သန်လျင်စား ငဇင်ကာကို မျက်စိတွေ့ခဲ့ပါတော့တယ်။ ဒါကြောင့် သက္ကရာဇ် ၉၇၂ ခုနှစ်မှာ ငဇင်ကာနဲ့ပူးပေါင်းခဲ့ဖို့ကြံခဲ့ပေမဲ့ ငဇင်ကာက သစ္စာဖောက်ပြီး တောင်ငူသကို ရေကြောင်း၊ ကြည်းကြောင်း အင်အားတို့နဲ့ ချီတက်လာခဲ့ပါတယ်။


ဒီလိုချီတက်မှုကို တောင်ငူရဲ့အိမ်ရှေ့စံဟောင်းဖြစ်တဲ့ မင်းရဲကျော်စွာက ကျောက်မော်မြို့ကနေ ဆီးကြိုတိုက်ထုတ်ခဲ့ပါတယ်။ ‌ဒါပေမဲ့ အင်အားမမျှလို့ မင်းရဲကျော်စွာ ကျဆုံးသွားချိန်မှာတော့ မြို့ပျက်သွားတာကြောင့် မယ်တော်ကြီး မင်းခင်စောဟာ အင်းဝကို ဝေါ‌ယာဉ်နဲ့ ထွက်ပြေးခဲ့တယ်လို့ဆိုပါတယ်။ သန်လျင်စား ငဇင်ကာကလည်း တောင်ငူကိုသိမ်းပိုက်ပြီး တောင်ငူသားတွေကို သုံ့ပန်းတွေအဖြစ် ဖမ်းဆီးခဲ့ကာ ၁ဝရက်ခန့်ကြာပြီးချိန်မှာတော့ ရွှေနန်းတော်၊ ကျောင်း၊ ကန်နဲ့ အိမ်ရာ‌အားလုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ တောင်ငူဘုရင်ခံ နတ်သျှင်နောင်ကိုတော့ ကိုယ်လုပ်တော်နှစ်ယောက်၊ အလုပ်အကျွေး ၁ဝ ယောက်ကျော်နဲ့ လှေပေါ်တင်ပြီး သန်လျင်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။
ဒီကိစ္စအလုံးစုံကို အနောက်ဘက်လွန်မင်းသိရှိပြီးချိန်မှာ ချက်ချင်းဆိုသလို နောက်လိုက်ဗိုလ်ပါအလုံးအရင်းနဲ့ သန်လျင်ကို လာရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီအချိန်မှာတော့ အင်းဝတပ်တို့က အင်အားတောင့်‌တင်းနေခဲ့ပါတယ်။ ဒါပေမဲ့ ငဇင်ကာတို့ကတော့ ခဲယမ်းမီးကျောက်ရှားပါးနေတဲ့အချိန်ဖြစ်တာကြောင့် ၃ လအကြာမှာ သန်လျင်မြို့ကို သိမ်းနိုင်ခဲ့ပါတယ်။ သိမ်းပြီး ငါးရက်အကြာမှာပဲ ငဇင်ကာနှင့် နတ်သျှင်နောင်တို့ကို ရုံးတော်ဆီခေါ်ယူကာ စစ်‌ဆေးမေးမြန်းခဲ့ပြီး အဲဒီအချိန်မှာတော့ ငဇင်ကာက သူနဲ့ နတ်သျှင်နောင်တို့ဟာ အတူပူးပေါင်းဆောင်ရွက်တာ‌ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။ ဒီအခါမှာ နတ်သျှင်နောင်ကလည်း “ငါ့အကြောင်းကို စစ်မေးလျှင် ငါ့အကြောင်းကိုသိပြီးပင်ဖြစ်သည်။ ဤပေါ်တူဂီအမျိုးသားတို့နှင့် ပေါင်းယှက်၍ တစ်သွေးတစ်သားတည်းဖြစ်ပြီး ဖြစ်ရကား သေဘေးကို ကြောက်တော့မည်မဟုတ်။ လက်သို့ရောက်သည်ဟု သတ်သော်လည်း ကိုယ်ကာယရုပ်အကောင်ကိုသာ သေနိုင်သည်။ အသက်ကို စိုးပိုင်သည်မဟုတ်။ ပြုလိုရာပင် ဖြစ်သည်။ ခံတော့မည်” လို့တုံ့ပြန်ဆိုခဲ့ပါတော့တယ်။


၁၆၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာတော့ ငဇင်ကာဟာ သန်လျင်မြို့လယ်‌ခေါင်မှာ ကားစင်တင်ပြီး သေဒဏ်ပေးခံခဲ့ရကာ နတ်သျှင်နောင်ဟာလည်း အလားတူပင် ဇီဝိန်ချုပ်ခဲ့ပါတော့တယ်။ နတ်သျှင်နောင်ရဲ့ ရုပ်အလောင်းကို အင်းဝတပ်နဲ့ အတူပါလာခဲ့တဲ့ ညီတော် မင်းရဲကျော်ထင်က တာဝန်ယူသင်္ဂြိုဟ်စေခဲ့ပြီး ကြွင်းကျန်ရစ်တဲ့အရိုးပြာတို့ကိုတော့ သန်လျင်ကျိုက်ခေါက်စေတီ၊ မြောက်ဘက်စောင်းတန်းရဲ့ အနောက်ယွန်းကပ်မှာ အရိုးအိုးစေတီ တည်ထားတယ်လို့ သိရပါတယ်။ တချို့ကလည်း သံလျင်ဂေါက်ကွင်းဘေးမှာရှိတဲ့ ရန်မြေမာန်ပြေဘုရားကသာလျှင် နတ်သျှင်နောင်ရဲ့ အရိုးအိုးစေတီဖြစ်တယ်လို့ ဆိုကြပါတယ်။
အခုတင်ဆက်ပေးခဲ့တာကတော့ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြီးပြည့်စုံရုံသာမက အနုပညာစာပေပိုင်းမှာပါ ပါရမီရင့်သန်မှုတွေရှိခဲ့တဲ့ တောင်ငူဘုရင် နတ်သျှင်နောင်ရဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ လာမဲ့ “သိပြီးပြီလား” ကဏ္ဍမှာ‌ ဘယ်လိုအကြောင်းအရာကို ရွေးချယ်တင်ဆက်ပေးသွားမလဲဆိုတာကိုတော့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုအားပေးတဲ့ ပရိသတ်တစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

YouTube ❤ https://youtube.com/@zlann_podcast
Podcast ❤ https://podcasters.spotify.com/pod/show/z-lann

#ZLann #ZLann_Podcast #နတ်သျှင်နောင်

More Interesting Blogs from Zlann