စုန့်မင်းဆက်ခေတ် မှာ ထင်ရှားခဲ့တဲ့ တီထွင်ဖန်တီးမှုများ
—————————————————————————–
ရှေးခေတ်တရုတ်မင်းဆက်တွေထဲမှာဆိုရင် “စုန့်မင်းဆက်” ဆိုတဲ့နာမည်တော့ မြန်မာလူမျိုးပရိသတ်တွေနဲ့ စိမ်းသက်ခြင်းမရှိတဲ့ မင်းဆက်တစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ သက္ကရာဇ် ၉၆၀ ခုနှစ်ကနေ ၁၂၇၉ ခုနှစ်အထိ နှစ်ပေါင်း ၃၁၉ နှစ်တိုင်အောင် အရှည်ကြာတည်တံ့ခဲ့တဲ့ “စုန့်မင်းဆက်” ဟာဆိုရင် အဲဒီအချိန်တုန်းက ကမ္ဘာမှာ သိပ္ပံနည်းပညာနဲ့ စက်လက်နက်ပစ္စည်း ထွန်းကားမှုအမြင့်ဆုံးဖြစ်ခဲ့ပြီး ငွေကြေးအင်အားအရလည်း တရုတ်မင်းဆက်တွေထဲမှာ အချမ်းသာဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဖွံ့ဖြိုးတိုးတက်မှုရှိခဲ့တဲ့ခေတ်အချိန်အခါမှာ မရေမတွက်နိုင်လောက်တဲ့ တီထွင်ဆန်းသစ်မှုတွေများစွာ ပေါ်ထွန်းလာခဲ့သလို နဂိုရှိပြီးသားနည်းပညာတွေကိုလည်း ထပ်ဆင့်ပြုပြင်မွမ်းမံခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီတစ်ခေါက် “သိပြီးပြီလား” ကဏ္ဍလေးမှာတော့ စုန့်မင်းဆက်ခေတ်အတွင်းမှာပေါ်ထွက်လာခဲ့တဲ့ တီထွင်ဆန်းသစ်မှု (၅) မျိုးအကြောင်းကို စုစည်းတင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
(၁) ရွှေ့ပြောင်းနိုင်သော ပုံနှိပ်လုပ်ငန်းသုံးပစ္စည်း
တရုတ်နိုင်ငံမှာ ထန်မင်းဆက်ခေတ်ကတည်းက ပုံနှိပ်နည်းပညာကရှိနေခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ သစ်သားပြားပေါ်မှာ စာလုံးတွေ (သို့မဟုတ်) ရုပ်ပုံထွင်းထုတဲ့နည်းပညာနဲ့ စာအုပ်တွေအပေါ်မှာ ပုံနှိပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ အေဒီ ၁၀၄၀ (စုန့်မင်းဆက်ခေတ်အတွင်း) မှာတော့ Bi Sheng ဆိုတဲ့သူက နဂိုရှိပြီးသား ပုံနှိပ်နည်းပညာကိုမူတည်ပြီး ပုံနှိပ်စာလုံးနည်းပညာအသစ်ကိုတီထွင်ခဲ့ပါတယ်။ အဲဒီနည်းပညာအသစ်ထဲမှာဆိုရင် အသုံးများတဲ့အက္ခရာတွေ၊ ရုပ်ပုံတွေကို ရွှံ့စေးနဲ့ထွင်းထုပြုလုပ်ထားပြီး အဆိုပါရုပ်ပုံစာလုံးတွေကိုတော့ သံပြားပေါ်မှာတန်းစီကာ မီးရှို့ဖိနှိပ်ရတဲ့နည်းကနေမှတစ်ဆင့် ပုံနှိပ်ရတာဖြစ်ပါတယ်။ ဒီပုံနှိပ်နည်းဟာ ၁၅ ရာစုနှစ် အလယ်ပိုင်းတုန်းက ဂျာမဏီလူမျိုး “ဂျီဂူတန်ဘယ်” တီထွင်ခဲ့တဲ့ ပုံနှိပ်နည်းထက် အနှစ် ၄၀၀ စောပါတယ်။ တရုတ်လူမျိုးတွေဟာ အဲဒီနောက်မှာတော့ ရွှံ့မြေစာလုံးတွေမှတစ်ဆင့် သံလိုက်စာလုံး၊ ခဲမဖြူစာလုံး၊ ကြေးစာလုံး အစရှိတဲ့ ပုံနှိပ်နည်းပညာတွေကို ရှေ့ဆင့်နောက်ဆင့်ဆိုသလို တီထွင်ခဲ့ကြပါတယ်။
(၂) ငွေစက္ကူ
တရုတ်လူမျိုးတွေဟာ စက္ကူစာရွက်တွေမပေါ်ခင်အချိန်ထိ စာရေးသားခြင်းကို လိပ်ခွံတွေ၊ တိရစ္ဆာန်အရိုးတွေ၊ သစ်သားတွေ၊ ကျောက်တုံးတွေအပေါ်မှာ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ အရှေ့ဟန်မင်းဆက်ခေတ်ရောက်ချိန်မှာတော့ ခုံရုံးအရာရှိ Cai Lun ဆိုသူက စက္ကူစာရွက် ပြုလုပ်နည်းအသစ်ကို တီထွင်ခဲ့ပါတယ်။ Cai Lun မတီထွင်ခင်အချိန်ကတည်းက စာရွက်တွေဆိုတာ ရှိခဲ့ပေမဲ့လည်း Cai Lun ရဲ့ နည်းပညာဟာ စာရွက်ထုတ်လုပ်တဲ့လုပ်ငန်းစဉ်ကို ယခင်ကထက်ပိုမိုမြန်ဆန်စေခဲ့ပြီး ပိုမိုလည်း လူကြိုက်များခဲ့ပါတယ်။ စုန့်မင်းဆက်ခေတ် ၁၁ ရာစုမှာတော့ သမိုင်းတစ်လျှောက်ရဲ့ ပထမဆုံးငွေစက္ကူတွေပေါ်ထွက်လာခဲ့ပြီး ကုန်ပစ္စည်းတွေကို ဒင်္ဂါးပြားတွေနဲ့ လဲလှယ်ဝယ်ယူရောင်းချတဲ့အဆင့်ကနေ ငွေစက္ကူနဲ့ ဝယ်ယူရတဲ့အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။ ငွေစက္ကူတွေ ပုံနှိပ်ထုတ်လုပ်ဖို့အတွက် စက်ရုံတွေကိုတော့ ဟွေ့ကျိုး၊ ချန်ထူ၊ အန်းချီနဲ့ ဟန်ကျိုးမြို့တို့မှာတည်ထောင်ခဲ့ပြီး ၁၂၆၅ ခုနှစ်မှာတော့ အင်ပါယာတစ်ဝန်းမှာ ငွေစက္ကူတွေက တရားဝင်နိုင်ငံတော်ငွေကြေး ဖြစ်ကြောင်းကိုစတင်မိတ်ဆက်ခဲ့ပါတယ်။
(၃) ယမ်းမှုန့်
ယမ်းစိမ်းမှုန့်တွေကို ပထမဆုံးတွေ့ရှိခဲ့တာကတော့ ထန်မင်းဆက်ခေတ်ကတည်းကဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီတုန်းက အဂ္ဂရိတ်ပညာရှင်တွေဟာ ဆားငန်မှုန့် ၇၅ ရာခိုင်နှုန်း၊ မီးသွေး ၁၅ ရာခိုင်နှုန်းနဲ့ ဆာလ်ဖာ ၁၀ ရာခိုင်နှုန်းတို့ကိုရောစပ်ခဲ့ကြပြီး အဆိုပါရောနှောမှုတွေက ပြင်းပြင်းထန်ထန်ပေါက်ကွဲထွက်လာတာကိုတွေ့ရှိခဲ့ကြပါတယ်။ ဒီအခါမှာတော့ အဲဒီအရာကို “မီးဆေး” လို့ အမည်ခေါ်တွင်ခဲ့ကြပြီး နောက်ပိုင်း စုန့်မင်းဆက်ခေတ်ကိုရောက်ချိန်မှာတော့ မြေမြှုပ်မိုင်းတွေ၊ အမြှောက်တွေ၊ မီးမြှားတွေအဖြစ် စစ်ပွဲတွေမှာအသုံးပြုလို့ရနိုင်တဲ့ ယမ်းမှုန့်ကို မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။
(၄) သံလိုက်အိမ်မြှောင်
တရုတ်လူမျိုးတွေဟာ ကျိုးမင်းဆက်ခေတ်အချိန်ကတည်းက သံသတ္တုကိုရှာဖွေရာကနေ သံလိုက်ကိုလည်းတွေ့ရှိခဲ့ကြပါတယ်။ ဒီအခါမှာ သံလိုက်ရဲ့ထူးခြားတဲ့ဝိသေသတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီး ဘီစီ ၄၀၃ နဲ့ ဘီစီ ၂၂၁ ခုနှစ်ကြားကာလမှာတော့ သံလိုက်ကိုအသုံးပြုကာ လမ်းညွှန်ကိရိယာတစ်မျိုးဖြစ်တဲ့ စီနန်ကို တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ စီနန်ဆိုတာက ဇွန်းပုံစံဖြစ်ပြီး အသုံးပြုတဲ့ပုံစံကတော့ အဲဒီဇွန်းကို ချောမွေ့တဲ့ အောက်ခံအပြားတစ်ခုရဲ့ အလယ်မှာထားကာ လှည့်ပတ်စေတာဖြစ်ပါတယ်။ ဇွန်းရပ်တဲ့ အချိန်မှာတော့ ဇွန်းရဲ့လက်ကိုင်ဟာ တောင်ဘက်ဆီကို ဦးတည်လို့နေပြီး အဲဒီအချိန်တုန်းကတော့ ဒီအရာကို ဗေဒင်တွက်တဲ့နေရာမှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနဲ့ စုန့်မင်းဆက်ခေတ် ၁၀၄၀ ခုနှစ်ဝန်းကျင်အချိန်မှာတော့ လမ်းကြောင်းရှာဖွေဖို့အတွက် အသုံးပြုခဲ့ပြီး ၁၁၁၁ ခုနှစ်မှာတော့ ပင်လယ်ရေကြောင်းခရီးသွားလာဖို့အတွက် ရည်ရွယ်အသုံးပြုခဲ့တယ်လို့ ယူဆထားကြပါတယ်။
(၅) နက္ခတ်နာရီစင်
အေဒီ ၁၀၉၂ ခုနှစ်မှာတော့ နိုင်ငံ့ခေါင်းဆောင်လည်းဖြစ်၊ လက်ရေးလှဆရာနဲ့ ရုက္ခဗေဒပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ Su Song ဟာ နက္ခတ်ဗေဒနာရီမျှော်စင်ကို တီထွင်သူအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ ဒီနာရီကိုအသုံးပြုပြီး နေ့ရဲ့ အချိန်၊ လတစ်လရဲ့ရက်နဲ့ လပြည့်ရက်ရောက်ရှိမဲ့အချိန်တို့ကို ပြောပြနိုင်ကာ အဆိုပါနာရီကိုမောင်းနှင်ဖို့အတွက်ကတော့ ရေအားကို အသုံးပြုရတာဖြစ်ပါတယ်။ ယင်းတီထွင်ဖန်တီးမှုဟာ နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုအတွက်သာမကဘဲ ဗိသုကာလက်ရာ ဆိုင်ရာနဲ့ပတ်သက်ပြီးတော့လည်း ထင်ရှားတဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။
စုန့်မင်းဆက်လက်ထက်မှာ ထွန်းကားခဲ့တဲ့နည်းပညာတွေကလည်း ဒီ့ထက်မကများစွာရှိခဲ့ပြီး အခုဖော်ပြပေးခဲ့တဲ့ တီထွင်မှု (၅) မျိုးကတော့ လူသိအများဆုံးနဲ့ အထင်ရှားဆုံးတွေဖြစ်ကြပါတယ်။ စုန့်မင်းဆက်ခေတ်က တခြားသောတရုတ်မင်းဆက်တွေနဲ့ ယှဉ်တဲ့အခါ စစ်ရေးပိုင်းမှာ အင်အားနည်းတယ်လို့ဆိုရမှာပေမဲ့လည်း နည်းပညာထွန်းကားမှုမှာတော့ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ပိုမိုသာလွန်ခဲ့တယ်ဆိုတာက ဘယ်သူမှငြင်းဆန်လို့မရတဲ့အချက်ပဲဖြစ်ပါတယ်။ နောင်လာမဲ့ “သိပြီးပြီလား” ကဏ္ဍမှာရော သမိုင်းထဲက ဘယ်လိုအကြောင်းအရာတွေကို ဖော်ပြပေးသွားဦးမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်တစ်ဦးချင်းဆီကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်။
#ZLann #ZLann_Podcast
# စုန့်မင်းဆက်ခေတ်တီထွင်ဖန်တီးမှုများ
#SongDynasty