၁၈၃၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ စကော့တလန်နိုင်ငံ Dunfermline မြို့မှာ အင်ဒရူးကာနယ်ဂျီဆိုတဲ့ ကလေးငယ်တစ်ဦးကို မွေးဖွားခဲ့ပါတယ်။သူရဲ့ ဖခင်က လက်မှုလယ်ယာမှ စက်မှုခေတ်ကို ကူးပြောင်းတဲ့ကာလမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ ပိတ်ထည်ရက် လုပ်သား တစ်ဦးဖြစ်ပြီး မိခင်က ဖိနပ်ချုပ်အလုပ်လုပ်ကိုင်ပြီး မိသားစု စီးပွားရေးကို ထောက်ပံ့သူ ဖြစ်ပါတယ်။
မိသားစုရဲ့ ဆင်းရဲငတ်မွတ်မှုက အင်ဒရူးရဲ့ ဘဝအပေါ်နက်ရှိုင်းစွာ သက်ရောက်မှုရှိခဲ့ပါတယ်။သူ့ရဲ့မိဘတွေက စာအုပ်စာပေဟာ ပညာရေးအတွက် အရေးကြီးတာကို သဘောပေါက်တာကြောင့် အင်ဒရူးကာနယ်ဂျီ ကလေးဘဝကတည်းက စာပေနဲ့ရင်းနှီးအောင်လုပ်ပေးခဲ့ပါတယ်။
အင်ဒရူး ၁၃ နှစ်သားအရွယ် ၁၈၄၈ ခုနှစ်မှာတော့ ဖခင်ဖြစ်သူဟာ အမေရိကန် ပြည်ထောင်စု ပင်ဆီလဗေးနီးယား ပြည်နယ်ကို ပြောင်းရွှေ့ နေထိုင်ပါတယ်။သူတို့မိသားစုမှာ သင်္ဘောစရိတ်က လွဲပြီး ငွေပိုတစ်ပြား တစ်ချပ်မျှမပါခဲ့။
အင်ဒရူးတို့မိသားစု အမေရိကန်ကို ရောက်ရှိစဉ်မှာပဲ စားဝတ်နေရေးအတွက် ရုန်းကန်ရပါတယ်။ဒီလို ရုန်းကန်ရသူ တွေထဲမှာ အင်ဒရူးကိုယ်တိုင်ပါဝင်ခဲ့ရပြီး ရှေးဦးစွာ ဝါစက်တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ပါတယ်။ ဒီလိုလုပ်ကိုင် ရပေမဲ့ သူဟာ စာဖတ်ခြင်းကို စွဲစွဲမြဲမြဲပြုလုပ်ခဲ့ပြီး စာကြည့်တိုက်မှ စာအုပ်တွေကို ငှားယူဖတ်ရှုခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ်မှာတော့ ပင်ဆီလဗေးနီးယား မီးရထားကုမ္ပဏီမှာ ဝင်ရောက် အလုပ်လုပ်ကိုင် ပါတယ်။ သူရဲ့ ကြိုးပမ်းအားထုတ်မှုကို သဘောကျတဲ့ အရာရှိကြီးတစ်ဦးက ခေါ်ယူပြီး အတွင်းရေးမှူးအဖြစ် ခန့်အပ်ပါ တယ်။ ကြီးပွားလိုတဲ့စိတ်နဲ့ ကြိုးစားဆောင်ရွက်ခဲ့ရာမှာတော့ အသက် ၂၃ နှစ်အရွယ်မှာ မီးရထားဌာနခွဲတစ်ခုရဲ့ အရာရှိတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
အလုပ်အတွေ့အကြုံတွေက သူ့ကို ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေကို သိမြင်စေခဲ့ပြီး ရေနံလုပ်ငန်းမှာ စတင်ဝင်ရောက် လုပ်ကိုင်ပါတယ်။အမေရိကန်ပြည်တွင်းစစ် ဖြစ်တဲ့အခါစစ်တပ်ထဲဝင်ရောက် အမှုထမ်း ပါတယ်။ စစ်ပွဲကြီးပြီးဆုံးသွားတဲ့အခါမှာတော့ ရေနံလုပ်ငန်းကနေ သံမဏိလုပ်ငန်းကို ပြောင်းရွှေ့ လုပ်ကိုင် ပါတယ်။အဲဒီလို လုပ်ကိုင်ပြီးမကြာမီ မိတ်ဆွေတွေနဲ့ပူးပေါင်းလို့ ယူနီယန်သံစက်ကုမ္ပဏီကို တည်ထောင်ပါတယ်။
အဲဒီလုပ်ငန်းက အလျင်အမြန်တိုးတက်အောင်မြင်လာပါတယ်။အင်ဒရူးတစ်ယောက် စရိတ်နည်းနည်းနဲ့ သံမဏိ ကောင်းကောင်း ထုတ်လုပ်နိုင်ဖို့အတွက် အင်္ဂလန်နိုင်ငံကိုသွားရောက်လေ့လာပါတယ်။အဲဒီနောက်မှာတော့ သံမဏိလုပ်ငန်းကို အကြီးအကျယ် ထုတ်လုပ်ရောင်းချနိုင်ခဲ့သလို နှစ်အနည်းငယ်အတွင်း အမြတ်အစွန်း မြောက်မြားစွာ ရရှိခဲ့ပါတယ်။
သတ္တုရိုင်းတွေ သယ်ယူဖို့အတွက်လည်း မီးရထားနဲ့ မီးသင်္ဘောတွေကို အပိုင်ဝယ်လိုက်တဲ့အတွက် သယ်ယူစရိတ်များစွာ သက်သာခဲ့ပါတယ်။သယ်ယူစရိတ် နည်းသွားတဲ့အတွက် သူ့ရဲ့ သံထည်ပစ္စည်းတွေကို ပြိုင်ဘက်တွေထက် စျေးနှုန်းချိုသာစွာရောင်းချနိုင်ခဲ့ပြီး ပြိုင်ဘက်တွေကို ချိုးနှိမ်နိုင်ခဲ့ပါတယ်။
အင်ဒရူးဟာ အသက် ၅၁ နှစ်အရွယ်အထိ အိမ်ထောင်မပြုဘဲ မိခင်နဲ့အတူ နေထိုင်ပါတယ်။၁၈၈၀ ပြည့်လွန် နှစ်တွေမှာတော့ နယူးယောက်မြို့သူ Louise Whitfield နဲ့ ဆုံတွေ့ခဲ့ပြီး ၁၈၈၇ ခုနှစ်မှာ လက်ထပ်ပါတယ်။ လက်ထပ်ချိန်မှာ အင်ဒရူးရဲ့ အသက်က ၅၁ နှစ်ဖြစ်ပြီး Louiseရဲ့ အသက်က ၃၀ ဖြစ်ပါတယ်။၁၈၉၇ ခုနှစ်မှာ သမီးလေး မာဂရက်ကို ဖွားမြင်ပါတယ်။အင်ဒရူးတစ်ယောက် သူ့ရဲ့ သမီးဖြစ်သူကို အလွန်ချစ်မြတ် နိုးသလို မိသားစုဘဝကိုလည်း အထူးတန်ဖိုးထားပါတယ်။
၁၈၈၈ ခုနှစ် ရောက်တဲ့အခါမီးရထားလမ်း မိုင်ပေါင်း ၄၂၅ မိုင်၊ မီးသင်္ဘော အများအပြားကို ပိုင်ဆိုင်ခဲ့ပါတယ်။ သံလုပ်ငန်း အပြင် ကျောက်မီးသွေးလုပ်ငန်း၊ ရေနံလုပ်ငန်း၊ သင်္ဘောကျင်းလုပ်ငန်းနဲ့ အခြား စက်မှုလက်မှု လုပ်ငန်း အများအပြားကို ကြိုးကိုင်နိုင်တဲ့ အခြေအနေ ရောက်ရှိခဲပြီး သူပိုင်လုပ်ငန်းတွေကို စုပေါင်းလို့ ကာနယ်ဂျီသံမဏိကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ပါတယ်။
၁၉ဝ၁ ခုနှစ် ရောက်တဲ့အခါ အင်ဒရူးတစ်ယောက် အလွန်အမင်းချမ်းသာကြွယ်ဝလာပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို စနစ်တကျ အသုံးပြုဖို့ ဆန္ဒဖြစ်ပေါ်ပါတယ်။အဲဒီနှစ်မှာပဲ သူ့ရဲ့ သံမဏိလုပ်ငန်းကို J.P. Morgan ထံ ရောင်းချခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးသူဌေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ သူရဲ့ ပရဟိတလုပ်ငန်းတွေကို စတင်လုပ်ကိုင်ပါတော့တယ်။ လှူဒါန်းမှုအဖြစ် သူ့ရဲ့ ဇာတိဖြစ်တဲ့ စကော့တလန်ရှိ တက္ကသိုလ်ကျောင်းကြီးလေးကျောင်းကို ဒေါ်လာ ၁၀ သန်းလှူဒါန်းပါတယ်။ အဲဒီနောက် အမေရိကန် ပြည်ထောင်စုမှာ ကာနယ်ဂျီ အမည်နဲ့ ပညာမြှင့်တင်ရေးအဖွဲ့တွေကို တည်ထောင် ပါတယ်။
အသက်အရွယ်ကြီးရင့်ပြီး အလုပ်မလုပ်နိုင်တော့တဲ့ ကျောင်းဆရာတွေကို အငြိမ်းစားရိက္ခာ ထောက်ပံ့ပေးခဲ့သလို စာကြည့်တိုက် အများအပြားကိုလည်း ငွေအမြောက်အမြား ထောက်ပံ့လှူဒါန်းပါတယ်။သူကိုယ်တိုင် ကန်ဒေါ်လာ ၁၂၅သန်း မတည်လို့ ပညာသင်ထောက်ပံ့မှုလိုအပ်နေတဲ့ကျောင်းသားတွေကို ရည်ရွယ်ပြီး ဖောင်ဒေးရှင်းတစ်ခု ထူထောင်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ စစ်မက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်မလာစေဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းအဖြစ် တရား ဟောခြင်း အနယ်နယ် အရပ်ရပ်ကို လှည့်လည် တရားဟောပြောခြင်း၊ စာအုပ်စာတမ်းတွေ ရေးသားထုတ်ဝေခြင်း အစရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်ဖို Hague Palace of Peace အဆောက်အဦ ကို ထူထောင်ခဲ့သလို ငွေသန်းပေါင်းများစွာ လှူဒါန်း ခဲ့ပါတယ်။
အင်ဒရူးဟာ စာပေ၊ ကမ္ဘာငြိမ်းချမ်းရေး၊ ပညာသင်ကြားရေးအစရှိတဲ့ လိုအပ်ချက်ကို သိမြင်တာကြောင့် သူပိုင်ဆိုင်မှုတွေထဲက ၉၀ ရာခိုင်နှုန်းနဲ့ အထက်လှူဒါန်းခဲ့သူဖြစ်ပါတယ်။ သူရဲ့ ပိုင်ဆိုင်မှုတွေကို ဇနီးနဲ့ သမီးတို့အတွက်လည်း ချန်ရစ်ခဲ့ပေမဲ့ သူရဲ့ပိုင်ဆိုင်မှုအများစုကတော့ အများအကျိုးအတွက် အသုံးပြုခဲ့သူဖြစ်ပါတယ်။
ဆင်းရဲသားဘဝကနေ ကမ္ဘာ့အချမ်းသားဆုံပုဂ္ဂိုလ်ကြီးဖြစ်ခဲ့သလို သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ပရဟိတလုပ်ငန်း အတွက် လှူဒါန်းခဲ့တဲ့ အင်ဒရူးကာနယ်ဂျီဟာ ၁၉၁၉ ခုနှစ် ဩဂုတ် ၁၁ ရက်နေ့မှာတော့ မက်ဆာချူဆက် ပြည်နယ် Lenox မြို့မှာ အဆုတ်ရောင်ရောဂါနဲ့ ကွယ်လွန်ပါတယ်။
==================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလိုတခြား platform တွေကနေလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အားလုံးရဲ့ နားလည်ပေးမှုနဲ့ ဆက်လက်အားပေးမှုများအတွက်လည်း အထူးကျေးဇူးတင်ပါတယ်။
#Zlann_Podcast #ဇာတ်လမ်း #AndrewCarnegie #ပရဟိတသမား #CarnegieStory #SelfMadeBillionaire