မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာသမိုင်းမှာ မိန်းမတစ်ယောက်ရဲ့ အကောက်ကြံမှုကို ဓားမနဲ့ ကိုယ်ကိုယ်ကိုယ် လှီးပြီး အဲဒီဓားမကို ရေပေါ်မှာ ငါးတစ်ကောင်လို ကူးခတ်နေအောင် သစ္စာအဓိဌာန်ပြုပြီး ဖြေရှင်းခဲ့တဲ့ ဆရာတော်တစ်ပါး ပေါ်ပေါက်ခဲ့ပါတယ်။အဲဒီဆရာတော်က တောင်ဖီလာဆရာတော်ကြီး ဖြစ်ပါတယ်။
တောင်ဖီလာဆရာတော်ကို မြန်မာသက္ကရာဇ် ၉၄၀ ပြည်နှစ်က စလင်းမြို့မှာ မွေးဖွားပါတယ်။တောင်ဖီလာဆရာတော်ဟာ ၉၄၀ ပြည့်နှစ်မှာ ပျံလွန်တော်မူခဲ့တဲ့ ဆီးတောဆရာတော်ဝင်စားတယ်လို့လည်း ဆိုကြပါတယ်။အသက် ၁၃ နှစ်အရွယ်မှာ သာမဏေပြုခဲ့ပြီး ဘွဲ့အမည်က မုနိန္ဒာဃောသ ဖြစ်ပါတယ်။
အသက် ၁၅ နှစ်အရွယ်မှာ ဝေဿန္တရာပျို့ကို စပ်ဆိုစီရင်ခဲ့တဲ့အတွက် သာမဏေကျော်အဖြစ် ထင်ရှားလာပါတယ်။ အသက် ၂၀ မှာရဟန်းပြုခဲ့ပြီး ကျမ်းဂန်အရာမှာ လိမ္မာလှတဲ့အတွက် ပဉ္စင်းကျော်လို့ ထင်ရှားကျော်စောပါတယ်။ ပြည်မြို့ကို အစွဲပြုလို့ ပြည်ပဉ္စင်းကျော်လို့လည်း တွင်ပါတယ်။
အဲဒီနောက် စလင်းမြို့ကို ကြွတော်မူပြီး ဥပါလိ ဘွဲ့အမည်ခံယူပါတယ်။ရဟန်း ဆယ်ဝါရတဲ့အခါ ပြည်မြို့မှာ ပြန်လည်နေထိုင်တော်မူပါတယ်။၉၇၀ ပြည့်နှစ်မှာ အနောက်ဘက်လွန်မင်းက ပြည်မြို့ကို လုပ်ကြံအောင်မြင်ပါတယ်။ပြည်ပဉ္စင်းကျော်ကိုလည်း အင်းဝမြို့ကို ပင့်ဆောင်ကိုးကွယ်ပါတယ်။
အနောက်ဘက်လွန်မင်းက “ငါ ပြည်ကို လုပ်ကြံသည်ကား ရှင်တစ်ဆူ လူတစ်ယောက်သာရသည် ”လို့ ဆိုပါတယ်။ရှင်တစ်ဆူ ဆိုတာ ပြည်ပဉ္စင်းကျော်ကို ဆိုလိုခြင်းဖြစ်ပြီး လူတစ်ယောက်ဆိုတာက ပြည်ဘုရင်ကို နောက်ဆုံးအချိန်အထိ ခုခံကာကွယ်ပေးခဲ့သူ ငထင်ငယ်ကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။
စာပေကျမ်းဂန် တတ်မြောက်လှတဲ့ ပြည်ပဉ္စင်ကျော်တစ်ပါး အင်းဝရောက်ရှိလာမှုကို သာသနာပိုင် ဆရာတော်ကြီး က အလွန်အားရ နှစ်သက်တော်မူပါတယ်။အဲဒီအချိန်မှာ အင်းဝမြိုမှာလည်း အဝပဉ္စင်းကျော်အဖြစ် အရှင်အရိယာလင်္ကာရက အထူးထင်ရှားပါတယ်။အနောက်ဘက်လွန်မင်းက ပဉ္စင်းကျော်နှစ်ပါးနဲ့ ကျမ်းတတ် ပုဂ္ဂိုလ်ကျော်တွေကို ပင့်ဖိတ်ပြီး စာပေကျမ်းဂန် ဆွေးနွေးစေပါတယ်။
သာလွန်မင်း နန်းတက်တဲ့အခါ ပြည်ပဉ္စင်းကျော်ကို တိပိဋကလင်္ကာရဘွဲ့တံဆိပ်အပ်နှင်းပါတယ်။ဟံသာဝတီပဲခူးရှိ မွန် မှူးမတ်ရဟန်းရှင်လူတို့က မြန်မာရဟန်းတို့ စာပေကျမ်းဂန် မတတ်မသိလို့ ဆိုလာကြတဲ့အခါ သာလွန်မင်းက လေးထပ်ကျောင်းဆရာတော်ကို လျှောက်ထားပြီး တိပိဋကလင်္ကာရဆရာတော်ကို ပဲခူးစေလွှတ်ပါတယ်။
ဆရာတော်ဟာ ပဲခူးရွှေမောဓောဘုရားအရှေ့ဘက် တဲကျောင်းမှာ သီတင်းသုံးပြီး စာပေကျမ်းဂန်တွေကို ပို့ချ ပါတယ်။ရွှေမောဓောသုဓမ္မာဇရပ်မှာ ကျမ်းဂန်တတ်သူတို့နဲ့ အပြန်အလှန်ဆွေးနွေးပြီး မြန်မာရဟန်းတို့ရဲ့ သိမြင်နှံ့စပ်မှုကို သိရှိစေခဲ့ပါတယ်။
ပဲခူးက ပြန်လာတဲ့အခါ မင်းရဲကျော်စွာဆောက်လုပ်တဲ့ စစ်ကိုင်းမြစ်နားလေးထပ်ကျောင်းမှာ သီတင်းသုံးပါတယ်။ အဲဒီနောက် စက်တော်ရာကို ကြွပြီး တော ချုံတို့ ဖုံးအုပ်နေတဲ့ စက်တော်ရာနှစ်ဆူကို ရှာဖွေကာ သွားလာမှု လွယ်ကူစေဖို့ ဆောင်ရွက်ပါတယ်။
စက်တော်ရာမှ အပြန်မှာတော့ အလုပ်အကျွေး လူသူတော်တစ်ယောက်နဲ့သာ ခေါင်းခေါင်းပါးပါးနေထိုင်တဲ့ ပုခန်းကြီးရွှေဥမင်ဆရာတော်ထံ ဝင်ရောက်ပါတယ်။ပရိသတ်နောက်ပါတွေနဲ့ရောက်ရှိလာတဲ့ တိပိဋကလင်္ကာရ ဆရာတော်က ရွှေဥမင်ဆရာတော်ကြီးကို ပရိသတ် အခြွေအရံနည်းလှတဲ့အတွက် ကြောက်တော် မမူဘူးလားလို့ မေးတော်မူပါတယ်။ရွှေဥမင်ဆရာတော်က ကြောက်တဲ့အတွက် ပရိသတ်အခြွေအရံ အနည်းငယ်နဲ့သာ နေထိုင်ခြင်းဖြစ်တယ်လို့ မိန့်ကြားပါတယ်။
တိပိဋကလင်္ကာရဆရာတော်က ရွှေဥမင်ဆရာတော်ကို လှူဖွယ်ပစ္စည်းတွေပေးလှူတဲ့အခါ ရွှေဥမင်ဆရာတော်က လှူဖွယ်ပစ္စည်းအားလုံးကို ရွှေစည်းခုံဘုရားအားလှူပါ၏လို့ဆိုပါတယ်။ရွှေဥမင်ဆရာတော်ရဲ့ ပြုမှုဆောင်ရွက် မှုတွေက ရဟန်း အဖြစ်ကိုရပါလျှက် မင်းဆရာပြုနေခြင်းက အကျိုးမရှိကြောင်း တရားပြလိုက်ခြင်းသာ ဖြစ်ပါတယ်။
အရှင်တိပိဋကလင်္ကာရဟာ စစ်ကိုင်းကို ရောက်တဲ့အခါမှာတော့ လေးထပ်ကျောင်းကို မဝင်တော့ဘဲ မင်းဝံတောင်ရိုး အရှေ့ချောက်ကြားမှာ တောဝင်တော်မူပါတယ်။ဆရာတော် တောရထွက်ပြီး မကြာမီမှာပဲ ထင်မှတ်မထားတဲ့ ပြဿနာတစ်ခုက နိုင်ငံအတွင်းမှာ ဖြစ်ပေါ် လာပါတယ်။အဲဒါက စစ်ကိုင်း၊အင်းဝ၊ပင်းယတို့မှာ မိုးအလွန်ခေါင်ခြင်းဖြစ်ပါတယ်။မိုးခေါင်မှုကြောင့် တိုင်းပြည်အတွင်းမှာ စိုက်ပျိုးရေးလုပ်ငန်း မဖြစ်ထွန်းတော့ဘဲ စီးပွားရေးကျပ်တည်းလာပါတယ်။
တစ်ခုသော နေဝင်ဖြိုးဖျ အချိန်မှာတော့ တောင်ဖီလာတောရကျောင်းအနီးကို အဝတ်အစား အစုတ်အပြဲတွေ ဝတ်ဆင်ထားပြီး ဆံပင်ဖားလျားချထားတဲ့ မိန်းမငယ်တစ်ယောက် မောကြီးပန်းပြီး ပြေးလွှားရောက်ရှိလာ ပါတယ်။အဲဒီမိန်းမငယ်ရဲ့ ရုပ်အဆင်းလက္ခဏာက သန့်ပြန့်ပေမဲ့ အဝတ်အစားတွေကတော့ စုတ်ပြတ်နွမ်းလျလို့ နေပါတယ်။
တောင်ကျရေ ခံဖို့ တူးထားတဲ့ ကန်အနီး လမ်းလျှောက်နေရာမှ ဘုရား ဝတ်ပြုဖို့ ဟန်ပြင်နေတဲ့ ဆရာတော်ကို “ကယ်တော်မူပါ ဆရာတော်ဘုရား” ဆိုတဲ့အသံနဲ့အတူ မိန်းမငယ်လေး အပြေးအလွှားရောက်ရှိလာခြင်း ဖြစ်ပါတယ်။နေဝင်သွားပေမဲ့ လရောင်ရဲ့ အလင်းရောင်ကြောင့် မိန်းမငယ်ရဲ့ ရုပ်သွင်ကို ပြတ်ပြတ်ထင်ထင်မြင်နေတဲ့ ဆရာတော်ဟာ မာတုဂါမနဲ့အတူ တစ်မိုးအောက်တည်း အတူသီတင်းသုံးဖို့ မဖြစ်နိုင်ပေမဲ့ ဒုက္ခသည်တစ်ဦးကို ညအချိန် တောတောင်ထဲ ပြန်လွှတ်ဖို့လည်း ခက်နေပါတယ်။
တစ်ညတာတည်းပါရစေဘုရားလို့ ငိုယိုတောင်းပန်နေတဲ့ မိန်းမငယ်လေးကို နောက်ဆုံးမှာတော့ ကျောင်းအပြင်ဘက် စင်္ကြံမှာ အိပ်ဖို့ ခွင့်ပြုလိုက်ရပါတော့တယ်။ဆရာတော်ကြီးကတော့ တောင်ဖီလာစေတီရင်ပြင်မှာ ဘုရားဝတ်ပြုပြီး တောင်စောင့်နတ်တို့အား အမျှဝေ မေတ္တာပို့သနေပါတော့တယ်။
ညဉ့်နက်လာတဲ့အခါမှာတော့ ကျောင်းကလေးဆီကို ပြန်ကြွပြီး မင်းတုတ်ချလို့ ကမ္မဋ္ဌာန်းဘာဝနာ ပွားများပါတယ်။အဲဒီည လုံးဝမအိပ်မိအောင် တရားရှုမှတ်လို့သာ နေပါတယ်။အဲဒီအချိန်မှာဘဲ ချမ်းလွန်းတဲ့အတွက် ကျောင်းအတွင်းဝင်ခွင့်ပြုဖို့ မိန်းမငယ်က တံခါးကို ရိုက်ပုတ်လို့ အသနားခံလာပြန်ပါတယ်။ဆရာတော်ဟာ အမျိုးမျိုးစဉ်းစားပြီး အမျိုးသမီးငယ်ကို ကျောင်းအတွင်းထဲ ဝင်ရောက်ခွင့်ပြုပါတယ်။
ဆရာတော်ကတော့ မိမိကိုယ်ကိုယ်ဆုံးမရင်း တရားကို နှလုံးသွင်းလို့သာနေပါတယ်။အမျိုးသမီးငယ်က အမျိုးမျိုး ဖြားယောင်းတဲ့အခါမှာတော့ ဆရာတော်ဟာ ကျောင်းနံရံမှာ ထိုးစိုက်ထားတဲ့ ဒန်ပူသတ်တဲ့ ဓားမောက်ကို ယူပြီး မိမိရဲ့ ခြေသလုံကို ဓားနဲ့ မွှန်းပါတယ်။သွေးစိမ်းရှင်ရှင်ပန်းကျလာတာကို မြင်တဲ့ မိန်းမငယ်ဟာ ကြောက်လန့်ငြိမ်သက်သွားခဲ့ပါတယ်။မိုးစင်စင်လင်းတဲ့အခါ အမျိုးသမီးငယ် ပြန်ထွက်သွားပါတယ်။
ဒီဖြစ်စဉ် ဖြစ်ပွားရခြင်းက တောင်ဖီလာဆရာတော်အကျင့်သီလ ပြင်းထန်တဲ့အတွက် မိုးခေါင်ခြင်း ဖြစ်တယ်လို့ အမတ်အချို့က ဘုရင်ကို သံတော်ဦးတင်ကြပါတယ်။မင်းကြီး မယုံပေမဲ့ မှူးမတ်တို့က နိလိနိကာဇာတ်မှာ ဣသိသိင်္ဂရသေ့ အကျင့်ပြင်းထန်တဲ့အတွက် ကာသိတိုင်းမိုးခေါင်ကြောင်း သိကြားမင်းက ဗာရာဏသီမင်းရဲ့ သမီးတော်ကို အဖျက်ခိုင်းရဖူးတယ်လို့ သာဓကဆောင်ကြတဲ့အတွက် မင်းကြီးလည်းသဘောတူပြီး ရုပ်ရည်လှပချောမောတဲ့ မင်းသမီးတစ်ပါးကို ဆရာတော်ကြီးထံ စေလွှတ်ခြင်းဖြစ်ပါတယ်။
အပြစ်ဒဏ်ကို ကြောက်ရွှံ့တဲ့ မင်းသမီးက ဘုရင်စေခိုင်းတဲ့အတိုင်း တောင်ဖီလာဆရာတော်ရဲ့ သီလအကျင့်ကို ဖြားယောင်း ဖျက်ဆီးခဲ့ပါပြီလို့ သံတော်ဦး တင်ရပါတယ်။အဲဒီသတင်းဟာ တမုဟုတ်ချင်းပြန်နှံ့သွားခဲ့ပါတယ်။
တောင်ဖီလာတောရကို အလှူအတန်းပြုလိုဟန်နဲ့ ရောက်ရှိလာတဲ့ သာလွန်မင်းနဲ့ ပရိသတ်တွေကို တောင်ဖီလာဆရာတော်က သင်္ကန်းစုတ် ပတ်တီးစည်းထားတဲ့ ခြေထောက်ကိုပြရင်း ဓားမောက်ကို ယူကာ – “ငါ၏ သီလပျက်စီးပါမူ ဤဓားမောက်သည် ချသောခဏ ရေ၌ မြုပ်ပါစေသား။ စင်ကြယ်ပါမူ ရေဝယ် ကူးစေသား”လို့ သစ္စာအဓိဋ္ဌာန် ပြုပြီး ဓားမောက်ကို ရေချပါတယ်။ဓားမောက်ဟာ ရေမှာ နစ်မြုပ်ခြင်းမရှိဘဲ ငါးတစ်ကောင် ကူးခတ်နေသလို ပေါလောပေါ်နေပါတယ်။
သာမဏေဘဝမှာ သာမဏေကျော်၊ ရဟန်းဘဝမှာ ပဉ္စင်းကျော်၊ ဘွဲ့တံဆိပ်ရတဲ့အခါ တိပိဋကာလင်္ကာရအကျော်၊ တောဝင်တဲ့အခါတောင်ဖီလာပုဂ္ဂိုလ်ကျော်လို့ အကျော်လေးပါးနဲ့ ထင်ရှားတဲ့ ဆရာတော်ကြီးဟာ ၁၀၁၂ ခုနှစ် သက်တော် ၇၂ နှစ်မှာ ပျံလွန်တော်မူပါတယ်။
ဆရာတော်ကြီး ပျံလွန်တော်မမူမီ ထူးခြားတဲ့ ဆုကို ပန်ခဲ့ပါတယ်။တောင်ဖီလာဆရာတော်ကြီးက
– ငါစုတေခဲ့သော် ဟိမဝန္တာအရပ် ဂန္ဓမာဒန တောင်၌ ဘုမ္မစိုး နတ်မင်းကြီး ဖြစ်ရပါလို၏ ။
– ဘုမ္မစိုးနတ်မင်းကြီးဘဝဖြင့် အရိမေတ္တယျ ဘုရားရှင် ပွင့်သည့်တိုင်အောင် အသက်ရှည်ရပါလို၏ ။
– အရိမေတ္တယျဘုရားရှင် ပွင့်သောအခါ ဘုမ္မစိုးနတ်မင်း ဘဝမှ လူ့ဘဝသို့ တဖန်ရောက်ရပါလို၏ ။
– လူ့ဘဝ၌ ရဟန်းအဖြစ်ဖြင့် ဘုရားရှင်အား အလုပ်အကျွေးပြုခွင့်ရပြီး နောင်အခါ ဘုရားဖြစ်လိမ့်မည်ဟူသော ဘုရားရှင်၏ ဗျာဒိတ်စကားကို ကြားရပါလို၏ ။
– ဗျာဒိတ်စကားကြားပြီးနောက် ပါရမီဆယ်ပါး ဖြည့်ကျင့် ဆည်းပူးလျှက် နောင်အခါ ကပ်ကမ္ဘာတစ်ခုခု၌ လောကသုံးပါးတွင် ဘုရားဖြစ်ရပါလို၏ လို့ ဆုပန်ခဲ့ပါတယ်။
==================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလိုတခြား platform တွေကနေလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အားလုံးရဲ့ နားလည်ပေးမှုနဲ့ ဆက်လက်အားပေးမှုများအတွက်လည်း အထူးကျေးဇူးတင်ပါတယ်။
YouTube ❤️: https://www.youtube.com/@zlann_podcast
Podcast ❤️: https://podcasters.spotify.com/pod/show/z-lann
Website ❤️: https://www.zlann.com.mm
#Zlann_Podcast #ဇာတ်လမ်း #ဓားမကူးဆရာတော် #တောင်ဖီလာဆရာတော် #မြန်မာ့သမိုင်း
#ဗုဒ္ဓသာသနာ