“ဇော်ဂျီဖိုလ်ဝင်စားတဲ့ ပုဂံသူရဲကောင်းညီနောင်နှစ်ပါး”

ပုဂံရာဇဝင် သမိုင်းများထဲတွင် တိုင်းတစ်ပါးမှ ရောက်ရှိလာကြပြီး ဘုန်းတန်ခိုးနှင့် ပြည့်စုံကာ ရဲစွမ်းသတ္တိ လည်းရှိသော သူရဲကောင်းညီနောင်နှစ်ဦးရှိခဲ့ဖူးလေသည်။ ထိုစဉ်က ပုဂံထီးနန်းတွင် မင်းမြတ်အနော်ရထာ စိုးစံနေပြီး သထုံပြည်တွင် မနူဟာဘုရင်တို့ အသီးသီး အုပ်စိုးနေကြချိန်ဖြစ်သည်။ ရာဇဝင်ကျမ်းများ၏ အဆိုအရ ထိုသူရဲကောင်းညီနောင်မှာ အိန္ဒိယပြည်မှရောက်ရှိလာကြသည့် ကုလားညီနောင် ဟုလည်း မှတ်သားဖူးပါသည်။
ဗျတ်ဝိနှင့်ဗျတ္တညီနောင်တို့သည် ဆရာတော်၏ အပါးတွင် နေ့ညမပြတ် အလုပ်အကျွေးပြုသကဲ့သို့ ဆရာ တော်ကလည်း ညီနောင်နှစ်ဦးအပေါ်၌ အထူးတလည်ချစ်ခင်လေသည်။ မင်းဆရာဘုန်းကြီးသည် ပိဋကတ်၊‌ ဗေဒင်၊ဆေးဝါး မန္တန် တို့ကို ကျွမ်းကျင်စွာ တတ်မြောက်တော်မူသည်။ ထို့ကြောင့် တစ်ခါသော် ဆေးဝါး ဖော်စပ်ရန် အလို့ငှာ မင်းဆရာဘုန်းကြီးသည် ဗျတ်ဝိ၊ဗျတ္တ ညီနောင်နှင့်အတူ တောသို့ဝင်ကြသည်။ တောအတွင်း သာသနာသက္ကရာဇ် ၁၅၅၀၊ ခရစ်နှစ် ၁၀၄၉ တွင် အိန္ဒိယနိုင်ငံကမ်းခြေမှ မာလာယုသို့ ရွက်သင်္ဘောဖြင့် အသွား လမ်းခရီး၌ သင်္ဘောပျက်ပြီး သထုံပြည်သို့ သစ်သားဗျပ်လေးတစ်ခုနှင့် ကုလားညီနောင်နှစ်ပါး မျောပါလာ လေသည်။ဤသည်ကို သထုံပြည့်ရှင်၏ မင်းဆရာဘုန်းကြီးက မြင်လတ်၍ သစ်သားဗျပ်ကို အစွဲပြုပြီး ဗျတ်ဝိနှင့် ဗျတ္တဟု အမည်ပေးကာ ကျောင်းဝင်းအတွင်း၌ပင် စောင့်ရှောက်ထားလေသည်။
တစ်နေရာ၌ ဇော်ဂျီဖိုလ်ဝင်ဟုဆိုအပ်သော ဝိဇ္ဇာတစ်ဦး၏ အလောင်းကို တွေ့ရှိလေသည်။ ထိုဖိုလ်ဝင်သားကို မီးကင်၊ ချက်ပြုတ်စားသောက်သော် အနာရောဂါမျိုးစုံ ကင်းဝေး၍ အသက်ရှည်စေကာ ဆယ်ရက်နှင်ရသော ခရီးကို နေ့ချင်းရောက်နိုင်ပြီး အချိန်တစ်ထောင်မျှသောဝန်ကိုလည်း မမှိတ်မသုန် ရွက်ဆောင်နိုင်သော အစွမ်းရှိလေသည်။ ထိုအခြင်းအရာ အလုံးစုံကို သိတော်မူသောကြောင့် မင်းဆရာဘုန်းကြီးသည် ညီနောင်နှစ်ဦးအား ထိုဖိုလ်ဝင်သား ကို ကျောင်းသင်္ခမ်းသို့ ‌သယ်ယူစေကာ ကောင်းစွာ ထားရှိလေသည်။
ဇော်ဂျီဖိုလ်ဝင်သားမည်သည်ကား အသက်မရှိလျှင် ပကတိလူ ၇ လသားခန့်သာရှိပြီး အဗ္ဘန္တရ သရက်သီးနှင့် ဇမ္ဗူ့သပြေသီးတို့ကိုသာ သုံးဆောင်သည်ဖြစ်၍ ငှက်ပျောသီးကဲ့သို့ အနံ့ အလွန်မွှေးသည်လည်းဖြစ် သည်။ ထို့ကြောင့် ညီနောင်နှစ်ပါးသည် မင်းဆရာဘုန်းကြီးမရှိသောနေ့တွင် ထိုဖိုလ်ဝင်သားအား မီးကင်၍ ဆရာတော်၏ စကားမှန်မမှန် စမ်းသပ်ကြလေတော့သည်။ ဖိုလ်ဝင်သားစားပြီးသည့်နောက် ဗျတ်ဝိနှင့် ဗျတ္တတို့သည် ဆင်ပြောင်ဆယ်စီးသမျှ အားမာန်ကြီးပြီး အလျားဆယ်တောင်၊အနံရှစ်တောင်ရှိသော ကျောက်ဖျာကြီးကို သယ်မ၍ ကျောင်းလှေကားရင်းတွင် ချထားလေသည်။ ထို့နောက် ဆရာတော်၏ ကျောင်းသင်္ခမ်းကိုလည်း နေရာရွှေ့ကာထားလေသည်။ ဆရာတော် ပြန်ရောက်သော် ထိုညီနောင်နှစ်ဦးအား အကြောင်းစုံမေးမြန်းလေရာ စားမိပါကြောင်းဝန်ခံလေသည်။ ထိုနေ့မှစ၍ ဗျတ်ဝိနှင့်ဗျတ္တ တို့သည် သာမာန်လူတို့ထက် ဘုန်းတန်ခိုး အစွမ်းသတ္တိပိုမိုကြီးမြတ်ကာ ခွန်အားဗလလည်း လွန်စွာမှ ကောင်းမွန်ကြလေသည်။
ထိုအခြင်းအရာကို သထုံပြည့်ရှင် မနူဟာမင်းကြီးသိသောအခါ ထီးနန်းအရိုက်အရာကို လာရောက် ပုန်ကန် နိုင်သည်ဟု အတွေးရောက်ကာ ဗျတ်ဝိနှင့် ဗျတ္တညီနောင်တို့အား ဖမ်းဆီး၍သတ်ရန် အမိန့်ချမှတ်လေသည်။ ထို့ကြောင့် အပြစ်မဲ့သော ညီနောင်နှစ်ဦးမှာ ဝရမ်းပြေးဘဝသို့ရောက်ကာ ထွက်ပြေးတိမ်းရှောင်ကြရလေသည်။ မှူးမတ်၊စစ်သည်ဗိုလ်ပါအပေါင်းနှင့် ဝိုင်းဝန်းဖမ်းဆီးသော်လည်း ဘုန်းကံအရှိန်အဝါတို့ကြောင့် မည်သို့မျှ ဖမ်းမရပဲဖြစ်ကြလေသည်။
သို့သော်လည်း ကံအကြောင်းမလှစွာဖြင့် နောင်တော် ‌ဗျတ်ဝိမှာ ဖမ်းဆီးခံရလေတော့သည်။ အကြောင်းမူ ကား ချစ်ခြင်းမေတ္တာတည်းဟူသော အနှောင်အဖွဲ့ကြောင့်ပင်။ ဗျတ်ဝိသည် သထုံမြို့ဝန်၏သမီး မအိုဇာနှင့် ချစ်ကြိုးငင်နေသည်။ထို့ကြောင့် မအိုဇာလေးရှိရာသို့ လာရောက်တွေ့ဆုံခိုက် မြို့ဝန်နှင့်အပေါင်းအပါတို့က မီးနေထဘီနှင့် ညစ်ညမ်းသော အဝတ်များကို လမ်းတလျှောက်တွင် တန်းထားလေသည်။ ထိုသို့ လှမ်းဝင် မိသည့်နောက် ဗျတ်ဝိသည်လည်း ဘုန်းတန်ခိုးအရှိန်အဝါများ ကျဆင်းကာ ဖမ်းဆီးခြင်းကို ခံရလေသည်။ သို့သော်လည်း မိမိချစ်သူ မအိုဇာလေးကို တွေ့ချင်၊မြင်ချင်စိတ်၊ ချစ်ရသူရှိသည်ဟူသော အတွေးတို့ဖြင့် မာန်ကိုတင်းထားလေသည်။ ထို့ကြောင့် ဗျတ်ဝိကို ဓားဖြင့်လည်းခုတ်၍မရနိုင်၊ တုတ်ဖြင့်လည်း ရိုက်မရပါဘဲနှင့် လှံနှင့်ထိုးသည်ရှိသော် ထိုလှံပင်ကွေးညွတ်သွားပြန်လေသည်။
သို့ဖြစ်၍ မြို့ဝန်သည် ညစ်ညမ်းသောစိတ်ထားဖြင့် အကောက်ကြံလေတော့သည်။ သမီးဖြစ်သူ မအိုဇာမှာ ဗျတ်ဝိအပေါ်၌ မေတ္တာအတုဖြင့် ချစ်ဟန်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုမူ သမီးက ဗျတ်ဝိ သေဆုံးသည့် သတင်းကိုသာ စောင့်မျှော်နေကြောင်း လီဆယ်စကားဆိုလေသည်။ ဗျတ်ဝိကမူ မြို့ဝန်မင်းစကားမှန်ခဲ့ပါလျှင် မအိုဇာက သူ့အား ကွမ်းတစ်ရာနှင့် ရေတစ်မှုတ်သာ လာရောက်ဆက်သမည်ဆိုပါက တင်းထားသော မာန်များလျှော့ချ ပေးမည်ဖြစ်ကြောင်း ပြန်လည်ဆိုလေသည်။ အကောက်ကြံနေသော မြို့ဝန်က သူ၏အကြံအစည်အတိုင်းပင် မအိုဇာလေးကိုလည်း တကယ်ချစ်ရိုးမှန်ပါလျှင် ကွမ်းတစ်ယာနှင့် ရေတစ်မှုတ် လာရောက်ဆက်သပါဟူ၍ ပြောပြန်လေသည်။ အကောက်ဉာဏ်ကို မသိရှာသော မအိုဇာလေးကမူ ချစ်သူအပေါ်ထားရှိသော မိမိမေတ္တာစစ်မှန်ကြောင်း သက်သေပြရေးအတွက် ကွမ်းတစ်ယာနှင့်ရေတစ်မှုတ်ကို အပြေးကလေး ဆက်သရှာလေသည်။ ပြောစကားအတိုင်း လာရောက်ဆက်သသော မအိုဇာကိုမြင်ခိုက်တွင် ဗျတ်ဝိ၏ စိတ်အစဉ်တို့သည် လွန်စွာမှထိခိုက်နာကျင်လေသည်။ ယုံကြည်ကိုးစားထားသော ချစ်ရသူက မိမိအသက်သေရေးကို ရှေးရှု ဆောင်ရွက်နေသည်ဟု ထင်မှတ်ကာ တင်းထားသမျှ မာန်လျှော့ကာ မရှုမလှ သေပွဲဝင်ခဲ့ရလေတော့သည်။
သူရဲကောင်း ဗျတ်ဝိ၏ ဇာတ်သိမ်းသည်ကား ဤမျှတွင်ပင် အဆုံးမသတ်သေးပေ။ သထုံပြည့်ရှင်သည် ဗျတ်ဝိ၏အလောင်းကို မင်းဆရာဘုန်းကြီး၏ အစီအရင်များအတိုင်း လေးပိုင်းပိုင်းပြီး မြို့ရိုးလေးထောင့်တွင် မြှုပ်နှံ၏။ သွေးများကိုလည်း မြို့ရိုးလေးမျက်နှာပတ်လည် နေရာမလပ်အောင်(သမိုင်းအချို့တွင် ကြက်တစ်ဝပ်စာ လွတ်နေသည်ဟု ဆိုသည်) ဖျန်းပက်ကာ ဤမြို့ကို လူစွမ်းကောင်း ဗျတ်ဝိစောင့်ရှောက်ရန် ဟူ၍ မင်းမိန့်ပေးလေ‌သည်။

ထိုအချိန်တွင် ထွက်ပြေးလွတ်မြောက်သွားသော ညီတော် ဗျတ္တသည်မူကား ပုဂံပြည်သို့ ရောက်ရှိသွားပြီး အစ်ကိုဖြစ်သူ၏ သတင်းဆိုးကိုလည်း ကြားသိရလေသည်။ လူစွမ်းကောင်း လူမျိုးခြားညီနောင်၏ သတင်း အစုံကို သိတော်မူသော အနော်ရထာမင်းသည် ဗျတ္တအား နန်းတွင်းသို့ဝင်စေပြီး ကျန်စစ်သားမင်း၏ လက်‌အောက်တွင် အမှုတော်ထမ်းစေသည်။ ထို့ပြင် ဗျတ္တ၏ ခွန်အားဗလကြီးမားမှုနှင့် လျင်မြန် ဖျတ်လတ် မှုကို သိသော မင်းကြီးက တောင်နန်းမတော်ကြီးအလိုရှိရာ စကားဖြူပန်းကို ပုပ္ပါးမှနေ့စဉ်ခူး၍ ဆက်သရသည့် ပန်းတော်ဆက်ရာထူး ကိုပေးလေသည်။

အခါတစ်ပါးတွင် အနော်ရထာမင်းကြီးက သထုံပြည်ကို သိမ်းယူပြီး ပိဋကတ်တော်များရယူရန် အင်အား အခိုင် အမာဖြင့် စစ်ချီရာတွင် မြို့တွင်းသို့ပင် မဝင်နိုင်ဘဲရှိလေသည်။ ဟူးရားဖြူ၊ဟူးရားညိုတို့အား အကြောင်းအရင်း ကိုမေးမြန်းမှ ပယောဂအစီအရင်တို့ရှိလေကြောင်း သိရလျှင် ဗျတ္တအား ရှေ့တော် သွင်းစေပြီး ဖယ်ရှားခိုင်း လေသည်။ ထိုအခါ ဗျတ္တက မရီးဖြစ်သူအား အကျိုးအကြောင်းမေးပြီး ဗျတ်ဝိ၏ခန္ဓာအစိတ်အပိုင်းများ ကို တူးယူဖယ်ရှားလိုက်ပြီးနောက် မင်းကြီးအားဆက်သလိုက်လေသည်။ မင်းကြီးလည်း ဟူးရားဖြူ၊ဟူးရားညိုတို့ကို မေးမြန်းပြီး ထိုအစိတ်အပိုင်းတို့ကို မဟာသမုဒ္ဒရာတွင် မျှောလိုက်ရာ ထန်းပင်ထိပ်ဖျားခန့်ထိရှိသော ရေလုံးကြီးများတက်လာလေသည်။ ဤကဲ့သို့ ဆောင်ရွက်ပြီးလေမှ သထုံပြည်ကို စစ်နိုင်၍ ပိဋကတ်တော်များကို သယ်ဆောင်လာနိုင်တော့သည်။

ထို့နောက်တွင်တော့ ပုပ္ပါးမှ ပုဂံသို့ နေ့စဉ် စကားဖြူပန်းများကို သွားရောက်ဆက်သနေရသည့် ပန်းတော်ဆက် အမှုထမ်းလေး ဗျတ္တတစ်‌ယောက်လည်း ပုပ္ပါးသူလေး မယ်ဝဏ္ဏနှင့် ချစ်မေတ္တာ နှောင်တွယ်မိလေသည်။ ပုပ္ပါးသူလေး မယ်ဝဏ္ဏသည် ရွှေရောင်ကဲ့သို့ အသားအရေ ဝင်းဝါစိုပြည်ပြီး ပန်းကလေးများကိုသာ စားသုံးသူဖြစ်၍ “ ပန်းစားဘီလူးမ” ဟူ၍လည်း ‌‌ခေါ်ကြသည်။ ယနေ့ခေတ် သုတေသီအချို့ကမူ ရှေးယခင် မြန်မာလူမျိုးတို့ မဖြစ်ပေါ်မီရှိခဲ့သော အက်စ်တ်ရိုလွိုက် (Austroloid) အဆက်အနွယ်ဖြစ်သည်ဟု ဆိုကြသည်။ ဤသို့ဖြင့် ဗျတ္တနှင့်မယ်ဝဏ္ဏတို့ ချစ်ကြိုးသွယ်ရာမှတစ်ဆင့် မယ်ဝဏ္ဏတွင် ပဋိသ‌န္ဓေတည်လာလေတော့သည်။ သို့ကြောင့် ဗျတ္တမှာ ချစ်ဇနီးဖြစ်သူထံတွင် ယုယပြုစု ရင်းဖြင့် ပန်းတော်ဆက်တာဝန်များတွင် လစ်ဟင်းမှုများ၊ နေရပ်သို့ ပြန်မလာသော ရက်များလည်းရှိလာ သောကြောင့် ဗျတ္တအား မနာလိုသော အမတ်အချို့က ကုန်းချော စကားဆိုလေတော့သည်။
ဗျတ္တမှာ ဇော်ဂျီဖိုလ်ဝင်သားကို စားသုံးထားသူဖြစ်၍ ဘုန်းတန်ခိုးအရှိန်အဝါကြီးမား ရုံမျှမကပုပ္ပါးအရပ်သို့ အစဉ်မပြတ်သွားရောက်နေသူလည်းဖြစ်သောကြောင့် ထိုအရပ်၌ မင်းမြတ်အား ပုန်ကန်ခြားနားရန် လူသူစုရုံးနေမည်မှာ မလွဲပေဟု မဟုတ်မမှန်ဆိုကြလေသည်။ အနော်ရထာမင်းကြီးသည် မူလက ထိုစကားများအပေါ် အယုံအကြည်မရှိသော်ငြား ကိုယ်တော်တိုင်လည်း နောင်တော်စုက္ကတေးမင်းကို နန်းချရန် ပုပ္ပါးအရပ်တွင် လူသူအင်အားစုဆောင်းခဲ့ဖူးသည့်အခြင်းအရာများကြောင့် မချင့်မရဲ ဖြစ်လာလေသည်။ အမတ်များ၏ စကားများကို ကြားရဖန်များလာလေတော့ အနော်ရထာမင်းကြီးလည်း ဗျတ္တအပေါ်သို့ သံသယဝင်လာလေတော့သည်။
တစ်နေ့တွင်တော့ မယ်ဝဏ္ဏသည် ပုပ္ပါး၌ သားတော်လေးနှစ်ပါးဖွားမြင်သည်ဖြစ်၍ ဗျတ္တလည်းပုဂံသို့ မပြန်နိုင်ပဲဖြစ်လေသည်။ သားတော်‌လေးများနှင့် ဇနီးသည်ကို ထားခဲ့ပြီး ပုဂံပြည်သို့ ပြန်ရန်စိတ်မချနိုင် ဖြစ်လေသည်။ သို့သော်လည်း ပန်းတော်ဆက်ရသည့် အမှုတော်လည်း ရှိသေး၍ ပုဂံသို့ ခက်ခဲစွာပင် ပြန်သွားလေသည်။ ပုဂံပြည်ရောက်လေသော် ပန်းတော်ဆက်ရန်နောက်ကျသည့်အကြောင်းကို တောင်နန်းမတော်မိဖုရားကြီးကမေးလေရာ စကားဖြူပန်းများ ပုပ္ပါးတောင်ခြေတွင်ရှားပါးသွား၍ တောင်လယ်ကမူ အထက်သို့တက်ရောက်ခူးယူရသည်ဟုဆိုလေသည်။ ပုပ္ပါးအရပ်တွင် ငါးနှစ်မျှ ကျင်လည်ခဲ့ဖူးသော အနော်ရထာမင်းကမူ ထိုစကားကို မဟုတ်မမှန်ကြောင်းသိသဖြင့် လတ်တလော အကျဉ်းချထားရန်ဆိုသည်ကို မလိုမုန်းထားရှိသော အမတ်တို့က စီရင်ကွပ်မျက်လိုက်လေတော့သည်။
ဗျတ္တ၏အကြောင်းကို ကြားသိသော် ပုပ္ပါးသူလေး မယ်ဝဏ္ဏသည် နှလုံးအိမ်တို့ကြွေလုမတတ်ဖြစ်ကာ ရင်ကွဲ နာကျပြီး သေဆုံးရလေတော့သည်။ ထိုအကြောင်းအရာအလုံးစုံကို သိမြင်ပြီးနောက် အနော်ရထာမင်းကြီး သည် ပန်းတော်ဆက် ဗျတ္တနှင့် မယ်ဝဏ္ဏတို့၏ သားတော်လေးနှစ်ပါးအား နန်းတွင်းသို့ ခေါ်စေကာ ကောင်းစွာ စောင့်ရှောက် ကျွေးမွေးထားသည်။ ထိုကလေးနှစ်ယောက်အား ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးဟူ၍ မှည့်တွင် စေခဲ့လေတော့သည်။
ထို့ကြောင့် ပုဂံသူရဲကောင်းများအကြောင်းကို ပြောဆိုမည်ဆိုပါက လူစွမ်းကောင်း ဗျတ်ဝိနှင့်ဗျတ္တတို့၏ အဖြစ်သနစ်များသည်လည်း ယနေ့တိုင် မပါမဖြစ်သော အခန်းကဏ္ဍများမှ ပါဝင်နေရခြင်းမှာ ထိုသို့သော လွမ်းဆွတ်သနားစဖွယ် အကြောင်းအရာများကြောင့်ပင်ဖြစ်လေသည်။

ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။

YouTube 🎦 : https://www.youtube.com/@zlann_podcast

Podcast 🎧 : https://podcasters.spotify.com/pod/show/z-lann

Facebook Group 📳 : https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #ဗျတ်ဝိ_ဗျတ္တ

More Interesting Blogs from Zlann