ဉာဏ်ပညာထက်မြက်မှုကြောင့် အပျိုတော်ဘ၀မှ မိဖုရားဘ၀ကိုရောက်ရှိခဲ့သူ လှိုင်ကျွန်းမိဖုရားကြီး

ကုန်းဘောင်မင်းဆက်ရဲ့ မြောက်များလှတဲ့ မိဖုရားတွေထဲမှာဆိုရင် ဉာဏ်ပညာထက်မြက်မှုကြောင့် အပျိုတော်ဘ၀မှ မိဖုရားဘ၀ကိုရောက်ရှိခဲ့သူတစ်ဦးရှိပါတယ်။ အဲဒါကတော့ ပဉ္စမသင်္ဂါယနာတင် ဘ၀ရှင်မင်းတုန်းမင်းတရားကြီးရဲ့ မိဖုရားပေါင်းများစွာထဲမှ တစ်ပါးဖြစ်သူ ‘လှိုင်ကျွန်းမိဖုရားကြီး’ ပဲဖြစ်ပါတယ်။ မိဖုရားကြီးဟာ ဉာဏ်ပညာအားဖြင့် ထက်မြက်သူဖြစ်ပေမဲ့လည်း ကုန်းဘောင်မင်းဆက်ရဲ့ တချို့သောမိဖုရားတွေလိုမျိုး မြန်မာ့ရာဇဝင်သမိုင်းမှာ အကျယ်တဝံ့ ဖော်ပြခြင်းမခံရတာကြောင့် ဒီတစ်ခေါက် ‘သိပြီးပြီလား’ ကဏ္ဍလေးမှာတော့ လှိုင်ကျွန်းမိဖုရားကြီးရဲ့ အကြောင်းကို အမှတ်တရအနေနဲ့ လက်လှမ်းမီသလောက်တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
လှိုင်ကျွန်းမိဖုရားကြီးကို ခမည်းတော် ဦးရွှေကြူနဲ့ မယ်တော် ဒေါ်မယ်ရွှေတို့မှ မြန်မာသက္ကရာဇ် ၁၁၉၇ ခုနှစ်မှာ ဖွားမြင်ခဲ့တာဖြစ်ပြီး ဦးရွှေကြူဟာဆိုရင် သာယာ၀တီမင်းလက်ထက်တော်တုန်းက သံတော်ဆင့်အမှုတော်ကို ထမ်းရွက်ခဲ့တဲ့ သာမန်မင်းမှုထမ်းတစ်ဦးဖြစ်ပါတယ်။ ငယ်နာမည် “မယ်ရွှေဝ” လို့အမည်တွင်တဲ့ မိဖုရားကြီးဟာ ငယ်စဉ်အရွယ်ကတည်းက စာပေပညာတွေကို သင်ကြားတတ်မြောက်သူဖြစ်တာကြောင့် အရွယ်ရောက်လာချိန်မှာတော့ သာယာ၀တီမင်းရဲ့ သမီးတော်ဖြစ်သူ တပင်တိုင်မင်းသမီး စုဖုရားကြီးထံမှာ အပျိုတော်အဖြစ် အခစားဝင်ရောက်ခွင့်ရခဲ့ပါတယ်။ တပင်တိုင်မင်းသမီးဆိုတာကတော့ ရုပ်ရည်၊ အရပ်မောင်း၊ ပညာ၊ စိတ်နေစိတ်ထား၊ မျိုးရိုးတို့မှာ ပြိုင်ဘက်ကင်းပြီး နောင်တက်မဲ့ဘုရင်အတွက် သီးသန့်လျာထားတဲ့ မိဖုရားခေါင်လောင်းဖြစ်ပါတယ်။ ဒါကြောင့် “မယ်ရွှေဝ” လေးဟာ နန်းတွင်းကို အပျိုတော်အဖြစ် စတင်ဝင်ရောက်စဉ်အချိန်ကတည်းက နောင်တစ်ချိန်မှာ မင်းတုန်းမင်းကြီးရဲ့ မိဖုရားခေါင်ဖြစ်လာမဲ့ ‘စကြာဒေဝီမိဖုရားကြီး’ ရဲ့ အပါးတော်မှာ ခစားခဲ့ရသူဆိုရင်လည်းမမှားပါဘူး။
“မယ်ရွှေဝ” ရဲ့ ဖခင်ဟာ သံတော်ဆင့်မင်းဖြစ်တဲ့အလျောက် သံတော်ဆင့်အင်္ဂါငါးပါးထဲက တစ်ပါးဖြစ်တဲ့ ဉာဏ်ပညာပိုင်းမှာ ထက်မြက်မှုရှိသူဖြစ်ပါတယ်။ ဒီအခါမှာတော့ သမီးဖြစ်တဲ့ မယ်ရွှေဝဟာလည်း ဖခင်ဖြစ်သူရဲ့ ဉာဏ်ပညာအရည်အချင်းကို လက်ဆင့်ကမ်းသယ်ယူနိုင်ခဲ့တာကြောင့် အပျိုတော်မယ်ရွှေဝရဲ့ ဉာဏ်ရည်ထက်မြက်မှုဂုဏ်သတင်းဟာ ရွှေနန်းတော်တစ်ခွင် ပျံ့လွှင့်နေခဲ့ပါတယ်။ အဲဒီလိုပျံ့လွှင့်မှုသတင်းဟာ နန်းတော်အတွင်းမှ ယောကျာ်းသားတွေအကြားမှာလည်း တစ်စထက် တစ်စ အပြောများလာတာကြောင့် မင်းတုန်းမင်းသားရဲ့ ရွှေနားတော်ဆီကိုလည်းရောက်သွားခဲ့ပါတယ်။ ဒီလိုသတင်းကို ကြားတဲ့အခါမှာတော့ မင်းတုန်းမင်းသားဟာ တပင်တိုင်းနန်းဆောင်ရဲ့ အပျိုတော်ဖြစ်သူ ‘မယ်ရွှေဝ’ ကို ရှေ့တော်မှောက်ဆီ လာရောက်ခစားဖို့မိန့်ကြားပြီး ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ခဲ့ပါတော့တယ်။
ဉာဏ်ပညာထက်မြက်တဲ့အပြင် ဘုန်းကံကြီးမားတဲ့ မယ်ရွှေဝရဲ့ ဘ၀ဟာ ‘ကိုယ်လုပ်တော်’ အဖြစ်နဲ့တင် အဆုံးသတ်ခဲ့ခြင်း မရှိပါဘူး။ နောင်တော် ပုဂံမင်းကို ထီးနန်းမှဖြုတ်ချကာ ရှင်ဘုရင်အဖြစ် ထီးနန်းဆက်ခံခဲ့တဲ့ မင်းတုန်းမင်း နန်းတက်ပြီး ၂ နှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၁၆ ခုနှစ်မှာကျင်းပခဲ့တဲ့ ‘ဥကင်သမင်္ဂလာအခမ်းအနား’ မှာတော့ ကိုယ်လုပ်တော် မယ်ရွှေဝကို “သီရိသုစိတ္တာမဟေ” ဘွဲ့အမည်နဲ့ မဟေဘွဲ့ခံ ဒုတိယအဆင့်ရှိ မိဖုရားကြီးတစ်ပါးအဖြစ် မြှောက်စားချီးမြှင်ခဲ့ပါတော့တယ်။ ဒါ့အပြင် လှိုင်ကျွန်းရွာကိုလည်း အပိုင်စားပေးသနားခဲ့တာကြောင့် ‘လှိုင်ကျွန်းမိဖုရားကြီး’ အမည်တွင်ခဲ့ပြီး ရာဇဝင်မှာတော့ ဉာဏ်ပညာထက်မြက်မှုကြောင့် သာမန်မင်းမှုထမ်းရဲ့ သမီးငယ်ဘ၀ကနေ အပျိုတော်အဖြစ် ခစားခွင့်ရရှိခဲ့သူ၊ အဲဒီကနေမှ မိဖုရားအဖြစ်ကိုရောက်ရှိခဲ့သူ ‘လှိုင်ကျွန်းမိဖုရားကြီး’ အဖြစ် အမည်တွင်ခဲ့ပါတယ်။
‘မယ်ရွှေဝ’ ဟာ မင်းတုန်းမင်းကြီးရဲ့ ချီးမြှင့်မြှောက်စားမှုတွေကြောင့် မိဖုရားအရာကိုရရှိခဲ့ပေမဲ့လည်း သူမရဲ့ လက်ဦးအစ ကျေးဇူးရှင်ဖြစ်တဲ့ တပင်တိုင်မင်းသမီး စုဖုရားကြီး (သို့မဟုတ်) မိဖုရားခေါင်ကြီး စကြာဒေဝီကိုတော့ မေ့လျော့ခြင်းအလျဉ်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း မိဖုရားဘ၀ကိုရောက်ရှိပြီးသည့်တိုင်အောင် မိဖုရားခေါင်ကြီး စကြာဒေဝီအပါးမှာ အမြဲမပြတ် ခစားပြုစုနေထိုင်ခဲ့ပြီး မိဖုရားခေါင်ကြီး ကံတော်ကုန်မဲ့ဝေဒနာစွဲကပ်နေတာကိုလည်း မင်းတုန်းမင်းကြီးထက်ပင် ဦးစွာအရင် သိရှိခဲ့သူဖြစ်ပါတယ်။ ဒီအခါမှာတော့ တောင်နန်းတော်မှာ ဝါရှောင်နေတဲ့ လင်တော်မောင် ဘ၀အရှင် မင်းတုန်းဘုရင်ကို လျှောက်ထားအသိပေးခဲ့ပြီး ဒီလိုအသိပေးခဲ့တဲ့အတွက်လည်း အရှင်သခင်တွေအပေါ်မှာထားရှိတဲ့ သူမရဲ့ သစ္စာတရားက အသိအမှတ်ပြုစရာအဖြစ် ကျန်ရှိခဲ့ပါတယ်။
မင်းတုန်းမင်းဘုရင်နဲ့ လှိုင်ကျွန်းမိဖုရားတို့မှာ သားတော်တစ်ပါးနဲ့ သမီးတော်နှစ်ပါး ထွန်းကားခဲ့ပေမဲ့လည်း သားတော်က ငယ်စဉ်အရွယ်ကတည်းက ကွယ်လွန်သွားခဲ့တာကြောင့် သမီးတော်နှစ်ပါးသာ အဖက်တင်ကျန်ရစ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီသမီးတော်နှစ်ပါးထဲက သမီးတော်ကြီးဖြစ်သူ ‘တောင်တွင်းချောင်ထိပ်ခေါင်တင်’ ကတော့ များစွာသော ဘုရင့်သမီးတော်တွေကြားမှာ ရုပ်ရည်ချောမောလှပသူအဖြစ်ထင်ရှားခဲ့ပြီး သမီးတော်အငယ် ‘ဟင်္ဂမော်ထိပ်ခေါင်တင်” ကတော့ မယ်တော် လှိုင်ကျွန်းမိဖုရားကြီးနည်းတူ ဉာဏ်ပညာပိုင်းမှာ ထူးချွန်ထက်မြက်သူဖြစ်တယ်လို့ သိရပါတယ်။
လှိုင်ကျွန်းမိဖုရားကြီးဟာ မိဖုရားခေါင်ကြီး စကြာဒေဝီရဲ့ အပျိုတော်ဘ၀မှ မိဖုရားအဖြစ်ကိုတက်လှမ်းလာခဲ့ပေမဲ့လည်း မယ်တော် ဆင်ဖြူမရှင်မိဖုရားကြီးနဲ့ သမီးတော် စုဖုရားလတ်တို့ တန်ခိုးအာဏာထက်နေတဲ့ သီပေါဘုရင်လက်ထက်မှာတော့ လှိုင်ကျွန်းမိဖုရားကြီးတို့ သားအမိသုံးယောက်မှာ နန်းတော်အတွင်း အခြေမပျက်နေထိုင်နိုင်ခဲ့ကြပါတယ်။ သမီးတော်အငယ် ‘ဟင်္ဂမော်ထိပ်ခေါင်တင်” ဆိုရင်လည်း သူမရဲ့ ဉာဏ်ရည်ထက်မြက်မှုတွေကြောင့် မျက်နှာပွင့်လန်းခဲ့တယ်လို့ ဆိုပါတယ်။ သီပေါမင်းလက်ထက်ကာလတုန်းက ‘ဟင်္ဂမော်ထိပ်ခေါင်တင်’ ရဲ့ မျက်နှာပွင့်လန်းမှုနဲ့ပတ်သက်လို့ ဖော်ပြချက်အရတော့ ဖခင်ဖြစ်သူ မင်းတုန်းမင်းတရားကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ရုပ်အလောင်းကို သင်္ဂြိုဟ်တဲ့အခမ်းအနားမှာ လူပေါင်းအရေအတွက် လေးဆယ်ကျော်ထမ်းရွက်ရတဲ့ ဝေါယာဉ်တော်ကြီးကို ဟင်္ဂမော်မင်းသမီးက တိုင်တားမင်းသမီး၊ မတ္တရာမင်းသမီး၊ ယင်းခဲမင်းသမီးတို့နဲ့အတူ လိုက်ပါခွင့်ရခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် သီပေါမင်းနဲ့ မိဖုရားခေါင်ကြီးစုဖုရားလတ်တို့ ရာဇဘိသေကဘိတ်သိက်ခံယူစဥ်တုန်းကလည်း တိုင်တားမင်းသမီးနဲ့အတူ ငွေမောင်းကိုင်စွဲပြီး မင်္ဂလာစကားငါးခွန်း ဆိုခဲ့ရဖူးပါသေးတယ်။
သီပေါမင်းနဲ့ နန်းမတော်စုဖုရားလတ်တို့ ပါတော်မူပြီး ထီးနန်းပျက်သုဉ်းချိန်မှာတော့ ဘ၀တစ်လျှောက်လုံး အေးချမ်းစွာဖြတ်သန်းခဲ့တဲ့ လှိုင်ကျွန်းမိဖုရားကြီးဟာလည်း သမီးတော်နှစ်ပါးရဲ့လက်ကိုဆွဲပြီး အားကိုးရာမဲ့စွာနဲ့ ရွှေနန်းတော်ကနေ ထွက်ခွာလာခဲ့ရပါလေတော့တယ်။ နန်းတော်မှထွက်ခွာလာခဲ့ပြီး အစဦးပိုင်းအချိန်မှာတော့ လှိုင်ကျွန်းမိဖုရားကြီးဟာ အိမ်ထောင်ရက်သားမကျသေးတဲ့ သမီးတော်နှစ်ပါးနဲ့အတူ မန္တလေးမြို့၊ ဆေးဝင်းအရပ်မှာနေထိုင်ခဲ့ပြီး နောက်ပိုင်းမှ လက်ရွေးကြီးရပ်ဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မိဖုရားကြီးတို့သားအမိသုံးယောက်ကိုတော့ အင်္ဂလိပ်အစိုးရက တတိယအဆင့် ပင်စင်စားတွေအဖြစ် သတ်မှတ်ပြီး လစဉ်ရူပီး ၅၀ နဲ့ အိမ်လခ ၃၀ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရှင်ဘုရင်မင်းနှစ်ဆက်ရဲ့ ထီးရိပ်နန်းရိပ်အောက်မှာ ဘ၀ကိုအေးချမ်းစွာနဲ့ဖြတ်သန်းလာခဲ့တဲ့ မိဖုရားကြီးဟာ မြန်မာပြည်ကြီး သူ့ကျွန်ဘ၀ကို ရောက်ရှိပြီးချိန်မှာတော့ သူ့ရဲ့ကျန်ရှိတဲ့ဘ၀ကို အင်္ဂလိပ်ပင်စင်စားအဖြစ်နဲ့သာ ဖြတ်သန်းကုန်ဆုံးခဲ့ရပြီး လက်ရွေးကြီးရပ်မှာပဲ ကံတော်ကုန်ခဲ့ပါတော့တယ်။

ပရိသတ်ကြီးတို့အတွက် ဗဟုသုတရစရာကောင်းတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို ရွေးချယ်တင်ဆက်ပေးလျက်ရှိတဲ့ ဇာတ်လမ်း Z-Lann ကနေ ဒီတစ်ခါမှာတော့ တရုတ်ရိုးရာတစ္ဆေပွဲတော် (ခေါ်) ကျုံးယွမ်ပွဲတော်က ဘယ်လိုအကြောင်းအရာကနေ အစပြုပြီးဖြစ်ပေါ်လာခဲ့တယ်၊ ပွဲတော်နေ့ရောက်တဲ့အခါမှာရော ဘယ်လိုမျိုးဓလေ့ထုံးတမ်းတွေကို ပြုလုပ်လေ့ရှိတယ်ဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။

YouTube ❤ https://youtube.com/@zlann_podcast
Podcast ❤ https://podcasters.spotify.com/pod/show/z-lann
Facebook Group ❤ https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #လှိုင်ကျွန်းမိဖုရားကြီး #သိပြီးပြီလား

More Interesting Blogs from Zlann