“ညောင်ရမ်းခေတ်ရဲ့ ပဲ့ကိုင်ရှင် ညောင်ရမ်းမင်းတရားကြီး”

ပုဂံ၊ပင်းယ၊အင်းဝ၊တောင်ငူ၊ညောင်ရမ်း၊ကုန်းဘောင်ဆိုတဲ့ မြန်မာ့ခေတ်အဆက်ဆက်အကြောင်းကို လေ့လာကြည့်မယ်ဆိုရင် စာပေအဆင့်အတန်းမြင့်မားခဲ့တဲ့ ပထမအင်းဝခေတ်လိုပဲ ဒုတိယ အင်းဝခေတ်လို့ခေါ်ကြတဲ့ ညောင်ရမ်းခေတ်အကြောင်းကလည်း မေ့ထားလို့ မရပြန်ပါဘူး။ ညောင်ရမ်းခေတ်မှာ ထင်ရှားတဲ့ စာဆိုအကျော်အမော်အများအပြား ပေါ်ပေါက်ခဲ့ပြီးတော့ ခေတ်ရဲ့ဂုဏ်အရှိန်အဝါအဆင့်အတန်းကလည်း မြင့်မားခဲ့ပါသေးတယ်။ ညောင်ရမ်းခေတ်အကြောင်း ပြောမယ်ဆိုရင် အဲဒီခေတ်ကြီးကို ထူထောင်ခဲ့တဲ့ ညောင်ရမ်းမင်းတရားကြီးအကြောင်းကပဲ အစချီရမှာဖြစ်ပါတယ်။
ညောင်ရမ်းမင်းတရားကြီးဟာ ဒုတိယမြန်မာနိုင်ငံတော်လို့ခေါ်တဲ့ တောင်ငူ-ဟံသာဝတီ ခေတ်ကြီး ကိုတည်ထောင်ခဲ့သူ ဘုရင့်နောင်မင်းတရားကြီးရဲ့ သားတော်တစ်ပါးဖြစ်ပါတယ်။ ညောင်ရမ်းမင်းကြီးကို ဘုရင့်နောင်မင်းတရားကြီးနဲ့ အရပ်သူဖြစ်တဲ့ ခင်ပြည့်စုံတို့က သက္ကရာဇ် ၉၁၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်က ရှင်သစ္စာဖြစ်ပြီးတော့ ဘုရင့်နောင်မင်းတရားကြီးရဲ့ မထင်မရှား သားတော်တစ်ပါးပဲ ဖြစ်ပါတယ်။ ဘုရင့်နောင်မင်းကြီး ဟံသာဝတီမှာစိုးစံနေတုန်း ညောင်ရမ်းသူလေး ခင်ပြည့်စုံက သားတော်တစ်ပါးရဲ့လက်ကိုဆွဲလို့ လက်စွပ်တစ်ကွင်းကိုယူဆောင်ရင်း နန်းတွင်းကို လိုက်လာခဲ့ပါတယ်။
ဘုရင့်နောင်မင်းကြီးကခင်ပြည့်စုံနဲ့သားတော်ကို မသိကျိုးကျွန်ပြုပြီး နေတဲ့အတွက်ကြောင့် ဇနီးသည်ခမျာ တရားရေးစီရင်မှုကို နာခံရပါတော့တယ်။ စင်စစ်မှာတော့ ဘုရင့်နောင်မင်းကြီးက ခင်ပြည့်စုံကို မမှတ်မိခြင်းမဟုတ်ဘဲ နန်းတွင်းမှာရှိတဲ့တချို့လူတွေပါ သံသယမဝင်ရလေအောင် တရားရေးရင်ဆိုင်ပြီး သက်သေပြလိုတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် ဘုရင့်နောင်မင်းကြီးနဲ့ ခင်ပြည့်စုံတို့ဟာ ကမ္ဘာလေးရပ်တရားစီရင်ရေးနဲ့ သူတို့နှစ်ဦးရဲ့ သစ္စာတရားကို သက်သေထူကြရပါတယ်။ ရေပြိုင်ခြင်းအမှုမှာတော့ ခင်ပြည့်စုံက နှာခေါင်းနဲ့မျက်နှာကို ရေမှာနှစ်ရပြီး ဘုရင့်နောင်ကတော့ မင်းဧကရာဇ်ဖြစ်လို့ ခြေမကိုပဲနှစ်ရပါတယ်။ အဲဒီနောက် ခင်ပြည့်စုံအနိုင်ရသွားတဲ့အတွက် သားတော်နဲ့မိဖုရားအဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။ သစ္စာတရားရဲ့ အထိမ်းအမှတ်အနေနဲ့ သားတော်လေးကို ရှင်သစ္စာလို့ခေါ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဘုရင့်နောင်ရဲ့သားတော်အကြီး နန္ဒဘုရင်က အိမ်ရှေ့ဉပရာဇာမင်းသားဖြစ်ပြီး ရှင်သစ္စာကတော့ ညောင်ရမ်းမြို့ကို အပိုင်စားရပါတယ်။ ဒါကြောင့်လည်း ဘုရင့်နောင်မင်းတရားကြီးလွန်တော့ ထီးနန်းကို သားတော် နန္ဒဘုရင်ကရရှိပါတယ်။
နောင်တော်နန္ဒဘုရင်လက်ထက်မှာလည်း ညောင်ရမ်းစား ရှင်သစ္စာကို မင်းရဲနန္ဒမိတ် ဘွဲ့ကို ပေးအပ်ချီးမြှောက်ပြီးနောက် ညောင်ရမ်းမြို့ကိုပဲ ဆက်လက်စားစေခဲ့တယ်။ တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့ စတင်တည်ထောင်ခဲ့တဲ့ဒုတိယ မြန်မာနိုင်ငံတော်ကြီးဟာ နန္ဒဘုရင် လက်ထက်မှာ ပဒေသရာဇ်နိုင်ငံငယ်တွေအဖြစ် စတင်ပြီး ပြိုကွဲလာခဲ့ပါတယ်။ ဟံသာဝတီပြည်ကြီးစတင် ယိမ်းယိုင်လာချိန်မှာတော့ အင်းဝမှာ တစ်မင်း၊ ပြည်မှာ တစ်မင်း၊ တောင်ငူနဲ့မုတ္တမတို့မှာလည်း မင်းတစ်ပါးစီနဲ့ ရှမ်းပြည်ဒေသတချို့မှာလည်း တသီးတခြားစီစော်ဘွားတွေပေါ်ပေါက်လာကြပါတယ်။ဒါ့ပြင် သံလွင်မြစ်တောင်ဘက်မှာရှိတဲ့ တနင်္သာရီတိုင်းကလည်း ယိုးဒယားဘက်ကို အခွန်ဆက်နေကြသလို ရခိုင်ကလည်း သီးသန့်မင်းတစ်ပါးစိုးစံပြီးအင်အားတောင့်တင်းနေပါတယ်။ အောက်မြန်မာနိုင်ငံကိုလည်း ငဇင်ကာဦးဆောင်တဲ့ နိုင်ငံခြားသားပေါ်တူဂီတို့က သိမ်းယူဖို့ဟန်ပြင်နေကြပါတယ်။ ဒါကြောင့် အောက်မြန်မာနိုင်ငံသားတချို့လည်း အရှေ့ဘက်ဒေသနဲ့ ရခိုင်ဘက်ကို ခိုလှုံသွားကြပါတယ်။
နန္ဒဘုရင်ကလည်း မအောင်မြင်နိုင်တဲ့ ယိုးဒယားစစ်ကိုပဲ အကြိမ်ကြိမ်ပြုပြီး စစ်အင်အားဖြုန်းတီးနေခဲ့တယ်။ ဒါ့ပြင် နန္ဒဘုရင်က ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်တဲ့ အမှုကိစ္စတွေကိုပဲ ပြုမူနေတဲ့အတွက် တော်လှန်ပုန်ကန်မှုတွေလည်း ပေါ်ပေါက်လာကြပြန်ပါတယ်။ အဲဒီလို ယိုယွင်းပျက်စီးလာတဲ့ အခြေအနေတွေကို သုံးသပ်ပြီး ညောင်ရမ်းစား ရှင်သစ္စာက ထိန်းသိမ်းဖို့စတင်ပြီးကြိုးပမ်းခဲ့ပါတယ်။ ရခိုင်ဘုရင်နဲ့တောင်ငူဘုရင်တို့ ဟံသာဝတီကို ပူးပေါင်းတိုက်ခိုက်တဲ့အခါမှာလည်း ညောင်ရမ်းစားက ညောင်ရမ်းအရပ်ကိုပဲ အင်အားတောင့်တင်းအောင်စီမံပြီး နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် ဟံသာဝတီပျက်ပြီး နန္ဒဘုရင်တောင်ငူကိုပါတော်မူတယ်။ ညောင်ရမ်းစားကလည်း ပတ်ဝန်းကျင်မြို့ရွာတွေကို စည်းရုံးသိမ်းသွင်းပြီးတဲ့နောက် နိုင်ငံတော်ပြန်လည်ထူထောင်ရေးအတွက် အင်းဝကို အလုံးအရင်းနဲ့ချီတက်ပြီး မဟာသီဟသူရ ဓမ္မရာဇာ ဘွဲ့ကို ခံယူကာ ညောင်ရမ်းခေတ်ကို စတင်ခဲ့ပါတယ်။ဒီလိုနဲ့ ညောင်ရမ်းမင်းဆက်ရယ်လို့ စတင်ပေါ်ပေါက်ခဲ့ပြီး နှစ်ပေါင်း (၁၅၂)နှစ်နဲ့မင်းဆက်(၁၁)ဆက်တိုင်တိုင် ရပ်တည်နိုင်ခဲ့ပါတယ်။
ညောင်ရမ်းမင်းတရားစတင်တည်ထောင်ခဲ့တဲ့ ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ်လို့လည်း ခေါ်ကြပါတယ်။ အင်းဝခေတ်မှာထင်ရှားကျော်ကြားခဲ့တဲ့ ရဟန်းစာဆိုကျော်တွေနည်းတူ ညောင်ရမ်းခေတ်မှာလည်း စာဆိုတော်ရဟန်းအကျော်အမော်တွေ ပြန်လည်ပေါ်ပေါက်ခဲ့ကြပါတယ်။ အင်းဝခေတ်မှာ ပင်လေးပင်၊ ရှင်လေးပါးပေါ်ပေါက်ခဲ့သလို ညောင်ရမ်းခေတ်မှာလည်း ကျော်ကြီးလေးကျော်ပေါ်ခဲ့ပါတယ်။ သူတို့က ပုဂံသဒ္ဒနီတိ ဆရာတော် ရှင်အဂ္ဂဝံသ၊ စစ်ကိုင်း ရှင်အာရိယဝံသဆရာတော်၊ အင်းဝ ရှင်ဝရာဘိသင်္ဃနာထဆရာတော်နဲ့ တောင်ဖီလာဆရာတော် မုနိန္ဒာဃောသဆိုတဲ့ ပုဂ္ဂိုလ်ကျော်တွေပဲဖြစ်ပါတယ်။ ဒါ့ပြင် ဦးကုလား၊ ဝန်ကြီးပဒေသရာဇာ၊ ဆီသည်ရွာစား ဦးအောင်ကြီးနဲ့ ဟံသာဝတီရောက်မင်းတို့ကလည်း ကျော်ကြားတဲ့ စာဆိုအကျော်အမော်တွေဖြစ်ပါတယ်။ညောင်ရမ်းခေတ်ဟာ စကားပြေအရေးအသားထွန်းကားခဲ့တဲ့ခေတ်ဖြစ်လို့လည်း ရာဇဝင်ကျမ်းတွေစတင်ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ ဦးကုလားရေးသားခဲ့တဲ့ မဟာရာဇဝင်ကြီးကျမ်း ဟာဆိုရင် ယနေ့အထိ ရာဇဝင်ဆရာ၊ သမိုင်းဆရာတို့အားကိုးအားထားပြု နေရတဲ့ကျမ်းတစ် စောင်ပဲဖြစ်ပါတယ်။ ညောင်ရမ်းခေတ်မှာစာပေအရေးအသားအဆင့်အတန်းသာမက နယ်ပယ်ချဲ့ထွင်ရေးကိုလည်း ညောင်ရမ်းမင်းကြီးကဦးဆောင်ပြီး အိမ်ရှေ့ဥပရာဇာဖြစ်တဲ့ သားတော် သခင်လတ်( နောင်မှာ အနောက်ဘက်လွန်မင်း) ကလည်း စစ်ဗိုလ်ချုပ်အဖြစ်ပါဝင်ခဲ့ပါတယ်။
ညောင်ရမ်းမင်းတရားမင်းပြုပြီးတဲ့နောက်မှာ ရမည်းသင်း၊ဝတီး၊ ယင်းတော်၊ ပုဂံ၊ စဉ့်ကူး၊ စလေ၊ စစ်ကိုင်း၊မြေတူး၊ ဒီပဲယင်းနဲ့ စကု၊ စလင်း၊ကြာပင်း၊ဆင်ဖြူကျွန်း၊ ဘောင်းလင်း၊ လယ်ကိုင်းစတဲ့ အထက်မြန်မာနိုင်ငံမြို့တွေကို အရင်ဆုံးတိုက်ခိုက်သိမ်းပိုက်ပါတယ်။ အဲဒီနောက် ဗန်းမော်၊မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ မိုးနဲ၊ ညောင်ရွှေတို့ကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သိန္နီမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် မကျန်းမမာ ဖြစ်တာကြောင့် နေပြည်တော်ကိုပြန်လည်ချီတက်လာရင်း ရွှေသာလျောင်းတောင်အရောက်မှာ သားဖြစ်သူ အိမ်ရှေ့မင်းအား မိမိလွန်တဲ့နောက်မှာ ညီအစ်ကိုသုံးယောက်တို့တိုင်းပြည်ကို ကြီးစဉ်ငယ်လိုက် အလှည့်ကျစီမံအုပ်ချုပ်ဖို့မှာကြားပြီး သက္ကရာဇ် ၉၆၇ခု၊ တပေါင်းလပြည့်ကျော်တစ်ရက်၊ သောကြာနေ့မှာ နတ်ရွာစံကံတော်ကုန်ပါတယ်။
ညောင်ရမ်းမင်းတရားကြီးက နန်းစံကာလအတွင်းမှာ နိုင်ငံတော်သာသနာဖွံ့ဖြိုးစေဖို့ရည်ရွယ်ချက်နဲ့ မဟာမြတ်မုနိဘုရားကြီးကိုလည်း တည်ထားကိုးကွယ်ခဲ့ပါတယ်။ စေတီတော်ကြီး စတင်တည်ရာမှာ သားတော်သုံးဦးနဲ့တကွ ဆွေတော်မျိုးတော်တွေလည်း ပါဝင်ခဲ့ကြပါတယ်။ သက္ကရာဇ် ၉၆၄၊ တန်ဆောင်မုန်းလဆန်း ၁၂ရက်မှာ ပထမအကြိမ် ဌာပနာပြီးနောက် သက္ကရာဇ် ၉၆၆ ခု၊တန်ဆောင်မုန်းလဆန်း ၁၂ရက်မှာ ဒုတိယအကြိမ်ဌာပနာခဲ့ပါတယ်။အဲဒီနောက် တတိယအကြိမ်ကို ၉၆၆ခု၊ တပေါင်းလပြည့်ကျော် ၈ရက်မှာ ဌာပနာခဲ့သလို စတုတ္ထအကြိမ်အဖြစ် တန်ခူးလဆန်း ၁ ရက်နေ့မှာ ဌာပနာခဲ့ပြီး ကောင်းမှုတော်အသီးသီး ပြီးခဲ့ပါတယ်။ ညောင်ရမ်းမင်းတရားကြီးဟာ စေတီတော်ကို ပြီးစီးအောင်တည်နိုင်ခဲ့ပေမဲ့ ထီးတော်မတင်သွားနိုင်ရှာဘဲ ကံတော်ကုန်ခဲ့ရပါတယ်။ ဒါကြောင့် သားတော် အနောက်ဘက်လွန်မင်းက ထီးနန်းအမွေကိုဆက်ခံပြီး သက္ကရာဇ် ၉၆၈ ခု၊ နယုန်လပြည့်၊ စနေနေ့မှာ ထီးတော်တင်ပြီး စေတီတော်ရဲ့ကိုယ်လုံးတော်ကိုပါ ရွှေချခဲ့ပါတယ်။
ဒါကြောင့် ညောင်ရမ်းမင်းတရားကြီးကို သမိုင်းမှာ မဟာမြတ်မုနိ ဘုရားဒါယကာအဖြစ်လည်း သတ်မှတ်ကြပါတယ်။ ညောင်ရမ်းမင်းတရားလွန်ပြီးတဲ့နောက် သားတော်အနောက်ဘက်လွန်မင်းကဆက်ခံပြီး ညောင်ရမ်းခေတ်ရဲ့ စည်ပင်ဝပြောရေးကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အနောက်ဘက်လွန်မင်းနဲ့ သာလွန်မင်းတို့လက်ထက်မှာတော့ ညောင်ရမ်းခေတ်ရဲ့ အရှိန်အဝါအလွန်တောက်ပခဲ့ပါတယ်။ဒါကြောင့် ညောင်ရမ်းမင်းတရားကြီးဟာ မြန်မာ့သမိုင်းမှာ မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်ခဲ့ရုံတင်မက သားကောင်းသားမြတ်တွေကို ပျိုးထောင်ပေးနိုင်ခဲ့တဲ့ ဖခင်ကောင်းတစ်ယောက်အဖြစ်ပါ ရပ်တည်နိုင်ခဲ့တယ်ဆိုတာကတော့ ထင်ရှားလို့နေပါတယ်။
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်❤

More Interesting Blogs from Zlann