‘‘ ညောင်ရွှေမြို့ကျက်သရေ ကန်အင်းလေး ’’

အင်းလေးကန်က မြန်မာနိုင်ငံထဲမှာရှိနေတဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုပါ။ ယူနက်စကိုရဲ့ ကမ္ဘာ့ဇီဝနယ်မြေအဖွဲ့အစည်းက အဲဒီနေရာကို ဇီဝနယ်မြေအဖြစ် ၂၀၁၅ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ စိမ့်တောတွေ ထိန်းသိမ်းရေးနဲ့ ရမ်ဆာလူထုညီလာခံကြီးရဲ့ ထိန်းသိမ်းကာကွယ်မှုအောက်မှာ အင်းလေးကန်က စာရင်းသွင်းခံခဲ့ရတဲ့အပြင် အာဆီယံတောရိုင်းတိရစ္ဆာန် အမွေအနှစ် ဥယျာဉ်တစ်ခုအဖြစ်လည်း ၂၀၀၃ ခုနှစ်မှာ သတ်မှတ်ခံခဲ့ရပါတယ်။ ကချင်ပြည်နယ် မိုးညှင်းခရိုင်မှာရှိတဲ့ အင်းတော်ကြီးပြီးရင် အင်းလေးကန်က မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် အကြီးဆုံးကန်လည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊တောင်ကြီးမြို့ရဲ့ ကီလိုမီတာ ၃၀ အကွာမှာတည်ရှိပြီး ရှမ်း ပြည်နယ်ရဲ့ အချက်အချာဒေသတစ်ခုပါ။ အင်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့နေရာကတော့ အင်းလေးဒေသရဲ့ အဓိကမြို့ဖြစ်တဲ့ ညောင်ရွှေမြို့ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပခရီးသွားတွေ အလာများတဲ့ ရှမ်းပြည်နယ်ထဲက ခရီးသွားမြို့လို့ဆိုရင်လည်း မမှားပါဘူး။ ညောင်ရွှေမြို့မှာ မင်္ဂလာရပ်ကွက် ၊ မြို့လည်ရပ်ကွက် ၊ နန္ဒဝန်ရပ်ကွက် ၊ မိုင်းလီရပ်ကွက် ၊ သာစည်ရပ်ကွက် ၊ နန်းပန်ရပ်ကွက် ၊ ကန်သာရပ်ကွက်နဲ့ ဝင်းရပ်ကွက်ဆိုတဲ့ အဓိကရပ်ကွက် (၈)ရပ်ကွက်နဲ့ ဖွဲ့စည်းထားပါတယ်။ညောင်ရွှေမြို့က အရင်တုန်းက တောင်ကြီးခရိုင်ထဲမှာပါဝင်ပြီး အခုချိန်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ညောင်ရွှေမြို့နယ်အဖြစ်တည်ရှိနေပါတယ်။ အင်းလေးကန်က အဲဒီညောင်ရွှေမြို့နားမှာပဲ ရှိနေတာဖြစ်ပြီး ဘီလူးချောင်းထဲကနေဖြတ်လို့ တောင်ဘက်စွန်းကနေ စီးထွက်သွားတာဖြစ်ပါတယ်။ ကန်အကျယ်အဝန်းက ၄၅ စတုရန်းမိုင်နီးပါးလောက်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၀ မှာ တည်ရှိတဲ့အလျောက် တောင်ပေါ်ဒေသမှာရှိတဲ့ ထုထည်ကြီးမားတဲ့ကန်ကြီးဖြစ်ပါတယ်။ တောင်နဲ့မြောက် အလျား ကိုးမိုင်လောက်ရှည်လျားပြီး အကျယ်ဆုံးနေရာက အရှေ့နဲ့အနောက်ကို သုံးမိုင်ခွဲလောက်ရှိပါတယ်။ ကန်ဧရိယာပတ်လည်မှာ တောင်တန်းတွေဝန်းရံနေပြီး ကန်ရဲ့ရေမျက်နှာပြင်မှာ ရောင်ပြန်ဟပ်နေတဲ့ တောင်တန်းတွေနဲ့အတူ ပတ်ဝန်းကျင်အလှသဘာ၀တို့က ပန်းချီကားတစ်ချပ်ပမာ ထင်မှတ်စရာကောင်းအောင် မျက်စိပသာဒ ရှုတိုင်းလှနေပါတယ်။ ဒါ့ပြင် ညောင်ရွှေချိုင့်ဝှမ်းကြီးက တောင်နဲ့မြောက်တန်းနေတဲ့ တောင်တန်းကြီးနှစ်ခုကြားမှာ ခွက်ဝင်နေပြီး အင်းလေးကန်က အဲဒီချိုင့်ဝှမ်းကြီးရဲ့ အလယ် အနက်ရှိုင်းဆုံးအပိုင်းမှာ တည်ရှိပါတယ်။ ရွာကြီးနဲ့ရွာငယ် အသွယ်သွယ်ကိုလည်း အင်းလေးရေပြင်ပေါ်မှာပဲ တည်ဆောက်ထားတာမို့ ကန်ထဲမှာ တစ်နေရာကနေတစ်နေရာကို လှေတွေ၊ စက်လှေတွေနဲ့ သွားလာကြရပါတယ်။ကမ္ဘာကတောင် အံ့ဘနန်းဖြစ်ရတဲ့အင်းလေးဒေသရဲ့အထူးခြားဆုံးသင်္ကေတကတော့ ဒေသခံအများစုက လှေကို ခြေထောက်နဲ့လှော်ခတ်လေ့ရှိကြတာပဲဖြစ်ပါတယ်။ ကန်ရဲ့ဧရိယာဟာ သစ်ပင်ပန်းမန်တွေအပါအဝင် တိရစ္ဆာန်အများအပြားနဲ့ ပြည့်နှက်နေတဲ့ ထူးခြားကောင်းမွန်တဲ့ သက်ရှိပတ်ဝန်းကျင်တစ်ခုဖြစ်သလို တောရိုင်းတိရစ္ဆာန်တွေရဲ့ ခိုလှုံရာနေရာ လည်းဖြစ်ပါတယ်။ ကန်အနီးဝန်းကျင်မှာ အရှားပါးဆုံး တိရစ္ဆာန်မျိုးစိတ်တွေကို ရှာတွေ့နိုင်တဲ့နည်းတူ ကမ္ဘာတစ်ဝန်း မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ sarus ကြိုးကြာငှက်တွေက အင်းလေးဒေသမှာ အသိုက်ဖွဲ့နေထိုင်ကြပါတယ်။ အင်းလေးကန်နဲ့ ပတ်ဝန်းကျင်မှာ ငှက်မျိုးစိတ်ပေါင်း ၂၆၇ မျိုးကျော်၊ ရေတိမ်ငှက် ၈၂ မျိုး၊ ရေချိုငါး၊ ဖျံနဲ့ လိပ်မျိုးစိတ် ၄၃ မျိုးတို့ကို လေ့လာတွေ့ရှိနိုင်ပါတယ်။ကန်ရဲ့တောအုပ်နဲ့ စိမ့်တောတွေထဲမှာ ကျက်စားတတ်တဲ့ ငှက်တွေ၊ ရေနေသတ္တဝါတွေ၊ အင်းဆက်တွေ ၊ကုန်းနေ ရေနေသတ္တဝါတွေနဲ့ တွားသွားသတ္တဝါတွေအပြင် အရှားပါးဆုံး သစ်ခွမျိုးစိတ်တွေက အင်းလေးကန်ရဲ့သဘာ၀တရားတို့ကို ပိုမိုပီပြင်လာအောင် အသက်သွင်းပေးနေသလိုပါပဲ။ အင်းလေးကန်နဲ့ဆက်စပ်ဧရိယာမှာ ဥယျာဉ်၊ ဈေးနဲ့ စေတီပုထိုးအများအပြားတွေ့ရှိရသလို သာယာဖွယ်အတိ ကန်ပတ်လည်မှာရှိတဲ့ရွာတွေနဲ့ ခြေထောက်နဲ့လှေလှော်တဲ့ အင်းသားတို့ရဲ့ရိုးရာကလည်း ခရီးသွားဧည့်သည်တွေကို ပိုမိုဆွဲဆောင်စေတာဖြစ်ပါတယ်။ အင်းလေးဒေသမှာရှိတဲ့ ရွာသားတွေက အင်းသားလူမျိုးတွေ အများစုဖြစ်ပြီး ပအို့၊ ဓနု၊ ရှမ်း၊ တောင်ရိုး၊ ကယား၊ ဗမာနဲ့ ဓနောစတဲ့ တခြားမျိုးနွယ်စု အနည်းငယ်နေထိုင်ကြ ပါတယ်။ အင်းလေးကန်မှာ ထူးခြားတဲ့ ရေပေါ် ဥယျာဉ်တွေနဲ့ ရေပေါ်ကျွန်းတွေတည်ရှိပြီး ဒေသခံတွေရဲ့စိုက်ပျိုးပုံ၊ ဟင်းသီးဟင်းရွက်ဆွတ်ခူးရောင်းချပုံတွေကို တကူးတကလာရောက်လေ့လာကြတဲ့ ခရီးသွားတွေလည်းရှိပါတယ်။ အင်းလေးမှာရှိတဲ့ ရွာသားတွေရဲ့လုပ်ငန်းတွေထဲမှာ ရိုးရာလက်မှုပညာ ငွေပန်းထိမ်လုပ်ငန်းက လူသိများတာမို့ ခရီးသွားဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ ဖန်တီးပေးနေပါတယ်။ဒါ့ပြင် အရည်အသွေးကောင်းတဲ့ ပဝါ၊အိတ်နဲ့ ပိုးထည်တွေကလည်း အင်းလေးရဲ့ထွက်ကုန်တွေထဲမှာ နာမည်ကြီးပါတယ်။ ကန်ထဲကရတဲ့ ကြာပင်တို့ရဲ့အမျှင်ကို ထုတ်ယူပြီး အဝတ်အထည်တွေ ပြုလုပ်ရောင်းချကြတာမို့လည်း ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့အရာတစ်ခုအဖြစ် ယနေ့တိုင်ရပ်တည်နေပါတယ်။ အလားတူ အင်းလေးကန်ရဲ့ရေပေါ်ဈေးမှာ လက်မှုပစ္စည်းနဲ့ ကျောက်မျက်ရတနာတွေအပြင် လက်ဆောင်ပစ္စည်းတွေကို ရောင်းချနေကြပါတယ်။ ဒါ့အပြင် ဈေးသည်တွေက ကန်တစ်လျှောက်မှာရှိတဲ့ လှေတွေနဲ့အတူ သူတို့စိုက်ပျိုးရိတ်သိမ်းထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဆန်တွေကို ရောင်းဝယ်ကြပြီး တချို့တံငါသည်တွေကလည်း အင်းထဲကနေ လတ်လတ်ဆတ်ဆတ် ဖမ်းထားတဲ့ငါးတွေကို ရောင်းချကြပါတယ်။ အလားတူ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေကို ရေပေါ်ဈေးမှာရှိတဲ့ ဒေသခံတွေဆီမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အင်းသားတွေက အင်းလေးကန်ထဲမှာပဲ ငါးဖမ်းတဲ့အပြင် ဟင်းသီးဟင်းရွက်တွေကိုလည်း ရေပေါ်မှာ စိုက်ပျိုးနိုင်ကြတာကြောင့် နိုင်ငံခြားသားခရီးသွားတွေက ကန်အတွင်းမှာ ဒေသခံတွေရဲ့ စိုက်ပျိုးမှုကို လေ့လာဖို့ စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ အင်းလေးကန်ဧရိယာထဲက အင်းလေးဖောင်တော်ဦးဘုရားမှာ ဗုဒ္ဓရုပ်ပွားတော် (၅) ဆူကို ဖူးမြော်တွေ့ရှိနိုင်ပြီး အဲဒီရုပ်ပွားတော် (၅)ဆူကို ရွှေသင်္ကန်းတွေကပ်လှူထားတာကြောင့် ရုပ်ပွားတော်တွေရဲ့ မူလပုံသဏ္ဌာန်ကို အလွယ်တကူ မခန့်မှန်းနိုင်ပါဘူး။ဒါပေမဲ့ ဖောင်တော်ဦးကျောင်းနံရံမှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ကြည့်ပြီး အဲဒီရုပ်ပွားတော် (၅)ဆူရဲ့ မူလပုံသဏ္ဌာန်ကို သိရှိနိုင်ပါတယ်။ ဒါ့ပြင် အလိုတော်ပေါက်ဘုရားကိုတော့ ရှေးကျတဲ့တိုင်လုံးတွေနဲ့တည်ဆောက်ထားသလို အင်းလေးကန်ရဲ့ ရှေးအကျဆုံး ဘာသာရေးအဆောက်အအုံတွေထဲက တစ်ခုအဖြစ် ထင်ရှားပါတယ်။ သီရိဓမ္မာသောက မင်းတရားကြီး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ များစွာသော စေတီတော်ပုထိုးတော်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။အဲဒါကို အလောင်းစည်သူမင်းကြီးက ပြန်လည်မွမ်းမံ တည်ဆောက်ခဲ့တာဖြစ်ပြီး မင်းကြီး ဌာပနာတည်ခဲ့တဲ့ ကျောက်မျက်ရတနာနဲ့ ဆင်စွယ်တွေက ဒီကနေ့ထိတိုင်အောင် တည်ရှိနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အင်းလေးကန်ကို သွားဖို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်နေပြီဖြစ်တဲ့အလျောက် ကားနဲ့ မီးရထားအပြင် လေယာဉ်နဲ့ပါဟဲဟိုးလေဆိပ်ကတစ်ဆင့် လွယ်ကူစွာသွားရောက်နိုင်နေပြီပဲဖြစ်ပါတယ်။

===========================

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

YouTube ❤: https://www.youtube.com/@zlann_podcast

Podcast ❤: https://podcasters.spotify.com/pod/show/z-lann

Facebook Group ❤: https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #အင်းလေးကန်

#Inle #ShanState #burmesewonder

More Interesting Blogs from Zlann