တတိယ မြန်မာနိုင်ငံကိုတည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ

ဦးအောင်ဇေယျကို မုဆိုးဖိုအလယ်ရွာသူကြီးဖြစ်သူ သီရိမဟာဓမ္မရာဇာ မင်းညိုစံနဲ့ သူကြီးကတော် စောငြိမ်းဦး တို့က မြန်မာသက္ကရာဇ် ၁၀၇၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် တစ်ရက်နေ့ သောကြာနေ့ နေတစ်ချက်တီးအချိန်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ရာဇဝင်မှာထင်ရှားခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအတော်များများမှာ ငယ်နာမည်အသီးသီးရှိကြပေမဲ့ အလောင်းမင်းတရား ဦးအောင်ဇေယျရဲ့ ငယ်နာမည်ကတော့ “အောင်ဇေယျ” လို့ပဲ အမည်တွင်တာကို တွေ့ရပါတယ်။ မွေးဖွားစဉ်တည်းက တစ်မူထူးခြားတဲ့ အသွေးအမွေးနဲ့မွေးဖွားလာခဲ့သလို ထူးဆန်းတဲ့ဖြစ်ရပ်တွေလည်းဖြစ်ပေါ်ခဲ့တာကြောင့် ဦးအောင်ဇေယျဟာ ကြီးမားတဲ့ဘုန်းကံအရှိန်အဝါနဲ့ မွေးဖွားလာသူ၊ အရွယ်ရောက်လာတဲ့အခါ မင်းဧကရာဇ်နေရာကို မုချဧကန်ရောက်ရှိမဲ့သူဖြစ်တယ်လို့ ဘုန်းတော်ကြီးတွေက နိမိတ်ဖတ်ပေးခဲ့ကြပါတယ်။ ဒီလိုမျိုးကောင်းမွန်တဲ့ အချင်းအရာတွေနဲ့ မွေးဖွားလာတဲ့သူဖြစ်တာကြောင့်လည်း နှစ်ဖက်မိဘအမျိုးအဆွေတွေက ချစ်ခင်မြှောက်စားခဲ့ပြီး အသက် ၁၄ နှစ်အရွယ်ကိုရောက်ချိန်မှာတော့ သာသနာ့ဘောင်ကိုဝင်ရောက်ပြီး ရွာဦးကျောင်းမှာ ပညာသင်ကြားစေခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ်ကိုရောက်ချိန်မှာတော့ လူဝတ်လဲကာ မိဘအိမ်ကိုပြန်လာခွင့်ရခဲ့ပြီး အဲဒီအချိန်မှာ မိဘနှစ်ပါးက အရွယ်ရောက်နေပြီဖြစ်တဲ့ သားဖြစ်သူကို အိမ်ထောင်ချပေးဖို့ဆောင်ရွက်ခဲ့ကြကာ ဆွေမျိုးနီးစပ်တော်သူ ခင်ယွန်းစံနဲ့ ထိမ်းမြားပေးခဲ့ပါတယ်။ ခင်ယွန်းစံနဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာတော့ မုဆိုးဖိုရွာဟာ တခြားမှပြောင်းရွှေ့လာသူတွေကြောင့် လူနေထူထပ်လာခဲ့ပြီး ယခင်ကထက်ပိုမိုစည်ကားလာခဲ့ပါတယ်။ မုဆိုးဖိုရွာ စည်ကားလာတာနဲ့အမျှ မုဆိုးဖိုရွာရဲ့ အကြီးအကဲမိသားစုဖြစ်တဲ့ ဦးအောင်ဇေယျတို့မိသားစုရဲ့ ဩဇာအာဏာကလည်း ကြီးမားလာခဲ့ပါတယ်။ ဒီအခါမှာ လက်ရုံးရည်နဲ့ပြည့်စုံမှုရှိတဲ့ ဦးအောင်ဇေယျရဲ့ နာမည်ဂုဏ်ကလည်း တောင်ငူဘုရင်အထိတိုင် ပေါက်ကြားလာတာကြောင့် တောင်ငူဘုရင်က ဦးအောင်ဇေယျကိုဆင့်ခေါ် ပြီး အကဲခတ်ခဲ့ပါတော့တယ်။

ဦးအောင်ဇေယျကို မြင်တွေ့ချိန်မှာတော့ ဦးအောင်ဇေယျရဲ့အသွင်အပြင်ဟာ ဘုရင်တစ်ပါးမှာရှိသင့်တဲ့ ကြံအင်လက္ခဏာနဲ့ ပြည့်စုံနေတဲ့အပြင် ဆွေမျိုးဂုဏ်နဲ့ နောက်ခံအင်အားတောင့်တင်းမှုကြောင့် နိုင်ငံအတွက်အထောက်အပံ့ဖြစ်နိုင်သူအဖြစ် ယူဆခဲ့သလို ထီးနန်းယှဉ်ပြိုင်သူအဖြစ်လည်း သံသယရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဦးအောင်ဇေယျရဲ့ပါးနပ်လိမ္မာမှုရှိတဲ့ လျှောက်တင်မှုတွေကြောင့် ပြန်လွှတ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နိုင်ငံရေးအနေအထားကို ရှင်းပြရမယ်ဆိုရင် အင်းဝမင်းဆက်ရဲ့ ဩဇာအာဏာမှာ ကျဆင်းလို့နေပြီး ဟံသာဝတီသားတို့ကလည်း တစ်စင်ထောင်ကာ ထကြွပုန်ကန်ကြတာကြောင့် တိုင်းရေးပြည်ရာကိစ္စတွေက မငြိမ်သက်ဖြစ်ခဲ့ရပါတယ်။ မြန်မာသက္ကရာဇ် ၁၁၁၃ခုနှစ်မှာတော့ ဟံသာဝတီတပ်တွေက အင်းဝကိုကျူးကျော်မှုတွေပြုခဲ့ပြီး ဦးအောင်ဇေယျဟာလည်း ရပ်ရွာအတွင်းမှာရှိတဲ့ လူရွယ်လူငယ်တွေကိုစုစည်းကာ တိုက်ခိုက်ရေးပညာများလေ့ကျင့်ပေးခြင်း၊ ခံတပ်များဆောက်ခြင်း၊ လူသူလက်နက်နဲ့ မြင်းများစုဆောင်းခြင်း အစရှိတဲ့ တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အင်း၀ပြည့်ရှင် မဟာဓမ္မရာဇာဓိပတိကတော့ ရန်သူလက်ထဲမကျရောက်အောင် ကြိုးပမ်းမှုမရှိဘဲ အပျော်အပါးကိုသာလိုက်စားနေတာကြောင့် စစ်ကိုင်းမြို့မှာပျက်ခဲ့ရပါတယ်။ စစ်ကိုင်းမြို့ပျက်ပြီးနောက်မှာတော့ ဟံသာဝတီတပ်တို့က အင်းဝကိုဆက်လက်ချီတက်ပိတ်ဆို့ခဲ့ကြပြီး မကြာခင်မှာပဲ မြန်မာဘုရင်ကို လက်ရဖမ်းနိုင်ခဲ့တာကြောင့် ညောင်ရမ်းမင်းဆက်ကလည်း အဆုံးသတ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကွေ့ရှမ်း ဂုဏ္ဃအိမ် ဦးဆောင်တဲ့အုပ်စုကလည်း မန္တလေးတစ်ဝိုက်မှာကြီးစိုးလျက်ရှိပြီး လက်အောက်ခံလူသူတွေစုဆောင်းကာ အင်အားကြီးမားစပြုလာနေပြီဖြစ်ပါတယ်။

အင်းဝကို ဟံသာဝတီတို့သိမ်းပြီး တစ်နှစ်အကြာမှာတော့ လက်အောက်ခံနယ်တွေဆီမှာ သစ္စာခံမှုလိုလားတာကြောင့် အနယ်နယ်အရပ်ရပ်ဆီကို သံအဖွဲ့တွေစေလွှတ်ခဲ့ပါတယ်။ ဒီအခါမှာ မုဆိုးဖိုရွာကိုလည်း သံတမန်အယောက်သုံးဆယ်ပါဝင်တဲ့ သံအဖွဲ့စေလွှတ်ခဲ့ပြီး သစ္စာတော်ခံဖို့အတွက် စေလွှတ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ ဦးအောင်ဇေယျက အဆိုပါ သံတမန်အဖွဲ့ကို အချိုသပ်ကာ လက်ဆောင်ပစ္စည်းတွေနဲ့ပြန်လွှတ်ခဲ့ပြီး အပြန်လမ်းမှာတော့ အပြန်လမ်းမှာ တပ်ပုန်းချကာ လုပ်ကြံဖို့စေခိုင်းခဲ့တယ်။ ဒီလိုလုပ်ကြံမှုကနေ လွတ်မြောက်သွားသူတချို့က ဟံသာ၀တီဘုရင်ကို ဖြစ်ရပ်အကြောင်းအရာ မှန်သမျှကိုစုံစုံလင်လင် ပြန်လည်လျှောက်တင်ရာမှာတော့ ဟံသာဝတီဘုရင်ကအမျက်ထွက်ပြီး မုဆိုးဖိုကိုချေမှုန်းဖို့အတွက် တပ်တွေကိုစေလွှတ်လိုက်ပါတယ်။ အဆိုပါအရေးအခင်းမှစကာ ဦးအောင်ဇေယျကလည်း တိုက်ပွဲတွေကို ဆက်တိုက်ဆိုသလို ဆင်နွှဲလာခဲ့ရပြီး တန်ခိုးထွားလာခဲ့ပါတော့တယ်။ ကံကောင်းစွာပင် မုဆိုးဖိုကို ချေမှုန်းဖို့လာခဲ့တဲ့ မွန်စစ်သူကြီး ဒလပန်းရဲ့ တပ်တွေဟာ ယိုးဒယားတို့ရဲ့ ကျူးကျော်စစ်ကြောင့် ပြန်လှည့်သွားပြီး ဉီးအောင်ဇေယျကလည်း ဒီအရေးကိုလက်လွှတ်မခံဘဲ နိုင်ငံတစ်ဝန်းရှိ တခြားအင်အားစုတွေကိုပါ သိမ်းပိုက်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဦးအောင်ဇေယျကပဲ အင်အားကြီးမားသထက်ကြီးမားလာခဲ့ကာ ဟံသာဝတီကိပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတော့တယ်။

အလောင်းမင်းတရားဟာ ရဲစွမ်းသတ္တိရော ပညာဉာဏ်စွမ်းရောပြည့်စုံတဲ့သူဖြစ်တာကြောင့် တစ်နိုင်ငံလုံးမှာပြန့်ကျဲနေတဲ့ အင်အားစုတွေကို အချိန်တိုအတွင်းမှာပဲ ပြန်လည်စုစည်းနိုင်ခဲ့ပြီး တည်ငြိမ်အေးချမ်းတဲ့ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့ပါတယ်။ ဒီလိုတည်ထောင်ရာမှာ သူ့ရဲ့အားအကိုးရဆုံးသောရဲဘော် ခြောက်ကျိတ်ရှစ်ယောက်ကို အမာခံထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရွှေဘိုမှစတင်ကာ တစ်နိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့သိမ်းပိုက်ခံမြို့ရွာတွေကိုတော့ နာမည်အသစ်တွေပေးခဲ့ပြီး လန်အောင်မြို့ကို မြန်အောင်မြို့၊ ဒဂုန်မြို့ကို ရန်ကုန်မြို့လို့ ပြောင်းလဲခေါ်တွင်စေခဲ့ပါတယ်။ အလောင်းဘုရားဟာရဲရင့်ပြတ်သားတည်ကြည်ပြီး အမြှော်အမြင်ရှိကာ ရန်သူတို့ကို ပြင်းထန်စွာသုတ်သင်တတ်သူဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ဒါ့အပြင် နိုင်ငံကိုအုပ်ချုပ်တဲ့အခါမှာလည်း အကျင့်သီလစာရိတ္တကိုပျက်စီးစေတဲ့ သေရည်သေရက်တို့ကို ပြင်းထန်စွာတားမြစ်ခဲ့ကာ ခိုးဝှက်လုယက်ခြင်းနဲ့ တခြားပြစ်မှုကျူးလွန်ခြင်းတို့ကိုလည်း ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်မှုတွေရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဦးအောင်ဇေယျရဲ့ နေပြည်တော်တစ်ခွင်ဟာ အေးချမ်းသာယာမှုအပြည့်နဲ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြို့ရွာအတွင်းမှာ သူခိုးတွေကြောင့် ပစ္စည်းဥစ္စာတွေဆုံးရှုံးပျောက်ရှပါက အဆိုပါမြို့ရွာကိုအုပ်ချုပ်တဲ့ အကြီးအကဲတွေက ပစ္စည်းတန်ဖိုးလျော်ကြေးပေးချေရတဲ့စနစ်ကို ကျင့်သုံးခဲ့တာကြောင့် အကြီးအကဲများကိုယ်တိုင်လည်း မိမိတာဝန်ကို တက်တက်ကြွကြွနဲ့ ရပ်ရွာအေးချမ်းအောင်လုပ်ဆောင်ခဲ့ကြပါတယ်။ အလောင်းဘုရားဟာ စိုက်ပျိုးရေးကိုလည်း အလွန်အားပေးတဲ့ မင်းတစ်ပါးဖြစ်တာကြောင့် မိုးနည်းပါးတဲ့အညာဒေသများနဲ့ ရွှေဘိုမြို့တစ်ဝက်မှ ပြည်သူပြည်သားတို့ကို စိုက်ပျိုးနိုင်ဖို့ မူးမြစ်ကိုဆယ်ဖို့ခဲ့ကာ ရွှေဘိုမြို့ကိုရေပေးနိုင်ရေးအတွက်လည်း မဟာနန္ဒာကန်ကြီးကို တူးဖော်စေခဲ့ပါတယ်။ တရားစီရင်ရေးအတွက်ကိုတော့ ပါဠိဘာသာနဲ့ရေးသားထားတဲ့ ဓမ္မသတ်ကျမ်းတွေနဲ့ မြန်မာပါဠိအရောကျမ်းတွေကို ပညာရှင်တို့နဲ့ ဘာသာပြန်ဆိုစေပြီး မြန်မာစာသီးသန့်ရေးစေခဲ့ပါတယ်။ ဒါတွေအပြင် ဘုရားတရားကို လွန်စွာကြည်ညိုပြီး ဘာသာရေးကိုင်းရှိုင်းတဲ့မင်းတစ်ပါးဖြစ်တာကြောင့် စေတီပုထိုးများစွာကို တည်ထားကိုးကွယ်ခဲ့ပြီး ဘာသာရေးအမှုထမ်းဝန် ခန့်ထားကာ ဝိနည်းနဲ့မညီတဲ့ ရဟန်းတွေနဲ့ အကျင့်သိက္ခာမရှိတဲ့ ရဟန်းတွေကိုလည်း ပြစ်မှုကြီးငယ်အလိုက်စီရင်စေကာ သာသနာတော်ကိုသန့်စင်စေခဲ့ပါတယ်။ နိုင်ငံအတွင်းမှာ အမဲသတ်ခြင်း၊ ယစ်ပူဇော်ခြင်းတို့ကိုလည်းတားမြစ်ခဲ့ပြီး နိုင်ငံကို သာယာဝပြောရုံသာမက တည်ငြိမ်အေးချမ်းကာ ဘာသာသာသနာထွန်းကားသောနိုင်ငံအဖြစ်တည်ထောင်နိုင်ခဲ့ပါတယ်။

တစ်စစီကွဲပြားနေတဲ့တိုင်းပြည်ကိုပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီး ပြည်တွင်းရန်မီးငြိမ်းစေခဲ့တဲ့ အလောင်းမင်းတရားဟာဆိုရင် မြန်မာပြည်ကို မကြာခဏကျူးကျော်လေ့ရှိတဲ့ မဏိပူရကသည်းလူမျိုးတွေကိုလည်း အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကာ နယ်စပ်ဒေသတွေမှာ မကြာခဏသွေးတိုးစမ်းထိပါးလျက်ရှိကြတဲ့ ထိုင်းလူမျိုးတို့ကိုလည်း အယုဒ္ဒယမြို့အထိ လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အယုဒ္ဒယသို့တိုက်ခိုက်စဉ်မှာပဲ အလောင်းမင်းတရားဟာနာမကျန်းဖြစ်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး မုတ္တမမြို့အနီး ကင်းရွာအရောက် မြန်မာသက္ကရာဇ် ၁၁၂၁ ခုနှစ် သက်တော် ၄၅ နှစ်မှာတော့ နတ်ရွာစံခဲ့ရပါတယ်။ အလောင်းမင်းတရားကြီးရဲ့ သင်္ချိုင်းပြသာဒ်ကို ယခုထိတိုင် ရွှေဘိုမြို့မှာ မြင်တွေ့နိုင်ပါတယ်။

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ 🥰

YouTube: https://www.youtube.com/@zlann_podcast
Podcast https://podcasters.spotify.com/pod/show/z-lann
Facebook Group https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #အလောင်းမင်းတရားကြီး #ဦးအောင်ဇေယျ

More Interesting Blogs from Zlann