“တပင်ရွှေထီးကို အကောက်ကြံသူ သမိန်စောထွတ်”

မြန်မာရာဇဝင်မှာ ဘုန်း၊လက်ရုံးတို့နဲ့ ပြည့်စုံပြီး အလွန်ကိုထင်ပေါ်ကျော်ကြားတဲ့ တပင်ရွှေထီးကို အကောက်ကြံ လုပ်ကြံခဲ့သူက သမိန်စောထွတ်ဖြစ်ပါတယ်။သူ့ရဲ့ ပရိယာယ်တွေအောက်မှာ ဘုန်းလက်ရုံးတို့နဲ့ ပြည့်စုံပေမဲ့ ယစ်ရွှေရည်ကို တပ်မက်တဲ့ တပင်ရွှေထီးတစ်ယောက် အသက် ဆုံးရှုံးခဲ့ပါတယ်။
မြန်မာသက္ကရာဇ် ၈၆၅ ခုနှစ်မှာ တပင်ရွှေထီး ကိုမွေးဖွားခဲ့ပြီး သူ့ကို မွေးဖွားချိန်က ထူးခြားတဲ့ နိမိတ်လက္ခဏာ တွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြန်မာ့သမိုင်းကြောင်းမှတ်တမ်းတွေမှာ ဖော်ပြထားသလို ထိုင်းဘက် မှတ်တမ်း မှတ်ရာတွေမှာတော့ တပင်ရွှေထီးဟာ မွေးဖွားချိန်ကတည်းက လျှာပေါ်မှာ ထင်ရှားမဲနက်တဲ့ အစက်လက္ခဏာ တွေပါတာကြောင့် “လျှာနက်မင်း” လို့ မှတ်တမ်းတင်ထားပါတယ်။
ဦးခေါင်းထိပ်မှာ ခမည်းတော် ‘မင်းကြီးညို’ လို့ ရွှေရောင်တောက်ပနေတဲ့ ဆံချည်မျှင်တစ်ချောင်း ပေါက်နေ တာကြောင့် မင်းကြီးညိုက သားတော်ရဲ့နာမည်ကို “တပင်ရွှေထီး”လို့ သူကိုယ်တိုင် အမည်ပေး ခေါ်ဝေါ် ခဲ့ပါတယ်။
မြန်မာသက္ကရာဇ် ၈၇၉ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက်နေ့မှာတော့ ‘မင်းကြီးညို’ တစ်ယောက် ရုတ်တရက် ဖျားနာပြီး နတ်ပြည်စံဝင်ပါတယ်။ မင်းကြီးညိုနတ်ပြည်စံပြီးနောက် နေ့မကူးစေဘဲ အဲဒီည ၁ နာရီကျော်အချိန်မှာ အသက် ၁၄ နှစ်သာ ရှိသေးတဲ့ တပင်ရွှေထီး ထီးနန်ဆက်ခံခဲ့ပါတယ်။
တပင်ရွှေထီးနဲ့ ခေတ်ပြိုင်စိုးစံခဲ့တဲ့မင်းတွေကတော့ အင်း၀မင်းဆက်တွေထဲက သိုဟန်ဘွား၊ အုန်းဘောင် ခုန်မှိုင်းနဲ့ မိုးဗြဲနရပတိတို့ဖြစ်ကြပြီး ဟံသာဝတီမှာတော့ သုရှင်တကာရွတ်ပိ ဖြစ်ပါတယ်။
တပင်ရွှေထီးဟာ အောက်မြန်မာနိုင်ငံဖြစ်တဲ့ ဟံသာဝတီကိုရရှိဖို့အတွက် မြန်မာသက္ကရာဇ် ၈၉၆ ခုနှစ်မှာ အစပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မွန်တို့ရဲ့နေထိုင်ရာအရပ်ဖြစ်တဲ့ ဟံသာဝတီပဲခူးကို သိမ်းပိုက်ပြီးနောက်မှာ မွန်လူမျိုးတွေကို ရန်သူသဖွယ် သဘောထားခြင်းမရှိခဲ့သလို မွန်လူမျိုး မင်းမှုထမ်းတွေ ကိုလည်း သူတို့ရဲ့ ရာထူးအဆောင်အယောင်တွေ ပြန်လည်ပေးအပ်ပြီးသူကောင်းပြုခဲ့ပါတယ်။တပင်ရွှေထီးဟာ နယ်ပယ်အသီးသီးကို ချဲ့ထွင်ဖို့ကြိုးစားခဲ့ပြီး အဲဒီလိုကြိုးစားနေစဉ်မှာ ပေါ်တူဂီလူမျိုး တစ်ယောက်နဲ့ ဆက်သွယ်မိပါတယ်။
တပင်ရွှေထီးဟာ အဲဒီပေါ်တူဂီလူမျိုးဆက်သတဲ့ အရက်သေစာကို အကြီးအကျယ်စွဲလမ်းလာခဲ့ပြီး နိုင်ငံတော် အုပ်ချုပ်စီမံရေးမှာ အမှားမှားအယွင်းယွင်းနဲ့ လစ်ဟင်းမှုတွေ ရှိလာပါတယ်။
မွန်အမတ်တစ်ဦးဖြစ်တဲ့ သမိန်စောထွတ်က မွန်ဒေသကို မြန်မာတို့ လာရောက်စိုးစံနေခြင်းအပေါ် မကျေနပ် သူဖြစ်ပါတယ်။သူဟာ တပင်ရွှေထီးအပါးမှာ ခစားရင်း အချိန်အခါကောင်းကိုစောင့်နေခဲ့ပါတယ်။
အဲဒီအချိန်မှာ သမိန်ထောရာမရဲ့ ပုန်ကန်မှုတစစ ကြီးထွားလာတဲ့အတွက် တပင်ရွှေထီးက ဘုရင့်နောင်ကို ချီတက် နှိမ်နင်းခိုင်းပါတယ်။ဘုရင့်နောင်လည်း တပင်ရွှေထီးရဲ့ လုံခြုံရေးကို စိတ်မချတဲ့အတွက် ညီတော် တောင်ငူစား သီဟသူ၊မုတ္တမစား စောလဂွန်းအိန် နှင့် အပါးတော်ခစားနေတဲ့ သမိန်စောထွတ်တို့ကို စောင့်လျှောက်ဖို့ တာဝန်ပေးမှာကြားပြီး စစ်ထွက်ပါတယ်။
ဘုရင့်နောင် သံလျင်ကို ရောက်နေစဉ် သက္ကရာဇ် (၉၁၁)ခု၊ တပို့တွဲလ မှာတော့ သမိန်စောထွတ်က မင်းတရား ရွှေထီးကို လှည့်စားဖို့အတွက် ပုဏ္ဏားတွေကို လာဘ်ထိုးပြီး ဇာတာမသန့်ကြောင်း၊ ဟံသာဝတီ နန်းတော်မှ ခွာပြီးအရပ်တပါးမှာ ယာယီစံသင့်ကြောင်း လျှောက်တင်စေပါတယ်။
တပင်ရွှေထီးအပါးမှာ စောင့်ရှောက်နေကြတဲ့ သီဟသူနဲ့စောလကွန်းအိမ်တို့က မသွားသင့်ကြောင်း လျှောက်တင် ပေမဲ့ တပင်ရွှေထီးက ပန်းတရော် အရပ်မှာ ယာယီနန်းဆောက်စေပါတယ်။
အဲဒီနောက် ဘုရင့်နောင်ရဲ့ညီတော်သီဟသူကို ဟံသာဝတီမှာ နန်းစောင့်အဖြစ်ထားခဲ့ပြီး တိုက်ဆင်(၁၀၀)၊ မြင်း(၂၀၀၀)၊ စစ်သည်(၄၀၀၀၀)တို့နဲ့အတူ ပန်းတရော်ကို ပြောင်းရွှေ့ကာ ယာယီနန်း စံမြန်းပါတယ်။
တပင်ရွှေထီးတစ်ယောက် ပန်းတရော်မှာ ယာယီနန်းစံမြန်းနေစဉ် စစ်တောင်းစား မင်းမဟာ ကွယ်လွန် ပါတယ်။တပင်ရွှေထီးက သမိန်စောထွတ်ကို စစ်တောင်းစားအဖြစ် ခန့်အပ်ပါတယ်။
စစ်တောင်းမြို့ကို အပိုင်စားရတဲ့ သမိန်စောထွတ်ရဲ့ အာဏာ ကြီးထွားလာခဲ့သလို တပင်ရွှေထီးကို လုပ်ကြံ ဖို့ကိုလည်း အမျိုးမျိုးကြံစည်ပါတော့တယ်။တပင်ရွှေထီးရဲ့ အနီးကပ်လုံခြုံရေးအတွက် သူ့ရဲ့ ညီနှစ်ဦးကို လက်ယာဓားမှူးနဲ့ လက်ဝဲဓားမှူးအဖြစ် ခန့်အပ်ဖို့ လျှောက်ထားရာမှာ တပင်ရွှေထီးက လက်ခံ ပါတယ်။
ပန်းတရော်မှာ ယာယီနန်းစံမြန်းပြီး တစ်လလောက်အကြာမှာတော့ နေရာထပ်မံပြောင်းရွှေ့ဖို့ လျှောက်ထား ပြန်ပါတယ်။ဒီလျှောက်ထားချက်ကိုလည်းတပင်ရွှေထီးက ခွင့်ပြုပြီး ပြောင်းရွှေ့ပြန်ပါတယ်။ ပြောင်းရွှေ့ နန်းစံပြီးနောက် အရှေ့ကသာအရပ်မှာ ဆင်ဖြူတော်ပေါ်နေတဲ့အတွက် တပင်ရွှေထီးကိုယ်တိုင် ဖမ်းယူ သင့်ကြောင်း လျှောက်တင်ပါတယ်။
‘ဆင်ဖြူရှင်’ အမည် ခံယူလိုတဲ့ တပင်ရွှေထီးတစ်ယောက် သူကိုယ်တိုင် ဆင်ဖြူဖမ်းဖို့ ပြင်ဆင်ပါတယ်။ကသာရှိ အင်းကလိန်ဘုရားအနီးမှာ ဆင်ဖြူဖမ်းဖို့ တပ်တော်ချနေစဉ် အပါးမှာ ခစားနေတဲ့ စောလကွန်းအိမ်ကို ဆင်ဖြူတော် ရရေးအတွက် ရဲမက်ဗိုလ်ပါစုရုံးဖို့ မုတ္တမကို စေလွှတ်ပါတယ်။
စောလကွန်းအိမ်က အပါးကနေ မခွာလိုကြောင်း အကြိမ်ကြိမ်လျှောက်တင်ပေမဲ့ တပင်ရွှေထီးက လက်မခံဘဲ အမိန့်အတိုင်း မုတ္တမကို သွားရောက်စေပါတယ်။
သမိန်စောထွတ်ဟာ သူ့ရဲ့ အကြံအစည် အချိန်ကောင်း အခွင့်ကောင်း ရပြီဖြစ်တဲ့အတွက် သူ့ရဲ့ ညီ ဓားမှူးတွေနဲ့ ဘုရင်ကိုလုပ်ကြံဖို့ တိုင်ပင်ပါတယ်။
သက္ကရာဇ် (၉၁၂)ခု၊ ကဆုန်လပြည့်ကျော်(၁)ရက်၊ ညဉ့်(၃)ချက်တီးကျော်အချိန်မှာတော့ ယာယီတဲနန်းအတွင်း အိပ်ပျော်နေတဲ့ တပင်ရွှေထီးကို သမိန်စောထွတ်ရဲ့ အမိန့်နဲ့ လက်ဝဲဓားမှူးက လုပ်ကြံပါတယ်။
ဘုရင်တပင်ရွှေထီးဟာ သက္ကရာဇ် (၈၇၈)ခု၊ ကဆုန်လပြည့်ကျော် (၁)ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဖွားမြင်ပြီး သက္ကရာဇ် (၉၁၂)ခု၊ ကဆုန်လပြည့်ကျော် (၁)ရက် ဗုဒ္ဓဟူးနေ့မှာ နတ်ရွာစံလွန်တဲ့အတွက် ဖွားနေ့၊ ဖွားရက်၊ နတ်ပြည်စံနေ့ရက်တို့က ထူးထူးခြားခြား တူညီတိုက်ဆိုင်နေပါတယ်။
တပင်ရွှေထီးကို လုပ်ကြံပြီးနောက် သမိန်စောထွတ်ဟာ ဟံသာဝတီကို မဝင်ဘဲ မိမိအပိုင်စားရတဲ့ စစ်တောင်းကို သွားရောက်ပြီး သမိန်စက္ကဝေါဘွဲ့ခံကာ နန်းတက်ပါတယ်။
ဟံသာဝတီနန်းစောင့်ဖြစ်တဲ့ တောင်ငူမင်းခေါင် တောင်ငူကို ပြန်တဲ့အခါမှာတော့ ဟံသာဝတီရှိ မွန်မှူးမတ် တို့က စစ်တောင်းမှ သမိန်စောထွတ်ကို ခေါ်ယူပြီးနန်းအပ်ပါတယ်။ဟံသာဝတီကို သမိန်စောထွတ်အုပ်ချုပ်ပေမဲ့ မင်းကျင့်တရားနဲ့ အညီအုပ်ချုပ်နိုင်ခြင်းမရှိသလို ပြိုင်ဖက်ဖြစ်တဲ့ သမိန်ထောရာမ ကို လူကြိုက်များလှတဲ့အတွက် နန်းသက် ၇ လကျော်မှာ လုပ်ကြံနန်းချခြင်းခံရပါတယ်။
မြန်မာသမိုင်းမှာ ထူးခြားထင်ရှားတဲ့ ဘုရင်တစ်ပါးကို အကွက်ကျကျ လုပ်ကြံခဲ့သူ သမိန်စောထွတ်တစ်ယောက် သူကိုယ်တိုင်လည်း တစ်ပါးသူတို့ရဲ့ လုပ်ကြံခြင်းကို ခံရပြီး ဘဝဇာတ်သိမ်းခဲ့ပါတယ်။

#ZLann #ZLann_Podcast #ဇာတ်လမ်း #တပင်ရွှေထီး #သမိန်စောထွတ် #မြန်မာရာဇဝင် #myanmarhistory #history #myanmar

More Interesting Blogs from Zlann