တရုတ်နိုင်ငံဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ထိုက်ကျိ သိုင်းပညာ

ထိုက်ကျိလို့ဆိုလိုက်ရင် တရုတ်သိုင်းကားတွေကိုပြေးမြင်မိကြမှာပါ။တရုတ်သိုင်းကားတွေထဲမှာ လူတွေ စိတ်ဝင် စားအောင်ရိုက်ကူးနိုင်ခဲ့တဲ့ ထိုက်ကျိ သိုင်းပညာရပ်တွေဟာ ကြည့်ကော င်းအောင်သာ ရိုက်ကူးထား ခြင်းမဟုတ်ဘဲ အမှန်တကယ်တည်ရှိခဲ့တဲ့ ဂုဏ်ယူဖွယ် အမွေအနှစ်တစ်ခု ဖြစ်ပါတယ်။ ထိုက်ကျိသိုင်းရဲ့ လက်ဆင့်ကမ်း အမွေဆက်ခံမှုဖြစ်စဉ်အတွင်း ကွဲပြားတဲ့ ဂိုဏ်းကွဲတွေလည်းပေါ်ထွန်းခဲ့ပါတယ်။ “ထိုက်ကျိ” လို့ ဆိုလိုက်တာနဲ့ မပါမဖြစ် ပါဝင်ရမဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိပါတယ်။ သူကတော့”ကျန်းစန်းဖုန်း”(Zhang Sanfeng)ပါ။သူ့ရဲ့ မွေးသက္ကရာဇ်နဲ့ ပတ်သက်လို့ ၉၆၀ ပြည့်နှစ်၊ ၁၂၄၇ ခုနှစ်၊ ၁၂၇၉ ခုနှစ် စတဲ့ အမျိုးမျိုးကွဲပြားမှုတွေရှိသလို အပြင်မှာ တကယ်မရှိဘူးလို့ ဆိုသူတွေလည်းရှိပါတယ်။ ကျန်းစန်းဖုန်းအကြောင်းအစောဆုံးတွေ့ရတာက ဟွမ်ဇုန်ရှိ (Huang Zongxi) ရေးတဲ့ ဝမ်ကျန်းနန် အတွက် သင်္ချိုင်းစာ (Epitaph for Wang Zhengnan) ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။အဲဒီစာအုပ်ဟာ တရုတ်သိုင်းပညာကို ရှောင်လင်ရဲ့အမာသိုင်းနဲ့ ဝူတန်ရဲ့ အပျော့သိုင်းပညာဆိုပြီး ပထမဆုံး ခွဲခြားနှိုင်းယှဉ် ပြသွား တဲ့ စာအုပ်ဖြစ် ပါတယ်။ ဝူတန် ကို ကိုယ်စားပြုတဲ့ ကျန်းစန်းဖုန်း ရဲ့ အပျော့သိုင်း နဲ့ ရှောင်လင်ကို ကိုယ်စားပြုတဲ့ အမာသိုင်းတို့ ရဲ့ကွာခြားမှုကိုဖော်ပြလာမှုနဲ့အတူ ကျန်းစန်းဖုန်းဟာ အပျော့သိုင်းရဲ့ဖခင်ကြီးဖြစ်လာပါတယ်။ အဲဒီနောက်ပိုင်းမှာ ပြုစုရေးသားလာတဲ့စာအုပ်တွေမှာ အပျော့သိုင်းရဲ့ဖခင်ဖြစ်တဲ့ ကျန်းစန်းဖုန်းဟာ အပျော့သိုင်းဖြစ်တဲ့ ထိုက်ကျိရဲ့ဖခင် တဖြည်းဖြည်းဖြစ်လာခဲ့ပါတယ်။ကျန်းစန်းဖုန်းနဲ့ ထိုက်ကျိချွမ်တို့ ပထမဆုံး ပေါင်းစည်းသွားတဲ့စာအုပ်ကတော့ ၁၉၁၂ မှာ ဂွမ်ပိုင်ယိ တည်းဖြတ်ထုတ်ဝေတဲ့ (Taijiquan Classics)ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မူလစာအုပ်တွေကို ပြန်လည်ကိုးကားရေးသားရင်း ကျန်းစန်းဖုန်း ကို ထိုက်ကျိချွမ်ရဲ့ တီထွင် သူအဖြစ် သတ်မှတ်ရေးသားလာကြ ပါတယ်။ကျန်းစန်းဖုန်းဟာ ငှက်တစ်ကောင်ကို ပြန်လည်တုံ့ ပြန်တိုက်ခိုက် တဲ့ မြွေရဲ့ ဟန်ကိုအတုယူပြီး ထိုက်ကျိသိုင်းပညာကို တီထွင်ခဲ့တယ်လို့ လည်း ဆိုကြပါတယ်။ ကျန်းစန်းဖုန်း တဖြည်းဖြည်းဆင့်ပွားလာခဲ့တဲ့ ထိုက်ကျိသိုင်းပညာကို ရှေးဦးထိုက်ကျိပညာရပ်အဖြစ် သတ်မှတ် လက်ခံထားကြပါတယ်။ ၁၉၆၁ ခုနှစ်မှာ နာမည်ကျော် စာရေးဆရာကြီး “ကျင်းယုံ” (Jin Yong) က သူ့ရဲ့ “နဂါးနိုင်ဓါး” (The Heavenly Sword and Dragon Saber) စာအုပ်မှာ “ကျန်းစန်းဖုန်း” ကို ထည့်သွင်းရေးသားခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ “ကျန်းစန်းဖုန်း” ဟာ အထင်ကရ သမိုင်းဝင် ဇာတ်ကောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ထိုက်ကျိ သမိုင်းကိုပြောမယ်ဆိုရင် ဝမ်ဇုန်ယုကလည်း မပါမဖြစ်တဲ့ အကျော်ဇေယျ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကျန်းစန်းဖုန်းဆီက လျှို့ဝှက်နက်နဲတဲ့ ထိုက်ကျိသိုင်းပညာရပ်တွေကို အမွေဆက်ခံသူတစ်ဦးဖြစ်တယ်လို့ လည်း ဆိုကြပါတယ်။ဒါပေမဲ့ သူတို့နှစ်ဦး ရှင်သန်နေထိုင်ခဲ့ကြတဲ့ အချိန်ကိုတွက်ဆ ကြည့်မယ်ဆိုရင် တပည့်ရင်းမဟုတ်နိုင်ဘဲ တပည့်သားမြေးအဆင့်သာ ဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။ ဝမ်ဇုန်ယု ဟာ ရှေးဟောင်းထိုက်ကျိသိုင်းပညာရပ်တွေကို ပေါင်ကျီ စီရင်စုက ကျင်းထိုက် တာအို ဘုရားကျောင်းမှာ လေ့လာသင်ကြားခဲ့တယ်လို့ လည်းဆိုပါတယ်။ ဝမ်ရဲ့ထင်ရှားတဲ့တပည့်တွေက ချန်းကျိုတုန် နဲ့ ကျင်းဖှ တို့ဖြစ်ပါတယ်။ ချန်းကျိုတုန်ကနေတစ်ဆင့် ချန်းကျေးရွာ က ချန်းမိသားစုတွေဆီကို ထိုက်ကျိ သိုင်းပညာ ပျံ့နှံ့သွားခဲ့ပါတယ်။ ချန်းကျေးရွာရဲ့ သိုင်းပညာနဲ့ ပတ်သက်ပြီး အယူအဆနှစ်မျိုးရှိ ပါတယ်။ ပထမအယူအဆကတော့ ကျန်းစန်းဖုန်းကနေဆင်းသက်လာတဲ့ ဝူတန် ပညာရပ်နဲ့ ဝမ်ဇုန်ယုဆီကရရှိတဲ့ ပညာရပ်တွေကို ပေါင်းစည်းထားတာလို့ ဆိုပါတယ်။ ချန်းမိသားစုရဲ့ နဝမမြောက်မျိုးဆက် ခေါင်းဆောင်ဖြစ်တဲ့ချန်းဝန်တင်ဟာ ရှိရင်းစွဲသိုင်းပညာကို အခြားသိုင်းပညာရပ်တွေနဲ့ ပေါင်းစပ်ပြီး သိုင်းပညာ အသစ်တစ်မျိုးကို ဖန်တီးခဲ့ပါတယ်။သိုင်းပညာရပ်ထဲမှာ တရုတ်ဒဿနိကအတွေးအခေါ်တွေကိုလည်း ပေါင်းစပ် ထည့်သွင်းခဲ့ပါတယ်။အတွင်းအားသုံးသိုင်းပညာ ဒါမှမဟုတ် အပျော့သိုင်းအဖြစ်ထွက်ပေါ်လာအောင် မျက်ဝါး ထင်ထင်အကျိုးပြုခဲ့သူကတော့ ချန်းဝန်တင်ဖြစ်ပါတယ်။သူဟာ ယင်နဲ့ယန် သီအိုရီရဲ့ ဥပဒေသတွေ.. ဆွဲငင်အားနဲ့ တွန်းကန်အား သီအိုရီတွေ…တရုတ်ရိုးရာဆေးပညာရပ်ထဲမှာ ပါတဲ့ ဥပဒေသတွေကို သိုင်းပညာရပ်ထဲ ထည့်သွင်းခဲ့ပါတယ်။သူ့ ရဲ့တီထွင်ဆန်းသစ်မှုနဲ့ အတူ ချန်းပုံစံ ထိုက်ကျိဖြစ်လာ ခဲ့ပါတယ်။ ဝမ်ဇုန်ယု ရဲ့ တပည့်ဖြစ်သူ ကျင်းဖှကနေတစ်ဆင့် ကျောင်ပေါင်။ကျားပါ့ ပုံစံထိုက်ကျိ ဆိုပြီး မူကွဲတစ်ရပ်ဖြစ် လာခဲ့ပါတယ်။ ဒီပုံစံနှစ်မျိုးဟာ ခေတ်သစ်ထိုက်ကျိပညာရပ်ရဲ့ ရှေးဦးမူကွဲတွေဖြစ်ကြပါတယ်။ဒီပုံစံတွေကနေတစ်ဆင့် မျက်မှောက်ခေတ်ထိုက်ကျီပညာအဖြစ် ကမ္ဘာနဲ့ အဝှမ်းပျံ့နှံ့လာအောင် အဆင့်ဆင့်အကျိုးပြုနိုင်ခဲ့ပါတယ်။ ထိုက်ကျိရဲ့သမိုင်း မှာ ဒီကနေ့ ခေတ်ထိုက်ကျိရယ်လို့ ဖြစ်ပေါ်စေမဲ့ အလှည့်အပြောင်းကို ဖန်တီးခဲ့သူက ချန်းချန်ရှင်း (၁၇၇၁-၁၈၅၃) ဖြစ်ပါတယ်။ချန်းချန်ရှင်းဟာ ချန်းကျေးရွာရဲ့ ၁၄ ဆက်မြောက်မျိုးဆက်ဖြစ်ပြီး သူ့လက်ထက်မှာ ချန်းမိသားစုဝင်တွေသာ သီးသန့် သင်ကြားလေ့ကျင့်ရတဲ့ ထိုက်ကျိသိုင်းပညာရပ်ကို မိသားစုဝင်မဟုတ်တဲ့ ယန်လူချန်း ကိုသင်ကြားပေးခဲ့တယ်လို့ဆိုပါတယ်။ ချန်းချန်ရှင်းဟာ ချန်းပုံစံကနေကွဲထွက်ပြီး တစ်မူထူးခြားတဲ့ ထိုက်ကျီ သိုင်းပညာရပ်တွေကို တီထွင် ပြီး ယန်လူချန်းကို သင်ကြားပေးခဲ့တယ်လို့လည်းဆိုပါတယ်။ယန်လူချန်းဟာ ထိုက်ကျိသိုင်းပညာကိုကျွမ်းကျင် တတ်မြောက်သွားတဲ့အခါ ပေကျင်းကိုထွက်လာခဲ့ပါတယ်။အဲဒီမှာ ချင်းမင်းဆက်ဗျူ ရိုကရေစီထဲက အရာရှိ တွေဖြစ်တဲ့ ဝူယုစင်း တို့ညီအစ်ကိုတွေ အပါအဝင် တပည့်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ပါတယ်။ ထိုက်ကျိသိုင်းပညာမှာ အဓိက ပုံစံ ၅ မျိုးရှိပါတယ်။ချန်းပုံစံထိုက်ကျိဟာ ချန်းဝန်တင်လက်ထက်မှာ စတင်ခဲ့ပြီး ယန်ပုံစံထိုက်ကျိကတော့ ယန်လူချန်းလက်ထက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ပုံစံတစ်မျိုးကတော့ ဝူ ပုံစံထိုက်ကျိဖြစ်ပါတယ်။ ဒီပုံစံကို စတင်ခဲ့တဲ့ သူကတော့ ဝူယုရှန်း၊ဝူရှိရှန်း (၁၈၁၂-၁၈၈၀) တို့ ဖြစ်ပါတယ်။ သူကနေ ဆင်းသက် လာတဲ့ ထိုက်ကျိပုံစံကို ဝူ ပုံစံထိုက်ကျိလို့လည်းခေါ်ပါတယ်။ ဝူယုရှန်းဟာ မြေပိုင်ရှင်သူဌေးမျိုးရိုးဖြစ်ပြီး ကိုယ်ခံပညာရပ်တွေကို ဝါသနာထုံသူဖြစ်ပါတယ်။သူဟာ ယန်လူချန်း ဆီမှာ ထိုက်ကျီပညာကိုဆည်းပူးသင်ယူခဲ့ပေမဲ့ ပညာကုန်မရခဲ့တဲ့အတွက် ချန်းကျေးရွာ ကိုထပ်မံသွားရောက် ခဲ့ပါတယ်။ချန်းကျေးရွာ ရွာသားတစ်ဦးထံမှ ထိုက်ကျိသိုင်းပညာကို ဆည်းပူးခွင့်ရခဲ့ပါတယ်။အဲဒါအပြင် ဝမ်ဇုန်ယုရဲ့ ထိုက်ကျိ သီအိုရီစာအုပ်ကို လည်း ရရှိခဲ့ပြီး အဲဒီစာအုပ်ကနေ ထိုက်ကျိ သဘောတရားတွေကို လေ့လာခွင့်ရခဲ့ပါတယ်။အဲဒါတွေအားလုံးကို ပေါင်းစပ်လိုက်တဲ့အခါ တစ်မူထူးခြားတဲ့ ထိုက်ကျိပုံစံတစ်ခုကို တီထွင်လာနိုင်ခဲ့ပါတယ်။ ဝူယုရှန်းရဲ့ ထင်ရှားတဲ့ တပည့်ကတော့ သူ့ရဲ့တူဖြစ်တဲ့ လီယိယု (၁၈၃၂-၁၈၉၂) ဖြစ်ပါတယ်။ လီကနေ ဆင်းသက် လာတဲ့ ထိုက်ကျိသိုင်းပညာဟာ ဟောင်ဝေချန်း (၁၈၄၉-၁၉၂၀) လက်ထက်မှာတော့ ပိုပြီးထင်ရှား ပြန့်ပွား လာပါတယ်။ ဟောင်ဝေချန်းရဲ့ လူသိများတဲ့နောက်တစ်ချက်ကတော့ ဆန်းပုံစံထိုက်ကျိကို အစပျိုးခဲ့တဲ့ ဆန်းလုတန် (၁၈၆၁-၁၉၃၂) ကို ထိုက်ကျိသိုင်းပညာသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ဆန်းလုတန် ဟာ ဟိုပေ ပြည်နယ်သား ဖြစ်ပြီး ကွန်ဖြူးရှပ် နဲ့ တာအိုပညာရှင် ဖြစ်ပါတယ်။ အပျော့သိုင်းပညာတွေဖြစ်တဲ့ “ရှင်းဂျီချွမ်” (xingyiquan) နဲ့ “ပါ့ကွချောင်း” (baguazhang) ပညာရပ်တွေကိုလည်း ကျွမ်းကျင်သူဖြစ်ပြီး ထိုက်ကျိသိုင်းပညာကိုတော့ ထိုက်ကျိပညာရှင် “ဟောင်ဝေချန်း” ထံမှာ သင်ကြားခဲ့ပါတယ်။ “ထိုက်ကျိ” ရဲ့ ပျော့ပျောင်းညင်သာမှု၊ “ရှင်းဂျီချွမ်” ရဲ့ ခြေထောက်နဲ့ခါး လှုပ်ရှားမှု၊ “ပါ့ကွချောင်း” ရဲ့ ဖဝါးလှုပ်ရှားမှုတွေကို ပေါင်းစပ်ထားတဲ့ “ဆန်း ပုံစံ ထိုက်ကျိ” ဟာ စက်ဝိုင်းပုံ လက်လှုပ်ရှားမှုတွေနဲ့ လျှင်မြန်တဲ့ ခြေလှမ်းတွေကြောင့် အကနဲ့ သဏ္ဌာန်တူပါတယ်။ ထိုက်ကျိသိုင်းကို လေ့ကျင့်တဲ့ အခါ ဖြည်းဆေးပြီး တိုက်ခိုက်တဲ့ အခါမှာတော့ လျှပ်စီးလိုလျင်မြန်ပါတယ်။ တကယ်တော့ “တာအိုဝါဒ” နဲ့ “ထိုက်ကျိ” ဟာ ခွဲခြားမရအောင် ဆက်စပ်နေပြီး တာအို ရဲ့ အဓိကအချက်က ဆန့်ကျင်ဘက်နှစ်ခုဖြစ်တဲ့ “ယင်” (Yin) နဲ့ “ယန်” (Yang) အကြားမှာ ဟန်ချက်ညီအောင် နေထိုင် ကျင့်ကြံခြင်းဖြစ်ပါတယ်။ ထိုက်ကျိကို ရုပ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း စိတ်ဖိစီးတွေကို လျှော့ချနိုင်ဖို့အတွက် ဆော့ကြပါတယ်။ကျန်းမာရေးအတွက် ဆော့ကြတဲ့အပြင် သက်လုံကောင်းစေဖို့၊ ခန္ဓာကိုယ်လုပ်ဆောင်မှုကောင်းစေဖို့၊ အရိုးအဆစ်သန်မာစေဖို့ အတွက်လည်းဆော့ကစားကြပါတယ်။ အသက် ၆၅ နှစ် အထက် လူကြီးတွေ ဆော့ကစားခဲ့မယ်ဆိုရင် စိတ်ဖိစီးမှု လျှော့ချပေးပြီး ကြွက်သားတွေ မာကျောကျစ်လစ်စေပါတယ်။လူငယ်တွေအတွက် ကျန်းမာကြံ့ခိုင် စေတဲ့ ကိုယ်ခံပညာရပ်ဖြစ်သလို အားကစားတစ်ခုအနေနဲ့လည်း ယှဉ်ပြိုင်နိုင်ပါတယ်။ ထိုက်ကျီသိုင်းပညာရပ်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှာ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(ယူနက်စကို UNESCO) က ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ်သတ်မှတ် ခဲ့ပါတယ်။

========================================== ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

YouTube ❤: https://www.youtube.com/@zlann_podcast

Podcast ❤ https://podcasters.spotify.com/pod/show/z-lann

Facebook Group ❤ https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #ထိုက်ကျိ #သိုင်းပညာ

More Interesting Blogs from Zlann