တရုတ်နိုင်ငံမှာရှိတဲ့ ကျော်ကြားတဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တွေကိုလေ့လာကြမယ်ဆိုရင် တားမြစ်မြို့တော်(The Forbidden City) လို့ခေါ်ကြတဲ့ နန်းတော်ကြီးတစ်ခုကို ချန်လှပ်ထားလို့ မရပါဘူး။ တားမြစ်မြို့တော်လို့အများသိကြတဲ့ အဲဒီနန်းတော်ကြီးဟာ ရှေးယခင် တရုတ်ဧကရာဇ်နဲ့ တော်ဝင်မိသားစုတွေ နှစ်ပေါင်း (၅၀၀)တိုင်တိုင် နန်းစိုက်ခဲ့ကြတဲ့ နေရာဖြစ်ပြီး သမိုင်းအချိုးအကွေ့များစွာကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ဖူးတဲ့ ခမ်းနားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
တားမြစ်မြို့တော်(သို့) တားမြစ်နန်းတော်ကြီးကို ကျဇ့်ကျိချန် (သို့) ကုကုန်းလို့လည်းခေါ်ဆိုကြပါတယ်။ ဒါ့အပြင် မြို့တော်အတွင်းမှာ ဘုရင်တစ်ဦးတည်းနေထိုင်တာကြောင့်လည်း ဟွမ်ချန်ဧကရာဇ် မြို့တော်ရယ်လို့ဆိုကြပါသေးတယ်။ တားမြစ်မြို့တော်ဆိုတဲ့ အမည်အတိုင်းပဲ ရှေးက အဲဒီမြို့တော်ထဲကို သတ်မှတ်ထားတဲ့ သူတွေကလွဲရင် ပြည်သူတွေဝင်ခွင့်မရကြပါဘူး။ အထူးသဖြင့် ညအချိန်တွေမှာဆိုရင် ဘုရင်ကလွဲလို့တခြားဘယ်အမျိုးသားမှ ဝင်ရောက်ခွင့်မရှိပါဘူး။ ဘုရင်မင်းမြတ်အခေါ်တော်လွှတ်မှသာ ဝင်ခွင့်ရကြတာပါ။ ချိုးဖောက်ရင်တော့ သေဒဏ်အထိအပြစ်ပေးခံရနိုင်ပါတယ်။ နန်းတော်လို့ဆိုပေမဲ့လည်း မြို့ကြီးတစ်ခုတည်ထားသလို ခမ်းနားလွန်းတာကြောင့် မြို့တော်လို့ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။
တားမြစ်နန်းတော်ကြီးကို သက္ကရာဇ် ၁၄၀၆ ခုနှစ်ကနေ ၁၄၂၀ ပြည့်နှစ်အထိ တည်ဆောက်ခဲ့ပြီး စတုရန်းမီတာပေါင်း ၇၂၀၀၀၀ ကျယ်ဝန်းကာ အဆောင်ပေါင်း ၉၈၀ ရှိပါတယ်။ နန်းတော်ကြီးဟာ ထောင့်မှန်စတုဂံပုံရှိပြီး မြောက် ဘက်ကနေတောင်ဘက်ကို ၃၂၅၃ ပေရှိကာ အရှေ့ကနေ အနောက်ကိုတော့ ၂၄၇၀ပေရှိပါတယ်။ နန်းတော်ကြီးရဲ့ အခန်းအရေအတွက်ပေါင်းကလည်း ၈၈၈၆ ခန်းရှိပါတယ်။ စတင်ဆောက်လုပ်စဉ်ကတော့ အခန်းပေါင်း ၉၉၉၉ ခန်းရှိပေမဲ့ သမိုင်းမှာ မီးလောင်ပျက်စီးဆုံးရှုံးသွားရမှုတွေကြောင့် ၈၈၈၆ ခန်းသာကျန်တော့ခြင်းလည်းဖြစ်ပါတယ်။ နန်းတော်ကြီးဟာ မင်မင်းဆက်မှ ချင်မင်းဆက်(မန်ချူးခေတ်) အထိထီးနန်းစိုက်ရာနေရာဖြစ်ပြီး မင်းဆက်ပေါင်း ၂၄ ဆက်တိတိစိုးစံခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ နန်းတော်ကြီးကို ၁၅ ရာစုခန့်က မင်မင်းဆက်လက်ထက်မှာ စတင်တည်ဆောက်ခဲ့ကြပါတယ်။
တရုတ်မင်းအဆက်ဆက်က ချန်အန်း၊ လော့ရန်၊ ခိုင်းဖုန်း၊ ချန်တု၊ နန်ကျင်းစတဲ့ မြို့တွေကိုသာ မြို့တော်အဖြစ်နဲ့ သတ်မှတ်ပြီးထီးနန်းစိုက်ခဲ့ကြပေမဲ့ မွန်ဂိုတို့ တရုတ်ပြည်မကိုကျူးကျော်ပြီးနောက်မှာတော့ ပေကျင်းမြို့ကိုမြို့တော်အဖြစ်သတ်မှတ်ခဲ့ကာ ယွမ်နိုင်ငံတော်ကိုထူထောင်ခဲ့ကြပါတယ်။ အဲဒီနောက်မွန်ဂိုတွေကို ပြည်မကနေ ပြန်လည်မောင်းထုတ်ပြီး မင်းဧကရာဇ်နိုင်ငံတော်အဖြစ်နဲ့ ပြန်လည်ထူထောင်ခဲ့ကြပြန်ပါတယ်။ မင်မင်းဆက်ကိုတည်ထောင်သူ ကျူးယွင်ကျန်းက ပေကျင်းကနေ နန်ကျင်းကို မြို့တော်အဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့ပြီး ပေကျင်းမှာရှိတဲ့ မွန်ဂိုတို့ရဲ့ နန်းတော်ကိုလည်း လုံးဝဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါ့အပြင် သားတော် ကျူးတိကို ယန်ဝမ်(ယန်မင်းသား) အဖြစ်နဲ့ ပေကျင်းမြို့တော်ကို အပိုင်စားပေးခဲ့ပါတယ်။ ၁၄၀၂ ခုနှစ်မှာတော့ သားတော် ကျူးတိဟာ ယုံလော့ဟွမ်တိ(မင်းချန်ကျူ) ဧကရာဇ်မင်းဖြစ်လာတဲ့အခါမှာတော့ မင်းသားဘဝက စံခဲ့ရတဲ့ ပေကျင်းကိုပဲ ဒုတိယမြို့တော်အဖြစ်နဲ့ သတ်မှတ်ပြီး ခမ်းနားကြီးကျယ်တဲ့ နန်းတော်တစ်ခုကို တည်ဆောက်စေခဲ့ပါတယ်။
၁၄၀၆ ခုနှစ်မှာ တားမြစ်နန်းတော်ကြီး တည်ဆောက်ဖို့ စီမံကိန်းကို စတင်ခဲ့ပါတယ်။ တားမြစ်နန်းတော်ဆောက်လုပ်ဖို့အတွက် ဗိသုကာပညာရှင်တွေ၊ ဒီဇိုင်းပညာရှင်တွေနဲ့ အလုပ်သမားပေါင်း တစ်သန်းကျော်ကို ခေါ်ယူပြီး ဆောက်လုပ်ခဲ့ပါတယ်။ ၁၄၀၇ ခုနှစ်မှာ နန်းတော်ဒီဇိုင်းကို စတင်ရေးဆွဲခဲ့ကြပြီး နန်ကျင်းမြို့က နန်းတော်နဲ့ပုံစံတူဆောက်လုပ်ဖို့ ဧကရာဇ်က သဘောတူညီခဲ့ပါတယ်။ နန်းတော်တည်ဆောက်တဲ့အခါမှာလည်း တောက်ဝါဒ( တာအိုဘာသာ)နဲ့ ရိုးရာဓလေ့ထုံးတမ်းအရ နက္ခတဗေဒပညာရပ်တွေနဲ့ တွက်ချက်ဆောက်လုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။ နန်းတော်အတွင်းမှာရှိတဲ့ နန်းဆောင်တွေကို နံရံဆေးရေးပန်းချီတွေခြယ်သဖို့အတွက် ပန်းချီပညာရှင်ပေါင်း တစ်သိန်းကို ခေါ်ယူခဲ့ပြန်ပါတယ်။ ဒါ့အပြင် နန်းတော်အတွင်းရှိ ပင်မတိုင်လုံးတွေအတွက်လည်း နန်မုသစ်ပင် တွေကိုသုံးခဲ့ကြပါတယ်။ အဲဒီသစ်လုံးတွေက ကျွန်းသားတွေထက်ကို ပိုရှားပါးပြီး အဖိုးတန်တာကြောင့် အဓိကကျတဲ့ နန်းဆောင်တွေမှာပဲ အသုံးပြုထားပါတယ်။
နန်းတော်လှေကားထစ်တွေနဲ့ ကျောက်ခင်းတွေအတွက်ကိုတော့ ပေကျင်းမြို့အနီးမှာရှိတဲ့ ကျောက်မိုင်းတွင်းတွေဆီကနေ ဆောင်းရာသီရေခဲနေတဲ့အချိန် နန်းတော်အထိ မြောင်းတွေဖောက်လုပ်ပြီး ခဲနေတဲ့လမ်းကြောင်းကနေတစ်ဆင့် တရွတ်တိုက်ဆွဲကာ သယ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ နန်းတော်ရဲ့ အဓိကခန်းမဆောင်ရဲ့ ကြမ်းပြင်တွေကိုတော့ ကျင်းကျွမ်းလို့ခေါ်တဲ့ ရွှေအုတ်တွေနဲ့ ခင်းကျင်းထားပါတယ်။ လိုအပ်တဲ့ အုတ်တွေကိုလည်း စုကျိုးနဲ့ စုန့်ကျန်းပြည်နယ်တွေမှာ အုတ်ဖိုတွေဆောက်လုပ်ခဲ့ပြီး အုတ်ဖုတ်ရာမှာလည်း လနဲ့ချီအောင်ကြာမြင့်တဲ့အတွက် အုတ်တွေဟာ ချောမွေ့ပြီး ခေါက်ကြည့်ရင်လည်း သံချောင်းလိုပဲ မာကျောကာ သတ္တုသံတောင်ကြားရတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် အတွင်းပိုင်းမှာရှိတဲ့ အခင်းပြားတွေကိုလည်း ထန်ခေတ်ကလက်ရာတွေအတိုင်းတည်ဆောက်ထားခဲ့ကြပါတယ်။ မြို့ရိုးနဲ့ကျုံးမြောင်းတွေကို တူးဖော်တဲ့အခါ ထွက်လာတဲ့ မြေစိုင်မြေခဲတွေကို နန်းတော်ရဲ့မြောက်ဘက်မှာ စုပုံထားပြီး သဘာဝတောင်ကုန်းကြီးတစ်ခုလို ဖန်တီးခဲ့ကြကာ အဲဒီတောင်ကုန်းကို ကျင့်စန်းတောင်ကုန်း လို့ခေါ်ပါတယ်။
အမြင့် ၂၆ ပေရှိတဲ့ မြို့တံတိုင်းအပါအဝင် အနက် ပေ ၂၀နဲ့ အကျယ် ၁၇၁ ပေရှိတဲ့ ကျုံးမြောင်းတွေနဲ့ ပါ မြို့တော်ကိုဝန်းရံကာဆီးထားပါတယ်။ နန်းတော်မြို့ရိုးရဲ့ ပုံစံကလည်း အောက်ဘက်မှာ ၂၈ပေခွဲကျယ်ပြီး အပေါ်ဘက်မှာ အဖျားရှူးသွားကာ ၂၂ ပေခန့်ကျယ်တဲ့ ပတ်လမ်းတစ်ခုလည်းပါရှိပါတယ်။ မြို့တံတိုင်းကို အုတ်ရိုး သုံးထပ်နဲ့ ပြုလုပ်ထားပြီး တစ်ထပ်စီတိုင်းမှာလည်း မြေသားဖို့ထားတာဖြစ်လို့ တော်ရုံ အမြောက်ဒဏ်၊ ရာသီဥတုဒဏ်နဲ့ မြေငလျင်ဒဏ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိပါတယ်။ မြို့တံတိုင်းရဲ့ ထောင့်လေးထောင့်မှာလည်း နန်းမြင့်မျှော်စင်လေးခုရှိပြီး တံတိုင်းတွေပေါ်မှာတော့ နန်းစောင့်တပ်တွေ ကိုစောင့်ကြပ်စေပါတယ်။
တားမြစ်နန်းတော်အတွင်းမှာရှိတဲ့ အုတ်ကြွပ်မိုးအများစုက အဝါရောင်တွေဖြစ်ကြပါတယ်။ အကြောင်းကတော့ အဝါရောင်ဆိုတာ ဘုရင်ဧကရာဇ်ကိုကိုယ်စားပြုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ရှေ့စံမင်းသားရဲ့နန်းဆောင်ကိုတော့ အစိမ်းရောင်ခြယ်သထားပါတယ်။ အစိမ်းရောင်ဟာ သစ်ပင်ကို ကိုယ်စားပြုပြီး အစဉ်အမြဲကြီးထွားတဲ့ သဘာဝရှိတာကြောင့် အင်အားရှိပြီး ဘုန်းတန်ခိုးကြီးမားတဲ့ မင်းဧကရာဇ်ဖြစ်လာမယ်ဆိုတဲ့ အယူအဆပဲဖြစ်ပါတယ်။ နန်းတော်ရဲ့ စာကြည့်တိုက်အုပ်ကြွပ်မိုး အရောင်ကိုတော့ ရေရဲ့သဘောသဘာဝကိုဆောင်တဲ့ အနက်ရောင်ကိုခြယ်သထားပါတယ်။ သစ်သားနဲ့ စာအုပ်ဆိုတာ မီးလောင်လွယ်တာကြောင့် တရုတ်အယူအဆ ဖုန်းရွှေပညာရပ်အရ မီးကိုရေကနိုင်တဲ့ သဘောလည်းဖြစ်ပါတယ်။
၁၄၂၀ ပြည့်နှစ်အရောက်မှာတော့ နန်းတော်တည်ဆောက်ပြီးစီးသွားတာကြောင့် ယုံလော့ဟွမ်တိ ဧကရာဇ်မင်းက နန်ကျင်းကနေ ပေကျင်းကို မြို့တော်အဖြစ်ပြောင်းလဲသတ်မှတ်ပြီး စိုးစံခဲ့ပါတယ်။ မင်မင်းဆက်လက်ထက်မှ ၁၉၁၂ခုနှစ် မန်ချူးဘုရင်ဖုယီ လက်ထက်အထိ နှစ်ပေါင်း ၄၉၂ နှစ်တိုင်တိုင် ထီးနန်းစိုက်ခဲ့ရာနေရာလည်းဖြစ်ပါတယ်။ အဲဒီနောက် ခေတ်အဆက်ဆက်ရဲ့ ပုံရိပ်ဟောင်းတွေမှတ်ထင်နေတဲ့ နန်းတော်ကြီးဟာ ၁၈၃၉ခုနစ် ဘိန်းစစ်ပွဲကာလမှာတော့ အင်္ဂလိပ်-ပြင်သစ်ပူးပေါင်းတပ်တွေက တားမြစ်မြို့တော်နဲ့ ယွမ်မင်ယွမ် နွေရာသီနန်းတော်တို့ကို သိမ်းပိုက်ကာ အဖိုးတန်ရတနာတွေကို ယူဆောင်သွားပြီး နွေရာသီနန်းတော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နန်းတော်တစ်ခုလုံး ပြာပုံဘဝကို ရောက်ခဲ့ရပြန်ပါတယ်။
၁၉၁၂ ခုနှစ်မှာ မန်ချူးဘုရင် ဖုယွီကိုဖြုတ်ချပြီး နန်းတော်အတွင်းပိုင်းအဆောင်မှာနေစေကာ တရုတ်သမ္မတနိုင်ငံကိုတည်ထောင်ခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်မှာ နန်းတော်ကို ပြတိုက်အဖြစ် ကြေညာခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်က တရုတ်ကွန်မြူနစ်တို့ ပြည်မမှာ အာဏာရလာပြီးတဲ့နောက် တားမြစ်နန်းတော်အတွင်းကို ပြည်သူတွေကို ပေးဝင်ပြီး အဲဒီနေရာဝန်းကျင်ကိုလည်း ပြည်သူ့ပန်းခြံအဖြစ်နဲ့ အသွင်ပြောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်အစိုးရလက်ထက် ယဉ်ကျေးမှုတော်လှန်ရေးကာလမှာတော့ နန်းတော်အတွင်းထိခိုက်မှုတွေများပြားခဲ့ရပါတယ်။ အဲဒီအချိန်က နန်းတော်ကြီးဟာ အရင်းရှင်တို့ရဲ့ ပြယုဂ်ဖြစ်တယ်လို့စွပ်စွဲပြီး တော်ဝင်မိသားစုဘိုးဘေးတွေရဲ့ ကမ္ပည်းတိုင်ထားရှိရာ ခန်းမဆောင်တွေကို မီးရှို့ဖျက်ဆီးပစ်ကြကာ နန်းဆောင်ရှေ့မှာရှိတဲ့ ကျောက်ဆစ်ရုပ်ထုတွေကိုလည်း ဖြိုလှဲခဲ့ကြပါတယ်။ နန်းတော်ကြီးတစ်ခုလုံးကိုလည်း မီးရှို့ဖျက်ဆီးကြဖို့ စုရုံးလာကြတဲ့ အချိန်မှာတော့ ဝန်ကြီးချုပ်ဖြစ်တဲ့ ချူအင်းလိုင်းက နန်းတော်ကို ကာကွယ်ခိုင်းပြီး နန်းတော်အတွင်းကို ဝင်ရောက်ဖို့ကြိုးပမ်းတဲ့ ဘယ်သူ့ကိုမဆိုပစ်ဖို့ အမိန့်ပေးလိုက်တော့မှ နောက်ဆုတ်သွားကြပါတယ်။ ဒါကြောင့် ယဉ်ကျေးမှုတော်လှန်ရေးပြီးဆုံးတဲ့အချိန်အထိ နန်းတော်ကိုပိတ်ထားခဲ့ရပါတယ်။
၁၉၈၇ ခုနှစ်မှာတော့ UNESCO က မင်မင်းဆက်နဲ့ ချင်မင်းဆက်တို့ ထီးနန်းစိုက်ရာ နန်းတော်အနေနဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲကို ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့်လည်း တားမြစ်နန်းတော်ကြီးဟာ ယနေ့အချိန်အထိ ခန့်ခန့်ညားညားထည်ထည်ဝါဝါရပ်တည်နေနိုင်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ တခြားသောကမ္ဘာ့အမွေအနှစ်နေရာတွေနည်းတူ တားမြစ်နန်းတော်ဟာလည်း နှစ်စဉ်ကမ္ဘာလှည့် ခရီးသည်တို့ မျက်စိကျရာနေရာတစ်ခုအနေနဲ့ အခိုင်အမာရပ်တည်နေပါတယ်။