“တရုတ်နှစ်သစ်ကူးပွဲတော်နဲ့ အစိုးရ ရုံးပိတ်ရက်”

ကမ္ဘာပေါ်မှာ လူမျိုးအလိုက် ဘာသာအလိုက် နှစ်တွေကိုရေတွက်တဲ့ အစဉ်အလာက လူ့ယဉ်ကျေးမှု ထွန်းကားတဲ့ အချိန်ကစပြီး ဖြစ်တည်လာခဲ့ပါတယ်။အဟောင်းကနေ အသစ်ကို ကူးပြောင်းခြင်းက မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ နှစ်သစ်ကူး အချိန်ကာလကို ပျော်ရွှင်စွာ ကျင်းပပြုလုပ်ကြပါတယ်။ နိုင်ငံတိုင်းမှာ မိမိတို့ဓလေ့ထုံးစံ အတိုင်း နှစ်သစ်ကူးပွဲတော်တွေကို ပျော်ပျော်ရွှင်ရွှင် ကျင်းပကြသလို ကမ္ဘာ့နိုင်ငံအများအပြားမှာလည်း မိမိတို့ ဓလေ့ထုံးစံမဟုတ်ပေမဲ့ ကျရောက်လာလေ့ရှိတဲ့ လူမျိုးအသီးသီးရဲ့ နှစ်သစ်ကူးပွဲတော်တွေကို အတူတကွ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြတာကလည်း အလွန်ကို ဝမ်သာကြည်နူးစရာပါ။ဒီလို အတူတကွ ဖြတ်သန်းမှုက တစ်ဦးနဲ့တစ်ဦး အပျော်တွေ ကူးစက်ပျံ့နှံ့ စေတယ်လို့ ဆိုရမှာပါ။
၂၀၂၆ ခုနှစ်မှာကျရောက်မဲ့ တရုတ်နှစ်သစ်ကူးကတော့ ရောက်ရှိလာပြီဖြစ်ပါတယ်။တရုတ်နှစ်သစ်ကူးလို့ ပြောလိုက်ရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေ အရင်ဆုံးပြေးမြင်မှာက အနီရောင်မီးပုံးတွေနဲ့ အန်ပေါင်းဆိုတဲ့ အနီရောင် စက္ကူအိတ်နဲ့ ပိုက်ဆံထည့်ပေးထားတဲ့ နှစ်သစ်ကူးမုန့်ဖိုးတွေပါ။
တရုတ်လူမျိုးတွေက အနီရောင်ကို မင်္ဂလာရှိတဲ့အရောင်လို့ သတ်မှတ်ထားတာကြောင့် တရုတ်နှစ်သစ်ကူးပြီ ဆိုရင် မီးပုံးအနီတွေ၊ နံရံကပ်စာလုံးအနီတွေ အိမ်မှာ ချိတ်ကြတယ်၊ ကပ်ကြတယ်။ ပြီးတော့ စားစရာ သောက်စရာတွေ၊ ဝတ်သစ် စားသစ်တွေ ဝယ်လေ့ရှိကြတယ်။
နှစ်သစ်ကူး မရောက်ခင်မှာ အိမ်သန့်ရှင်းရေးတွေလုပ်ကြတယ်။ နှစ်ဟောင်းကိုပယ်ပြီး နှစ်သစ်ကို ကြိုဆိုဖို့ ပြင်ဆင်ကြပါတယ်။နှစ်သစ်ကူး အကြိုညမှာ ဘိုးဘွားတွေကို ကန်တော့တယ်။ ကောင်းကင်နတ်ကို ကန်တော့ ကြတယ်။မီးဖိုချောင်နတ်ကို ကန်တော့ ကြတယ်။မိသားစုဝင်တွေ စုံစုံညီညီ အတူတူဝိုင်းဖွဲ့ စားသောက်ကြ တယ်။ ဒီလို စားသောက်ပြီးတဲ့အခါ လူကြီးမိဘတွေက ကလေးသူငယ်တွေကို အန်ပေါင်း ပေးကြတယ်။ တရုတ်လူမျိုးတွေရဲ့အယူအဆမှာ အန်ပေါင်းပေးတာက ကလေးငယ်တွေအပေါ် ကျရောက်လာမဲ့ မကောင်းမှု တွေကို တားဆီးပေးသလို ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့သဘောလည်း ဖြစ်ပါတယ်။
နှစ်ဆန်းတစ်ရက်နေ့ကို ရောက်ရင် မိသားစုအလိုက် လျှောက်လည်ကြတယ်။ဘုရားကျောင်းတွေမှာ သွားကန်တော့ ကြတယ်။ ဗြောက်အိုးတွေ ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုကြတယ်။
တရုတ်မျိုးနွယ်ဝင်တို့အတွက် အဓိပ္ပာယ် ထူးခြားလေးနက်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ၂၀၂၄ ခုနှစ် နှစ်ကုန် ပိုင်းမှာပြုလုပ်တဲ့ ယူနက်စကိုရဲ့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကံတူ အကျိုးပေးတယ်လို့ ဆိုရပါမယ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကိုလည်း ယူနက်စကိုရဲ့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် တစ်ချိန်းတည်းမှာ သတ်မှတ်လိုက်ပါတယ်။
ပျော်ရွှင်စရာကောင်းတဲ့တရုတ်နှစ်သစ်ကူးကို ရောက်ရှိလာမှုတွေက မြန်မာနိုင်ငံသားတွေအတွက်လည်း ပျော်ရွှင် စရာကောင်းတဲ့ အခိုက်အတန့်တွေ ရောက်ရှိလာပြီလို့ဆိုရပါမယ်။
အကြောင်းအရင်းကတော့ တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် ၂၀၂၅ ခုနှစ်မှာ စတင် သတ်မှတ် လိုက်ခြင်းဖြစ်ပါတယ်။
တရုတ်နှစ်သစ်ကူးနေ့ကို ဒေသတွင်း အာဆီယံနိုင်ငံတွေ၊ အချို့သော ကမ္ဘာ့နိုင်ငံတွေနည်းတူ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း အိမ်နီးချင်းမိတ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေတဲ့ အနေနဲ့ သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီလို သတ်မှတ် လိုက်တာက စက်ရုံ၊အလုပ်ရုံ၊ကုမ္ပဏီနဲ့ အစိုးရဝန်ထမ်းတွေ အတွက်တော့ နားရက်ရတဲ့အတွက် အလွန်ကို ပျော်ရွှင်စရာပါ။
၂၀၂၆ ခုနှစ်မှာ ကျရောက်မဲ့ တရုတ်နှစ်သစ်ကူးနေ့ကတော့ မြန်မာနိုင်ငံမှာ အလွန်ကို ထူးခြားနေတယ်လို့ ဆိုရ မှာပါ။ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့ဟာ ကြာသပတေးနေ့ ဖြစ်ပြီး သောကြာနေ့ ကိုပါ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ပါတယ်။ဒါ့အပြင် တရုတ်နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၇ ရက် အင်္ဂါနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်လိုက်သလို ၁၆ ရက်နေ့ဖြစ်တဲ့ တနင်္လာနေ့ကိုလည်း တရုတ်နှစ်သစ်ကူး အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်တဲ့အတွက် ရုံးပိတ်ရက်တွေဟာ စနေ ၊တနင်္ဂနွေ အပါအဝင် ၆ ရက်ဆက် ရုံးပိတ်ရက် ဖြစ်သွားခဲ့ပါတယ်။
စနေနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်မထားတဲ့ စက်ရုံ၊အလုပ်ရုံနဲ့ ကုမ္ပဏီ အချို့ကတော့ စနေနေ့မှာ အလုပ် တက်ရောက်ရမှာ ပါ။ဘယ်လိုပဲဖြစ်ဖြစ် အများစုကတော့ ပိတ်ရက်ရှည် ၆ ရက်ကို ခံစားရမှာပါ။မြန်မာနိုင်ငံရဲ့ ဝန်ထမ်းတွေအတွက်တော့ ဒီလို အခွင့်အရေးမျိုးက သင်္ကြန်ကာလ အချိန်တစ်ခုတည်းသာ ခံစားခွင့် ရှိခဲ့ တာပါ။ဒီနှစ်မှာတော့ ထူးထူးခြားခြားအနေနဲ့ သင်္ကြန်ကာလမဟုတ်ဘဲ နားရက် ၆ ရက်ဆက် ရရှိခဲ့ပါပြီ။
ဝန်ထမ်းတွေ အတွက် ဒီလို အခွင့်အရေးက ရတောင့်ရခဲ့လို့ ဆိုရမှာပါ။ဒီပိတ်ရက်မှာ မိသားစုတွေ အတူတကွ ပြန်လည်ဆုံဆည်းကြဖို့ နေရပ် ပြန်ကြမဲ့သူတွေရှိကြသလို မိသာစုတွေ၊သူငယ်ချင်း မိတ်ဆွေတွေ စုဝေးပြီး ပျော်စရာ ခရီးတွေ အတူတကွသွားရောက်လည်ပတ်ရင်း ပိတ်ရက်တွေကို ဖြတ်သန်းကြမဲ့သူတွေလည်း အများအပြား ရှိလို့နေပါတယ်။
မြန်မာနိုင်ငံဟာ မတူညီတဲ့ အလှတရားတို့နဲ့ ပေါင်းစပ်တည်ရှိနေသလို ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့အတူ တည်ရှိနေတဲ့ ဘာသာရေး၊ ယဉ်ကျေးမှုတို့နဲ့ ဆက်စပ်နေတဲ့ စေတီပုထိုး၊ ဘုရားကျောင်းကန်၊ အထိမ်းအမှတ် အဆောက်အဦတွေကို နေရာအနှံ့ တွေ့မြင်နိုင်ပါတယ်။ဒါ့အပြင် သဘာဝအလှတရားတို့နဲ့ ပြည့်စုံတဲ့ နေရာ ဒေသတွေလည်း အလွန်ကို များပြားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။
ဒီလို လှပတဲ့ ခရီးသွားဒေသတွေက လာရောက်လည်ပတ်သူတွေရဲ့ မွန်းကြပ်မှုတွေကို ဖြေဖျောက်ပေးဖို့ အသင့်စောင့်ဆိုင်းနေပြီဖြစ်ပါတယ်။
ပိတ်ရက်တွေမှာ ပုဂံ၊ငွေဆောင်၊ချောင်းသာ၊ကလော၊တောင်ကြီး၊မန္တလေး၊ပြင်ဦးလွင် အစရှိတဲ့ ခရီးသွားဒေသ တွေမှာ ခရီးသွားတွေ စည်စည်ကားကား ဝင်ရောက်လာမယ်လို့ ခရီးသွားလုပ်ငန်းတွေနဲ့ ဒေသခံတို့ ခန့်မှန်း ထားကြသလို ခရီးသွားတွေအဆင်ပြေချောမွေ့စေဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြပါတယ်။
လက်ရှိ အချိန်မှာ ဟိုတယ်၊တည်းခိုခန်းတွေဟာ အခန်းအားလုံး ပြည့်လုနီး ဖြစ်နေတဲအတွက် ပိတ်ရက်ကာလမှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်သလို ဒေသခံတွေ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်လည်း အကျိုးအမြတ်တွေ ရရှိစေမှာပါ။
ဒီနှစ် တရုတ်နှစ်သစ်ကူးကတော့ တရုတ်လူမျိုးတွေအနေနဲ့ မိသားစု မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပြန်လည် ဆုံစည်းကြသလို ပျော်ပွဲရွှင်ပွဲတွေ ၊စားကောင်းသောက်ဖွယ်တွေ၊ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ရင်း ပျော်ပျော် ရွှင်ရွှင် ဖြတ်သန်းကြမှာ ဖြစ်သလို မြန်မာနိုင်ငံသားတွေလည်း အစိုးရရုံးပိတ်ရက်ရှည်နဲ့အတူ မိသားစု မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ ပြန်လည်ဆုံစည်းကြသလို အချို့ကတော့ ပျော်ရွှင်စရာ ခရီးတွေ ထွက်ရင်း မင်္ဂလာ ရှိတဲ့ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြမှာ ဖြစ်ပါတယ်။
#ZLann #ZLann_Podcast #ဇာတ်လမ်း #တရုတ်နှစ်သစ်ကူး #chinesenewyear #ChineseNewYear2026

More Interesting Blogs from Zlann