တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စတင်တည်ထောင်ချိန် ၁၉၄၉ ခုနှစ်ကစပြီး ကွယ်လွန်တဲ့အချိန်ထိ ဝန်ကြီးချုပ်တာဝန်ကို စွမ်းစွမ်း တမံဆောင်ရွက်ခဲ့သူ “ချူအင်လိုင်း” ကိုတော့ ကမ္ဘာ့သမိုင်းကြောင်းဆိုင်ရာတွေကို လေ့လာတီးခေါက်မိသူတိုင်း ရင်းနှီးကြမှာပါ။ နိုင်ငံတကာကို လှည့်လည်သွားလာပြီး တိုင်းပြည်အရေးကိစ္စတွေကို ပြောင်ပြောင်မြောက်မြောက် ဆွေးနွေးခဲ့တဲ့ “ချူအင်လိုင်း” ဟာ ဘ၀အနိမ့်အမြင့်ပုံစံမျိုးစုံမှာ ကျင်လည်ခဲ့သူဖြစ်တဲ့အလျောက် ချူရဲ့ အတွေးအခေါ် နဲ့ အမြော်အမြင်ရှိမှုတွေကလည်း နောင်လာ နောင်သားတို့အတွက် အတုယုစရာကောင်းလှတာကြောင့် ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ ဇာတ်လမ်း Z-Lann အဖွဲ့သားတွေကနေ ဝန်ကြီးချုပ် “ချူအင်လိုင်း” ရဲ့ အကြောင်းကို လက်လှမ်းမီသမျှ စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။
ချူအင်လိုင်းကိုတော့ ၁၈၉၈ ခုနှစ်၊ မတ်လ၊ ၅ ရက်နေ့က ကျန်းစုပြည်နယ်၊ ဟွိုင်အန်းမြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူဟာ “ချင်းမင်းဆက်ခေတ်” က ရှောင်ရှင်းမှာနေထိုင်ခဲ့တဲ့ ချူမိသားစုကနေ ဆင်းသက်လာသူဖြစ်ပြီး ချူမိသားစု ဆိုတာကတော့ အစိုးရရဲ့ စာရေးအလုပ်တွေကို မျိုးရိုးအလိုက် လုပ်ကိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ “နိုင်ငံ့ဝန်ထမ်း” ဆိုတာမျိုးက အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး နေရာဒေသအနှံ့အပြားကို ပြောင်းရွှေ့နေထိုင်ရသူတွေဖြစ်တဲ့အလျောက် “ချူအင်လိုင်း” တို့ မိသားစု ကလည်း ချင်းမင်းဆက်ခေတ်နောက်ပိုင်းမှာ ဟွိုင်အန်းမြို့ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒီလိုပြောင်းလဲနေထိုင်ခဲ့ကြပေမဲ့လည်း သူတို့မိသားစုဟာ ရှောင်ရှင်းကအိမ်ကို ဘိုးဘွားမျိုးရိုးစဉ်ဆက်အိမ်အဖြစ် ဆက်လက် အသိအမှတ်ပြုထားရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ချူအင်လိုင်းတို့ မိသားစုမျိုးရိုးထဲမှာဆိုရင် ဟွိုင်အန်းဒေသကို ပထမဆုံးပြောင်းရွှေ့ခဲ့ရသူက ချူအင်လိုင်းရဲ့ ဘိုးအေ အရင်းနဲ့ ဘိုးလေး (အဘိုးရဲ့ ညီဖြစ်သူ) တို့ဖြစ်ကြပါတယ်။ ချူအင်လိုင်းရဲ့ ဖခင်ဖြစ်သူက မွေးချင်းညီအစ်ကိုလေးယောက်ထဲမှာ ဒုတိယမြောက်ဖြစ်ပြီး အမေဖြစ်သူကတော့ နာမည်ဂုဏ်သတင်းထင်ရှားကျော်ကြားတဲ့ အရာရှိတစ်ဦးရဲ့ သမီးဖြစ်ပါတယ်။ ချူတို့ မိသားစုဟာ ဂုဏ်သတင်းအားဖြင့် ထင်ရှားကျော်ကြားတဲ့ အိမ်တော်မျိုးရိုးကနေ ဆင်းသက်လာခဲ့သူတွေဖြစ်ပေမဲ့လည်း ၁၉ ရာစုနှောင်းပိုင်းတုန်းက တရုတ်နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ စီးပွားရေးပျက်ကပ်ကြောင့် ချူမိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း အများနည်းတူ ပျက်စီးခဲ့ပါတယ်။ ချူရဲ့ ဖခင်ဟာ ရိုးသားသိမ်မွေ့ပြီး ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်ပေမဲ့လည်း နိုင်ငံတစ်ဝန်းကို လှည့်လည်ပြီး အလုပ်လုပ်ကိုင်နေခဲ့တာကြောင့်လည်း အိမ်နဲ့အဝေးမှာအမြဲတမ်းရောက်ရှိနေခဲ့ပြီး မိသားစုအပေါ်မှာ အပြည့်အ၀ထောက်ပံ့ပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ ချူက ဖခင်ဖြစ်သူနဲ့ပတ်သက်လို့ ပြောပြခဲ့ဖူးပါတယ်။
ချူအင်လိုင်းကို မွေးဖွားပြီးမကြာခင်အချိန်အတွင်းမှာပဲ ဦးလေးအငယ်ဆုံး (ဖခင်ရဲ့ အငယ်ဆုံးညီဖြစ်သူ) က မွေးစားခဲ့ပြီး ဒီလိုဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ အဆိုပါဦးလေးဖြစ်သူဟာ တီဘီရောဂါခံစားနေရသူဖြစ်တဲ့အတွက် နောင်တစ်ချိန် သူ ကွယ်လွန် သွားတဲ့ အခါမှာ အမွေစားအမွေခံ မကျန်ရှိခဲ့မှာစိုးရိမ်တဲ့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ မွေးစားဦးလေး ကွယ်လွန် ပြီးတဲ့နောက်မှာတော့ ချူအင်လိုင်းကို ဦးလေးရဲ့ ကျန်ရှိခဲ့တဲ့ ဇနီးသည်က ဆက်လက်တာဝန်ယူ ပျိုးထောင်ခဲ့ပြီး ပညာသင်ကြားပေးခဲ့ပါတယ်။ ချူအင်လိုင်းရဲ့ မွေးစားအမေဖြစ်သူ ဟာ ပညာတတ်မျိုးရိုးမှ ဆင်းသက်လာသူ၊ ရှေးခေတ်ရိုးရာစာပေတွေကို သင်ယူလာခဲ့သူဖြစ်တဲ့အလျောက် ချူအင်လိုင်းကိုလည်း ကောင်းမွန် စွာ လမ်းညွှန်ပြသပေးနိုင်ခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်လို့ ချူအင်လိုင်းက သူဟာ မွေးစားမိခင်နဲ့ လွန်စွာမှ ရင်းနှီးမှု ရှိခဲ့ကြောင်း၊ တရုတ်ရိုးရာစာပေနဲ့ ပြဇာတ်တွေကို စိတ်ဝင်စားမှုဟာ မွေးစားမိခင်ထံမှ အမွေဆက်ခံရရှိခဲ့မှုတွေဖြစ်ကြောင်း ကိုပြောပြခဲ့ဖူးပါတယ်။ ချူအင်လိုင်းကို သူ့ရဲ့ မွေးစားအမေက ငယ်စဉ်အရွယ်ကတည်းက စာရေးစာဖတ်တတ်အောင် စနစ်တကျနဲ့ ပျိုးထောင်သင်ကြား ပေးခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ချူဟာ သူ့အသက် ဆယ်နှစ်မပြည့်ခင်ကတည်းက ထင်ရှားကျော်ကြားလှတဲ့ “Journey To The West” ဂန္ထဝင်ဝတ္ထုကြီးကို ကောင်းစွာဖတ်ရှုနိုင်ခဲ့သလို အသက် ၈ နှစ်အရွယ်ကိုရောက်ရှိချိန်မှာဆိုရင် Water Margin, Romance of the Three Kingdoms နဲ့ Dream of Red Chamber တို့လိုမျိုး ရှေးခေတ်တရုတ်၀တ္ထုဇာတ်လမ်းတွေကို ဖတ်ရှုနေနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
ချူအင်လိုင်း အသက် ၉ နှစ်အရွယ်မှာတော့ မိခင်အရင်း ကွယ်လွန်သွားခဲ့ပြီး ချူ ကို မိခင်အရင်းနဲ့မခြား ပြုစုစောင့်ရှောက်ခဲ့တဲ့ မွေးစားအမေကလည်း ချူ အသက် ၁၀ နှစ်ရောက်ချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ချူရဲ့ ဖခင်အရင်းဖြစ်သူကလည်း အဝေးတစ်နေရာကိုရောက်ရှိနေတာဖြစ်တဲ့အတွက် ချူဟာ ဖခင်ရဲ့ ညီတွေထဲကတစ်ယောက်ဖြစ်သူနဲ့ ၂ နှစ်လောက်နေထိုင်ခဲ့ရပြီး အဲဒီနောက်မှာတော့ ဖခင်ဖြစ်သူရဲ့ အစ်ကိုကြီးက ချူကို ပြုစုစောင့်ရှောက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုကမ်းလှမ်းမှုကိုလည်း ကျန်ရှိတဲ့ မိသားစုဝင်တွေက သဘောတူခဲ့ကြတာကြောင့် အဲဒီကစလို့ ချူဟာ သူ့ရဲ့ ဦးကြီးဖြစ်သူနဲ့သွားရောက်နေထိုင်ခဲ့ရပါတော့တယ်။
အဲဒီ ဦးကြီးမှာတော့ ဇနီးတစ်ယောက်နဲ့ သားတစ်ယောက်ရှိတယ်လို့ သိရပါတယ်။ မိသားစုအခြေအနေမပြေလည်မှုကြောင့် ဦးကြီးတွေဆီမှာ နေထိုင်ကြီးပြင်းခဲ့ရပေမဲ့ ချူအင်လိုင်းဟာ နွေးထွေးမှုတွေတော့ ရရှိခဲ့တယ်လို့ဆိုရမှာပါ။ ဦးကြီးရဲ့ ဇနီးဖြစ်သူဟာ လိမ္မာရေးခြားရှိတဲ့ ချူကို သူ့ရဲ့ သားအရင်းနဲ့မခြား ချစ်ပေးခဲ့ပြီး သားဖြစ်သူနဲ့အတူတူ အင်္ဂလိပ်စာနဲ့ သိပ္ပံဘာသာရပ်တွေကို သင်ယူစေခဲ့ပါတယ်။ ချူရဲ့ ငယ်စဉ်တုန်းက အမူအကျင့်၊ အသွင်အပြင်နဲ့ပတ်သက်လို့ ဖော်ပြကြရမှာတော့ ချူဟာ ငယ်စဉ်ကတည်းက ရုပ်ရည်ချောမောကြည့်ကောင်းပြီး ရည်ရည်မွန်မွန်နဲ့ အနေအထိုင်လည်း အေးဆေးတယ်လို့ သိရပါတယ်။ စိတ်သဘောမှာလည်း သိမ်မွေ့သူဖြစ်တဲ့အလျောက် တစ်ခါတစ်ရံ အိမ်မှာရှိတဲ့သူတွေ စကားများပြီး ရန်ဖြစ်ကြတဲ့အခါမှာဆိုရင် ချူက လေသံအေးအေးလေးနဲ့ ဝင်ရောက်ဖျန်ဖြေပေးလေ့ရှိတယ်လို့လည်း ဆိုပါတယ်။ ဒီလိုအချက်တွေကြောင့်လည်း ငယ်စဉ်ကတည်းက ချူဟာ သံတမန်တစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတို့နဲ့ ပြီးပြည့်စုံသူ ဖြစ်တယ်လို့ ကောက်ချက်ချထားကြတာဖြစ်ပါတယ်။
ခေတ်သစ်နိုင်ငံရေးအယူအဆတွေကိုတော့ ချူ တစ်ယောက် ရှန်ချင်းမူလတန်းကျောင်းကိုတက်ရောက်ခွင့်ရချိန်မှာ စတင်ထိတွေ့ခွင့် ရခဲ့တာဖြစ်ပြီး ဆရာတွေရဲ့ကျေးဇူးကြောင့်လည်း နိုင်ငံရေးနယ်ပယ်တွေ၊ အတွေးအခေါ်တွေကို ရင်းနှီးလာခဲ့ပါတယ်။ အသက် ၁၄ နှစ် အရွယ်ကို ရောက်တဲ့အချိန်မှာတော့ ချူ့ရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေက ထင်ရှားပြတ်သားလာခဲ့ပြီး အဲဒါကတော့ သူဟာ နောင်တစ်ချိန်မှာ တိုင်းပြည်အတွက် ကြီးမားတဲ့တာဝန်တွေကိုထမ်းဆောင်လိုတာပါပဲ။ ဒီလိုနဲ့ ၁၉၁၃ ခုနှစ် အရောက်မှာ ချူရဲ့ ဦးကြီးဖြစ်သူက ထျန်ကျင်းမြို့ကိုပြောင်းရွှေ့သွားခဲ့ရတာကြောင့် ဆယ်ကျော်သက်အရွယ်လူငယ်လေး ချူအင်လိုင်းဟာလည်း ဦးကြီးတို့မိသားစုနဲ့အတူ လိုက်လံနေထိုင်ခဲ့ရပါတယ်။
ပညာရေးအနေနဲ့ကတော့ အဆိုပါမြို့မှာတည်ရှိတဲ့ နာမည်ကြီး နန့်ခိုင်အလယ်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး အဲဒီလိုတက်ရောက်ဖို့ အတွက်ကတော့ အရင်ဆုံးဝင်ခွင့်ဖြေဆိုရတာဖြစ်ပါတယ်။ နန့်ခိုင်ကျောင်းရဲ့ သင်ကြားရေးနည်းစနစ်ဟာဆိုရင် တရုတ်လူမျိုးတို့ရဲ့ ရှေးဟောင်းရိုးရာအယူအဆတို့နဲ့ သွေဖည် နေသလို ချူ စတင်တက်ရောက်မဲ့အချိန်မှာလည်း အမေရိကန်ပြည်ထောင်စုရှိ Phillips Academy မှာအသုံးပြုတဲ့ ပညာရေးစနစ်ကို လက်ခံကျင့်သုံးနေခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေကြောင့်လည်း ချူရဲ့ မိသားစုဝင်တွေက ချူကို အဲဒီကျောင်းမှာတက်ရောက်ဖို့အတွက် လွယ်လင့်တကူသဘောမတူခဲ့ကြပါဘူး။ ဒါပေမဲ့လည်း ချူကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲခြင်းမရှိခဲ့တာကြောင့် နောက်ဆုံးမှာ မိသားစုရဲ့ အကူအညီကိုမယူဘဲ ကျောင်းမှာအလုပ်လုပ်ရင်း ကျောင်းတက်ခဲ့ပါတယ်။
ချူကို ရင့်ကျက်တဲ့နိုင်ငံရေးသမားတစ်ဦးအဖြစ်ရောက်ရှိအောင် ဖန်တီးပို့ဆောင်ပေးလိုက်တာကတော့ တရုတ်ပြည်ရဲ့ နိုင်ငံရေး ပြောင်းလဲ မှုတွေဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ချူဟာ နန့်ခိုင်ကျောင်းကနေ အလယ်တန်းအောင်မြင်ပြီးနောက် ဂျပန်နိုင်ငံမှာ ပညာသင်ကြားဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီအချိန်မှာဆိုရင် ချူရဲ့ အသက်က ၁၉ နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီလိုနဲ့ ပညာသင်ကြားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၁၇ ခုနှစ် ဇူလိုင်လမှာ ဂျပန်ကိုရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ချူမှာ နောက်ခံငွေကြေးအင်အားက ပြည့်စုံမှုမရှိတာကြောင့် ချူ တစ်ယောက် ဂျပန်မှာရှိနေစဉ်အချိန်အတွင်း သူ့ရဲ့ အသိမိတ်ဆွေ တစ်ယောက်ဖြစ်တဲ့ ဟန် ဆိုသူက ထောက်ပံ့ပေးခဲ့ရပါတယ်။ နောက်ပိုင်းမှာလည်း ချူဟာ ဟန်တို့ဇနီးမောင်နှံရဲ့ နေအိမ်မှာ နေခဲ့ရပြီး ဟန်ကလည်း ချူအင်လိုင်းကို အင်မတန်မှ သံယောဇဉ်ကြီးတယ်လို့ သိရပါတယ်။
ဂျပန်မှာနေထိုင်စဉ်အတွင်းမှာတော့ ချူဟာ ပါမောက္ခ ကာဝါကာမီရဲ့ ဆိုရှယ်လစ်စာတမ်းတွေကို စိတ်ဝင်တစားနဲ့သဘောကျလာခဲ့ပြီး မက်စ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒတို့ကိုလည်း နှစ်သက်လာခဲ့ပါတယ်။ အဲဒီအချိန်ကာလတုန်းက တရုတ်နဲ့ ဂျပန်တို့ရဲ့ ဆက်ဆံရေးကလည်း အကောင်းကြီးမဟုတ်ခဲ့တာကြောင့် နယ်စပ်ဒေသတွေမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့သလို ဂျပန်တို့ကလည်း တရုတ်ပညာတော်သင် တွေကို သံသယအပြည့်နဲ့ မကြာခဏဆိုသလိုစောင့်ကြည့်နေခဲ့ကြပါတယ်။ ဒီလိုစောင့်ကြည့်ခံရတဲ့သူတွေထဲမှာ ချူ လည်း တစ်ယောက် အပါအဝင်ဖြစ်ခဲ့တာကြောင့် အဲဒီကာလအတွင်းမှာ တရုတ်ပြည်ကို လွမ်းဆွတ်သတိရစိတ်တွေနဲ့ နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ချူရဲ့ မူလအစီအစဉ်ကတော့ တရုတ်အစိုးရမှ ပေးအပ်လာမဲ့ ပညာတော်သင်ဆုတွေထဲကတစ်ခုကိုရရှိဖို့အတွက်ပါပဲ။ ဒီလိုနဲ့ ပထမကမ္ဘာစစ် ကြီးပြီးချိန်မှာတော့ တရုတ်နိုင်ငံမှ ရှန်တုန်းပြည်နယ်ကို ဂျပန်တို့ရဲ့လက်အောက်မှာထားရှိဖို့အတွက် ဆုံးဖြတ်ကြရာကနေ တရုတ်ပညာတတ် တွေ အုံကြွလာခဲ့ပြီး အဲဒီနောက်မှာတော့ တောင်းဆိုအုံကြွမှုကို မေ ၄ အရေးတော်ပုံကြီးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒီအရေးတော်ပုံထဲမှာ ချူအင်လိုင်းရဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ မာချွန်း လည်း ပါဝင်ပတ်သက်နေခဲ့ပြီး မာချွန်းက ချူကို တရုတ်ပြည် ပြန်လာခဲ့ဖို့ အမှာပါးလိုက် တဲ့အချိန်မှာတော့ ချူကလည်း ချက်ချင်းဆိုသလို တရုတ်ပြည်ကို ပြန်လာခဲ့ပါတယ်။
တရုတ်ပြည်ကို ချူ ပြန်ရောက်လာချိန်မှာတော့ နိုင်ငံအတွင်းမှာ လှုပ်ရှားအုံကြွမှုတွေ အရှိန်ကောင်းလို့နေပါပြီ။ မာချွန်းနဲ့ တွေ့ဆုံပြီး နောက် မှာတော့ ချူက ကျောင်းသားသမဂ္ဂသတင်းစာရဲ့ အယ်ဒီတာတစ်ယောက်ဖြစ်လာခဲ့ပြီး တက္ကသိုလ်ဆက်တက်နေရင်းနဲ့လည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ ဝေဖန်ချက်တွေ၊ ဆောင်းပါးတွေကို ရေးသားခဲ့ပြန်ပါတယ်။ ၁၉၁၉ ခုနှစ် စက်တင်ဘာလမှာ မာချွန်း အဖမ်း ခံခဲ့ရတာကြောင့် နိုဝင်ဘာလမှာ သတင်းစာတိုက်ပိတ်လိုက်ရပြီး ချူအင်လိုင်းနဲ့ ကျောင်းသားတချို့ကတော့ ၁၉၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ ပုလိပ်မင်းကြီးကို ဆန့်ကျင်မှုကြောင့် ထောင်ကျခဲ့ကြပါတယ်။ ထောင်မှလွတ်လာတဲ့အချိန် မေလမှာတော့ ချူက ပြင်သစ်ကိုထွက်လာခဲ့ပြီး ပြင်သစ်မှာ နေထိုင်အလုပ်လုပ်ရင်း နိုင်ငံရေးလှုပ်ရှားမှုတွေကို ပြည်ပကနေဦးဆောင်ခဲ့ပါတယ်။
ချူတစ်ယောက် တရုတ်ပြည်ကိုပြန်ရောက်တဲ့အခါမှာတော့ ကူမင်တန်ပါတီမှာဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ပထမတပ် နိုင်ငံရေးမှူး၊ နိုင်ငံရေးမှူးတာဝန် တွေကို ထမ်းဆောင်ခဲ့သလို အုပ်ချုပ်ရေးတာဝန်တွေကိုလည်းထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတွေမှာတော့ ချူဟာ တရုတ်နိုင်ငံရေး ကိစ္စပြဿနာတွေထဲမှာ ကျရာနေရာကနေ ပုံစံအမျိုးမျိုးနဲ့ လိမ္မာပါးနပ်စွာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံ” ကို ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ တည်ထောင်ခဲ့ပြီး အစိုးရအဖွဲ့မှာ ချူအင်လိုင်းက ဝန်ကြီးချုပ်ရာထူး နဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူး တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။
နောက်ပိုင်းမှာလည်း ကွန်မြူနစ်ပါတီဒုတိယဥက္ကဋ္ဌ၊ ကွန်မြူနစ်အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ တို့လိုမျိုး ကြီးလေးတဲ့တာ၀န်တွေကို ထမ်းဆောင်ခဲ့ရပြီး ဝန်ကြီးချုပ်တာဝန်ကိုတော့ သူ ကွယ်လွန်တဲ့အချိန်ထိ ကျေပွန်စွာထမ်းရွက်သွားခဲ့ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ပြီးနောက်မှာ ချူအင်လိုင်းအနေနဲ့ နိုင်ငံခြားရေးတာဝန်တွေကို အဓိကကိုင်တွယ်ခဲ့ရပြီး တရုတ်ပြည်ရဲ့ နိုင်ငံခြားရေးခရီးစဉ်တိုင်းနီးပါးကိုလည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့ပါတယ်။ ချူအင်လိုင်းအနေနဲ့ ၁၉၅၆ ခုနှစ်မှာ ရုရှား ကွန်မြူနစ် ပါတီရဲ့ ၂၁ ကြိမ်မြောက်ကွန်ဂရက်၊ ၁၉၆ဝ ပြည့်နှစ်မှာ ၈၁ နိုင်ငံ ကွန်မြူနစ်ပါတီတွေရဲ့ အစည်းအဝေး၊ ၁၉၆၁ ခုနှစ်မှာ ရုရှားကွန်မြူနစ် ပါတီရဲ့ ၂၂ ကြိမ်မြောက်ကွန်ဂရက်တို့ကို ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ၁၉၅၄ ခုနှစ်နဲ့ ၁၉၅၅ ခုနှစ်တို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဂျီနီဗာကွန်ဖရင့်နဲ့ ဗန်ဒေါင်းကွန်ဖရင့်တို့ကိုလည်း တက်ရောက်ဆွေးနွေးခဲ့တာကိုတွေ့ရပါတယ်။
ဝန်ကြီးချုပ်ချူအင်လိုင်းဟာ မြန်မာနိုင်ငံကို ကိုးကြိမ်တိုင်လာရောက်ခဲ့ဖူးပြီးသုံးကြိမ်မှာတော့ မြန်မာဝတ်စုံဝတ်ဆင်ကာ အခမ်းအနား တက်ရောက်ခဲ့ဖူးပါတယ်။
၁၉၅၅ ခုနှစ်မှာ ဝန်ကြီးချုပ်ချူအင်လိုင်းရဲ့ ဖော်ဆောင်မှုနဲ့ တရုတ်နိုင်ငံ လင်ကွမ်းဘုရားကျောင်းမှ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ပထမအကြိမ်ပင့်ဆောင် အပူဇော်ခံခဲ့ပါတယ်။
၁၉၆၀ ပြည့်နှစ် ဧပြီလ မှာတော့ ဝန်ကြီးချုပ်ချူအင်လိုင်း နဲ့အတူ ဒုတိယဝန်ကြီးချုပ်မာရှယ်ချန်ယိ တို့ မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်ခဲ့ပြီး မြန်မာဝတ်စုံဝတ်ဆင်ကာ ငွေဖလားကိုင်ပြီး မြန်မာနိုင်ငံသားတွေနဲ့အတူ အတာသင်္ကြန်ပွဲတော်ဆင်နွှဲခဲ့ပါတယ်။
၁၉၆၁ ခုနှစ် ဇန်နဝါရီလ မှာ ဝန်ကြီးချုပ်ဦးနုနဲ့အတူ ပုဂံသို့ ရောက်ရှိခဲ့ပြီး ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့ထံ လှူဒါန်းငွေ ထည့်ဝင် ခဲ့ပါတယ်။အဲဒီ လှူဒါန်းငွေ ကို ဒေသခံပြည်သူတွေက ချူအင်လိုင်းတန်ဆောင်း ဆောက်လုပ်ခဲ့ပါတယ်။ ချူအင်လိုင်းဟာ နှစ်နိုင်ငံဆက်ဆံရေး နယ်နိမိတ် သဘောတူညီချက်တွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် အကောင်အထည်ဖော်ရေးကို အာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။
ချူအင်လိုင်းဟာ နိုင်ငံတကာဆက်ဆံရေးကို အဆင်ပြေအောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့သလို ပြည်တွင်းရေးရာကိစ္စရပ်တွေကိုလည်း စွမ်းစွမ်းတမံ အကောင်အထည်ဖော်ခဲ့သူပါ။ ဒီလိုမျိုးနိုင်ငံရေးကိစ္စအရပ်ရပ်တွေနဲ့ လုံးပန်းလာခဲ့ပြီးနောက် ၁၉၇၃ ခုနှစ်မှာတော့ ကင်ဆာရောဂါနဲ့ ဆေးရုံတက်ရောက်ခဲ့ရပြီး အဲဒီလိုမျိုးသေမင်းနဲ့ စစ်ခင်းတဲ့အချိန်တွေမှာတောင်မှ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးဖြစ်သူ ချူအင်လိုင်းဟာ ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ ဘဝတစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွားခဲ့ပါတယ်။
==========================================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
