တရုတ်သမိုင်းထဲက အချောဆုံးအမျိုးသမီး ၄ ဦးထဲမှာ အပါအဝင်ဖြစ်သူက ဝမ်ကျောင်းကျွင်းဆိုတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ထူးခြားမှုအနေနဲ့ သူမဟာ မိမိတိုင်းပြည် အေးချမ်းသာယာရေးအတွက် တိုင်းတစ်ပါးမှာ ဆက်သခံမိဖုရားအဖြစ်နဲ့ နိုင်ငံကို ပေးဆပ်ခဲ့သူဖြစ်ပါတယ်။
သမိုင်းမှတ်တမ်းတွေထဲမှာတော့ ဝမ်ကျောင်းကျွင်းဟာ မွေးရပ်မြေကို သတိရပြီး ဝမ်းနည်းငိုကြွေးမိတိုင်း မွေးရပ်မြေအကြောင်း တွေးရင်းနဲ့ ဗျပ်စောင်းတီးကာ သီချင်းဆိုလေ့ရှိပါတယ်။ ဗျပ်စောင်းတီးခတ်ရာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ပြီး သူမရဲ့တေးဆိုသံက သာယာညှို့ငင်နိုင်တယ်လို့ ဆိုပါတယ်။
ဝမ်ကျောင်းကျွင်းကို ယခု ဟူပေပြည်နယ် ရှင့်စန်း ခရိုင် ကျောင်းကျွင်းရွာမှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ ဇာတိမှာတော့ သူမရဲ့ အိမ်တော်ဟာ လူသိများ ထင်ရှားပါတယ်။မိဘတွေ အသက်ကြီးမှ မွေးဖွားလာခဲ့ တာကြောင့် ချောမောတဲ့ သမီးလေးကို ဆီးသီးပင်ကနေ ပုလဲ သီးတယ်လို့ တင်စားပြောဆိုကြပါတယ်။ ဝမ်ကျောင်းကျွင်းဟာ ရုပ်ချောရုံသာမက ဉာဏ်ကောင်းသူလည်း ဖြစ်တာမို့ သူမဟာ စာရေး စာဖတ်မှ အစ အနုပညာ တူရိယာ အတီးအမှုတ်ကို ငယ်စဉ်ကတည်းက သင်ကြား တတ်မြောက်ခဲ့ပါတယ်။
အဲဒီအချိန်မှာ နန်းတွင်းအတွက် အပျိုတော်တွေကို နယ်တိုင်းက တစ်နှစ်တစ်ခါ ပို့ဆောင်ပေးရ ပါတယ်။ ဝမ်ကျောင်းကျွင်းတို့ရဲ့ နယ်မှာတော့ ရုပ်ရည်လှပသလို အမျိုးမြင့်မြတ်ပြီး အတတ်ပညာနဲ့ ပြည့်စုံတဲ့ ဝမ်ကျောင်းကျွင်းကို သူတို့ဒေသအတွက် ရွေးချယ်ကြပါတယ်။သူမရဲ့ မိသားစုက မပို့ချင်ပေမဲ့ အမိန့်ကိုမလွန်ဆန်နိုင်တဲ့အတွက် သဘောတူလက်ခံလိုက်ရပါတယ်။အဲဒီအချိန်မှာ ဝမ်ကျောင်းကျွင်းရဲ့ အသက်က ၁၆ နှစ်သာ ရှိပါသေးတယ်။
နန်းတွင်းရောက်ပြီးနောက် ဧကရာဇ်ကြင်ယာတော်ရွေးပွဲမှာ ဝမ်ကျောင်းကျွင်းတစ်ယောက် ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။
ဝင်ရောက်အရွေးခံသူတွေအနေနဲ့ အစောပိုင်းရွေးချယ်မှုတွေမှာ ဘုရင်ကို တိုက်ရိုက်တွေ့ဆုံရခြင်းမရှိဘဲ ပုံတူပန်းချီကိုသာ ပေးပို့ယှဉ်ပြိုင်ရပါတယ်။ယှဉ်ပြိုင်သူတွေအနေနဲ့ မိမိတို့ရဲ့ရုပ်ပုံ လှပနေစေဖို့ ပန်းချီရေးဆွဲသူကို လာဘ်ငွေတွေ ပေးရလေ့ရှိပါတယ်။ဝမ်ကျောင်းကျွင်းကတော့ ပန်းချီဆရာကို လာဘ် မထိုးဘဲ နေခဲ့ပါတယ်။ပန်းချီဆရာကလည်း ဝမ်ကျောင်းကျွင်းရဲ့ပုံကို လှပခြင်းမရှိအောင် ရေးဆွဲလိုက်တဲ့ အခါမှာတော့ အစောပိုင်းရွေးချယ်မှုမှာတင် ဝမ်ကျောင်းကျွင်း ပြိုင်ပွဲကနေ ထုတ်ပယ်ခံရပါတယ်။ ဒါ့အပြင် ဝမ်ကျောင်းကျွင်းကို ဘုရင်နဲ့ မတွေ့ဆုံနိုင်တဲ့ အဆောင်မှာ နေရာချထားခဲ့ကြပါတယ်။ သူမဟာ နန်းတွင်းအပျိုတော်အဖြစ် ရွေးချယ်မခံခဲ့ရသလို နန်းတွင်းအကြံပေးတွေရဲ့ လှည့်ကွက်ကြောင့် ဧကရာဇ်နဲ့ တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံခွင့်မရရှိဘဲ မထင်မရှားအဆောင်မှာသာ နေထိုင်ခဲ့ရပါတယ်။
အဲဒီအချိန်မှာ တရုတ်နိုင်ငံ မြောက်ဘက်နဲ့ အနောက်မြောက်ဘက်ရှိ ဟွန်နူနယ်မြေမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်။
ဟူဟန်ယဲ (Huhanye) ဆိုသူဟာ ဟန်နဲ့ ဟွန်နူတို့အကြား ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဘီစီ ၃၃ မှာ ချန်အန်းမြို့တော်ကို ရောက်ရှိလာခဲ့ပြီး တော်ဝင်ဘုရင့်သမက် ဖြစ်လိုတဲ့အတွက် သမီးတော်တစ်ပါးနဲ့ လက်ဆက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဟန်ဘုရင်ဟာ သူ့ရဲ့သမီးတော်ကို တိုင်းတစ်ပါးသားနဲ့ လက်ထပ်မပေးလိုတဲ့အတွက် နန်းတွင်းသူတွေ ထဲက တစ်ယောက်ကို မင်းသမီးတစ်ဦးအဖြစ် ထိမ်းမြားပေးဖို့ စီစဉ်ပါတယ်။ဟွန်နူတို့ရဲ့ နေရပ်ဟာ နယ်မြေကြမ်းသလို မိမိတို့ရဲ့ မွေးရပ်မြေကို ခွဲခွာမသွားလိုကြတဲ့ နန်းတွင်းသူတွေဟာ တိတ်ဆိတ်လို့ နေခဲ့ပါတယ်။
ဝမ်ကျောင်းကျွင်းကတော့ ဟွန်နူဒေသကို သွားရောက်မဲ့သူမရှိခဲ့ရင် နိုင်ငံအတွင်း စစ်မက်တွေ ဖြစ်ပွား လာနိုင်တဲ့အတွက် သူမ သွားရောက်မယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။သူမရဲ့ ပန်းချီပုံကိုသာ မြင်ဖူးတဲ့ ဘုရင်ကလည်း ဝမ်ကျောင်းကျွင်းရဲ့ ကမ်းလှမ်းမှုကို ကျေကျေနပ်နပ် လက်ခံလိုက် ပါတယ်။ ဝမ်ကျောင်းကျွင်း တစ်ယောက် နန်းတော်ထဲ ဝင်ရောက်လာတဲ့အခါ သူမရဲ့ ပြိုင်ဘက်ကင်း အလှကိုတွေ့မြင်သွားတဲ့ ဧကရာဇ်က အလွန်အံ့အားသင့်သွားပြီး ခွင့်ပြုထားမှုကို ရုပ်သိမ်းလိုပေမဲ့ နောက်ဆုတ်လို့ မရတော့တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။
ဟွန်နူတို့ရဲ့ အကြီးအကဲလည်း လှပချောမောတဲ့ ဝမ်ကျောင်းကျွင်းကို အလွန်တရာ နှစ်သက် သဘော ကျပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးမပြတ်စေရဘူးလို့ ကတိပေးကာ သူတို့ရဲ့ ဒေသဆီ ခေါ်ဆောင်သွား ပါတော့တယ်။
ဟန်ဧကရာဇ်ကတော့ ဒေါသအမျက်ထွက်ပြီး ပန်းချီဆရာ အပါအဝင် ဝမ်ကျောင်းကျွင်းကို နှိပ်ကွပ်ပြီး သူနဲ့ မတွေ့အောင် စီစဉ်ခဲ့သူတွေ အားလုံးကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပါတယ်။
ဝမ်ကျောင်းကျွင်းဟာ ဟူဟန်ယဲရဲ့အချစ်ဆုံး မိဖုရားဖြစ်လာခဲ့သလို ရင်သွေးတွေကိုလည်း မွေးဖွား ခဲ့ပါတယ်။ခင်ပွန်းသည် သေဆုံးသွားချိန်မှတော့ သူမရဲ့ မွေးရပ်မြေကို ပြန်လိုပေမဲ့ ခင်ပွန်းဖြစ်သူရဲ့ အစ်ကိုတော်က ဝမ်းကျောင်းကျွင်းကို လက်ထပ်မယ်လို့ဆိုပါတယ်။ ဝမ်ကျောင်းကျွင်းအနေနဲ့ မွေးရပ်မြေကို ပြန်ခဲ့မယ်ဆိုရင် စစ်ပြင်တိုက်ခိုက်မယ်လို့ ဆိုလာတဲ့အတွက် သူမဟာ မွေးရပ်မြေကို ပြန်နိုင်ခြင်းမရှိဘဲ အဲဒီမှာပဲ နေထိုင်ခဲ့ရပါတော့တယ်။သူမရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် ဟန်နဲ့ ဟွန်နူတို့ နှစ်ပေါင်း ၆၀ ကျော် စစ်မက်မဖြစ်ပွားဘဲ အေးချမ်းခဲ့ပါတယ်။
ဝမ်ကျောင်းကျွင်း ကွယ်လွန်တဲ့ ခုနှစ်ကို တိတိကျကျမသိရပေမဲ့ သူမကိုတော့ ငြိမ်းချမ်းရေး သံတမန် အဖြစ် ဂုဏ်ပြုကြပါတယ်။တရုတ်နိုင်ငံရဲ့ ဂန္ထဝင်ကဗျာဆရာကြီးတွေဖြစ်ကြတဲ့ လီပိုး (Li Bai)၊ တူဖူ (Du Fu)၊ ဝမ်အန်ရှီ (Wang Anshi) အပါအဝင် နာမည်ကျော် ကဗျာဆရာတွေက သူမနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အလေးဂရုပြု ရေးဖွဲ့ခဲ့ကြပါတယ်။တရုတ်စာပေ၊ ကဗျာ၊ ဇာတ်သဘင်နဲ့ ပုံပြင်တွေမှာ ဝမ်ကျောင်းကျွင်းအကြောင်းကို အနုပညာရှင်များစွာက ခမ်းခမ်းနားနားဖွဲ့ဆိုကြပါတယ်။