“တရုတ်ဧကရာဇ်များထဲတွင် အသက်အရှည်ဆုံးဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ မန်ချူးဧကရာဇ် ချန်လုံ”

“တရုတ်ဧကရာဇ်များထဲတွင် အသက်အရှည်ဆုံးဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ မန်ချူးဧကရာဇ် ချန်လုံ”

===================================================

တရုတ်နိုင်ငံရဲ့ ဩဇာရှိပြီး ထင်ရှားတဲ့ ဧကရာဇ်တွေအကြောင်းကို ပြောကြမယ်ဆိုရင်တော့ မန်ချူးလူမျိုး တစ်ယောက်ဖြစ်တဲ့ ဧကရာဇ်ချန်လုံ အကြောင်းကလည်း ချန်လှပ်ထားလို့မရပါဘူး။ ချန်လုံဧကရာဇ်ကတော့ မြန်မာလူမျိုးတွေနဲ့လည်း မစိမ်းတဲ့ တရုတ်ဘုရင်တစ်ပါးဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ တရုတ်နိုင်ငံ သမိုင်းမှာ အသက်အရှည်ဆုံး ဧကရာဇ်တစ်ပါးအဖြစ်နဲ့ စံချိန်တင်ထားရလောက်အောင် သက်တော် ၈၈ နှစ်အထိ နေထိုင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ချန်လုံဧကရာဇ်ဟာ တရုတ်ပြည်ချင်းမင်းဆက်(Qing Dynasty) ရဲ့ ဆဋ္ဌမမြောက် ဧကရာဇ်တစ်ပါးဖြစ်ပြီး ချင်းမင်းဆက်ရဲ့ နန်းမြို့တော်ကို ပေကျင်းကို ပြောင်းရွှေ့ပြီးနောက် စတုတ္ထမြောက် ဧကရာဇ် ဖြစ်ပါတယ်။ ချန်လုံဟာ နန်းစံသက် ၆၁ နှစ် အုပ်စိုးခဲ့တဲ့ ဘိုးတော် ခန်းရှီး (Kangxi) ဧကရာဇ်လိုပဲ ထီးနန်းသက်တမ်း ၆၀ နှစ် ရောက်ကာမှ နန်းစွန့်ခဲ့သူလည်း ဖြစ်ပါတယ်။ ခရစ်နှစ် ၁၇၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က ပေကျင်းမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဖခင်ဖြစ်တဲ့ ချင်းမင်းဆက် တတိယမြောက်ဘုရင် ယုံးကျန့်ဧကရာဇ် (Yongzheng) နေရာ ကိုဆက်ခံမဲ့ သားတော် လေး တစ်ပါးအဖြစ်နဲ့လည်း ငယ်စဉ်ကတည်းက အရေးပေးခံခဲ့ရသူဖြစ်ပါတယ်။ ငယ်နာမည်က ဟုန်လိ (Hongli) ဖြစ်ပြီး ယုံးကျန့်ဧကရာဇ်ရဲ့ စတုတ္ထမြောက်သားတော် တစ်ပါးဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက သားအချစ်၊ မြေးအနှစ်ဆိုသလို ဘိုးတော်ခန်းရှီးရဲ့ ချစ်ခင်မြှောက်စားမှုကို ခံခဲ့ရကာ အဘိုးခြေရာကိုနင်းမဲ့ မြေးတစ်ယောက်အဖြစ်နဲ့ သတ်မှတ်ခြင်းခံရသူလို့ ဆိုရင်လည်းမမှားနိုင်ပါဘူး။ ဘိုးတော်ခန်းရှီးက ဟုန်လိအမည်ရှိတဲ့ မြေးလေးကို မြေးတော်တွေ အားလုံးထဲမှာ သူနဲ့တူတယ်လို့အမြဲပြောသလို ထီးနန်းဆက်ခံဖို့ လျာထားခြင်းခံရသူဖြစ်ပါတယ်။ ဒါကြောင့် ဖခင်ယုံးကျန့်မင်းကြီးက ဟုန်လိကို ငယ်စဉ်ကတည်းက အစ်ကိုတော်တွေနဲ့အတူ စစ်ရေးစစ်ရာတွေမှာ စီမံခန့်ခွဲစေတဲ့အတွက် ဆယ်ကျော်သက်အရွယ်မှာပဲ သိုင်းပညာနဲ့ စာပေပညာတွေကို အပတ်တကုတ် လေ့လာ လိုက်စားနိုင်နေပြီဖြစ်ပါတယ်။ တောက်မဲ့ မီးခဲ တရဲရဲဆိုသလို ဟုန်လိလေးရဲ့ အရည်အချင်းတွေက ဖခင်ဧကရာဇ်နဲ့ ဘိုးတော် ဧကရာဇ်တို့ရဲ့ မျက်စိကျခြင်းကိုခံရပြီး အိမ်ရှေ့စံမင်းသား တစ်ပါးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဘိုးတော်ခန်းရှီး နတ်ရွာမစံခင်မှာလည်း ဟုန်လိကိုပဲ ဆက်ခံသူ အဖြစ်နဲ့ ရွေးချယ်ပါ့မယ်လို့ ယုံးကျန့်ဧကရာဇ်က ကတိပေးခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းတိုင်းပြည်ရေးရာ ကိစ္စရပ်တွေမှာ သားတော် ဟုန်လိကို ပါဝင်ဆုံးဖြတ် ခိုင်းလေ့ ရှိပါတယ်။ ၁၇၃၅ ခုနှစ်မှာတော့ ဖခင်ယုံးကျန့်ဘုရင်နတ်ရွာစံသွားပြီး ကြိုတင်ရည်ရွယ်ထားကြတဲ့အတိုင်း သားတော်ဟုန်လိကိုပဲ ဧကရာဇ်တင်မြှောက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီအချိန်က ဟုန်လိဟာ တောင်ပိုင်းကို တိုင်းခန်းလှည့်လည်ရင်း စည်းရုံးရေးဆင်းနေချိန်ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ပြန်ခေါ်ပြီး ချင်းမင်းဆက်ရဲ့ ဧကရာဇ်တစ်ပါးအဖြစ် နန်းတင်ကြပါတယ်။ ချင်းမင်းဆက်ရဲ့ ချန်လုံဧကရာဇ်တစ်ပါးအဖြစ် ဆက်ခံခဲ့ချိန်မှာတော့ သက်တော် ၂၅ နှစ်ပဲရှိသေးတာဖြစ်ပါတယ်။ ဧကရာဇ်ချန်လုံဟာ စစ်မက်ရေးရာကို ကျွမ်းကျင်သူဖြစ်တာကြောင့် သူ့လက်ထက်မှာဆိုရင် တရုတ်ပြည်ကြီးဟာ နယ်နိမိတ်အတော်လေးကျယ်ပြန့်ပြီး ဘုန်းတန်ခိုးအာဏာရှိတဲ့ တိုင်းပြည်တစ်ခုဖြစ်ခဲ့ပါတယ်။ ချန်လုံဧကရာဇ်ရဲ့ နောက်ထပ်ထူးခြားမှု တစ်ခုကတော့ ရှေးရိုးစွဲ ခေတ်နောက်ပြန်စွဲတဲ့ အယူအဆတွေကိုပဲ သက်ဝင်ယုံကြည်ပါတယ်။ ဧကရာဇ်ချန်လုံဟာ စစ်ဘုရင်တစ်ပါးဖြစ်ပေမဲ့ လည်း အနုပညာနဲ့စာပေကို ဝါသနာထုံသလို ရှေးဘုရင်မင်းဆက်တွေ အသုံးပြုခဲ့တဲ့ ရှားပါးပစ္စည်းတွေစုဆောင်းရတာကိုလည်း သဘောကျသူ တစ်ယောက်ဖြစ်ပါတယ်။ စာပေမှာဆိုရင် သူဟာ ကဗျာရေးစပ်တာကို အတော်လေးဝါသနာပါပါတယ်။ မှတ်တမ်း တွေအရ သူ့ဘဝတစ်လျှောက်လုံးမှာ ကဗျာပေါင်း ၄၀၀၀၀ ကျော်ရေးဖွဲ့ခဲ့ပြီး စာပေအလင်္ကာပုဒ်ရေပေါင်း ၁၃၀၀ ကျော်ကိုလည်း သီကုံးခဲ့ပါသေးတယ်။ ဒါ့အပြင် ရှေးလက်ရာ ပန်းချီလက်ရာတွေ၊ ကြေးသွန်းပစ္စည်းတွေနဲ့ တံဆိပ်တုံးတွေကိုလည်း စုဆောင်းတတ်ပြီး ကျောက်စိမ်းကိုလည်း အတော်လေးသဘောကျတယ်လို့ ဆိုထားကြပါတယ်။ ချန်လုံလက်ထက်မှာတော့ ဖခင်ယုံးကျန့်မင်းကြီးဆောက်လုပ်ခဲ့တဲ့ ယွမ်မင်ယွမ်လို့ခေါ်တဲ့ နွေရာသီ နန်းဆောင် ကိုလည်း အပြီးတိုင်ဆောက်လုပ်နိုင်ခဲ့သလို နန်းတော်အတွင်းမှာလည်း အခြားသော နန်းဆောင် အသစ်အသစ်တွေကို တိုးချဲ့တည်ဆောက်ခဲ့ပါသေးတယ်။ နွေရာသီစံအိမ်တော် ဆောက်လုပ်ရာမှာလည်း အီတလီဗိသုကာပညာရှင်တွေကို ခေါ်ယူခဲ့ပြီး ရေကန်တွေ၊ ရေပန်းတွေနဲ့ အလှဆင်ရာ မှာတော့ ပြင်သစ်က ပညာရှင်တွေကို ခေါ်ယူခဲ့ပါတယ်။ ဧကရာဇ်ချန်လုံအနေနဲ့ နန်းစံသက်တဖြည်းဖြည်း ကြာမြင့်လာတဲ့အခါမှာတော့ ဘိုးတော် ခန်းရှီးဧကရာဇ်ထက် နန်းသက်ကို ပိုပြီးစံစားခြင်းမပြုပါဘူးလို့ ဖခင်ယုံးကျန့်မင်းကြီးကို ပေးခဲ့တဲ့ကတိအတိုင်း ထီးနန်းကို စွန့်ခွာဖို့ဖြစ်လာပါတယ်။ ၁၇၉၆ ခုနှစ်၊ နန်းစံသက် ၆၀ နှစ်အရောက်မှာတော့ ကတိအတိုင်းပဲ သက်တော် ၃၆ နှစ်အရွယ်ရှိတဲ့ သားတော် ကျားချင့်ဧကရာဇ်ကို ထီးနန်းလွှဲအပ်ခဲ့ပါတယ်။ ထီးနန်းကို စွန့်ခွာခဲ့တယ်ဆိုပေမဲ့ လည်း သူ့ရဲ့ ဩဇာအာဏာတွေက နိုင်ငံအတွင်း သက်ရောက်မှုရှိသေး တာကြောင့် သားတော်ကျားချင့်ဟာ ဖခင်ချန်လုံမင်းကြီးလက်အောက်မှာပဲ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ ရပါသေးတယ်။ သုံးနှစ်ကြာပြီးနောက် ၁၇၉၉ ခုနှစ်အရောက်မှာတော့ အသက် ၈၉ နှစ်ရှိပြီဖြစ်တဲ့ ဧကရာဇ်ချန်လုံဟာ နတ်ရွာစံကံကုန်ခဲ့ပါတယ်။ ။

=====================================

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

YouTube ❤: https://www.youtube.com/@zlann_podcast

Podcast ❤ https://podcasters.spotify.com/pod/show/z-lann

Facebook Group ❤ https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #ချန်လုံ #တရုတ်ဧကရာဇ် #မန်ချူးဧကရာဇ်

More Interesting Blogs from Zlann