“တာအိုဝါဒရဲ့ ပဲ့ကိုင်ရှင် လောင်ဇီ”

စာပေလောကမှာ စာပေတစ်ခု ကောင်းမကောင်းဆိုတာကို စာအုပ်ရဲ့ အထူအပါးနဲ့ ဆုံးဖြတ်လို့မရတာကိုတော့ စာပေအပေါ် တန်ဖိုးထားမြတ်နိုးသူတိုင်းက သိပြီးဖြစ်ပါတယ်။ တချို့စာပေတွေက စာလုံးရေ ဖောင်းပွသလောက် အရည်အသွေးပိုင်း အားနည်းနေတတ်ပါတယ်။ တချို့စာပေတွေကတော့ စာအုပ်အရွယ် ပါးပါးလွှာလွှာနဲ့ စာလုံးရေ ကျစ်လစ်ပေမဲ့ စာပေတန်ဖိုးက ကြီးမားလှသလို စာဖတ်သူတွေကြားမှာလည်း ခေတ်အဆက်ဆက် ရေပန်းစားနိုင်ခဲ့ပါတယ်။ အဲဒီစာအုပ်တွေထဲမှာ တာအိုတဲချင်း (Tao Te Ching) လို့ ခေါ်တဲ့ ပါးလွှာတဲ့ စာအုပ်လေးကလည်း အပါအဝင်ဖြစ်ပါတယ်။

တာအိုတဲချင်း စာအုပ်လေးကို လွန်ခဲ့တဲ့ နှစ် နှစ်ထောင်ကျော်ကတည်းက ရေးသားခဲ့တာပါ။ အဲဒီစာအုပ်က ဘယ်လောက်တောင် ပါးလွှာသလဲဆိုရင် တရုတ်စာလုံးရေ ၆၀၀၀ တောင် မပြည့်ပါဘူး။

ဒါပေမဲ့ တရုတ်နိုင်ငံမှာ ရေးခဲ့သမျှ ထောင်ပေါင်းများစွာသော စာအုပ်တွေထဲမှာတော့ တရုတ်နိုင်ငံရဲ့ ပြင်ပမှာ လူဖတ်အများဆုံးနဲ့ ဘာသာပြန်အများဆုံးစာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။ ဟုတ်ပါတယ်၊ အဲဒီစာအုပ်ကို ရေးသားသူက တာအိုဘာသာကို တည်ထောင်သူ လောင်ဇီ (Laozi) ပဲဖြစ်ပါတယ်။

အဲဒီစာအုပ်က လမ်းနဲ့ စွမ်းအင်သဘောကို ဖော်ညွှန်းတဲ့စာအုပ်ဖြစ်ပြီး တာအိုဝါဒရဲ့ အခြေခံစာအုပ်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ စာအုပ်ရဲ့ အရေးအသားက ပဟေဠိဆန်ပြီး အနက်အဓိပ္ပာယ် သိမ်မွေ့နူးညံ့တာကြောင့် ပုံစံအမျိုးမျိုးနဲ့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

အဲဒီစာအုပ်ကို အင်္ဂလိပ်ဘာသာပြန် မူကွဲပေါင်း ၄၀ ပုံနှိပ်ထုတ်ဝေခဲ့ပြီး၊ မူကွဲများပြားတဲ့ စာအုပ်တွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ ကွန်ဖြူးရှပ်ဝါဒကို နှစ်သက်သူများပြားသလို လောင်ဇီရဲ့ အယူအဆတွေကို လေးစားကြသူတချို့လည်း ရှိပါတယ်။

တာအိုတဲချင်း ကျမ်းစာရဲ့ အဖွင့်မှာ “ရှင်းလင်းဖော်ပြနိုင်သော တာအိုသည် တည်မြဲသော တာအို မဟုတ်ပါ၊ ပညတ်ဟူသည် အမြဲတည်သော အမည်နာမ မဟုတ်ပါ” လို့ ရေးသားထားပါတယ်။ တကယ်တော့ တာအိုဝါဒဆိုတာက ရှင်းပြဖို့ ခက်ခဲတဲ့ အယူအဆတစ်မျိုးဖြစ်သလို ယေဘုယျအနေနဲ့ တာအိုကို “လမ်း”၊ ဒါမှမဟုတ် “သဘာဝ”၊ ဒါမှမဟုတ် “ဖြစ်စဉ်” ဆိုပြီး ဘာသာပြန်နိုင်ပါတယ်။

တာအိုလမ်းစဉ်ရဲ့ အခြေခံက ကိုယ်ကျင့်တရားဖြစ်တဲ့အလျောက် အပြုအမူကို စောင့်ထိန်းနိုင်ရမယ့်အပြင် အကျင့်သိက္ခာကို စောင့်ထိန်းပြီး မှန်ကန်တဲ့လမ်းစဉ်ကိုပဲ လုပ်ဆောင်ရမှာပါ။ ဒါကြောင့်လည်း တာအိုက သဘာဝတရားရဲ့ ရေသောက်မြစ်၊ အရာအားလုံးကို ဖန်တီးသူလို့ လောင်ဇီက ယူဆခဲ့တာဖြစ်ပါတယ်။

တာအိုတဲချင်း ကျမ်းစာမှာ အခန်းပေါင်း ၈၁ ခန်းပါဝင်ပြီး သူတော်ကောင်းတရားတွေနဲ့ တာအိုရဲ့ အဓိပ္ပာယ်ကို ရေးသားပြုစုထားတာပါ။ တာအိုဝါဒက သဘာဝတရားကို အခြေခံထားတဲ့ အတွေးအခေါ်၊ အယူအဆတွေပဲ ဖြစ်ပါတယ်။

တာအိုဝါဒနဲ့ ပတ်သက်လို့ လောင်ဇီရေးသားခဲ့တဲ့ တာအိုတဲချင်းကျမ်းစာက ကျော်ကြားထင်ရှားခဲ့သလို လောင်ဇီက တာအိုဝါဒကို ပိုမိုထွန်းကားအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

ဒါ့အပြင် တာအိုဘာသာရဲ့ သက်တမ်းက လောင်ဇီကနေစပြီး ရေတွက်ရင် နှစ်ပေါင်း ၂၅၀၀ ကျော်သွားပြီဖြစ်သလို ကိုးကွယ်မှုများတဲ့ ဘာသာထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အလားတူ တာအိုဝါဒနဲ့ အတွေးအခေါ်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်ကျော်က အဝါရောင်ဧကရာဇ် (ဟွမ်တိ) လက်ထက်လောက်ကတည်းက စတင်ခဲ့တယ်လို့ တရုတ်ဒဏ္ဍာရီတွေက ဆိုပါတယ်။

တာအိုဘာသာမှာ လောင်ဇီကို ထိုက်စန့်လောင်ကျွင်း (Tàishàng Lǎojūn) အဖြစ် မှတ်ယူပြီး ကိုးကွယ်ကြပါတယ်။ ထိုက်စန့်လောင်ကျွင်းရဲ့ မွေးနေ့က တရုတ်ပြက္ခဒိန် ၂ လပိုင်း ၅ ရက် ဖြစ်ပြီး အဲဒီနေ့ကို တာအိုဘာသာ စတင်မွေးဖွားတဲ့နေ့အဖြစ်သာမက နိုင်ငံတကာ တာအိုဘာသာနေ့လို့ သတ်မှတ်ပြီး ပွဲတော်တွေကို ကျင်းပလေ့ရှိပါတယ်။

စန်းချင်း (Sān Qīng) လို့ ခေါ်ဆိုကြတဲ့ နတ်ဘုရား ၃ ဆူက တာအိုအယူအရ အကြီးမြတ်ဆုံးဖြစ်ပြီး ယွမ်ရှစ့်ထျန်းကျွမ်း (Yuánshǐ Tiānzūn) အရှင်မြတ်က စန်းချင်း ၃ ပါးထဲမှာ အကြီးဆုံးနတ်ဘုရားဖြစ်လို့ လောကကို ဖန်ဆင်းသူအဖြစ် ယုံကြည်ကြပါတယ်။ ဒါကြောင့်လည်း စန်းချင်း ၃ ပါးမှာ ယွမ်ရှစ့်ထျန်းကျွမ်းက အလယ်မှာရှိပြီး ထိုက်စန့်လောင်ကျွင်းက ညာဘက်မှာရှိသလို လင်းပေါင်ထျန်းကျွမ်း (Língbǎo Tiānzūn) ကို ဘယ်ဘက်မှာထားပြီး ပူဇော်ကြပါတယ်။

အဲဒီလို ထိုက်စန့်လောင်ကျွင်း တစ်ဖြစ်လဲ လောင်ဇီကို တရုတ်လို လောင်ဇူး လို့လည်း ခေါ်ပါတယ်။ သူ့ကို တရုတ်ဒဿနိကဗေဒနဲ့ ယုတ္တိဗေဒပညာရှင်လို့ ပြောမယ်ဆိုရင် မမှားနိုင်သလို သူ့ရဲ့ မွေးသက္ကရာဇ် အတိအကျကိုတော့ မသိကြပါဘူး။ ဒါပေမဲ့ ဘီစီ ၆၀၄ ခုနှစ်လောက်မှာ မွေးဖွားခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆကြပြီး အဲဒီအချိန်က ဟိုနန်နယ် လက်ရှိ ကွေးတီမြို့အနီး၊ ကျိုးမင်းဆက်ခေတ်၊ ချွမ်ချိုးကာလမှာ မွေးဖွားခဲ့တယ်လို့လည်း စာပေအထောက်အထားတချို့မှာ မှတ်ချက်ပြုထားကြပါတယ်။လောင်ဇီရဲ့ နာမည်က လီအော် (Li Er) ဖြစ်ပြီး လောင်ဇီဆိုတာက “ဆရာသခင်” လို့ အဓိပ္ပာယ်ရတဲ့ ရှေးအခေါ်အဝေါ် ဖြစ်ပါတယ်။ လောင်ဇီက ကွန်ဖြူးရှပ်နဲ့ ခေတ်ပြိုင် အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်တဲ့အပြင် ကွန်ဖြူးရှပ်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ဖူးပြီး လောင်ဇီက အသက် ၁၀၁ နှစ်အထိ နေထိုင်သွားခဲ့တယ်လို့ မှတ်တမ်းတချို့မှာ ဖော်ပြပါတယ်။

လောင်ဇီဟာ မွေးဖွားစဉ်ကတည်းက ဆံပင်အဖြူရောင် ဖြစ်နေလို့ ထိုက်စန့်လောင်ကျွင်းရဲ့ ပုံတူရုပ်တွေမှာ ဆံပင်အဖြူရောင်ကို တွေ့ရတာဖြစ်တယ်လို့ ဒဏ္ဍာရီတွေထဲမှာ ဆိုပါတယ်။ တချို့ဒဏ္ဍာရီတွေထဲမှာတော့ လောင်ဇီက သဘာဝလွန်စွမ်းအင်တွေရှိတယ်လို့ ရေးသားထားပြီး ကျိုးမင်းဆက်ရဲ့ မြို့တော်မှာ အချိန်အတော်ကြာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ကျိုးမင်းဆက်ရဲ့ အရာရှိအဖြစ် အမှုထမ်းခဲ့ပြီး အဲဒီအချိန်တုန်းက စာကြည့်တိုက်ရဲ့ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ဘီစီ ၅၂၀ လောက်မှာ ကျိုးမင်းဆက်ရဲ့ နန်းတွင်းရေး အရှုပ်အထွေးတွေကြားထဲ ပါဝင်ပတ်သက်မိလို့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒဏ္ဍာရီထဲမှာတော့ ဒီလိုဆိုပါတယ်။ လောင်ဇီဟာ ကျိုးနိုင်ငံရဲ့ နယ်စပ်ကနေ အနောက်မြောက်အရပ်ကို သွားနေတုန်း လမ်းမှာ နယ်ခြားစောင့်တပ်က အရာရှိတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ အရာရှိက သူနဲ့ တွေ့ဆုံချိန်မှာ အရှေ့အရပ်ကနေ ခရမ်းရောင်အလင်းတန်းတွေ ထွက်ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ အရာရှိကလည်း ရှေးဖြစ်ဟောကိန်းအရ သူတော်စင်တစ်ပါး ကြွရောက်လာတာ ဖြစ်မယ်လို့ ယူဆပြီး သွားရောက်ကြည့်ရှုလိုက်တော့ အစိမ်းရောင် ကျွဲကြီးတစ်ကောင်ကို စီးလာတဲ့ လောင်ဇီကို တွေ့လိုက်ရပါတော့တယ်။ အသိဉာဏ်ပညာနဲ့ တွေးခေါ်ပုံတွေကို မျှဝေပေးဖို့ အရာရှိက လောင်ဇီထံမှာ ပန်ကြားခဲ့ရာက လောင်ဇီက တာအိုတဲချင်းကျမ်းစာကို သင်ကြားပို့ချခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း လောင်ဇီကို တာအိုတဲချင်းကျမ်းစာကို မွေးထုတ်ပေးခဲ့သူအဖြစ်သာမက တာအိုဝါဒကို အသက်သွင်းပြီး တာအိုဘာသာကို တည်ထောင်ခဲ့သူတစ်ဦးအဖြစ်ပါ ဒီကနေ့အချိန်ထိ သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ လောင်ဇီဆိုတာ တကယ်ရှိခဲ့ မရှိခဲ့ ဆိုတာနဲ့ ဒဏ္ဍာရီလာသက်သက် ဟုတ်မဟုတ်ဆိုတာတွေအပေါ် အငြင်းပွားမှုတချို့လည်း ရှိနေဆဲပဲ ဖြစ်ပါတယ်။

#ZLann_Podcast #ဇာတ်လမ်း #laozi #‌လောင်ဇီ #တာအိုဘာသာ #tao

More Interesting Blogs from Zlann