“ငနု၊ နင် ယောက်ျားမဟုတ်သလော” ဆိုတဲ့ စကားတစ်ခွန်းနဲ့ မိမိကိုသတ်ရန်လာသူကို မိမိဘက်ပါအောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သူက မြန်မာရာဇဝင်မှာ စာတင်လောက်အောင်လှပတဲ့ မိဖုရား စောဥမ္မာဖြစ်ပါတယ်။
မိဖုရားစောဥမ္မာရဲ့ ဘဝဖြတ်သန်းမှုက အနိမ့်အမြင့် အတက်အကျများစွာနဲ့ အလွန်ကို ရှုပ်ထွေးလှပါတယ်။ သူမဟာ ရုပ်ရည်ချောမောလှပလွန်းပေမဲ့ ရှုပ်ထွေးလှတဲ့ ထီးနန်းရေးရာတွေကြားမှာ အသက်ရှင်နိုင်ဖို့ ကြိုးစားရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။
စောဥမ္မာရဲ့ မယ်တော်က နရသီဟပတေ့မင်းရဲ့ သားတော်ဖြစ်တဲ့ သီဟသူနဲ့ ရှမ်းညီနောင် ၃ ပါးတို့ရဲ့ နှမတော်တို့ သင့်ရာက မြင်တော်မူတဲ့ သမီးတော် ရှင်မြတ်လှဖြစ်ပြီး ခမည်းတော်က နန်းကျကျော်စွာရဲ့သားတော် သရက်မင်းရှင်စော ဖြစ်ပါတယ်။ စောဥမ္မာဟာ မင်းကြီးစွာစော်ကဲရဲ့ နှမတော်အရင်းလည်း ဖြစ်ပါတယ်။
ပင်းယဘုရင် ငါးစီးရှင်ကျော်စွာရဲ့ သားတော်သုံးပါးဖြစ်တဲ့ ဥဇနာပြောင်၊ ကျော်စွာ၊ နရသူတို့က မင်းသားဘဝကတည်းက လှပချောမောတဲ့ စောဥမ္မာလေးကို ပိုးပန်းခဲ့ကြပါတယ်။ ငါးစီးရှင်ကျော်စွာရဲ့ သားတွေထဲမှာ အလတ်ဖြစ်တဲ့ ကျော်စွာက ဦးစွာနန်းတက်ပါတယ်။ ကျော်စွာက လှပချောမောတဲ့ စောဥမ္မာကို မိဖုရားမြှောက်ပါတယ်။ ဘုရင်ကျော်စွာတစ်ယောက် ပင်းယကို ၉ နှစ်ကြာမင်းပြုခဲ့ပြီးနောက် နတ်ရွာစံပါတယ်။
ကျော်စွာရဲ့ ပင်းယထီးနန်းကို ဆက်ခံသူက ညီတော် နရသူဖြစ်ပါတယ်။ နရသူ နန်းတက်လာတဲ့အခါ စောဥမ္မာကို မိဖုရားဆက်မြှောက်ပါတယ်။ နရသူထီးနန်းရတဲ့အခါ စစ်ကိုင်းမှာ စိုးစံနေတဲ့ မင်းပြောက်ကို မင်းမျိုးမင်းရိုးမမှန်သူလို့ စွပ်စွဲပြီး မောရှမ်းအကြီးအကဲ သိုချည်ဘွားကို စစ်ကိုင်းကို လာရောက်တိုက်ခိုက်ဖို့ ဖိတ်ခေါ်ပါတယ်။ သိုချည်ဘွားလည်း စစ်ကိုင်းကို တိုက်ခိုက်အနိုင်ယူခဲ့ပြီးနောက် စစ်ကူတောင်းပေမဲ့ ဝင်ရောက်မတိုက်ခိုက်တဲ့ ပင်းယကို ထပ်မံတိုက်ခိုက်ပြီး နရသူကို ဖမ်းဆီးသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အစ်ကိုအကြီးဆုံးဖြစ်သူ ဥဇနာပြောင် ထီးနန်းစိုးစံပါတယ်။ ဥဇနာပြောင်ကလည်း စောဥမ္မာကို မိဖုရားမြှောက်ပြန်ပါတယ်။ ဥဇနာပြောင်ဟာ ပင်းယနေပြည်တော်ကို သုံးလသာ အုပ်ချုပ်ခဲ့ရပြီး သတိုးမင်းဖျားရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရပါတယ်။
သတိုးမင်းဖျားဆိုတာ ရာဟုလာအမည်နဲ့ စစ်ကိုင်းမှာ နေထိုင်သူဖြစ်ပါတယ်။ သိုချည်ဘွားရဲ့ တပ်တွေ ချီလာစဉ် ဦးရီးတော်မင်းပြောက်က တကောင်းကနေပြီး ခုခံဖို့ တာဝန်ပေးပါတယ်။ ရာဟုလာဟာ ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်ပေမဲ့ အင်အားချင်းမမျှတဲ့အတွက် တပ်ဆုတ်ခဲ့ရပါတယ်။ ဒါကို မင်းပြောက်က အမျက်ထွက်ပြီး ရာဟုလာကို ကြခတ်ဝရာကို သံခြေချင်းခတ် ပို့ဆောင်ပါတယ်။ သိုချည်ဘွားတို့ဟာ စစ်ကိုင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အခါမှာတော့ မင်းပြောက်ဟာ ကြခတ်ဝရာကို တိမ်းရှောင်ပါတယ်။ ဒီအခါ ရာဟုလာက မင်းပြောက်ကို သုတ်သင်ပြီး စစ်ကိုင်းကိုသွားကာ သတိုးမင်းဖျားအမည်နဲ့ မင်းပြုပါတယ်။ တစ်လအကြာမှာတော့ ပင်းယထီးနန်းကို စိုးစံနေတဲ့ ဥဇနာပြောင်ကို တိုက်ခိုက်ချေမှုန်းပြီး ပင်းယ-စစ်ကိုင်း နှစ်ပြည်ထောင်ကို မင်းပြုအုပ်ချုပ်ပါတယ်။
သတိုးမင်းဖျား နန်းတက်လာတဲ့အခါ စောဥမ္မာကို မိဖုရားမြှောက်ပြန်ပါတယ်။ သတိုးမင်းဖျား နန်းတက်တဲ့အချိန်မှာ မင်းသုံးဆက်မိဖုရားဖြစ်ခဲ့သူ စောဥမ္မာရဲ့ အသက်က ၂၉ နှစ်ဖြစ်ပါတယ်။ မင်းသုံးဆက်နဲ့ လက်ဆက်ခဲ့ပေမဲ့ သားတော် သမီးတော် မထွန်းကားသေးတဲ့ စောဥမ္မာဟာ လှချင်တိုင်း လှနေဆဲဖြစ်ပါတယ်။ လှပလွန်းတဲ့ စောဥမ္မာကို သတိုးမင်းဖျားတစ်ယောက် အလွန်ကို ချစ်မြတ်နိုးတော်မူပါတယ်။ သတိုးမင်းဖျား ထီးနန်းရပြီးတဲ့နောက် အင်းဝမြို့သစ်တည်ပါတယ်။
သတိုးမင်းဖျားဟာ တိုင်းပြည်အတွင်း ကျော်ကြားနေတဲ့ သူခိုးကြီးငတတ်ပြားကို ကိုယ်တိုင်ဖမ်းဆီးပြီးတဲ့နောက်မှာ “နင့်ကို ငါမိပြီ၊ ရဲတင်း၊ ပုဆိန်၊ ဓားလှံ၊ တံကျင်တွေထဲမှာ ဘယ်အရာကို အလိုရှိသလဲ” လို့ မေးမြန်းပါတယ်။ ဒီအခါ ငတတ်ပြားက ခွန်းတုံ့မပြန်ဘဲ သတိုးမင်းဖျား မြတ်နိုးတော်မူလှတဲ့ မိဖုရားစောဥမ္မာကိုသာ အလိုရှိတယ်လို့ ရဲရဲဝံ့ဝံ့ လျှောက်တင်ပါတယ်။ ဒီအဖြစ်အပျက်ကလည်း မြန်မာ့ရာဇဝင်မှာ ထင်ရှားတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။
သတိုးမင်းဖျား နန်းစံပြီး ၃ နှစ်အကြာမှာတော့ စကုစား သိင်္ခဗိုလ်ပုန်ကန်မှုကို သွားရောက်နှိမ်နင်းစဉ် ကျောက်ပေါက်ပြီး တပ်ဆုတ်ခဲ့ပါတယ်။ အနာသည်းပြီး မကွယ်လွန်မီမှာ မိဖုရားစောဥမ္မာကို စိတ်မချတဲ့အတွက် အတွင်းသင်မှူးငနုကို ခေါ်ပြီး သွားရောက်လုပ်ကြံခိုင်းပါတယ်။
အမိန့်အတိုင်း ဆောင်ရွက်ရတဲ့ ငနုဟာ အင်းဝကို အလျင်အမြန်ပြန်လာပြီး မိဖုရားစောဥမ္မာကို ဝင်ရောက်တွေ့ဆုံပါတယ်။ ဘုရင့်အမိန့်ကို ကြားပြီးတဲ့နောက် စောဥမ္မာတစ်ယောက် သူမ အသက်ဆက်ရှင်နိုင်ဖို့အတွက် အကြံထုတ်ရပါတော့တယ်။ တိုင်းပြည်အရှုပ်အထွေးတွေကြားမှာ မင်းလေးဆက်တိုင်တိုင် မိဖုရားဖြစ်ခဲ့သူ စောဥမ္မာတစ်ယောက် အသက်မသေလိုသေးတဲ့အတွက် ငနုကို “ဟဲ့ ငနု၊ နင် ယောက်ျားမဟုတ်သလော” လို့ မေးမြန်းလိုက်ပါတယ်။
ဒီအခါ ငနုတစ်ယောက် လှပလွန်းတဲ့ စောဥမ္မာကို သိမ်းပိုက်ပြီး စစ်ကိုင်းကို ပြောင်းရွှေ့ကာ တစ်ထီးတစ်နန်းနဲ့ နေထိုင်ပါတယ်။ သတိုးမင်းဖျား နတ်ရွာစံပြီးနောက် မှူးမတ်တွေက ရမည်းသင်းစားသီလဝကို ထီးနန်းအပ်ပေမဲ့ မင်းကြီးစွာစော်ကဲ ဘုရင်ဖြစ်လာခဲ့ပါတယ်။
မင်းကြီးစွာစော်ကဲဟာ ငနုရဲ့ အစ်ကို ရာဇသင်္ကြန် (ခေါ်) ငမောက်ကို ခေါ်ယူပြီး ငနုကို ဖမ်းဆီးခေါ်ဆောင်ခဲ့ဖို့ စေခိုင်းပါတယ်။ ဒီလို ဖမ်းဆီးနိုင်ခဲ့မယ်ဆိုရင် မိဖုရားစောဥမ္မာနဲ့ လက်ဆက်ပေးမယ်လို့လည်း မိန့်မှာလိုက်ပါတယ်။ ငမောက်တစ်ယောက် သူ့ရဲ့ညီဖြစ်သူ ငနုကို သွားရောက်ဖမ်းဆီးခေါ်ဆောင်နိုင်တဲ့အခါမှာတော့ မင်းကြီးစွာစော်ကဲက သူ့ရဲ့ကတိအတိုင်း နှမအရင်းဖြစ်သူ စောဥမ္မာနဲ့ လက်ဆက်ပေးပါတယ်။
များမကြာမီ ငနု အကျဉ်းကလွတ်ပြီး လားဟူးမည်တဲ့ တောရပ်ကနေ နိုင်ငံတော်ပိုင် ကျေးစွန်ရွာနားကို ဖျက်ဆီးလာပါတယ်။ ဒီအကြောင်းကို မင်းကြီးစွာ ကြားသိပြီး ရာဇသင်္ကြန် (ခေါ်) ငမောက်ကို ခေါ်ယူပြီး “ညီငယ်ငနုကို လွှတ်ရသည်လော” လို့ အမျက်တော်ရှိပြီး နှမတော်စောဥမ္မာကို ပြန်လည်သိမ်းယူဖို့ ဝန်ဇင်းမင်းရာဇာနဲ့ တိုင်ပင်ပါတယ်။
ဒီအခါ ဝန်ဇင်းမင်းရာဇာက မင်းတို့မည်သည် ပေးပြီးသားကတိ မဖောက်ဖျက်သင့်ဘူးလို့ တားမြစ်တဲ့အတွက် မင်းကြီးစွာစော်ကဲဟာ သူ့ရဲ့နှမဖြစ်သူ စောဥမ္မာကို ပြန်လည်သိမ်းယူမဲ့ အကြံကို လက်လျှော့ခဲ့ပါတယ်။ စောဥမ္မာ ကွယ်လွန်တဲ့ နေ့ရက်အတိအကျကို မသိရှိပေမဲ့ သူမဘဝတစ်လျှောက်လုံးမှာတော့ ရှုပ်ထွေးတဲ့ နန်းတွင်းရေးတွေကြားမှာ နေထိုင်ဖြတ်သန်းခဲ့ရပါတယ်။
#ZLann #ZLann_Podcast #ဇာတ်လမ်း #မိဖုရားစောဥမ္မာ #မြန်မာ့ရာဇဝင် #အင်းဝခေတ် #သတိုးမင်းဖျား #မင်းကြီးစွာစော်ကဲ #MyanmarHistory #SawOmma