တောင်ငူအင်ပါယာကို စတင်တည်ထောင်ခဲ့သူ မဟာသီရိဇေယျသူရ မင်းကြီးညို

မြန်မာ့ရာဇဝင်သမိုင်းထဲက ထင်ရှားကျော်ကြားခဲ့တဲ့ အင်ပါယာမင်းတွေနဲ့ သူတို့စံမြန်းအုပ်ချုပ်ခဲ့စဉ်အချိန်တုန်းက ခေတ်ကာလ ဖြစ်ရပ်တွေအကြောင်းကို ဖော်ပြရေးသားကြရာမှာ တောင်ငူအင်ပါယာမင်းဆက်ကိုလည်း ချန်ထားရစ်ခဲ့လို့ မရပါဘူး။ တပင်ရွှေထီး၊ ဘုရင့်နောင်နဲ့ နတ်သျှင်နောင်တို့လို နာမည်ဂုဏ်သတင်းကြီးမားလှတဲ့ ရှင်ဘုရင်မင်းမြတ်တွေ ပေါ်ထွန်းခဲ့တဲ့ တောင်ငူအင်ပါယာ မင်းဆက်ဟာ သက်တမ်းအားဖြင့် ခရစ်နှစ် ၁၅၁၀ ခုနှစ်ကနေ ၁၇၅၂ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး အရှေ့တောင်အာရှရဲ့ သမိုင်း တစ်လျှောက် မှာဆိုရင် အကြီးမားဆုံးအင်ပါယာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလို အင်ပါယာမင်းဆက်ကို စတင်တည်ထောင်ခဲ့သူကတော့ မဟာသီရိဇေယျသူရဘွဲ့ခံ “မင်းကြီးညို” ဖြစ်ပါတယ်။

မင်းကြီးညိုဟာ ဦးရီးတော်ဖြစ်သူ တောင်ငူမြို့စား “မင်းစည်သူ” ကို မြန်မာ သက္ကရာဇ် ၈၄၇ ခုနှစ်မှာ လုပ်ကြံပြီး တောင်ငူ ထီးနန်း ကိုစိုးစံခဲ့ပါတယ်။အဲဒီအချိန်မတိုင်ခင်တုန်းက တောင်ငူဟာ အင်း၀ရဲ့လက်အောက်ခံမြို့တစ်မြို့အဖြစ်နဲ့သာ တည်ရှိခဲ့တာ ဖြစ်ပါတယ်။ မင်းကြီးညိုအနေနဲ့ ဦးရီးတော် “မင်းစည်သူ” ကို လုပ်ကြံခဲ့ရတဲ့အကြောင်းအရင်းကတော့  “မင်းစည်သူ” က သူ့ရဲ့ သမီးတော်ကို မင်းကြီးညိုနဲ့ လက်ဆက်ဖို့သဘောမတူခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ တောင်ငူထီးနန်း ကို သိမ်းပိုက်စံမြန်းပြီးချိန်မှာတော့ မင်းစည်သူရဲ့ သမီးတော်ကို မိဖုရားအဖြစ်တင်မြှောက်ခဲ့ပြီး နန်းတက်တဲ့အခါမှာလည်း သူဟာ တောင်ငူထီးနန်းကို စိုးစံနေပြီဖြစ်ကြောင်းကို အင်း၀ထီးနန်းရဲ့ ရှင်ဘုရင်ဖြစ်သူ “ဒုတိယမင်းခေါင်” ထံ ဆင်ပေါက်ဆယ်စီးနဲ့ ပေးပို့လျှောက်ထားခဲ့ပါတယ်။

ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အရဆိုရင် မင်းကြီးညိုရဲ့ လုပ်ရပ်က အင်း၀ထီးနန်းကို သစ္စာဖောက်ရာရောက်တယ်ဆိုပေမဲ့လည်း အဲဒီအချိန်မှာ အင်း၀ဘုရင် “ဒုတိယမင်းခေါင်” က ဩဇာအာဏာကအလွန်ကျဆင်းနေသလို စစ်သည်အင်အားကလည်း ယုတ်လျော့နေပြီ ဖြစ်တာ ကြောင့် ညီတော် ရမည်းသင်းစား “မင်းရဲကျော်စွာ” ထံမှ လေးစားမှုတောင်မရရှိတော့တဲ့ အချိန်ဖြစ်ပါတယ်။ ဒါ့အပြင် အောက်အရပ် ဌာနေမှ မွန်တို့ကလည်း ရန်ပြုလာနိုင်တဲ့အခြေအနေတွေရှိနေတာကြောင့် ဒီလိုအန္တရာယ်နှစ်ရပ်လုံးကို ကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ငယ်ရွယ်သန်စွမ်းသူ မင်းကြီးညိုရဲ့ မြို့တည်နန်းတည်ခြင်းကို လက်သင့်ခံပေးခဲ့ရပါတယ်။ အဲဒီအချိန်မှာဆိုရင်တော့ မင်းကြီးညိုဟာ အသက် ၂၆ နှစ်အရွယ်သာရှိသေးတာဖြစ်ပြီး ဉာဏ်ပညာမှာရော၊ ခွန်အားဗလအရာမှာပါ သာလွန်မှု ရှိသူ ဖြစ်ပါတယ်။

မင်းကြီးညိုရဲ့ အကြောင်းကိုတော့ ရာဇဝင်မှတ်တမ်းတွေမှာ ပြည့်ပြည့်စုံစုံရေးသားဖော်ပြထားခြင်းမရှိပေမဲ့ တောင်ငူခေတ်ရဲ့ စာဆိုတော် လှော်ကားသုံးထောင်မှူးရေးစပ်ခဲ့တဲ့ ဧချင်းတွေအရဆိုရင် မင်းကြီးညိုရဲ့ ခမည်းတော်မျိုးရိုးက မြင်စိုင်း “ငါးစီးရှင်ကျော်စွာ” ဘက်ကဖြစ်ပြီး မယ်တော်မျိုးရိုးကတော့ ပင်းယခေတ် “ဥဇနာမင်း” ဘက်က ဖြစ်တယ်လို့ ဆိုပါတယ်။ မင်းကြီးညိုဟာ တောင်ငူထီးနန်းကို စတင်တည်ပြီးချိန်မှာတော့ ဦးရီးတော် “မင်းစည်သူ” သွေးမြေကျရာ နန်းတော်ရာမှာ စည်းခုံစေတီကို တည်ထားခဲ့ပြီး မြို့ရဲ့ မြောက်ဘက် တာ ၅၀၀ အကွာမှာရှိတဲ့ ပုပ်ပဲချောင်းအနီး ပြောင်းရွှေ့စံမြန်းခဲ့ပါတယ်။ အဲဒီနေရာကိုတော့ “မြ၀တီ” လို့ခေါ်ဝေါ်သမုတ်ခဲ့ပေမဲ့ အဆိုပါနန်းမြို့ကိုတည်ပြီးနောက် ၅ နှစ်အကြာ မြန်မာသက္ကရာဇ် ၈၅၃ ခုနှစ် မှာတော့ ခပေါင်းချောင်းနဲ့ ပေါင်းလောင်းမြစ်တို့ဆုံရာနေရာမှာ “ဒွါရ၀တီ” နန်းအသစ်ကို ထပ်မံတည်ခဲ့ပါတယ်။ နှောင်းခေတ် သမိုင်းမှတ်တမ်းတွေမှာ “ကေတုမတီ” လို့အမည်တွင်တဲ့ တောင်ငူနန်းကိုတော့ “ဒွါရ၀တီ” နန်းတည်ပြီးနောက် နှစ်ပေါင်း ၂၀ အကြာမှတည်ခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာဆိုရင် တောင်ငူရဲ့ ဘုန်းတန်ခိုးအရှိန်အဝါဟာ အလွန်အမင်းကိုကျော်ဇောပြည့်စုံနေပြီ ဖြစ်ပါတယ်။

“ဒွါရ၀တီ” နန်းသစ်ကိုတည်ပြီးချိန်မှာတော့ တောင်ငူကို စတင်ခိုဝင်ရောက်လာတဲ့လူဦးရေကလည်း တစ်စထက် တစ်စဆိုသလို များပြားလာခဲ့တာကြောင့် တောင်ငူရဲ့ အင်အားကလည်း တဖြည်းဖြည်းကြီးမားလာခဲ့ပါတယ်။ ဒီလိုမျိုးအင်အားကြီးမားလာတဲ့ အခါမှာတော့ မင်းကြီးညိုဟာ ရမည်းသင်းစား “မင်းရဲကျော်စွာ” ရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ ကျေးရွာတွေနဲ့ အောက်အရပ်မှ မွန်ဘုရင် “ဗညားရံ” ရဲ့ နယ်ပယ်အစွန်အဖျားတွေကို စတင်ချီတက်သိမ်းယူခဲ့ပါတော့တယ်။ မင်းကြီးညိုရဲ့ ခြေလှမ်းစတင်မှုတွေကို မွန်ဘုရင် “ဗညားရံ” ကြားသိချိန်မှာတော့ အင်အားအလုံးအရင်းနဲ့ တောင်ငူ ကိုချီတက်ဝိုင်းရံလာခဲ့ပါတယ်။ ဒါပေမဲ့လည်း မင်းကြီးညို က သူ့ရဲ့ ညီတော်ဖြစ်တဲ့ စည်သူကျော်ထင်နဲ့အတူ ထွက်တိုက်ခဲ့တာကြောင့် အင်အားအရာမှာ ကြီးမား လှတယ်လို့ ဂုဏ်သတင်းကျော်ကြားတဲ့ ဟံသာ၀တီတပ်တွေ ပျက်သုဉ်းခြင်းဆီကို ရောက်ရှိခဲ့ပါတော့တယ်။

ဒီလိုမျိုး ဟံသာ၀တီတပ်တွေကို နှိမ်နှင်းနိုင်ခဲ့တဲ့ မင်းကြီးညိုရဲ့ တောင်ငူတပ်တွေအကြောင်းကို အင်း၀ဘုရင် “ဒုတိယမင်းခေါင်”  ကြားသိချိန်မှာတော့ နှစ်ထောင်းအားရဖြစ်ခဲ့တာကြောင့် မင်းကြီးညိုရဲ့ မူလဘွဲ့ဖြစ်တဲ့ “သီရိဇေယျသူရ” ရှေ့မှာ “မဟာ” ဆိုတာကို ထည့်သွင်းချီးမြှင့်ခဲ့သလို မင်းမြှောက်တန်ဆာငါးပါးပေးပြီး အနောက်ဘက်မှာရှိတဲ့ ရမည်းသင်းကိုလည်း တိုက်ခိုက် စေခဲ့ပြန် ပါတယ်။ ဒါကြောင့် မင်းကြီးညိုဟာ သူ့ရဲ့ တောင်ငူတပ်တွေကိုချီတက်ပြီး ရမည်းသင်း၊ တောင်တွင်းကြီးနဲ့ တောင်ဘက် ဒေသ မှာရှိတဲ့ မွန်ဒေသတွေကိုလည်း ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

တောင်ငူတပ်တွေအနေနဲ့ ဒီလိုတိုက်ပွဲတွေအလီလီကို ရင်ဆိုင်တိုက်နေရတဲ့အချိန်အတွင်းမှာပဲ အင်း၀ဘုရင် “ဒုတိယမင်းခေါင်” ဟာ နတ်ရွာစံခဲ့တာကြောင့် သားတော် “ရွှေနန်းကြော့ရှင် နရပတိ” ကထီးနန်းဆက်ခံခဲ့ပြီး အဲဒီအချိန်အတွင်းမှာပဲ ရမည်းသင်းစား “မင်းရဲကျော်စွာ” လည်း ကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီလိုအခြေအနေတွေဟာ မင်းကြီးညိုအတွက်တော့ အင်အားကြီးမားတဲ့ အရှင်သခင်နဲ့ ပြိုင်ဘက်တို့ တစ်ပြိုင်တည်းပျက်စီးဆိတ်သုဉ်းခြင်းဖြစ်ခဲ့တာကြောင့် ကြီးမားတဲ့အခွင့်အရေးတစ်ခုကိုရရှိခဲ့တယ်လို့ ဆိုရင်လည်းမမှားပါဘူး။ ဒါတွေအပြင် ရမည်းသင်းစားရဲ့ ကျွန်တွေကလည်း အင်း၀ကို သစ္စာမခံလိုတာကြောင့် တောင်ငူဆီ ပြောင်းရွှေ့လာခဲ့သလို အင်း၀နန်းတွင်းရဲ့ အရှုပ်တော်ပုံတွေကြောင့် အင်း၀မှ သူရဲကောင်းတွေကလည်း တောင်ငူနန်းတွင်းကို ဝင်ရောက်လာခဲ့ကြပြန်ပါတယ်။ ဒီလိုနဲ့ မင်းကြီးညို တည်ထောင်ခဲ့တဲ့ တောင်ငူထီးနန်းရဲ့ ဩဇာအာဏာဟာ ရမည်းသင်းနယ်ကိုပါ အလိုအလျောက်သက်ရောက်သွားခဲ့ပါတော့တယ်။

မင်းကြီးညိုရဲ့ ဘုန်းတန်ခိုးအရှိန်အဝါသက်ရောက်မှုတွေကိုသိရှိသွားတဲ့ အင်း၀ထီးနန်းရဲ့ “ရွှေနန်းကြော့ရှင် နရပတိ” ဟာ သူ့ရဲ့ နှမတော်ဖြစ်သူ “မင်းလှထွတ်” ကို မဟာမိတ်ပြုတဲ့သဘောအနေနဲ့ မင်းကြီးညိုထံပေးပို့ခဲ့ပြီး ရေလွှဲငါးခရိုင်ကိုလည်း ချီးမြှင့် ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အင်း၀အနေနဲ့ မြောက်ဘက်မှ အင်အားကြီးမားလာတဲ့ စော်ဘွားတို့ရဲ့ ရန်ကို ခုခံနေရသလို တောင်ဘက်မှာရှိတဲ့ စလင်းနဲ့ ပြည်တို့ရဲ့ ပုန်ကန်ခြားနားမှုတွေကို ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ ဒါ့အပြင် ညောင်ရမ်းစား ‘မင်းရဲကျော်ထင်’ ကွယ်လွန်သွားချိန်မှာ ညောင်ရမ်းတပ်တွေကလည်း တောင်ငူဆီကိုသွားရောက်ခိုလှုံခဲ့ပါတယ်။ ဒီလိုသတင်းကို အင်း၀ဘုရင် ‘နရပတိ’ ကြားသိလိုက်တဲ့အခါမှာတော့ မူလတုန်းကထားရှိခဲ့တဲ့ မဟာမိတ်ပြုလိုစိတ်တွေပျောက်ကွယ်သွားခဲ့ပြီး သည်းမခံနိုင်တဲ့အဆုံးမှာ တောင်ငူကို စတင်တိုက်ခိုက်ပါတော့တယ်။ ဒါပေမဲ့လည်း သာဂရ အရောက်မှာတော့ မင်းကြီးညိုရဲ့ အင်အားကြီးမားလှတဲ့ တောင်ငူတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် အင်း၀တပ်တွေ ပြိုကွဲသွားခဲ့ရပါတယ်။

တောင်ငူဟာ ပြည်နဲ့ပူးပေါင်းပြီး စလေကိုတိုက်ခိုက်ခဲ့သလို အဲဒီအချိန်မှာပဲ အင်း၀ဘုရင် နရပတိက အုန်းဘောင်စော်ဘွားထံမှ စစ်ကူတောင်းထားတဲ့ အင်အားအလုံးအရင်းနဲ့ ချီတက်လာခဲ့ပါတယ်။ဒီလိုနဲ့ ပုံတောင်ကိုရောက်ရှိချိန်မှာ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒီတစ်ခါမှာတော့ တောင်ငူနဲ့ ပြည်တပ်တို့မှာ အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘုန်းတန်ခိုးကြီးမားနေတဲ့ မင်းကြီးညိုကတော့ အရှုံးထဲကအမြတ်ထွက်ဆိုသလို ပခန်းငယ်၊ ပင်းနတ်မောက်နဲ့ ကျောက်ပန်းတောင်းဒေသတွေကို သွားရောက်ပြီးလှည့်လည်သိမ်းယူခဲ့ပါတယ်။

မင်းကြီးညိုဟာ ကေတုမတီတောင်ငူမြို့ကို တည်ထောင်စံမြန်းနေထိုင်ခဲ့ချိန်မှာတော့ ဝါးနွယ်ကုန်းသူကြီးရဲ့ သမီးဖြစ်သူ ခင်ဦးကို မိဖုရားအရာချီးမြှင့်မြှောက်စားခဲ့ပါတယ်။ မိဖုရား ခင်ဦးနဲ့ ရှားရှားပါးပါးရရှိလာတဲ့ သားတော်လေးကိုတော့ မွေးကင်းစကတည်းက ထူးခြားတဲ့လက္ခဏာအမှတ်အသားအနေနဲ့ ဦးခေါင်းထက် ရွှေရောင်ဆံချည်မျှင်တစ်ပင်ပါလာခဲ့တာကြောင့် ‘တပင်ရွှေထီး’ လို့ အမည်သတ်မှတ်ခေါ်တွင်စေခဲ့ပါတယ်။ တပင်ရွှေထီး အသက် ၁၄ နှစ် အရွယ်ကိုရောက်ရှိချိန်မှာတော့ သက်တော် ၇၂ နှစ် အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ခမည်းတော် မင်းကြီးညိုဟာ နတ်ရွာစံသွားခဲ့တာကြောင့် တောင်ငူထီးနန်းကို သားတော် တပင်ရွှေထီးက ဆက်ခံခွင့်ရခဲ့ပြီး နောင်တစ်ချိန်မှာတော့ တပင်ရွှေထီးဆိုတာဟာ ဒုတိယမြန်မာနိုင်ငံတော်ကို အစဦးတည်ထောင်ခဲ့သူ “မင်းတရား ရွှေထီး” အဖြစ်လူသိများထင်ရှားခဲ့ပါတယ်။

=================================================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ ပြည့်စုံဖို့ရာဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ်။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တလော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမကအနာဂတ် ရောဂါဘယဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်။ ။
ဖောင့်ဖြည့်ရန် https://forms.gle/Q658N6QEVYxcegTi7

More Interesting Blogs from Zlann