ဒဏ္ဍာရီဆန်လှတဲ့ဖြစ်ရပ်တွေနဲ့ မွေးဖွားလာသူ ဝေဠုဝတီမိဖုရား

မြန်မာ့သမိုင်းရာဇဝင်မှာ ထူးခြားဆန်းပြားတဲ့ ဒဏ္ဍာရီဆန်ဆန်ဖြစ်ရပ်တွေနဲ့ မွေးဖွားလာကြသူတွေရှိပါတယ်။ အဲဒီလိုသူတွေထဲမှာဆိုရင် နရပတိစည်သူမင်းရဲ့ မိဖုရားခေါင်တစ်ပါးဖြစ်သူ ဝေဠုဝတီမိဖုရားကလည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး သူမရဲ့ မွေးဖွားပုံနဲ့ ဘ၀ဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖွယ်ကောင်းလှတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ‘ဝါးမင်းသမီး’ ✨ လို့လည်း ခေါ်ဝေါ်သမုတ်ခြင်းခံရတဲ့ ဝေဠုဝတီမိဖုရားအကြောင်းကို လက်လှမ်းမှီသမျှ စုစည်းတင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ ❤😮

‘ဝေဠုဝတီ’ လို့ အမည်ခေါ်တွင်ရတဲ့အကြောင်းကတော့ သူမဟာ လူသားနှစ်ယောက်ပေါင်းစပ်ခြင်းမှမွေးဖွားသူမဟုတ်ဘဲ ဝါးပင်မှ မွေးဖွားလာသူဖြစ်တာကြောင့်ဖြစ်ပါတယ်။ 🤔 သူမကို ခရစ်နှစ် ၁၁၇၄ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်တယ်လို့ ရာဇဝင်ကျမ်းတွေမှာ ဖော်ပြထားတာကိုတွေ့ရပြီး မွေးဖွားခဲ့တဲ့အရပ်ဒေသကတော့ ရှမ်းပြည်နယ်၊ မြင်စိုင်းဝက်ဝံအရပ်မှာရှိတဲ့ တောအုပ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဝါးပင်မှ လူသားတစ်ယောက်ကိုမွေးဖွားတယ်ဆိုတာက ရိုးရိုးရှင်းရှင်းတွေးတောကြည့်ရင် မဖြစ်နိုင်ဘူးဆိုပေမဲ့လည်း စာပေကျမ်းဂန်တွေထဲမှာတော့ ပဋိသန္ဓေတည်တဲ့ပုံစံက (၄) မျိုးရှိတယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်။

အဆိုပါ ပဋိသန္ဓေ (၄) မျိုးကတော့ –

၁။ ဥပပတ် ပဋိသန္ဓေ (ကိုယ်ထင်ရှား ဘွားကနဲဖြစ်ပေါ် လာသော ပဋိသန္ဓေမျိုး)

၂။ သံသေဒဇ ပဋိသန္ဓေ (အညှိကိုစွဲ၍ အလွန်သေးငယ်စွာမှ တဖြည်းဖြည်းကြီးပွားလာရသည့် ပဋိသန္ဓေမျိုး)

၃။ အဏ္ဍဇ ပဋိသန္ဓေ (ဥခွံအတွင်းနေရသော ပဋိသန္ဓေမျိုး)

၄။ ဇလာဗုဇ ပဋိသန္ဓေ (မိခင်၏ သားအိမ်၌နေရသော ပဋိသန္ဓေမျိုး) တို့ဖြစ်ကြပါတယ်။

ဒါ့အပြင် အဏ္ဍဇ ပဋိသန္ဓေနဲ့ ဇလာဗုဇ ပဋိသန္ဓေတို့ပေါင်းစပ်ထားတဲ့ “ဂဗ္ဘသေယျကပဋိသန္ဓေ” ဆိုတာလည်းရှိပါသေးတယ်။

‘ဝေဠုဝတီ’ ဟာ ဝါးပင်မှမွေးဖွားလာတယ်လို့ အဆိုရှိပေမဲ့လည်း သစ်သီးသစ်ပင်တို့ကနေမွေးဖွားလာသူအဖြစ် ကျမ်းဂန်တွေထဲမှာ ဖော်ပြခံထားရသူကတော့ သူမ တစ်ဦးတည်းမဟုတ်ပါဘူး။ အညှိကိုစွဲပြီး အလွန်သေးငယ်စွာမှ တဖြည်းဖြည်းကြီးပွားလာရတဲ့ ပဋိသန္ဓေမျိုး (တစ်နည်းအားဖြင့်) သံသေဒဇ ပဋိသန္ဓေတည်ပြီး မွေးဖွားလာကြသူတွေကတော့ ………………..

၁။ မယ်လမု (လမုသီးမှ သန္ဓေတည်မွေးဖွား)
၂။ စိဉ္ဇမာဏ (မန်ကျည်းပင်မှ သန္ဓေတည်မွေးဖွား)
၃။ အမ္ဗပါလီ ပြည့်တန်ဆာမ (သရက်ပင်မှ သန္ဓေတည်မွေးဖွား)
၄။ ရူစိရပဘာဝတီ (အိုးစရည်းခန့်ရှိ ဥသျှစ်သီးမှ သန္ဓေတည်မွေးဖွား)
၅။ ဝေဠုဝတီမိဖုရား (ဝါးပင်မှ သန္ဓေတည်မွေးဖွား) တို့ဖြစ်ကြပါတယ်။

ဝါးပင်ကနေမွေးဖွားလာတဲ့ ‘ဝေဠုဝတီ’ ကို ပြော့လူမျိုးတို့က တောအုပ်ထဲမှာတွေ့ရှိခဲ့တာဖြစ်ပြီး သူမရဲ့ အသွင်ဟန်ပန်ဟာဆိုရင်တော့ တခြားမိန်းကလေးတွေနဲ့မတူဘဲ မြင်ရသူပုရိသအပေါင်း စွဲလမ်းတိမ်းညွတ်တပ်မက်လောက်အောင် လှပလွန်းတယ်လို့ အဆိုရှိပါတယ်။ ‘ဝေဠုဝတီ’ ကို ပြော့လူမျိုးတို့က တွေ့ရှိပြီးနောက်မှာတော့ သူကြီးအိမ်ကိုပို့ဆောင်လိုက်ကြပြီး သူကြီးမိသားစုကလည်း သူမကို သမီးအရင်းသဖွယ် ပြုစုစောင့်ရှောက်ကျွေးမွေးထားခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တန်အရွယ်ရောက်တဲ့အခါမှာတော့ ရွှေအဆင်းရှိပြီး လှပတဲ့ဒီလိုမိန်းကလေးမျိုးဟာ တောရွာမှာမနေသင့်ဘဲ ရှင်ဘုရင်အနားမှာသာ ခစားသင့်ကြောင်းကို သူကြီးကစဉ်းစားမိတာကြောင့် ပုဂံပြည့်ရှင်ထံကို ဆက်သလိုက်ပါတော့တယ်။

အဲဒီအချိန်မှာ ပုဂံထီးနန်းကိုဆက်ခံထားသူကတော့ နရသူမင်းရဲ့ သားတော်အကြီးဖြစ်သူ မင်းယဉ်နရသိင်္ခဖြစ်ပါတယ်။ နရသူမင်းမှာ မင်းယဉ်နရသိင်္ခနဲ့ နရပတိစည်သူဆိုတဲ့ သားတော်နှစ်ပါးရှိပြီး မင်းယဉ်နရသိင်္ခကတော့ ခမည်းတော် နရသူမင်း နတ်ရွာစံပြီးချိန် ၁၁၆၁ ခုနှစ်မှာ ပုဂံထီးနန်းကို စိုးစံခွင့်ရခဲ့ကာ ညီတော်ဖြစ်တဲ့ နရပတိစည်သူကိုတော့ စစ်ဦးစီးချုပ်နဲ့ အိမ်ရှေ့အရာ ပေးအပ်ခဲ့ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းအရာကိုဆက်ရမယ်ဆိုရင်တော့ နန်းတော်အတွင်းသို့ဆက်သခံရတဲ့ ‘ဝေဠုဝတီ’ ကို နရသိင်္ခမင်းက မြင်တွေ့ချိန်မှာ ‘ဝေဠုဝတီ’ ရဲ့ အသွင်က အပြင်အဆင်မရှိခဲ့တာကြောင့် နားပေါက်တွေကလည်းကျယ်ဟနေခဲ့ပြီး ခါးနဲ့ ဝမ်းဗိုက်ကလည်း သဘောမတွေ့စရာပုံစံ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် “နားကျယ်နှင့်ဝမ်းပျက်လိလိ” လို့ဆိုကာ ကိုယ်လုပ်တော်အဖြစ်ရွေးချယ်ခြင်းမပြုဘဲ ညီတော် အိမ်ရှေ့မင်း နရပတိစည်သူကိုပဲ ပေးသနားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မင်းယဉ်နရသိင်္ခနဲ့ နရပတိစည်သူတို့ရဲ့ မယ်တော်ဖြစ်တဲ့ မြောက်ပြင်သည်မိဖုရားကြီးက ချွေးမလောင်းကို အနားခေါ်ကာ သိရှိထားသင့်တဲ့ နန်းတွင်းဓလေ့တွေသင်ကြားပေးခဲ့သလို ရှိရင်းစွဲအလှကို ပိုမိုတောက်ပလာစေဖို့အတွက်လည်း အပြစ်အနာအဆာမရှိအောင် ဖန်တီးပြုပြင်ပေးခဲ့ပါတယ်။ ဒီအခါမှာတော့ ‘ဝေဠုဝတီ’ ရဲ့အလှဟာ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း မြင်ရသူပုရိသအပေါင်း စွဲလမ်းတိမ်းညွတ်တပ်မက်လောက်စရာကောင်းသွားခဲ့တာကြောင့် မူလတုန်းကငြင်းဆန်ခဲ့တဲ့ နရသိင်္ခမင်းမှာလည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကိုပြောင်းလဲပြီး ‘ဝေဠုဝတီ’ ကိုရယူနိုင်ဖို့အတွက် စဉ်းစားကြံစည်ပါတော့တယ်။ ဒါကြောင့် ညီတော် အိမ်ရှေ့မင်း နရပတိစည်သူကို ငဆောင်ချမ်းအရပ် (ဗန်းမော်အနီး) မှာ ထကြွသောင်းကျန်းနေတဲ့ သူပုန်တွေကိုနှိမ်နှင်းဖို့ လှည့်ဖျားစေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ နောင်တော်ဖြစ်သူရဲ့ အကြံအစည်ကိုရိပ်မိတဲ့ နရပတိစည်သူကလည်း သူ့ရဲ့ လူယုံဖြစ်တဲ့ မြင်းခံငပြည့်ကို ပုဂံနေပြည်တော်မှာ အစောင့်သဘောထားရှိခဲ့ကာ အကြောင်းထူးလျှင်အမြန်လိုက်လာသတင်းပို့ဖို့အတွက် မှာကြားပြီး စစ်သည်အင်အားအပြည့်နဲ့ ငဆောင်ချမ်းအရပ်ဆီကို စစ်ချီထွက်ခဲ့ပါတယ်။

နရပတိစည်သူ မရှိတဲ့အချိန်မှာတော့ နရသိင်္ခမင်းက ခယ်မတော် ‘ဝေဠုဝတီ’ ကို မိဖုရားအဖြစ်တင်မြှောက်ခဲ့ပြီး အဲဒီအချိန်မှာလည်း နရပတိစည်သူက ငဆောင်ချမ်းမှာ သူပုန်တွေကိုမတွေ့ရှိရတာကြောင့် နောင်တော်ဘုရင်ရဲ့ လှည့်စားမှုကို သဘောပေါက်သိရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း လူယုံအဖြစ်ထားရှိခဲ့တဲ့ မြင်းခံငပြည့်က ဖြစ်ရပ်အစုံအလင်ကို အိမ်ရှေ့မင်းထံလျှောက်တင်ဖို့အတွက် မြင်းနဲ့ အပြင်းနှင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ငါးဘတ်ချောင်းအရပ်ကိုရောက်ချိန်မှာတော့ ချောင်းတစ်ဖက်ကမ်းမှာ အိမ်ရှေ့မင်း စခန်းချထားကြောင်း မသိရှိဘဲ ညဉ့်လည်းနက်နေပြီဖြစ်တာကြောင့် ကမ်းမကူးဘဲ ဒီဘက်ကမ်းမှာတင် ညအိပ်ရပ်နားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီညမှာပဲ ငပြည့် စီးနင်းလာတဲ့ မြင်းက ချောင်းတစ်ဖက်ကမ်းမှာရှိနေတဲ့ သခင်ဖြစ်သူကို အနံ့ခံမိခဲ့တာကြောင့် ဟီသံပေးပါတော့တယ်။

အဆိုပါမြင်းရဲ့ ဟီသံကို နရပတိစည်သူ ကြားသိတဲ့အခါမှာလည်း သင်္ကာမကင်းဖြစ်မိခဲ့ပေမဲ့ မနက်ရောက်တော့မှသာ ငပြည့်က ချောင်းကိုကူးပြီး အလုံးစုံလျှောက်တင်လေပါတယ်။ ဒီအခါမှာ နရပတိစည်သူက ဒီလောက်အရေးကြီးနေတဲ့အချိန်မှာ ချောင်းတစ်ဖက်ကိုကူးမလာဘဲ ညအိပ်နေဟန်ကောင်းလားလို့ဆိုကာ အမျက်တော်ထွက်ကာ ငပြည့်ကို ကွပ်မျက်လိုက်ပြီး ကြွင်းကျန်ရစ်တဲ့ရုပ်အလောင်းကိုတော့ ရေမှာမျောလိုက်ပါတယ်။ ငပြည့်ရဲ့ရုပ်အလောင်းဟာ ဧရာ၀တီမြစ်ကမ်းမှ ကျွန်းတစ်ကျွန်းမှာသောင်တင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အဲဒီကျွန်းကို “ရွှေပြည့်ရှင်ကျွန်း” လို့အမည်ခေါ်တွင်ခဲ့ပါတယ်။ ကျွန်ယုံငပြည့်ဟာ ကွပ်မျက်ခံရပြီးနောက်မှာ နတ်စိမ်းအဖြစ် ရောက်ရှိသွားခဲ့တာကြောင့် နောက်ပိုင်းမှာ မင်းမိန့်နဲ့ အဆိုပါအရပ်ဒေသကို အပိုင်စားရရှိခဲ့ပြီး “မြင်းဖြူရှင်နတ်” အဖြစ် ဒေသခံတို့ရဲ့ ကိုးကွယ်ပသခြင်းကိုခံခဲ့ပါတယ်။ 😮ငပြည့် ညအိပ်ရပ်နားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးဘတ်ချောင်းတစ်ဖက်ကမ်းမှတောင်ကို “မြင်းလှည့်တောင်” လို့ အမည်ခေါ်တွင်ခဲ့ပြီး ကွပ်မျက်ခံခဲ့ရတဲ့နေရာကိုတော့ “ကွပ်တော်ရာ” လို့ ယနေ့တိုင်ခေါ်ဝေါ်လျက်ရှိပါတယ်။ ဒီအကြောင်းအရာတွေဟာ ဝေဠုဝတီမိဖုရားနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပေမဲ့လည်း သွယ်ဝိုက်ပတ်သက်နေတာကြောင့် ဗဟုသုတအဖြစ် ထည့်သွင်းဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။

နရပတိစည်သူဟာ ပုဂံနေပြည်တော်ကိုပြန်ရောက်ချိန်မှာတော့ အမတ် ငအောင်စွာကိုခေါ်ယူပြီး လက်ရွေးစင်တပ်သား ၈၀ ကို စည်းရုံးကာ နောင်တော် နရသိင်္ခမင်းကို လုပ်ကြံခဲ့ပါတယ်။ နရသိင်္ခမင်းဟာ နန်းသက်အားဖြင့် ၃ နှစ်မျှသာကာလကြာမြင့်ခဲ့ပြီး အဲဒီနှစ်တွေအတွင်းမှာတော့ မင်းအောင်မြတ်၊ စောလတ်၊ စောအလွှမ်းနဲ့ ဝေဠုဝတီတို့ကို မိဖုရားအရာမြှောက်ခဲ့ပါတယ်။ နရပတိစည်သူဟာ ပုဂံထီးနန်းကို ၁၁၇၄ ခုနှစ်မှာစတင်စိုးစံခဲ့ပြီး နောင်တော်ဖြစ်သူရဲ့ မိဖုရားတွေကိုလည်း သူ့ရဲ့ မိဖုရားတွေအဖြစ် ဆက်လက်တင်မြှောက်ခဲ့ပါတယ်။ အဓိကရာဇဝင်ကျမ်းသုံးစောင်မှာတော့ နရပတိစည်သူရဲ့ မိဖုရားခေါင်ဟာ ဝေဠုဝတီဖြစ်တယ်လို့ ဖော်ပြထားကြပေမဲ့ ခေတ်ပြိုင်ကျောက်စာအထောက်အထားတွေမှာတော့ ဝေဠုဝတီရဲ့ နာမည်ကို မိဖုရားခြောက်ပါးစာရင်းရဲ့ နောက်ဆုံးမှာသာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

နရပတိစည်သူမင်းနဲ့ ဝေဠုဝတီမိဖုရားတို့မှာ “ဇေယျသူရ” လို့အမည်တွင်တဲ့သားတော်တစ်ပါးရှိပြီး ဝေဠုဝတီနဲ့ သားတော် ဇေယျသူရတို့ကိုတော့ တလုပ်၊ အမြင့်နဲ့ အနိမ့်မြင့်တွေကို အပိုင်စားပေးခဲ့ပါတယ်။ ဝေဠုဝတီမိဖုရားဟာ ဘုရင်နှစ်ပါးရဲ့ မိဖုရားအရာကို ရောက်ရှိခဲ့တယ်ဆိုပေမဲ့ ထီးနန်းစည်းစိမ်တို့ကို သက်တမ်းစေ့ခံစားခွင့်မရခဲ့ဘဲ ခရစ်နှစ် ၁၁၈၆ ခုနှစ်မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ကာ ကွယ်လွန်ချိန်မှာတော့ သူမရဲ့အသက်က ၃၆ နှစ်အရွယ်သာရှိပါသေးတယ်။ ဝေဠုဝတီမိဖုရား ကွယ်လွန်ပြီးချိန်မှာတော့ နရပတိစည်သူမင်းကြီးဟာ ဇနီးသည်အတွက်ရည်စူးပြီး တလုပ်မြို့မှာ ရွှေသပိတ်စေတီတော်ကို တည်ထားတော်မူခဲ့တယ်လို့ သိရပါတယ်။

ဇာတ်လမ်း Z-Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။

YouTube ❤: https://www.youtube.com/@zlann_podcast
Podcast ❤https://podcasters.spotify.com/pod/show/z-lann
Facebook ❤Group https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #ဝေဠုဝတီမိဖုရား

More Interesting Blogs from Zlann