သီရိဓမ္မာသောကမင်းလို့ ကြားလိုက်တာနဲ့ ဗုဒ္ဓသာသနာတော်ကို နေလိုလလို ထွန်းကားပြန့်ပွားအောင် ကြံဆောင်ခဲ့သူ၊ တတိယ သင်္ဂါယနာတင်ခဲ့သူ၊ ဘုရားကျောင်းကန်ပေါင်း များစွာတို့ကို ဆောက်လုပ် လှူဒါန်းခဲ့သူ၊ အိန္ဒိယနိုင်ငံရဲ့ ဗုဒ္ဓသာသနာသမိုင်းမှာ မှတ်ကျောက်တစ်ခုတင်နိုင်အောင် ကြိုးပမ်းခဲ့သူ စသဖြင့် ဗုဒ္ဓသာသနာတော်ကြီးနဲ့ တွဲမြင်မိကြမှာ မလွဲပါဘူး။ ဒါကြောင့် အသောကမင်းတရားကြီးအကြောင်း တစေ့တစောင်း သိရှိနိုင်ဖို့ အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။
အသောကမင်းတရားကြီးဟာ အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံး အင်ပါယာဖြစ်တဲ့ မောရိယအင်ပါယာကြီးကို တည်ထောင်ခဲ့သူ စန္ဒဂုတ္တမင်းကြီးရဲ့ မြေးတော်ဖြစ်ပြီး ဗိန္ဓုသာရမင်းကြီးရဲ့ သားတော်ဖြစ်ပါတယ်။ ဒါကြောင့် အသောကမင်းကြီးအကြောင်းပြောမယ်ဆိုရင် ဘိုးတော်စန္ဒဂုတ္တမင်းကြီးအကြောင်းကနေ စတင်ရမှာဖြစ်ပါတယ်။
အချို့သမိုင်းမှတ်တမ်းတွေမှာတော့ စန္ဒဂုတ္တသတို့သားဟာ ဘီစီ ၃ ရာစုလောက်က ဂရိဧကရာဇ် အလက်ဇန္ဒား ဦးဆောင်တဲ့ ဂရိတပ်တွေ အိန္ဒုမြစ်ဝှမ်းတစ်ခွင်ကို ကြီးစိုးလာတဲ့အခါ ဂင်္ဂါမြစ်ဝှမ်းကို မရောက်လာအောင် တွန်းလှန်တိုက်ခိုက်အောင်မြင်ပြီး နောင်အခါ အင်အားကြီးမားတဲ့ မောရိယပြည်ထောင်ကြီးကို ထူထောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အချို့သမိုင်းမှတ်တမ်းတွေထဲမှာတော့ စန္ဒဂုတ္တသတို့သားဟာ သာကီဝင်မင်းမျိုးဖြစ်ပြီး ကျူးကျော်သူ တို့ရန်ကြောင့် မယ်တော်ဖြစ်တဲ့ မိဖုရားကြီး ထွက်ပြေးတိမ်းရှောင်ရာမှာ ပဋိသန္ဓေအဖြစ် ပါသွားခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။ မယ်တော်ဖြစ်သူဟာ ကိုယ်ဝန်အရင့်အမာနဲ့ ပါဋလိပုတ်ပြည်ကို ရောက်ရှိတဲ့အခါ သားတော်လေးကို နွားခြံတစ်ခြံမှာ မွေးဖွားခဲ့ပါတယ်။
အဲဒီနောက် နွားခြံထဲက ‘စန္ဒ’ အမည်ရှိတဲ့ နွားလားဥသဘက ကလေးကို အထိအခိုက်မဖြစ်အောင် စောင့်ရှောက်ကာရံနေတာကို နွားကျောင်းသားက မြင်တဲ့အခါ နွားလားဥသဘ စန္ဒကို အစွဲပြုပြီး ‘စန္ဒဂုတ္တ’လို့ အမည်မှည့်ကာ ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ စန္ဒဂုတ္တလေး အရွယ်ရောက် လာတဲ့အခါ နယ်ပယ်တစ်ခွင်မှာ မင်းလောင်းကို လိုက်လံရှာဖွေနေတဲ့ ဇာနက္ကပုဏ္ဏားဟာ သူ့ရဲ့ကြံအင်လက္ခဏာကို သဘောကျတာကြောင့် ဗေဒင်ပညာနဲ့ တခြားသိသင့်တဲ့ အတတ်ပညာတွေကို သင်ကြားပေးဖို့အတွက် နေပြည်တော်ကို ခေါ်ခဲ့ပါတယ်။
အဲဒီနောက် ဇာနက္ကပုဏ္ဏားကြီးရဲ့ အထောက်အပံ့နဲ့ စန္ဒဂုတ္တမင်းသားလေးဟာ ဘုရင်အဖြစ်ကို ရောက်ရှိခဲ့ပြီး မကြာမီမှာပဲ အင်အားကြီးမားတဲ့ မောရိယ အင်ပါယာကို ထူထောင်ခဲ့ပါတယ်။ ဒါ့အပြင် အသောကမင်းကြီးရဲ့ ခမည်းတော် ဗိန္ဓုသာရမင်းကြီးရဲ့ အကြောင်းကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ စန္ဒဂုတ္တမင်းကြီးဟာ မလိုသူတို့ အဆိပ်ခတ်လုပ်ကြံတဲ့အခါ အဆိပ်သင့်ခြင်းဘေးက ကင်းဝေးစေဖို့အတွက် နေ့စဉ်ပွဲတော်ထဲမှာ အဆိပ်အနည်းငယ်ထည့်ပြီးမှ တစ်ပါးတည်း ပွဲတော်တည်ပါတယ်။
တစ်နေ့မှာတော့ ကိုယ်ဝန်အရင့်အမာနဲ့ မိဖုရားတစ်ပါး ဟာ အဲဒီအဆိပ်ပါတဲ့ ပွဲတော်ကို စားမိသွားပါတယ်။ မင်းကြီးက အချိန်မီ ထွေးအန်ခိုင်းပေမယ့်လည်း အဆိပ်သင့်ပြီး မိဖုရား တိမ်းပါးသွားပါတယ်။ ဒီအခါ ဝမ်းဗိုက်ထဲက သန္ဓေသားကို ခွဲထုတ်ယူပြီး ဆိတ်မတစ်ကောင်ရဲ့ ဝမ်းထဲကို ထည့်ကာ သန္ဓေသားကို နေ့ရက်စေ့စေပါတယ်။ သားတော်လေးဟာ ဆိတ်မဝမ်းထဲမှာ နေခဲ့ရတာကြောင့် အသားအရေမှာ အပေါက်ပေါက်တွေဖြစ်နေတာကို အစွဲပြုပြီး ‘ဗိဒ္ဓုသာရ’လို့ ခေါ်တွင်ခဲ့ပါတယ်။
စန္ဒဂုတ္တမင်းကြီးဟာ နှစ်ဆယ့်လေးနှစ်စိုးစံပြီးနောက် နတ်ရွာစံခဲ့ပါတယ်။ ခမည်းတော်ရဲ့ အရိုက်အရာကို သားတော် ဗိန္ဓုသာရကဆက်ခံခဲ့ပါတယ်။ ဗိန္ဓုသာရမင်းကြီးရဲ့ မိဖုရားခေါင်ကတော့ ဓမ္မာမိဖုရားပဲဖြစ်ပါတယ်။ ဓမ္မာမိဖုရားဝမ်းထဲမှာ အသောကမင်းလောင်းလျာ ပဋိသန္ဓေနေတဲ့အခါ မိဖုရားဟာ ချင်ခြင်း ၅ ပါးဖြစ်ပေါ်ပါတယ်။ ခြေတစ်ဖက်က နေဝန်း၊ ကျန်တစ်ဖက်က လဝန်းကိုနင်းပြီး ကောင်းကင်က ကြယ်တို့ကို စားချင်တယ်၊ တိမ်တို့ကို စားချင်တယ်၊ မြေပြင်ထက်က သစ်ပင်သစ်ညွန့်တို့အပါအဝင် မြေကြီးထဲက တီတို့ကိုလည်း စားချင်တယ် ဆိုတာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် မင်းကြီးက ချင်ခြင်း ၅ ပါးရဲ့အဓိပ္ပာယ်ကို ကိုးကွယ်တဲ့ စရဏာဇီဝကထံ မေးမြန်းပါတယ်။
နေလတို့ကို နင်းချင်တယ်ဆိုတာ မင်းဖြစ်ရင်တောင်မှ သာမန်မင်းမဟုတ်ဘဲ ဇမ္ဗူဒီပါကျွန်းရဲ့ အပြင်မှာ ထွန်းလင်းတောက်ပနေတဲ့ နေလတို့သဖွယ် မင်းတို့ကိုပါ နှိမ်နင်းနိုင်လိမ့်မယ်လို့ ဆိုလိုတာဖြစ်ပြီး ကြယ်တို့ကို စားချင်တဲ့နိမိတ်ကတော့ ညီအစ်ကိုတစ်ဖသားချင်း မင်းသားတွေကို သုတ်သင်မယ့် နိမိတ်ဖြစ်ပါတယ်။ တိမ်တွေကို စားချင်တဲ့နိမိတ်မှာ သာသနာတော်ရဲ့ ပြင်ပဖြစ်တဲ့ အယူမှားတွေကို ဖယ်ရှားပစ်မှာဖြစ်သလို မြေပြင်အထက်က သစ်ပင်သစ်ညွန့်တွေနဲ့ မြေကြီးထဲက တီတွေကို စားချင်တယ် ဆိုတာကတော့ မင်းရဲ့အာဏာစက်ဟာ မြေပြင်အထက် တစ်ယူဇနာနဲ့ မြေကြီးထဲ တစ်ယူဇနာအနက်အထိ ပျံ့နှံ့မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ မင်းကြီးလည်း အားရကျေနပ်ပြီး စရဏာဇီဝက ကို ဆုတော်လာဘ်တော်တို့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဒီလိုနဲ့ နေ့ရက်စေ့တဲ့အခါမှာတော့ အသောကမင်းသားလေးကို ဖွားမြင်ခဲ့ပါတယ်။ မင်းသားလေးရဲ့ မွေးဖွားရာ ခုနှစ်သက္ကရာဇ်နဲ့ ပတ်သက်လို့ မှတ်တမ်းပေါင်းစုံမှာ ကွဲပြားမှုတွေရှိနေပြီး သေချာတာကတော့ ဘီစီ ၃၀၀ ဝန်းကျင်မှာ ဖွားမြင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ မင်းသားလေးမှာ ‘တိဿ’ အမည်ရှိတဲ့ ညီအရင်းတစ်ယောက် ရှိပါတယ်။ ခမည်းတော် ဗိန္ဓုသာရမင်းကြီးမှာ မင်းသားလေးတို့ညီအစ်ကို အပါအဝင် သားတော် ၁၀၁ ပါးရှိပြီး မိဖုရား ၁၆ ပါးရှိပါတယ်။ မင်းသားလေး အရွယ်ရောက်တဲ့အခါမှာတော့ အဝန္တိတိုင်း၊ ဥဇ္ဇေနီပြည်ကို အပိုင်စားရပြီး ပြောင်းရွှေ့စိုးစံပါတယ်။
ဥဇ္ဇေနီပြည်မှာ စိုးစံနေခိုက် ဝေဒိဿပြည်က အမျိုးကောင်းသမီးဖြစ်တဲ့ ဝေဒိဿဒေဝီနဲ့ လက်ဆက်ကာ သားတော် မဟိန္ဒမင်းသားနဲ့ သမီးတောင် သင်္ဃမိတ္တာမင်းသမီးတို့ ထွန်းကားခဲ့ပါတယ်။ ခမည်းတော် ဗိန္ဓုသာရမင်းကြီး နာမကျန်းဖြစ်တဲ့ သတင်းကို ကြားရတဲ့အခါ အသောကမင်းလည်း မိဖုရားနဲ့ သားတော်၊ သမီးတော်တို့ကို ဥဇ္ဇေနီပြည်မှာ ချန်ထားရစ်ခဲ့ပြီး ပါဋလိပုတ်ကို အလျင်လိုက်သွားခဲ့ပါတယ်။ ဗိန္ဓုသာရမင်းကြီး နတ်ရွာစံပြီး နောက်မှာတော့ အရိုက်အရာကို အသောကမင်းသားက ဆက်ခံလိုက်ပါတယ်။
ဒီအခါ တက္ကသိုလ်ပြည်မှာ ပုန်ကန်သူ တို့ကိုဖြေရှင်းနေတဲ့ နောင်တော်သုမနမင်းသားနဲ့တကွ ကိုးကျိပ်ကိုးယောက်သော မင်းသားတို့ပါ ပါဋလိပုတ်ကို စစ်ချီလာကြပါတယ်။ ဒီလိုနဲ့ အသောကမင်းကြီးဟာ ညီတော် တိဿမှတစ်ပါး တစ်ဖသားချင်း ညီအစ်ကိုရင်းတွေကို သုတ်သင်ခဲ့တဲ့ မင်းဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အချို့သော သမိုင်းမှတ်တမ်းတွေနဲ့ ကျောက်စာတွေမှာတော့ အသောကမင်းကြီးဟာ ဆွေတော်မျိုးတော်တွေနဲ့ သွေးသားရင်းချာတွေအပေါ်မှာ သနားကရုဏာကြီးသူဖြစ်ပြီး မင်းဖြစ်လာတာကလည်း ပညာရှိများအားလုံးရဲ့ ထောက်ပံ့ပေးမှုကြောင့်သာမက ဘုန်းတန်ခိုးကြောင့်ပါ ဖြစ်လာခဲ့ရတယ်လို့လည်း ဖော်ပြထားတာကို တွေ့ရမှတ်ရပါသေးတယ်။
အသောကမင်းဟာ ထီးနန်းကို ရရချင်း ဘိသိက်မခံသေးပဲ ပြည်တွင်းရေးရာတို့ကို ဦးစွာစီမံပါတယ်။ လေးနှစ် ကြာပြီး ဘီစီ ၂၇၀ ရောက်မှ မင်းအဖြစ် ရာဇဘိသိက်ခံယူကာ ‘ဒေဝါနံပိယ’ နဲ့ ‘ပိယဒဿီ’ ဆိုတဲ့ ဘွဲ့အမည်တွေကို ယူခဲ့ပါတယ်။ ညီတော် တိဿကို အိမ်ရှေ့အရာ အပ်နှင်းပြီး ဥဇ္ဇေနီပြည်က သားတော်နဲ့ သမီးတော်တို့ကိုလည်း ပါဋလိပုတ်နေပြည်တော်ဆီ ခေါ်ဆောင်ခဲ့ပါတယ်။ မိဖုရား ဝေဒိဿဒေဝီကတော့ နေရပ်မှာပဲ နေရစ်ပါတယ်။ အကြောင်းကတော့ မင်းကြီးမှာ အဂ္ဂမဟေသီမိဖုရားခေါင်ကြီး အသန္တိမိတ္တာမိဖုရားရှိနေပြီးဖြစ်တာကြောင့်ပါ။
အသောကမင်းကြီးက ဘိုးတော်နဲ့ ခမည်းတော်တို့နည်းတူ ဗြဟ္မဏနွယ်ဝင်တစ်ဦးဖြစ်တာကြောင့် ဗြဟ္မဏမင်းတို့ရဲ့ ယုံကြည်ကိုးကွယ်မှုအတိုင်း နေ့စဉ် အာဇီဝက ခြောက်သောင်းတို့ကို နန်းတော်ထဲပင့်ဖိတ်ကာ ကျွေးမွေး လှူဒါန်းပါတယ်။ ဘိသိက်ခံယူပြီး လေးနှစ်အကြာမှာတော့ မင်းကြီးဟာ အကျင့်သိက္ခာနဲ့ ပြည့်စုံပြီး ကြည်ညိုဖွယ်ရာ အသွင်အပြင်ရှိတဲ့ အလှူခံပုဂ္ဂိုလ်ကို ရှာဖွေပါတယ်။ဒီအခါ နောင်တော် သုမနမင်းသားရဲ့ သားတော်ဖြစ်တဲ့ နိဂြောဓသာမဏေကို တွေ့တဲ့အခါမှာတော့ ကြည်ညိုစိတ်ပွားပြီး ဥပါသကာတစ်ဦးဖြစ်လာပါတယ်။ နိဂြောဓသာမဏေငယ်ရဲ့ ဆရာဖြစ်သူ ‘အရှင်မဟာမောဂ္ဂလိပုတ္တတိဿ’ နဲ့တကွ ရဟန်းသံဃာတော်တို့ကိုလည်း ကိုးကွယ်ဆည်းကပ်ပြီး နေပြည်တော်ရဲ့ အရှေ့တောင်ဘက်အရပ်မှာ ‘အသောကာရာမ’ ကျောင်းကိုဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။
ညီတော်တိဿကတော့ နောင်တော် အသောကမင်းကြီးကိုးကွယ်တဲ့ ရဟန်းသံဃာတော်တွေဟာ ပျော်ရွှင်မြူးထူး စွာနဲ့ အပျော်အပါးမမက်သူတွေဖြစ်တယ်ဆိုတာကို သံသယဝင်နေပါတယ်။ ဒါကြောင့် မင်းကြီးက ညီငယ်ကို မှူးမတ်တွေနဲ့ တိုင်ပင်ကာ ဥပါယ်တံမျဉ်နဲ့ နန်းတင်စေပြီးမှ သူ့အပေါ် ပုန်ကန်အမှုကိုပြုတယ်လို့ စွပ်စွဲကာ ၇ ရက်ပြည့်တဲ့နေ့မှာ စီရင်မယ်လို့ အမိန့်ချမှတ်လိုက်ပါတယ်။
အဲဒီနောက်မှာတော့ တိဿမင်းသားခမျာ သေရေးကို သိနေတာကြောင့် မစားနိုင် မသောက်နိုင်ဖြစ်ရပါတယ်။ ဒီတော့မှ မင်းကြီးက ရဟန်းသံဃာတော်တို့ဟာ မရဏနုဿတိ ကို နေ့စဉ်ပွားများနေကြသူတွေဖြစ်တာကြောင့် သေဘေးကိုသိသိရက်နဲ့ ဘယ်လိုပျော်ပါးမြူးထူး နေနိုင်ပါ့မလဲလို့ တရားပြလိုက်ပါတယ်။ ဒါကြောင့် တိဿမင်းသားလည်း တရားအသိကို သဘောပေါက်ပြီး ရဟန်းဝတ်သွားပါတယ်။
ဘိသိက်ခံပြီး ၈ နှစ်အကြာ ဘီစီ ၂၆၂ မှာ အရှေ့ဘက်ပင်လယ်ကမ်းခြေရှိ မဟာနဒီနဲ့ ဂေါ်ဒါဝရီ မြစ်စပ်တို့ကြားက ကလိင်္ဂတိုင်းနဲ့ စစ်မက်အကြီးအကျယ်ဖြစ်ပွားပါတယ်။ တိုက်ပွဲမှာ အသောကမင်းကြီး အနိုင်ရခဲ့ပေမယ့် အများ သူငါတို့ သေကြေပျက်စီးကာ ဒုက္ခရောက်ရပုံတွေကို မြင်ပြီး သံဝေဂရကာ လက်နက်ကို ထာဝရ စွန့်လွှတ် လိုက်ပါတယ်။ အဲနောက် ဗုဒ္ဓသာသနာအပေါ် ရှေးကထက် ပိုမိုသက်ဝင်ယုံကြည်ပြီး စိတ်အားထက်သန် လာပါတော့တယ်။
မင်းကြီးဟာ တခြားသော အယူဝါဒရှိသူနဲ့ ဘာသာခြားတွေအားလုံးကိုလည်း နိုင်ငံအတွင်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပြီး သင့်တော်ရာ ကျောင်းသင်္ခမ်းတွေကိုလည်း ဆောက်လုပ် လှူဒါန်းပါတယ်။ လူတို့အပေါ် သနားကြင်နာရုံ သာမကပဲ တိရစ္ဆာန်တို့အပေါ်မှာလည်း တန်းတူမေတ္တာထားပြီး သားသတ်ရုံတွေမှာ သတ်ဖြတ်မှုကို နည်းနိုင်သမျှ နည်းစေသလို ယဇ်ပူဇော်တဲ့ ဓလေ့ကိုလည်း တားမြစ်ခဲ့ပါသေးတယ်။
ဒါ့အပြင် လူတို့အတွက် ဖျားနာမှုတစ်စုံတစ်ရာ ဖြစ်လာပါက ကုသနိုင်အောင် သူနာရုံတွေကိုလည်း တည်ဆောက်ပေးသလို တိရစ္ဆာန်လေးတွေအတွက်လည်း ဘေးမဲ့ဂေဟာနဲ့ ဆေးကုသရေး ဌာနတို့ကိုပါ ပြုလုပ်ပေးပါတယ်။ မင်းကြီးအနေနဲ့ ဓမ္မဆိုတာဟာ ဘာသာရေး ထုံးတမ်းစဉ်လာတွေကို လိုက်နာပြီး ဂါထာမန္တန် ရွတ်ဖတ်ပူဇော်ခြင်းထက် လူ့လောကနဲ့ လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။
မင်းကြီးရဲ့ ကုသိုလ်ရေးကိစ္စအဝဝနဲ့ ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကို နောင်လာနောက်သားတို့ သိရှိကြ စေဖို့အတွက် ကျောက်တိုင်၊ ကျောက်ပြားတို့ပေါ်မှာ ကမ္ဗည်းတင်ပြီး ကျောက်စာအဖြစ် ရေးထိုးပါတယ်။ ယနေ့တိုင် အသောကမင်းတရားကြီး လက်ထက်က ရေးထိုးခဲ့တဲ့ ကျောက်တိုင်အချို့ကို အိန္ဒိယနိုင်ငံ အနှံ့အပြားမှာ တွေ့ရှိနိုင်ပါသေးတယ်။ ဗုဒ္ဓရဲ့ ဓာတ်တော် မွေတော်တို့ကို စုဆောင်းပြီးလည်း ထူပါရုံစေတီတွေကို တည်ထား ကိုးကွယ်ခဲ့သလို ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ကိုအစွဲပြုပြီး ဇမ္ဗူဒိပ်ကျွန်းတစ်ခုလုံးရဲ့ နေရာအနှံ့အပြားမှာ စေတီပေါင်း ၈၄၀၀၀၊ ရေတွင်း ရေကန်ပေါင်း ၈၄၀၀၀ တို့ကို ပြုလုပ်လှူဒါန်းခဲ့ပါတယ်။
မင်းကြီးဟာ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်ပြီး ရဟန်းသံဃာတော်တို့ကို ကြည်ညိုလေးမြတ်ကာ အလွန်တရာချီးမြှင့်မြှောက်စားတာကြောင့် တိတ္ထိတက္ကတွန်းတို့ဟာ ရဟန်းတုတွေအဖြစ်နဲ့ သာသနာတော်ထဲကို ဝင်ရောက်လာကြတာကြောင့် သာသနာတော်ဟာ မသန့်မရှင်းဖြစ်သွားပါတယ်။ ဒါကြောင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်နဲ့ တိုင်ပင်ကာ ရဟန်းယောင်တွေကို သာသနာတော်ထဲကနေ စစ်ထုတ်၊ ဖယ်ရှားကာ သာသနာသက္ကရာဇ် ၂၃၅ မှာ တတိယမြောက် သင်္ဂါယနာကို အရှင်မဟာမောဂ္ဂလိပုတ္တတိဿက ဦးဆောင်ပြီး မင်းကြီးက ဒါယကာအဖြစ်နဲ့ ဗုဒ္ဓသာသနာတော်ကို ပြန်လည်အရောင်တင်ခဲ့ပါတယ်။
တတိယသင်္ဂါယနာတင်ပြီးနောက် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က သာသနာတော်ရဲ့ အနာဂတ်ကို ဉာဏ်တော်နဲ့ ရှုမြင်တဲ့အခါ သာသနာတော်ဟာ ဇမ္ဗူဒိပ်မှာ ကြာရှည်မှာမဟုတ်ပဲ ပစ္စန္တရစ်အရပ်မှာသာ စည်ပင် လိမ့်မယ်လို့ မြင်ပါတယ်။ ဒါကြောင့် မင်းကြီးဟာ ဥပသမ္ပဒကံဆောင်နိုင်ဖို့အတွက် ခေါင်းဆောင်သံဃာတစ်ပါးနဲ့ နောက်လိုက်သံဃာငါးပါးစီတို့ကို ကိုးတိုင်းကိုးဌာန အသီးသီးဆီ စေလွှတ်ပြီး သာသနာတော်ကို ထွန်းကားပြန့်ပွား စေပါတယ်။
အဲ့ဒီလို နိုင်ငံအရပ်ရပ်မှာပါ ဗုဒ္ဓသာသနာတော် ပြန့်ပွားအောင် ဆောင်ရွက်ခဲ့တဲ့ ကျေးဇူးကြောင့် အိန္ဒိယနိုင်ငံမှာ သာသနာတော်မှေးမှိန်သွားပေမယ့် ကျန်တိုင်းနိုင်ငံ၊ ဒေသတွေမှာ ဆက်လက်ကျန်ရှိနေတာ ဖြစ်ပါတယ်။
တိုင်းပြည်အရေးနဲ့ ဗုဒ္ဓသာသနာတော် ပြန့်ပွားစည်ပင်ရေးတို့ကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တဲ့ အသောကမင်းကြီးဟာ ဘီစီ ၂၃၂ ခန့် (အချို့မှတ်တမ်းများမှာတော့ ဘီစီ ၂၂၆) တွင် နတ်ရွာစံ ကံတော်ကုန်ခဲ့ပါတယ်။ ယနေ့အချိန်ထိ ဗုဒ္ဓသာသနာတော်ကြီး ဆက်လက်ရှင်သန်နေတာဟာ အသောကမင်းကြီးရဲ့ အမြော်အမြင်ရှိရှိ လုပ်ဆောင်မှုတွေကြောင့်ဆိုတာကိုတော့ တစ်ဦးတစ်ယောက်မှ ငြင်းဆိုနိုင်မှာ မဟုတ်ပါဘူး။ အသောကမင်းကြီးကို ဆက်ခံတဲ့ နောက်မင်းတွေလက်ထက်မှာတော့ အိန္ဒိယနိုင်ငံဟာ သာသနာတော် မှေးမှိန်ခဲ့ပြီး မောရိယ အင်ပါယာကြီးလည်း ပျက်သုဉ်းခဲ့ရပါတယ်။
#ZLann #ZLann_Podcast #ဇာတ်လမ်း #အသောကမင်းကြီး #ဓမ္မတရားတော် #ဗုဒ္ဓဘာသာ #သီရိဓမ္မာသောကမင်း #ဗုဒ္ဓသာသနာသမိုင်း #အသောကမင်းတရားကြီး #ဗုဒ္ဓဘာသာသာသနာပြုဘုရင် #ဗုဒ္ဓသာသနာသမိုင်း