နတ်တစ်ပါးအဖြစ် ထိုင်းလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကိုရရှိထားတဲ့ မိဖုရား ဆုပန်ကလျာ

‘ဆုပန်ကလျာ’ ဆိုတဲ့နာမည်ကိုတော့ သမိုင်းကြောင်းစိတ်ဝင်စားသူတွေတိုင်း ရင်းနှီးထားကြမှာပါ။ ဒါပေမဲ့ သူမရဲ့ ဘ၀ဇာတ်လမ်းနဲ့ ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်ဆန်းအချို့ကိုတော့ ကြားဖူးကောင်းကြားခဲ့သူတွေရှိကြသလို တချို့တွေကျတော့လည်း လုံး၀ဥဿုံမသိရှိတာမျိုးတွေရှိပါတယ်။ ဒါကြောင့် ဒီနေ့တင်ဆက်ပေးသွားမဲ့ “သိပြီးပြီလား” ကဏ္ဍမှာတော့ ထိုင်းလူမျိုးဖြစ်ပေမဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့ မိဖုရားတစ်ပါးအ‌ဖြစ် ဟံသာ၀တီနေပြည်တော်အတွင်းမှာ စံမြန်းနေထိုင်းခဲ့ဖူးတဲ့ ‘ဆုပန်ကလျာ’ အကြောင်းကို လက်လှမ်းမီသမျှ စုစည်းဖော်ပြပေးလိုက်ပါတယ်။
✨✨✨✨✨✨✨✨✨✨✨✨✨

‘ဆုပန်ကလျာ’ ဟာ ဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သူ ဘုရင့်နောင်မင်းတရားကြီးရဲ့ မိဖုရားတစ်ပါး အဖြစ် တည်ရှိခဲ့သူဖြစ်ပေမဲ့လည်း သူမရဲ့ ဘ၀ဇာတ်ကြောင်းကိုတော့ သမိုင်းစာမျက်နှာတွေထဲမှာ အကျယ်တဝံ့နဲ့ ပြည့်စုံစွာဖော်ပြခဲ့ခြင်းမျိုးမရှိပါဘူး။ ဆုပန်ကလျာရဲ့ ဖခင်ဖြစ်သူကတော့ နောင်မှာ အယုဒ္ဓယပြည်ရဲ့မင်းဖြစ်လာတဲ့ ပိဿလောက်စား မဟာသမ္မာရာဇာမင်းဖြစ်ပြီး မိခင်ကတော့ မိဖုရားခေါင်ကြီး ဝိသုကေသထရီ ဖြစ်ပါတယ်။ မွေးချင်းမောင်နှမတွေအနေနဲ့ကတော့ ဗြနရာဇ် (နရဲစွမ်) နဲ့ ဧကထိုစရို လို့အမည်တွင်တဲ့ မောင်တော်နှစ်ပါးရှိပြီး မယ်တော်ဘက်မှတော်စပ်မယ်ဆိုရင် သူမတို့မောင်နှမတွေဟာ ဘုရင် ‘မဟာချက္ကရဖတ်’ နဲ့ မိဖုရား ‘ဆူရီယိုထိုင်း’ တို့ရဲ့ မြေးတွေအဖြစ်တော်စပ်ကြပါတယ်။ ဆုပန်ကလျာကို ခရစ်နှစ် ၁၅၅၅ ခုနှစ် မတိုင်မီ (သို့မဟုတ်) အဲဒီခုနှစ်အတွင်းမှာပဲ ဖွားမြင်ခဲ့တာဖြစ်ပြီး သေဆုံးချိန်ကိုတော့ အတိအကျဖော်ပြထားခြင်း မရှိပါဘူး။ တချို့တွေကတော့ ဆုပန်ကလျာဟာ ၁၅၆၇ ခုနှစ်မှာသေဆုံးခဲ့တာဖြစ်တဲ့အတွက် သေဆုံးချိန်မှာ သူမရဲ့အသက်က ၂၂ အရွယ်သာရှိသေးတယ်လို့ ဆိုထားကြပါတယ်။ ဒါပေမဲ့လည်း တခြားရာဇဝင်တွေမှာတော့ သူမဟာ ၁၅၆၇ ခုနှစ်၊ ဇန်နဝါရီလတုန်းက ဟံသာ၀တီကိုဆက်သခံခဲ့ရတဲ့ မင်းသမီးတစ်ပါးအဖြစ်ဖော်ပြထားပြီး သက်တော် ၃၃ အရွယ်ရောက်မှသာ ဖျားနာပြီး ကံတော်ကုန်ခဲ့ဖြစ်တယ်လို့ ဆိုထားကြပြန်ပါတယ်။

မြန်မာရာဇဝင်တွေမှာတော့ ဆုပန်ကလျာဟာ ‘ဗြဣန္ဒဒေဝီ’ (သို့မဟုတ်) မင်းမယ်ထွေးလို့အမည်တွင်ပေမဲ့ မိဖုရားတွေ၊ ကိုယ်လုပ်တော်မောင်းမတွေရဲ့ စာရင်းမှာတော့ သူမရဲ့နာမည်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ ဒါကြောင့်လည်း သူမနဲ့ပတ်သက်တဲ့ သမိုင်းဇာတ်ကြောင်းမှတ်တမ်းတွေဟာ ရှာဖွေရခက်တာဖြစ်နိုင်ပါတယ်။ ဖတ်ရှုလေ့လာခဲ့ဖူးတဲ့ ရာဇဝင်မှတ်တမ်းတွေရဲ့ ဖော်ပြချက်တွေအရကတော့ ဘုရင့်နောင်မင်းတရားကြီးဟာ အယုဒ္ဓယကိုသိမ်းပိုက်ပြီးချိန်မှာ အယုဒ္ဓယဘုရင် ‘ဗြမဟိန်’ ကိုနန်းချပြီး လက်အောက်ခံဘုရင်အဖြစ် ထိုင်းလူမျိုးဖြစ်တဲ့ ပိဿလောက်မြို့စား “ဗြမဟာဓမ္မရာဇာ” ကို ထားရှိခဲ့ပါတယ်။ တကယ်တော့ ပိဿလောက်မြို့စား “ဗြမဟာဓမ္မရာဇာ” နဲ့ အယုဒ္ဓယဘုရင် ‘ဗြမဟိန်’ တို့က ယောက်ဖ တော်စပ်ကြသူတွေပါ။ ဒါပေမဲ့ ဘုရင့်နောင်မင်းတရားကြီးကိုယ်တိုင် ချီတက်လာခဲ့တဲ့ ဟံသာ၀တီတပ်တွေရဲ့ အင်အားကို “ဗြမဟာဓမ္မရာဇာ” က မတွန်းလှန်နိုင်တာကြောင့် ဘုရင့်နောင်ဘက်က သစ္စာခံပြီး အယုဒ္ဓယကို ကူညီသိမ်းပိုက်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဘုရင့်နောင်က “ဗြမဟာဓမ္မရာဇာ” ကို လက်အောက်ခံဘုရင်အဖြစ် နန်းတင်ရာမှာ သူကိုယ်တိုင် ထီးဖြူဆောင်းပေးခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

“ဗြမဟာဓမ္မရာဇာ” ဟာ ဟံသာ၀တီရဲ့ လက်အောက်ခံဘုရင်တစ်ပါးဖြစ်လာပြီးချိန်မှာတော့ “ဗြမဟာဓမ္မရာဇာ” ရဲ့ သားဖြစ်တဲ့ မင်းသား “နရဲစွမ်” ကို ဟံသာ၀တီနေပြည်တော်တည်ရှိရာ ယခု ပဲခူးမြို့ဆီကိုခေါ်ဆောင်လာခဲ့ပြီး ရာဇဝင်မှာတော့ “နရဲစွမ်” ကို ဘုရင့်နောင်မင်းကြီးရဲ့ မွေးစားသားတော်တစ်ပါးအဖြစ် ဖော်ပြထားကြပါတယ်။ ခမည်းတော် “ဗြမဟာဓမ္မရာဇာ” က ဘုရင်အဖြစ်ကိုရောက်ချိန်မှာ သမီးတော် ‘ဆုပန်ကလျာ’ ကလည်း အယုဒ္ဓယရဲ့ တော်ဝင်မင်းသမီးတစ်ပါးဖြစ်လာခဲ့ပြီး တချို့သောမှတ်တမ်းမှတ်ရာတွေရဲ့ ဖော်ပြချက်တွေအရဆိုရင် “ဗြမဟာဓမ္မရာဇာမင်း” ဟာ ဟံသာ၀တီပြည်ကိုရောက်ရှိနေတဲ့ သားတော် နရဲစွမ်ကို အယုဒ္ဓယပြည်ဆီ ပြန်လည်ခေါ်လိုတာကြောင့် အလဲအလှယ်သဘောအနေနဲ့ သမီးတော် ‘ဆုပန်ကလျာ’ ကိုဆက်သခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဘုရင့်နောင်မင်းတရားဟာ အယုဒ္ဓယကို သိမ်းပိုက်ပြီးနောက်မှာတော့ တိုက်ပွဲကြောင့် ပြိုယွင်းပျက်စီးခဲ့တဲ့ ဘုရား၊ ကျောင်း၊ ကန်တို့ကို ပြန်လည်ပြုပြင်ပေးခဲ့ပြီး ပိဋကတ်သုံးပုံကိုလည်း ဘာသာပြန်ကာ အယုဒ္ဓယဆီပေးပို့ခဲ့ပါတယ်။ မြန်မာ၊ မွန်၊ ရှမ်းနဲ့ ထိုင်းသံဃာတော်တို့ကိုလည်း ရက်သတ္တပတ်လည်အောင် ဆွမ်းကပ်တော်မူခဲ့ပြီး အလေးအချိန်၊ အတိုင်းအတာနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းပမာဏတို့ကိုတော့ ဗမာပြည်နဲ့တစ်သားတည်းဖြစ်အောင် ညှိနှိုင်းသတ်မှတ်ပေးစေခဲ့ပါတယ်။ ဒါ့အပြင် တရားဥပဒေကို ဟံသာ၀တီနေပြည်တော်နဲ့တန်းတူညီမျှမှုရှိအောင် ဆောင်ရွက်ပေးတော်မူခဲ့ပြီး မိမိထံ သစ္စာခံလာသူ အပေါင်းတို့ကိုလည်း ကျောသား၊ ရင်သားခွဲခြားမှုမရှိဘဲ ချီးမြှင့်မြှောက်စားပေးခဲ့ပါတယ်။ အယုဒ္ဓယနိုင်ငံနဲ့ပတ်သက်သမျှ ကိစ္စအလုံးစုံကို ဆောင်ရွက်ပေးပြီးချိန်မှာတော့ “ဗြမဟာဓမ္မရာဇာမင်း” ဆက်သလာတဲ့ အသက် ၁၇ နှစ်အရွယ် ‘ဆုပန်ကလျာ’ မင်းသမီးကို မိဖုရားအဖြစ်တင်မြှောက်ခဲ့ပါတယ်။

‘ဆုပန်ကလျာ’ ဟာ အလွန်ချောမောလှပတဲ့သူဖြစ်တဲ့အလျောက် ဘုရင့်နောင်မင်းတရားကြီးရဲ့ ချစ်မြတ်နိုးမှုကိုလည်းရရှိခဲ့သူပါ။ မိဖုရားတစ်ပါးဖြစ်လာပြီးနောက်မှာတော့ ‘ဆုပန်ကလျာ’ က လင်တော်မောင် မင်းတရားကြီးအတွက် “မင်းအထွေး” လို့ခေါ်တဲ့ သမီးတော်လေးတစ်ပါးကိုမွေးဖွားပေးခဲ့ပြီး သားတော်တစ်ပါးကိုလည်း ထပ်မံမွေးဖွားပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တချို့ပါးစပ်ရာဇဝင်တွေမှာတော့ သူမဟာ ကံတော်ကုန်တဲ့အချိန်မှာ ဒုတိယရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတယ်လို့ သိရပါတယ်။ ဘုရင့်နောင်မင်းကြီးရဲ့ တန်ဖိုးထားမှုတွေ၊ အလေးပေးဆက်ဆံမှုတွေကြောင့် သာယာပျော်ရွှင်စွာနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဆုပန်ထွာရဲ့ ဘ၀ဟာ မင်းကြီး နတ်ရွာစံချိန်မှာတော့ တစ်ဆစ်ချိုးပြောင်းလဲလို့ခဲ့ပါတယ်။ မင်းကြီး နတ်ရွာစံပြီးနောက်မှာတော့ သားတော် နန္ဒဘုရင်က နန်းတက်လာခဲ့ပြီး အဲဒီအချိန်မှာဆိုရင် အယုဒ္ဓယမှာထားရှိတဲ့ တောင်ငူရဲ့ လက်အောက်ခံဘုရင်ကလည်း မင်းသား “နရဲစွမ်” ဖြစ်နေပါပြီ။ ဒါကြောင့် နန္ဒဘုရင်ရဲ့ နန်းတက်ပွဲကို “နရဲစွမ်” ကလည်း တခြားလက်အောက်ခံဘုရင်တွေနည်းတူ လက်ဆောင်ပစ္စည်းတွေယူဆောင်ပြီး တက်ရောက်လာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ နန္ဒဘုရင်နဲ့ အင်း၀ဘုရင် သတိုးမင်းစောတို့က သားရေးသမီးရေးကိစ္စကိုအကြောင်းပြုလို့ စစ်ဖြစ်တာကြောင့် နန္ဒဘုရင်ကလည်း ဟံသာ၀တီရဲ့ လက်အောက်ခံဘုရင်တွေကို စစ်ကူခေါ်ခဲ့ပါတယ်။ ဒီအခါမှာ “နရဲစွမ်” (ခေါ်) ဘုရင် ဗြနရာဇ် ကလည်း လာရောက်စစ်ကူပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကျမှရောက်လာတဲ့အပြင် စစ်ချီသွားရမဲ့ အင်း၀ဆီကို လိုက်မသွားဘဲ ဟံသာ၀တီနေပြည်တော်အနီးမှာသာ တပ်အင်အားအပြည့်နဲ့ ခြံရံနေခဲ့တာကြောင့် နန္ဒဘုရင်ရဲ့ သားတော်ကြီးဖြစ်သူ မဟာဥပရာဇ်က အင်အားအပြည့်နဲ့ စောင့်ကြည့်နေခဲ့ရပါတယ်။ နန္ဒဘုရင်က အင်း၀ကို စစ်ချီအောင်နိုင်ပြီး ပြန်လာချိန်မှာတော့ ဘုရင် ဗြနရာဇ်ကလည်း ဟံသာ၀တီနေပြည်တော်မှာရှိတဲ့ ထိုင်းလူမျိုးစစ်သုံ့ပန်းတွေကိုခေါ်ဆောင်ပြီး အယုဒ္ဓယကို ပြန်သွားပါတော့တယ်။ ဒီအခါမှာ ဟံသာ၀တီနဲ့ အယုဒ္ဓယတို့ရဲ့ စစ်ပွဲတွေ ပြန်လည်စတင်လာခဲ့ပြီး အဲဒီအချိန်မှာဆိုရင် ‘ဆုပန်ကလျာ’ က ဒုတိယကိုယ်ဝန်အရင့်အမာနဲ့ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုကိုယ်ဝန်အရင့်အမာဖြစ်နေတဲ့ ‘ဆုပန်ကလျာ’ မိဖုရားကို နန္ဒဘုရင်က ဓားနဲ့ခုတ်သတ်ခဲ့တယ်လို့ ထိုင်းရာဇဝင်သမိုင်းတွေမှာ ဖော်ပြထားကြပေမဲ့ မြန်မာရာဇဝင်မှာတော့ ဒီအကြောင်းအရာကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ ဒါကြောင့် ‘ဆုပန်ကလျာ’ ရဲ့ ဘ၀ဇာတ်သိမ်းကို အတိအလင်းမသိရှိရပေမဲ့ ထိုင်းလူမျိုးတွေအတွက်ကတော့ ‘ဆုပန်ကလျာ’ ဟာ ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် တိုင်းတစ်ပါးမှာလာရောက်နေထိုင်ခဲ့သူ မိန်းမကောင်းမိန်းမမြတ်တစ်ယောက်အဖြစ် လေးစားခံရပါတယ်။ ဒါ့အပြင် နတ်ဝိဉာဉ်တွေကို ယုံကြည်အားကိုးကြတဲ့ နှောင်းခေတ်လူတွေအကြားမှာလည်း သူမဟာ နတ်သမီးတစ်ပါးအဖြစ် ရိုသေမြတ်နိုးခြင်းကိုခံထားရတာကိုတွေ့ရပါတယ်။

‘ဆုပန်ကလျာ’ ရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးအိုးကို မူလတုန်းက ဟံသာ၀တီနေပြည်တော်အတွင်းမှာသာ ထားရှိခဲ့ပေမဲ့လည်း ဘာသာရေးယုံကြည်မှုလွန်ကဲသူတွေက တိုင်းတစ်ပါးလူမျိုးအကြီးအကဲရဲ့ အရိုးအိုးကို နန်းတော်အတွင်းမှာ မထားရှိသင့်လို့ ဆိုခဲ့တာကြောင့် ‘ဆုပန်ကလျာ’ ရဲ့ အစေအပါးတစ်ယောက်က အရိုးအိုးကို ရန်ကုန်မြို့၊ ကျိုက္ကလော့စေတီတော်အနီးကို ပြောင်းရွှေ့ထားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာမြင့်ပြီးချိန် ၂၀၀၁ ခုနှစ်မှာတော့ အဆိုပါမြုပ်နှံထားတဲ့ အရိုးအိုးကို စေတီတော်ပြုပြင်ရေးအဖွဲ့က အမှတ်မထင်ဆိုသလို တူးဖော်ရှာတွေ့ခဲ့ပါတော့တယ်။
ဆုပန်ကလျာနဲ့ပတ်သက်တဲ့ သမိုင်းမှတ်တမ်းတွေက များများစားစားမရှိဘူးဆိုပေမဲ့လည်း ထိုင်းလူမျိုးတွေကတော့ ဒီနေ့အချိန်ထိ သူမကို နတ်ဘုရားမတစ်ပါးသဖွယ် ကိုးကွယ်ပူဇော်နေကြဆဲပါတယ်။ ကျိုက္ကလော့စေတီတော်ဝန်းအတွင်းမှာဆိုရင် သူမအတွက် ဆောက်လုပ်ထားတဲ့နတ်ကွန်းကိုတွေ့ရှိနိုင်ပြီး ထိုင်းနိုင်ငံမှာဆိုရင်လည်း သူမရဲ့ ရုပ်တုကို မောင်တော်ဖြစ်သူ နရဲစွမ်ရဲ့ ရုပ်တုနဲ့ အတူတူထားရှိကာ ပူဇော်ကန်တော့နေကြဆဲဖြစ်ပါတယ်။

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

YouTube ❤: https://www.youtube.com/@zlann_podcast
Podcast ❤ https://podcasters.spotify.com/pod/show/z-lann
Facebook Group ❤ https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #ဆုပန်ကလျာ

See less

More Interesting Blogs from Zlann