“နတ်ဝှက် ထားတယ်ဆိုတဲ့ ကျွန်းနက်”

ကျွန်းနက်ဆိုတာက ရေအောက်၊ မြေအောက် တွေမှာ အချိန်ကာလကြာမြင့်စွာ နစ်မြုပ်ရာမှ သဘာဝဓာတ် တွေပြောင်းလဲပြီး အနက်ရောက်ဖြစ်သွားတဲ့ ကျွန်းတုံး၊ကျွန်ပင်တွေဖြစ်ပါတယ်။ ရေကြောင်းတွေမှာ မျှောချတဲ့ကျွန်းပင်၊ ကျွန်းတုံးတွေ၊ မြစ်၊ချောင်းကမ်းပါးဘေးတွေမှာ ပေါက်နေတဲ့ ကျွန်းပင် တွေဟာ အကြောင်းအမျိုးမျိုးကြောင့် ရေအောက်နစ်မြုပ်ပြီး နှစ်ကာလ ကြာမြင့်တဲ့အခါ ကျွန်းသစ်ဟာ အဝါရောင်မှ အနက်ရောင် ပြောင်းသွားလေ့ရှိပါတယ်။အဲဒီလို နစ်မြုပ်မှုက နှစ်ပေါင်းများစွာကြာမြင်တဲ့အခါ မူလအရောင်မှ အနက်ရောင်အဖြစ် ပြောင်းလဲသွားကြပါတယ်။ဒီလိုပြောင်းလဲရာမှာ နှစ်ပေါင်း ၁၀၀ ကျော်မှသာ အနက်ရောင်အဖြစ်ပြောင်းလဲသွားကြခြင်းဖြစ်ပြီးတော့ အချို့ကျွန်းနက်တွေရဲ့ အလယ်သားတွေက အနီရောင် ပါတာတွေလည်းရှိပါတယ်။ ရေနံမြေဒေသတွေမှာလည်း ကျွန်းနက်ပင် ကို တွေ့ရလေ့ရှိတယ်လို့ဆိုပါတယ်။ ကျွန်းပင်တွေဟာ ရေနံမြေ မှဓာတ်တစ်မျိုးမျိုးနဲ့ ဓာတ်ပြုပြီး ကျွန်းနက်အဖြစ်ပြောင်းလဲသွားကြခြင်းဖြစ် ပါတယ်။ ရေနံဓာတ်နဲ့ ထိတွေ့ပြီး ဓာတ်ပြောင်း၊ အရောင်ပြောင်းသွားတဲ့ ကျွန်းသား အများစုက ကျွန်းဖိုပင် တွေဖြစ်ပါတယ်။ ကျွန်းနက် အများဆုံးတွေ့ရှိရတဲ့ နေရာတွေက ကျွန်းပင် အများအပြားပေါက်ရောက်ရာဒေသတွေဖြစ်သလို ရှေးယခင်က ရေစီးကြောင်းရှိရာ မြစ်၊ချောင်း တွေရဲ့ အောက်တွေမှာ ဖြစ်ပါတယ်။ ကျွန်းနက်တွေကို ရှာဖွေတွေ့ရှိနိုင်ဖို့မလွယ်ကူသလို နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်တဲ့အတွက် ကျောက်ဖြစ် သွားပြီး ဘာမှလုပ်လို့မရတော့တဲ့ ကျောက်ကျွန်းနက် တွေလည်းရှိပါတယ်။ ကျွန်းနက်ဆိုတာ ကျွန်းဆိုတဲ့ တနင်္လာနံ(၂) နဲ့ နက်ဆိုတဲ့ စနေနံ(၉) ကိုပေါင်းစပ်ထားတဲ့ အတွက် နဝင်းကိုက် သစ်သားဖြစ်ပါတယ်။ ၉ ဆိုတာ မူလနဝင်းဖြစ်ပြီး ၂၇ ဆိုတာငွေနဝင်းဖြစ်ပါတယ်။ တဖန် ၉ ဟာ သတ်လို့ မသေတဲ့ ဂဏန်းလို့ လောကီဆရာတို့က ယူဆကြပြီး ကျွန်းနက်ရဲ့ဓာတ်သဘောအရ ငွေအဆက်မပြတ်ဝင် စေတယ်လို့ဆိုပါတယ်။ ကျွန်းနက်ဘုရားကို အိမ်မှာပူဇော်ထားရှိမယ်ဆိုရင် လာဘ်ရွှင် စေတယ်လို့ဆိုကြသလို ပုတီး စီရင်ပြီး ဂုဏ်တော် (၉)ပါးကို နေ့တိုင်းစိပ်ရင်လည်း လာဘ်ရွှင်စေတယ်လို့ဆိုပါတယ်။ ကျွန်းနက်အသားကို ဆောင်ထားရုံနဲ့ ပယောဂ အတိုက် ကင်းစေတယ် အိပ်မက်ဆိုးတွေမမြင်မက်ဘူး လို့လည်း ဆိုပါတယ်။သွေးကင်ဆာရောဂါ၊ သွေးအားနည်းရောဂါ၊ နှလုံးရောဂါ ၊ ၊အတတ်ရောဂါနဲ့ကိုယ်လက် ကိုက်ခဲ ထုံကျင်နေသူတွေအတွက် ဆေးဘက်ဝင်တယ်လို့ဆိုကြပါတယ်။ ကျွန်းနက် စစ်မစစ် စမ်းသပ်လိုရင် ကျွန်းနက်အသားကို မီးရှို့ပြီးစမ်းသပ်နိုင်ပါတယ်။ မီးရှို့လိုက်တဲ့ ကျွန်းနက် အစစ်ရဲ့ ပြာ အရောင်ဟာ ရွှေအိုရောင်လိုလို ဝါဖန့်ဖန့် အရောင်ဖြစ်ပါတယ်။ရရှိလာတဲ့ ပြာတွေက သံလိုက်တုံး မှာကပ်နေရင်တော့ အရည်အသွေးကောင်းမွန်တဲ့ ကျွန်းနက်သား လို့ သတ်မှတ်ကြပါတယ်။ ကျွန်းနက်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး သိပ္ပံအယူအဆနဲ့ ကြည့်မယ်ဆိုရင် ကျွန်ပင်၊ကျွန်းတုံးတွေဟာ မြစ်ကြမ်း ပြင်မှာ နစ်မြုပ်နေတဲ့အခါအောက်ဆီဂျင်ပြတ်လပ်သွားတဲ့အတွက် အောက်စီဂျင်မဲ့ ဘက်တီးရီးယား တွေ သစ်လုံး အတွင်း ရှင်သန်ပေါက်ပွားလာကြပါတယ်။ အဲဒီ ဘက်တီးရီးယားတွေကြောင့် အရောင်တွေပြောင်း လဲသွားခြင်း ဖြစ်နိုင်ပါတယ်။နောက်တစ်ခုက မြစ်၊ချောင်း၊အင်း၊အိုင်တို့ရဲ့ ကြမ်းပြင်မှာရှိတဲ့ ရွှံ တို့ရဲ့ ဓာတ်ပစ္စည်း တွေနဲ့ ကျွန်းပင်မှာ ရှိတဲ့ ဓာတ်ပစ္စည်းတို့ ဓာတ်ပြုခြင်းကလည်း အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်းနက်တွေကို မီးရှို့ပြီး ပြာကို သံလိုက်နဲ့ကပ်တဲ့အခါ ပြာမှုန်တွေ က သံလိုက်မှာ ကပ်နေတဲ့အကြောင်းရင်းတစ်ခုက အဲဒီပြာမှာ သံဓာတ်တွေ များစွာပါဝင်နေတဲ့အတွက်ဖြစ်ပါတယ်။ ကျွန်းနက် ဆိုတာ နတ်တို့ဝှက်ထားတဲ့ အပင်ဖြစ်ကြောင်း အလွန်ထူးခြားကြောင်း၊ ဆောင်ထားခဲ့မယ်ဆိုရင် ကောင်းကျိုးချမ်းသာရရှိနိုင်ကြောင်း ယုံကြည်သူတွေ တစ်စ တစ်စများပြားလာမှုနဲ့အတူ စီးပွားရေလာဘ်မြင်သူ တို့က ဘုရားဆင်းတုတော်၊ရှင်သီဝလိ၊စိတ်ပုတီး နဲ့ယုံကြည်မှုဆိုင်ရာ အဆောင်အမျိုးမျိုး ပြုလုပ်ရောင်းချ လာကြပါတယ်။ ကျွန်းနက် တွေက သံဓာတ်ရှိတဲ့အတွက် ကာယသိဒ္ဓိ၊တန်ခိုးအာဏာ ဆိုတာနဲ့ ကတ်ကင်းမိတဲ့အတွက် ရာဇသိဒ္ဓိ၊ နဂါးနဲ့ ကတ်ကင်းမိတဲ့အတွက် တေဇသိဒ္ဓိ၊ငွေနဝင်းမိတဲ့အတွက် ဓနသိဒ္ဓိ၊သံလိုက်ဆွဲအား ကိန်းဝပ်တဲ့ အတွက် ပီယသိဒ္ဓိ ရှိတယ်လို့ဆိုကြပါတယ်။ ကျွန်နက်တွေဟာ သိဒ္ဓိဝင်တယ်လို့ ဆိုကြပေမဲ့ မြန်မာနိုင်ငံရဲ့ ရေအောက်၊မြေအောက်တွေထဲမှာ နစ်မြုပ်နေတဲ့ သစ်တွေဟာ ကျွန်းအပြင် အခြားသစ်မျိုစုံလည်းပါဝင် နိုင်ပြီး ကျွန်းနက် လို့ဆိုတဲ့ သစ်တွေဟာ အခြားသစ်တွေ လည်းဖြစ်နိုင်ပါတယ်။ သစ်တောဦးစီးဌာန ကစစ်ဆေးခဲ့တဲ့ ကျွန်းနက်တွေကလည်း ကျွန်းနက်အစစ်တွေ့ရှိရမှုနည်းပါတယ်လို့ သစ်တော မဂ္ဂဇင်းမှာ ဖော်ပြထားသလို သစ်သားကို မီးရှို့လိုက်တဲ့ပြာအချို့ဟာ သံလိုက်မှာ ကပ်နေပေမဲ့ ဒါဟာ ကျွန်းနက် ဖြစ်နိုင်သလို သံဓာတ်ပါဝင်မှုများပြားတဲ့ အခြားသော သစ်တွေလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကျွန်းနက် ဆိုတဲ့ သစ် ကို မြေအောက်၊ရေအောက် မှ ရရှိတယ်လို့ဆိုကြသူတွေ အများအပြားရှိပေမဲ့ ကျွန်းနက်ပင် ကိုတော့ လက်ရှိ အချိန် အထိ တွေ့မြင်ဖူးသူမရှိသေးတာက ထူးခြားမှုဖြစ်ပါတယ်။ အငြင်းပွားစရာအချို့ရှိနေပေမဲ့ ကျွန်းနက်တွေဟာ ထိုက်သူသာရနိုင်နဲ့ ရှားပါးသိဒ္ဓိဝင်လို့ လက်ခံယုံကြည် သူတွေလည်းပေါများလှပါတယ်။

#ZLann #ZLann_Podcast #မြန်မာ့ကျွန်းနက်

#သိဒ္ဓိဝင် #မြန်မာ့ရတနာ

More Interesting Blogs from Zlann