ဂရိတ်ဗြိတိန်ရယ်လို့ အင်အားအလွန်တောင့်တင်းပြီး နေမဝင်အင်ပါယာကြီးကို လျှမ်းလျှမ်းတောက် ထူထောင်နေတဲ့ အချိန်မှာ ဗြိတိန်နိုင်ငံရဲ့ အထူးချွန်ဆုံးနဲ့ အရည်အချင်းအရှိဆုံးလူတစ်ယောက်ကို ပြပါဆိုရင်တော့ အောင်မြင်တဲ့ စစ်သားတစ်ယောက်၊ ကျော်ကြားတဲ့ နိုင်ငံရေးသမားတစ်ယောက်အပြင် ထင်ရှားတဲ့ စာရေးဆရာလည်းဖြစ်တဲ့ ဝစ်စတန်ချာချီကို ညွှန်ပြကြရမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဝစ်စတန်ချာချီ ရယ်လို့ ဆိုလိုက်ရုံနဲ့တင် အောင်မြင်တဲ့ မိန့်ခွန်းပေါင်းများစွာရဲ့ ပိုင်ရှင်အဖြစ်လည်းသိကြဦးမှာပါ။ သူ့ရဲ့ ဘဝသက်တမ်းတစ်လျှောက်ဖြတ်သန်းခဲ့ရတဲ့ အကြောင်းအရာ အဖြစ်အပျက်များစွာကလည်း စိတ်ဝင်စားစရာကောင်းသလို မှတ်သားစရာများနဲ့လည်း ပြည့်နှက်နေပါတယ်။
ဝစ်စတန် လီယိုနာ့ထ် စပန်ဆာ ချာချီကို ၁၈၇၄ ခုနစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့မှာ ဖခင် လော့ဒ်ရန်းဒေါ့လ်ဖ် ချာချီနဲ့ မိခင် ဂျင်နီဂျရုံးတို့မှ အင်္ဂလန်နိုင်ငံ၊ ဝုဒ်စတော့ရှိ ဘလင်ဟိုင်းမ်နန်းတော် မှာမွေးဖွားခဲ့ခြင်းဖြစ်ပါတယ်။ ချာချီကို ပုံမှန်မွေးဖွားချိန်ထက် နှစ်လလောက်စောမွေးခဲ့တာလည်းဖြစ်ပါတယ်။ ချာချီတို့မိသားစုဟာ အင်္ဂလန်နိုင်ငံရဲ့ အချမ်းသာဆုံးနဲ့ အထင်ရှားဆုံးမိသားစုတစ်ခုဖြစ်တဲ့ အပြင် ဗြိတိသျှအထက်တန်းလွှာ ချမ်းသာကြွယ်ဝတဲ့ အုပ်ချုပ်သူလူတန်းစားရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဖခင်ဖြစ်တဲ့ လော့ဒ်ရန်းဒေါ့လ်ဖ်ချာချီဟာ ဗြိတိသျှမှူးမတ်မျိုးနွယ် အစဉ်အဆက်မှ မွေးဖွားလာသူဖြစ်ပြီး မိခင်ကလည်း ချမ်းသာကြွယ်ဝတဲ့ အမေရိကန် အမျိုးသမီးတစ်ဉီးဖြစ်ပါတယ်။ ချာချီမှာ ဂျွန်စပန်ဆာ ချာချီလို့ခေါ်တဲ့ မွေးချင်းညီတစ်ဦးရှိပါတယ်။ ဝစ်စတန်နဲ့ ဂျွန်တို့ဟာ ငါးနှစ်ကွာတဲ့ ညီအစ်ကိုများဖြစ်ကြပြီး ဂျွန်ဟာ ဝစ်စတန်လို အပေါင်းအသင်းနည်းသူအတွက်တော့ ဘဝတစ်လျှောက်လုံးအခင်ဆုံးမိတ်ဆွေ များအဖြစ်လည်း အတူတကွရှိနေခဲ့ကြတာပါ။
ချာချီဟာ ခုနစ်နှစ်သားအရွယ်မှာတော့ အင်္ဂလန်နိုင်ငံ၊ အက်စ်ကော့ရှိ စိန့်ဂျော့ချ်ကျောင်းမှာ ကျောင်းအိပ်ကျောင်းစား တက်ရောက်ခဲ့ရပါတယ်။ သင်္ချာဘာသာရပ်ကိုအားနည်းတဲ့ ချာချီဟာ ငယ်စဉ်ကတည်းက စာဖတ်တာကို ဝါသနာထုံခဲ့ပြီး အားလပ်ချိန်တိုင်းလိုလိုမှာလည်း စွန့်စားခန်းများပါဝင်တဲ့ စာအုပ်တွေကို ဖတ်နေတတ်ပြီး ကျောင်းစာက လွတ်မြောက်နေရတာကို အလွန်သဘောကျပါတယ်။ ၁၂ နှစ်အရွယ်မှာတော့ ချာချီဟာ အင်္ဂလန်နိုင်ငံရဲ့ အကျော်ကြားဆုံး ယောက်ျားလေးကျောင်းဖြစ်တဲ့ ဟယ်ရိုကျောင်းမှာ ပညာသင်ကြားခဲ့ပြီးနောက် ဆင်းဟတ်စ်စစ်တက္ကသိုလ်မှာလည်း ဆက်လက်ပြီး စစ်ပညာများကို သင်ကြားပါတယ်။
ဝစ်စတန်ချာချီဟာ ၁၈၉၄ခု၊ ဒီဇင်ဘာလမှာတော့ ဆင်းဟတ်စ်စစ်တက္ကသိုလ်က ဘွဲ့ရရှိခဲ့ပြီး အတန်းတွင်း ကျောင်းသား ၁၅၀ ထဲမှာ အဆင့် ၈ ချိတ်ခဲ့ပါတယ်။ ဝစ်စတန်ဟာ စစ်တပ်မှာ စတင်အမှုထမ်းတဲ့ ၁၈၉၅ ခုနစ်၊ ဇန်နဝါရီလမှာတော့ ဖခင် လော့ဒ်ရန်းဒေါ့လ်ဖ်ချာချီတစ်ယောက် ကွယ်လွန်ခဲ့လေတယ်။ အဲ့ဒီနောက် ဝစ်စတန်ဟာ ဘွဲ့ရပြီးနောက် မြင်းတပ်မှာ ဒုဗိုလ်အဖြစ်ခန့်အပ်ခံရတယ်။ အဲ့ဒီနှစ်ရဲ့ နိုဝင်ဘာလမှာတော့ ချာချီဟာ ကျူးဘားလွတ်လပ်ရေးတိုက်ပွဲတွင် သတင်းရေးရန်အတွက် စစ်သတင်းထောက်အဖြစ်နဲ့ သတင်းယူခဲ့ရတယ်။ ၁၈၉၆ ခုနစ်တွင်တော့ အိန္ဒိယပြည်ကိုသွားရောက်ပြီး အမှုထမ်းခဲ့ရတယ်။ အမှုထမ်းနေစဉ် ၃ နှစ်အတွင်းမှာ ဗြိတိသျှလက်အောက်ကနေ လွတ်မြောက်ဖို့ အိန္ဒိယပြည်သူတွေနဲ့ ဖြစ်တဲ့ တိုက်ပွဲ ၂ ပွဲမှာလည်း ချာချီကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ရလေတယ်။ ၁၈၉၈ မှာ ဗိုလ်ချုပ်မှူး ကစ်ချနာက ဆူးဒါးပြည်မှာ ဒါးဗစ်များထကြွပုန်ကန်တာကို နှိမ်နင်းဖို့ နိုင်းမြစ်ကိုဆန်တက်ရာမှာ ချာချီလည်း စစ်သတင်းထောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။
၁၈၉၉ နှောင်းပိုင်းမှာ ဗြိတိသျှတို့နဲ့ ဒတ်ချ်စကားပြော ရွှေ့ပြောင်းအခြေချ ဗိုးဝါးများတိုက်ခိုက်ကြရာ တောင်အာဖရိကဒေသကို ချာချီလည်း စစ်သတင်းထောက်အနေနဲ့ပင် လိုက်ပါခဲ့ရလေတယ်။ အဲ့ဒီတိုက်ပွဲမှာ ချာချီဟာ ဗိုးဝါးတွေရဲ့ စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သူ့ရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ကိုလည်း တောင်အာဖရိကနိုင်ငံ၊ ပရက်တိုးရီးယား အကျဉ်းစခန်းမှာပဲ ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ အကျဉ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်ပြီး အင်္ဂလန်နိုင်ငံကိုပြန်လည်ရောက်ရှိလာချိန်မှာတော့ အတော်အတန်နာမည်ရနေပြီလည်းဖြစ်တယ်။ ဒါ့ကြောင့် ချာချီဟာ ၁၉၀၀ ပြည့်နှစ်မှာတော့ အိုဒမ်နယ်မှ ကွန်ဆာဗေးတစ်ပါတီဝင် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ပွဲဝင်ခဲ့ရာ အနိုင်ရရာမှတစ်ဆင့် နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ စတင်ခဲ့ပါတော့တယ်။ ပထမဆုံးပါလီမန်အမတ်အနေနဲ့ ၁၉၀၁ခုနစ်၊ ဖေဖော်ဝါရီလမှာ စတင်အမှုထမ်းရပါတယ်။
ကွန်ဆာဗေးတစ်ပါတီဆိုတာ ချမ်းသာကြွယ်ဝတဲ့ အထက်တန်းလွှာလူတန်းစားတို့ အလိုရှိသမျှကို ဖြည့်ဆည်းပေးရခြင်းဖြစ်လို့ အလုပ်သမားလူတန်းစားနဲ့ ဆင်းရဲသူများကို ကူညီလိုတဲ့ ချာချီအတွက်တော့ သဘောထားခြင်းမကိုက်ညီတာကြောင့် ၁၉၀၄ ခုနစ်မှာတော့ လစ်ဘရယ်ပါတီကိုပြောင်းရွှေ့ခဲ့ပါတယ်။ ၁၉၀၆ ခုနစ်မှာလည်း အနောက်မြောက်မန်ချက်စတာနယ်ကနေ လစ်ဘရယ်အဖွဲ့ဝင် လွှတ်တော်အမတ်အနေနဲ့ ထပ်မံ အနိုင်ရပြီး ရွေးချယ်ခံခဲ့ရပြန်ပါတယ်။ ဒါ့ကြောင့် သူဟာ လစ်ဘရယ်ဝန်ကြီးချုပ် ကင်းဗဲဗန်းနားမန်းရဲ့ အစိုးရအဖွဲ့မှာ ကိုလိုနီနယ်များဆိုင်ရာ ပါလီမန်ဝန်ကလေးအနေနဲ့ ဆောင်ရွက်ခဲ့ရပါတယ်။ ၁၉၀၈ ခုနစ်မှာတော့ ဝန်ကြီးချုပ်သစ် အက်စကွစ်လက်အောက်မှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။ ချာချီဟာ အရေးပါတဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်လာချိန်မှာတော့ သူ့ရဲ့ ငယ်စဉ်ကတည်းကဝါသနာထုံခဲ့တဲ့ စာရေးခြင်းကိုလည်း မရပ်တန့်ခဲ့ပါဘူး။ ၁၉၀၆ ခုနစ်မှာ ဖခင် လော့ဒ်ရန်းဒေါ့လ်ဖ်ချာချီအကြောင်း အတ္ထုပ္ပတ္တိကို စာမျက်နှာပေါင်း ၈၄၀ နဲ့ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
၁၉၀၈ ခုနစ်၊ စက်တင်ဘာလ ၁၂ ရက်မှာတော့ သူဟာ ကလဲမင်တီးန် ဟိုဇီယာနဲ့ လက်ထပ်ခဲ့ပါတယ်။ အိမ်ထောင်ပြုချိန်မှာတော့ ချာချီဟာ ၃၄ နှစ်ရှိပြီဖြစ်ပါတယ်။ ကလဲမင်တီးန် ကလည်း ကြွယ်ဝပြီး လူအများလေးစားခံရတဲ့ မိသားစုက ဆင်းသက်လာသူဖြစ်ပါတယ်။ ဝစ်စတန်ချာချီဟာ ၁၉၁၀ ခုနစ်မှာတော့ ဂရိတ်ဗြိတိန်ရဲ့ ပြည်ထဲရေးဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ၁၉၁၁ ခုနစ်မှာတော့ ချာချီဟာ ရေတပ်စစ်ဦးစီးချုပ်ဖြစ်လာပါတယ်။ သူဟာ ရေတပ်ဝန်ကြီးချုပ်အနေနဲ့ ဗြိတိန်ရေတပ်ကို အင်အားဖြည့်တင်းပြီး လက်နက်ကိရိယာများပြည့်စုံအောင်တပ်ဆင်ထားခြင်းကြောင့် ၁၉၁၄ ခုနစ် ပထမကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါ ဗြိတိန်ရေတပ်အနေနဲ့ ချက်ချင်းတိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ကြီးအတွင်းမှာ ဂျာမနီတို့ရှုံးပြီး ဗြိတိန်နဲ့ မဟာမိတ်တို့အနိုင်ရခြင်းက ဝစ်စတန်ချာချီရဲ့ အမြော်အမြင်ရှိမှုနဲ့ နိုးကြားတက်ကြွမှုတွေကြောင့် လည်းဖြစ်ပါတယ်။
၁၉၁၅ ခုနှစ်အတွင်းမှာတော့ တူရကီနယ်၊ ဒါးဒလက်ရေလက်ကြားကို ဗြိတိန်ရေတပ်များကို စေလွှတ်ရာမှာ ဗဟိုနိုင်ငံများက မဟာမိတ်တပ်များကို ခုခံရန်ပြင်ဆင်ထားပြီးဖြစ်တာကြောင့် ဗြိတိန်တို့အရေးနိမ့်ကာ တပ်ဆုတ်ခဲ့ရပါတယ်။ အဲဒီနောက် ဝစ်စတန်ချာချီကို ရေတပ်ဝန်ကြီးအဖြစ်ကနေ ရပ်စဲလိုက်ပြီး နိုဝင်ဘာလမှာတော့ ပြင်သစ်စစ်မျက်နှာပြင်ကို ဒုတိယဗိုလ်မှူးကြီးအဖြစ် စေလွှတ်ခံခဲ့ရပြီး ၁၉၁၇ အရောက်မှာတော့ ဝန်ကြီးချုပ်အသစ် လွိုက်ဂျော့က သူ့ကို လက်နက်တိုက်ဝန်ကြီးအနေနဲ့ ခန့်အပ်ခဲ့ပြန်ပါတယ်။ ၁၉၁၉ ခုနှစ်၊ စစ်ကြီးပြီးဆုံးသွားတဲ့နောက်မှာ ဝစ်စတန်ဟာ စစ်ဝန်ကြီးဖြစ်လာခဲ့ပြီး ကိုလိုနီနယ်မြေများဆိုင်ရာ ဝန်ကြီးအဖြစ်နဲ့ အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံများနဲ့ လက်တွဲပြီး ၁၉၂၁ ခုနှစ်မှာအလုပ်လုပ်ကိုင်ခဲ့ရပါတယ်။ အပြောင်းအလဲများတဲ့ အဲဒီကာလတွေဟာ သူ့ဘဝအတွက်လည်း အလှည့်အပြောင်းတွေဖြစ်ခဲ့ရပြန်ပါတယ်။ အကြောင်းကတော့ အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်ကြီးလှေကားကပြုတ်ကျပြီးနောက် ၎င်းဒဏ်ကြောင့်ပဲ ကွယ်လွန်ခဲ့ရသလို ၃ နှစ်သာရှိသေးတဲ့ သမီးငယ် မာရီဂိုးလ်ဒ်လေးဟာလည်း ကူးစက်ရောဂါကြောင့်သေဆုံးသွားခဲ့ရပါတယ်။ ၁၉၂၂ ခုနှစ်မှာတော့ ဝစ်စတန်လည်း အူအတက်ပေါက်တာကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ ဒီအကြောင်းကို သူက “ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပဲ ကျွန်တော့်မှာ ဘာရာထူးမှမရှိ၊ နေရာမရှိ၊ ပါတီမရှိ၊ အူအတက်လည်း မရှိတော့ပြီ” ဆိုပြီး အက်ဆေးတစ်ပုဒ်မှာရေးသားခဲ့ပါသေးတယ်။
၁၉၂၄ ခုနှစ်မှာတော့ နိုင်ငံရေးလောကထဲကိုပြန်လည်ဝင်ရောက်လာခဲ့ပြီး ကွန်ဆာဗေးတစ်ပါတီကို ပြန်ဝင်ခဲ့ပြီး လွှတ်တော်မှာ အရွေးခံရပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဖြစ်လာခဲ့ပါတယ်။ ၁၉၂၉ ခုနှစ် ရွေးကောက်ပွဲမှာ ချာချီရဲ့ ကွန်ဆာဗေးတစ်ပါတီအရေးနိမ့်ခဲ့ရပြီး ပြည်သူအများစုက သူ့ရဲ့ နိုင်ငံရေးဘဝအဆုံးသတ်သွားပြီထင်ခဲ့ကြတယ်။ ၁၉၂၉ မှ ၁၉၃၉ ခုနှစ်ကာလအတွင်းကို သူဟာ ငယ်ဘဝစွန့်စားခန်းများအကြောင်းနဲ့ ပထမကမ္ဘာစစ်အကြောင်းတွေကိုရေးသားထားတဲ့ စာအုပ်ပေါင်း ၁၁ အုပ်ရေးသားထုတ်ဝေခဲ့ပြီးလည်းဖြစ်တယ်။ ၁၉၃၉ ဒုတိယကမ္ဘာစစ်ကြီးစတင်တဲ့အခါမှာတော့ ဝစ်စတန်ကို ရေတပ်ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ ရပြီး ၁၉၄၁ ကနေ ၁၉၄၅ အထိကို ဝန်ကြီးချုပ်အဖြစ်နဲ့လည်း ထမ်းဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာက ညွန့်ပေါင်းအစိုးရကိုဦးဆောင်နိုင်ခဲ့တာကြောင့် စစ်မှုရေးရာ၌ကျွမ်းကျင်တဲ့ နိုင်ငံရေးသုခမိန်အနေနဲ့ အသိအမှတ်ပြုခဲ့ကြပါတယ်။ အဲဒီနှစ်ရဲ့ ဇူလိုင်လရွေးကောက်ပွဲမှာ ဝစ်စတန်တို့ကွန်ဆာဗေးတစ်များအရေးနိမ့်ခဲ့ပြီး ရာထူးမှနုတ်ထွက်လိုက်ရပါတယ်။
၁၉၅၁ ခုနှစ်မှာတော့ ဝစ်စတန်ချာချီပြန်လည် အနိုင်ရကာ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခံခဲ့ရတယ်။ ၁၉၅၃၊ ဧပြီလမှာတော့ ဆာဘွဲ့ဖြင့်သူကောင်းပြုခြင်းခံခဲ့ရပြီးနောက် ထိုနှစ်မှာပဲ နိုဘယ်လ်ဆုကိုရရှိခဲ့ပြန်ပါတယ်။ ၁၉၅၅ ခုနှစ်၊ အသက် ၈၁ နှစ်အရွယ်မှာတော့ ချာချီဟာ ရာထူးကနှုတ်ထွက်ပြီး အနားယူခဲ့ပါတယ်။ လက်ကျန်ကာလများမှာတော့ ချာချီဟာ ဝါသနာပါရာ စာပေများဆက်လက်ရေးသားခဲ့ပြီး ပန်းချီလည်းဆွဲကာ ဖြတ်သန်းခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ဝစ်စတန်ချာချီတစ်ယောက် ကွယ်လွန်ခဲ့ပါတယ်။ ဝစ်စတန်ကို ဘလင်ဟိုင်းမ် အိမ်တော်အနီးမှာရှိတဲ့ သင်္ချိုင်းမှာပဲ မိခင်ဖခင်တို့ရဲ့ နံဘေးမှာ မြှုပ်နှံခဲ့ပါတယ်။