Rara ဆိုတဲ့ကန်ကြီးဟာ နီပေါလ်ဟိမဝန္တာတောင်တန်းမှာရှိတဲ့ အကြီးဆုံးရေချိုအိုင်ကြီးဖြစ်ပြီး သူ့ကို Mahendra ကန်လို့လည်း လူသိများပါတယ်။သူက Karnali ပြည်နယ်၊ Jumla နဲ့ Mugu ခရိုင်မှာရှိတဲ့ Rara အမျိုးသားပန်းခြံရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Rara ကန်ကြီးတည်ရှိရာ Rara အမျိုးသားပန်းခြံက ၁၀၆ ကီလိုမီတာကျော် ကျယ်ဝန်းပါတယ်။
ဒီပန်းခြံကို ၁၉၇၆ ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်သလို နီပေါနိုင်ငံရဲ့ ဟိမဝန္တာတောင်တန်းတွေမှာ အကာအကွယ်ပေးထားတဲ့ဧရိယာဖြစ်ပြီး နီပေါလ်နိုင်ငံရဲ့ အသေးဆုံးအမျိုးသားပန်းခြံဖြစ်ပါတယ်။သူက အမြင့်ပေ၂၉၉၀ မီတာမှာ တည်ရှိပြီး နီပေါနိုင်ငံ Humla-Jumla ဒေသရဲ့ ထူးခြားတဲ့ သစ်ပင်ပန်းမန်တွေနဲ့ တိရစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် ပန်းခြံကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။
Rara ကန်ကြီးတောင်ဘက်ခြမ်းမှာရှိတဲ့ Chuchemara အထွတ်အထိပ်နေရာမှာတော့ Rara အမျိုးသားပန်းခြံရှိရာ အမြင့်နေရာဟာ မီတာ ၂၈၀၀ ကနေ ၄၀၃၉ မီတာအထိ ရှိပါတယ်။ မြောက်ဘက်ခြမ်းမှာတော့ Ruma Kand နဲ့ Malika Kand တို့ရဲ့တောင်ထွတ်တွေက နီပေါနိုင်ငံရဲ့ အကြီးဆုံးအိုင်ဖြစ်တဲ့ ဒီရေချိုအိုင်ကြီးကို ဝန်းရံထားပါတယ်။
ဒီရေချိုအိုင်မျက်နှာပြင်က ၁၀.၈ ကီလိုမီတာကျယ်ဝန်းပြီး အနက်ဆုံးအပိုင်းက ၁၆၇မီတာ ရှိပါတယ်။ Rara ကန်က ပင်လယ်ရေမျက်နှာပြင်အမြင့် ၂၉၉၀ မီတာမှာတည်ရှိပြီး ကန်ရဲ့အရှည်က ၅.၁ ကီလိုမီတာနဲ့ အကျယ်က ၂. ၇ ကီလိုမီတာ ရှိပါတယ်။
Rara ကန်တည်ရှိရာ Rara အမျိုးသားပန်းခြံနဲ့ဆက်စပ်ဧရိယာတစ်ဝိုက်မှာ ရှားပါးမျိုးစိတ်ဖြစ်တဲ့ ထူးခြားတဲ့ပန်းတွေနဲ့တိရစ္ဆာန်တွေ ရှိပါတယ်။ ရေကန်ရဲ့အလှကို ထိန်းသိမ်းဖို့အပြင် အနည်ကျတာနဲ့ ဆိုးရွားတဲ့ လူတို့ရဲ့လုပ်ဆောင်မှုတွေကနေ ကာကွယ်ဖို့အတွက် ပန်းခြံကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ပန်းခြံဧရိယာတစ်ဝိုက် ပေါက်ရောက်တဲ့အပင်မျိုးစိတ်ပေါင်းက တစ်ထောင်ကျော်ရှိပြီး ၁၆ မျိုးက နီပေါမှာ အစုလိုက်ပေါက်ရောက်တတ်ကြတဲ့ မျိုးတွေဖြစ်ပါတယ်။ဒီဒေသမှာ တွေ့ရတတ်တဲ့တိရစ္ဆာန်တွေထဲမှာတော့ နို့တိုက်သတ္တဝါမျိုးစိတ် ၅၁ မျိုးနဲ့ ငှက်မျိုးစိတ် ၂၁၄ မျိုး ပါဝင်နေပါတယ်။
Rara ကန်ထဲမှာ အစုလိုက်နေထိုင်တတ်တဲ့ ငါးမျိုးစိတ်သုံးမျိုးကိုတွေ့ရပြီး အဲဒီကန်ထဲမှာ နီပေါ Rara snowtrout (Schizothorax macrophthalmus), (S. nepalensis), Rara snowtrout (S. raraensis)နဲ့ Rara Lake frog (Nanorana rarica) မျိုးစိတ်တွေ နေထိုင်ကျက်စားနေပါတယ်။ Rara snowtrout (S. raraensis) ကတော့ Rara ကန်မှာပဲ မှတ်တမ်းတင်ထားတဲ့ ငါးဖြစ်ပါတယ်။ Rara ကန်ထဲမှာ ငှက်မျိုးစိတ်ပေါင်း ၂၃၆ မျိုးကို တွေ့ရပြီး ဆောင်းရာသီမှာလာရောက်နေထိုင်အနားယူလေ့ရှိတဲ့ ဧည့်သည်ရေငှက်တွေထဲမှာတော့ gadwall (Anas strepera), mallard (Anas platyrhynchos), northern shoveler (Anas clypeata), common teal (Anas crecca), tufted duck (Aythya fuligula), common golden eye (Bucephala clangula), common merganser (Mergus merganser), common coot (Fulica atra), နဲ့ solitary snipe (Gallinago solitaria)တို့ပါဝင်နေပါတယ်။
ရေကန်က ရာသီဥတုပေါ်မူတည်ပြီး တစ်နေ့ကို ၅ ကြိမ်အထိ အရောင်ပြောင်းပါတယ်။ ကန်ရေက နိဂျာမြစ်ကတစ်ဆင့် မုဂုကာနလီမြစ်ထဲကို စီးဝင်ပါတယ်။Rara ကန်ကြီးကို ၁၉၇၆ ခုနှစ်မှာ Rara အမျိုးသားပန်းခြံရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းခဲ့ပါတယ်။ အဲဒီခုနှစ်မှာပဲ Chapra နဲ့ Rara ရွာနှစ်ရွာက ဒေသခံတွေဟာ Nepalgunj ကို ပြန်လည်အခြေချနေ ထိုင်ခဲ့ကြပါတယ်။
Rara ကန်ကြီးကို စိမ့်မြေဒေသ Ramsar site အဖြစ် ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ကြေညာခဲ့ပြီး ၁၅၈၃ ဟက်တာ လွှမ်းခြုံထားတဲ့ စိုစွတ်တဲ့မြေနေရာဒေသတွေက ကန်ကို ဝန်းရံထားတာပါ။ Rara ကန်ကို သစ်တောထူထပ်တဲ့ Chuchemara Danda တောင်ကုန်းတွေနဲ့လည်း ဝန်းရံထားပြီး တောင်ကုန်းတွေအနောက်မှာတော့ ဟိမဝန္တာတောင်တန်းမှာရှိတဲ့ Saipal တောင်ရဲ့ လှပတဲ့မြင်ကွင်းကို ရေကန်ကနေ မြင်တွေ့ရပါတယ်။
နွေရာသီကာလမှာဆိုရင် ဝေးလံတဲ့ဆိုက်ဘေးရီးယားဒေသက ငှက်တွေဟာ ဒီဒေသကို ပြောင်းရွှေ့နေထိုင်တတ်ကြပါတယ်။ကန်ရဲ့သဘာဝပတ်ဝန်းကျင်အခြေအနေက နွေရာသီမှာ အတော်လေးသာယာပြီး ဆောင်းရာသီမှာတော့ အအေးပိုပါတယ်။ ကန်ကို သွားရောက်လည်ပတ်ဖို့အတွက် အကောင်းဆုံးအချိန်တွေက စက်တင်ဘာလနဲ့ အောက်တိုဘာလတို့ဖြစ်သလို ဧပြီလကနေ မေလအထိလည်းသွားရောက်လည်ပတ်နိုင်ပါတယ်။ ကန်ကိုသွားဖို့ အဓိကစိန်ခေါ်မှုကတော့ ၅ နာရီနီးပါးလောက် ခြေကျင်လျှောက်ရတာပဲဖြစ်ပါတယ်။
ကန်ကို သွားရာလမ်းကို အတားအဆီးဖြစ်စေမယ့်အချိန်က ဒီဇင်ဘာလကနေ မတ်လအထိပါ။အဲဒီကာလမှာ အပူချိန်ကျဆင်းမှုက အေးခဲမှတ်အထိရောက်ရှိတတ်သလို တစ်မီတာလောက်အထိ ကြီးမားတဲ့နှင်းပြိုမှုတွေလည်း ဖြစ်ပွားတတ်ပါတယ်။ဒါကြောင့်အဲဒီကာလမှာ ကန်ကိုသွားဖို့မသင့်လျော်ပါဘူး။ ဧပြီလကနေ ဇွန်လအထိကတော့ အဲဒီဒေသမှာ နွေးထွေးတဲ့အချိန်ဖြစ်ပြီး ဇူလိုင်လကနေ အောက်တိုဘာလ ကြားကာလတွေမှာ မုတ်သုံရာသီဥတု ဖြစ်ပေါ်လေ့ရှိပါတယ်။
ဆယ်နှစ်တာကာလအတွင်း ၁၉၉၄ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ အဲဒီဒေသမှာ ပျမ်းမျှမိုးရွာသွန်းမှုက ၈၀၀ မီလီမီတာ ရှိသလို ကန်ရေမျက်နှာပြင်ရဲ့ အပူချိန်က ၇.၅ ဒီဂရီစင်တီဂရိတ်ကနေ ၇.၆ ဒီဂရီစင်တီဂရိတ် အထိ ရှိပါတယ်။ ကန်ရေက ဘယ်လောက်အထိတောင်ကြည်လင်နေသလဲဆိုရင် အဲဒီအချိန်မျိုးမှာ မျက်နှာပြင်ရဲ့ အောက်ကို ၁၄ မီတာကနေ ၁၅ မီတာလောက်အထိ ဖောက်ထွင်း မြင်နိုင်ပါတယ်။
ကန်ပတ်ပတ်လည်မှာရှိတဲ့ တောင်ကုန်းတွေကို ဟိမဝန္တာ ထင်းရှူးပင်၊ Black Juniper နဲ့ Oak တို့လို သစ်တောတွေနဲ့ ဖုံးလွှမ်းထားပါတယ်။ နီပေါနိုင်ငံရဲ့ အမျိုးသားပန်းပွင့်ဖြစ်တဲ့ Rhododendron ကိုလည်း အဲဒီနေရာမှာ တွေ့နိုင်ပါတယ်။
အဲဒီဒေသမှာနေထိုင်ကြတဲ့ဒေသခံတွေရဲ့ အဓိကအသက်မွေးဝမ်းကျောင်းကတော့ စိုက်ပျိုးရေးဖြစ်ပါတယ်။ဒေသခံပြည်သူတွေအပေါ် နတ်ဘုရားThakur က လွှမ်းမိုးမှုရှိနေပြီး Thakur Baba ဘုရားကျောင်းက ကန်ရဲ့အရှေ့တောင်ဘက်ထောင့်မှာ တည်ရှိပါ တယ်။
နတ်ဘုရား Thakur နဲ့ပတ်သက်လို့ ဒေသခံတွေရဲ့ လက်ခံယုံကြည်မှုတစ်ခုလည်းရှိပါသေးတယ်။အဲဒါက နတ်ဘုရား Thakurဟာ ရေကန်ရဲ့လမ်းကြောင်းကို ဖွင့်ဖို့နဲ့ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေကိုလျှော့ချဖို့ မြားတစ်စင်းကို ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
Rara ကန်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ပြဿနာတချို့ကို ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ အဲဒီ ပြဿနာတွေကတော့ လွန်ကဲစွာ စားကျက်မြေအသုံးချတာနဲ့ မစင်စွန့်တာတွေအပါအဝင် ဒေသခံတွေ သစ်ပင်ခုတ်လှဲတာနဲ့ လောင်စာထင်း ရယူတာမျိုးတွေဖြစ်ပါတယ်။
ဒါ့အပြင် ပွဲတော်ကို လာရောက်လည်ပတ်သူနဲ့ ဒေသခံတွေက စွန့်ပစ်ပစ္စည်းအများအပြားကို စည်းမဲ့ကမ်းမဲ့ လွှင့်ပစ်နေကြတာကြောင့်လည်း ကန်ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါတယ်။
လက်ရှိမှာ Rara အမျိုးသားပန်းခြံကို အမျိုးသားဥယျာဉ်နဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနက စီမံခန့်ခွဲနေပြီး နီပေါစစ်တပ်ရဲ့ အကူအညီနဲ့ ကာကွယ်ထားတာပဲဖြစ်ပါတယ်။
===============================================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
