အော့ပန်ဟိုင်းမားလို့ဆိုလိုက်ရင် လူတော်တော်များများက နျူကလီယားလက်နက်ကို ပထမဆုံးစတင် တီထွင်ခဲ့သူရယ်လို့ သိကြပြီးဖြစ်မှာပါ။ မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တဲ့ ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အော့ပန်ဟိုင်းမား ဆိုတဲ့ သမိုင်းနောက်ခံ အတ္ထုပ္ပတ္တိအမျိုးအစားဇာတ်ကားကလည်း ဒီနှစ်ထဲမှာ အတော်လေး နာမည်ကြီးပြီး အောင်မြင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ပတ်သက်ခဲ့တဲ့ ရူပဗေဒပညာရှင်ကြီးတစ်ယောက်ရဲ့ အကြောင်းကတော့ ရှုပ်ထွေးပြီး စိတ်ဝင်စားဖွယ်အချို့နဲ့ ပြည့်နှက်လို့နေပါတယ်။
၁၉၀၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာတော့ ဂျူးလိယက် ရောဘတ် အော့ပန်ဟိုင်းမား( Julius Robert Oppenheimer) ကို အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့မှာ ဂျာမန်- ဂျူး လူကုန်ထံ အသိုင်းအဝိုင်းမိသားစုတစ်စု ကနေ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက အထည်အလိပ်သွင်းကုန်လုပ်ငန်းကို လုပ်ကိုင်တဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်ပါတယ်။ ပြည့်စုံတဲ့ မိသားစုအသိုင်းအဝိုင်းကနေ ပေါက်ဖွားလာသူဖြစ်တာကြောင့် အော့ပန်ဟာ စိတ်ဆတ်ပြီး ဒေါသဖြစ်လွယ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ပြီး သူဟာ ငယ်စဉ်ကတည်းက သင်္ချာ ဘာသာရပ်ကို စိတ်မဝင်စားတာကြောင့် ပုစ္ဆာတစ်ပုဒ် အရမ်းရှည်လွန်းရင်လည်း ပြီးဆုံးအောင် မတွက်ဘဲ ထားခဲ့လေ့ ရှိပါတယ်။အော့ပန်ဟာ အတွေးအခေါ်သမားတစ်ယောက်ဖြစ်ပြီး စဉ်းစားတွေးခေါ်နေရတာကို ငယ်ငယ်ကတည်းက အတော်လေးနှစ်ခြိုက်ခဲ့ပါတယ်။ ဉာဏ်ကောင်းပြီး ထက်မြက်တာကြောင့် အသက် ၁၈ နှစ်အရွယ် ၁၉၂၂ ခုနှစ် မှာ ဟားဗက်တက္ကသိုလ် ဝင်ရောက်ခွင့်ရခဲ့ပါတယ်။
သူ့ရဲ့ အထူးပြုဘာသာရပ်က ဓာတုဗေဒဖြစ်ပါတယ်။သူဟာ ပါမောက္ခ ပါစီဘရေ့ဂ်မန် သင်ကြားတဲ့ သာမိုဒိုင်းနမစ် လို့ခေါ်တဲ့ ရူပဗေဒဘာသာရပ်ကို အလွန်စိတ်ဝင်စားခဲ့ပါတယ်။ ၁၉၂၅ ခုနစ်မှာတော့ ဟားဗက်တက္ကသိုလ်ကနေ ဓာတုဗေဒဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက် အော့ပန်ဟာ ကမ်းဘရေ့တက္ကသိုလ်ကိုရောက်ရှိခဲ့ပြီး ဓာတ်ခွဲခန်း အကြောင်း တွေကို လေ့လာသင်ယူခဲ့ပါတယ်။ လက်တွေ့ပိုင်းထက် သီအိုရီအရ အတွေးအခေါ်ပိုင်းဆိုင်ရာတွေကို ပိုပြီး စိတ်ဝင်စားတဲ့ သူ့အတွက်တော့ အလွန်ဆိုးရွားတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပြီး ဘယ်လိုမှ မပျော်ရွှင် ခဲ့ဘူးလို့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ကို စာရေးသားပေးပို့ခဲ့ပါတယ်။ သူ့ရဲ့ ဓာတ်ခွဲခန်းဆရာဖြစ်တဲ့ ပတ်ထရစ် ဘလန့်ကတ်တ်နဲ့လည်း အဆင်မပြေပါဘူး။ ဒါကြောင့် တစ်ကြိမ်မှာတော့ အော့ပန်ဟာ ဆရာဖြစ်သူ ဘလန့်ကတ်တ် ရဲ့ စားပွဲပေါ်က ပန်းသီးကို အဆိပ်ခတ်ခဲ့ပါတယ်။ ကံကောင်းစွာပဲ ဘလန့်ကတ်တ် မစားမိပေမဲ့ ဒီအကြောင်းဟာ အော့ပန်ရဲ့သူငယ်ချင်းကနေ တစ်ဆင့် အားလုံးသိသွားကြပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ သူ့မိဘတွေဟာ တက္ကသိုလ်အကြီးအကဲတွေကို တောင်းပန်ခဲ့ရပြီး သူ့ကိုလည်း စိတ်ရောဂါကုဆရာဝန်နဲ့ ပြသခဲ့ရပါတယ်။
အဲဒီနောက် အော့ပန်ဟာ ဂျာမနီနိုင်ငံ၊ ဂေါ့တီကန်တက္ကသိုလ်ကိုပြောင်းရွှေ့ခဲ့ပြီး ပါမောက္ခ မက်စ်ဘွန်းဆီမှာ အတွေးအခေါ်နဲ့ပတ်သက်တဲ့ ကွမ်တန်မက္ကင်းနစ်ရူပဗေဒပညာကို ဆည်းပူးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဂေါ့တီကန် တက္ကသိုလ်ဟာ သီအိုရီနဲ့ဆက်စပ်နေတဲ့ ရူပဗေဒဘာသာရပ်မှာဆိုရင် ဦးဆောင်နေတဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ သီအိုရီအတွေးအခေါ်ပိုင်းကို အလွန်စိတ်ဝင်စားတဲ့ အော့ပန်အတွက်တော့ သဘောတွေ့စရာ ဖြစ်ခဲ့ ပါတယ်။ ၁၉၂၇ ခုနှစ်၊ မတ်လမှာတော့ ဂေါ့တီကန်ကနေ ဒေါက်တာဘွဲ့ကိုရရှိခဲ့ပါတယ်။ အော့ပန်ဟာ အတွေး အခေါ်ပိုင်းနဲ့ပတ်သက်တဲ့ စာတမ်းတွေပြုစုတဲ့နေရာမှာ ပြောင်မြောက်သလောက် အခြားသော လက်တွေ့ပိုင်းနဲ့ အတွက်အချက်ပိုင်း စာတမ်းတွေမှာ အတော်လေး အားနည်းတဲ့သူဖြစ်တယ်လို့ လုပ်ဖော် ကိုင်ဖက် သူငယ်ချင်း အချို့က ပြောကြပါတယ်။သီအိုရီပိုင်းနဲ့ဆက်စပ်တဲ့ သူ့ရဲ့ စာတမ်းသုံးခုဆိုရင် နိုဘယ်လ်ဆု ဇကာတင်စာရင်း ဝင်ခဲ့ဖူးတယ်လို့လည်းဆိုကြပါတယ်။ သူဟာတစိုက်မတ်မတ် အာရုံစိုက်ပြီး တွေးတော အဖြေရှာနေချိန်ဆိုရင် အစားစားဖို့ကိုတောင်မေ့ထားတတ်ပြီး ဆေးလိပ်ကိုခဲနေ တတ်သူတစ်ယောက် ဖြစ်ပါတယ်။ဒါကြောင့်လည်း ပိန်ပိန်ရှည်ရှည်ပုံစံနဲ့ အော့ပန်ဟာ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးနေတာပဲလို့ပြောကြပါတယ်။
ကွမ်တန်မက္ကင်းနစ်နဲ့ပတ်သက်ပြီး ထင်ရှားတဲ့ အော့ပန်ဟာ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန် အစိုးရအလိုရှိတဲ့ အင်အားပြင်းလက်နက်တစ်ခုကိုထုတ်လုပ်ဖို့ လျှို့ဝှက်လုပ်ဆောင်ကြတဲ့ မက်ဟက်တန်ပရောဂျက်ကို ဦးဆောင် ခဲ့ရပါတယ်။စစ်ပွဲအတွင်း အပြိုင်အင်အားစုတွေဟာ ဖျက်အားပြင်း လက်နက်တွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးစား ခဲ့ကြပါတယ်။သူနိုင်ကိုယ်နိုင် အပြိုင်ကြဲပြီး လက်နက်ပြင်းတစ်ခုကို အဦးဆုံးထုတ်နိုင်ဖို့ အတွက်လည်း စိတ်စော နေ ကြပါတယ်။
အော့ပန်ဦးဆောင်တဲ့ သိပ္ပံပညာရှင်တို့ဟာ မက်ဟက်တန်ပရောဂျက်ကို နယူးမက္ကဆီကို ဒေသမှာ မြို့တည်ပြီး ကြိုးစားခဲ့ကြပါတယ်။အော့ပန်တို့အဖွဲ့ဟာ သုံးနှစ်တိုင်တိုင် နည်းအမျိုးမျိုးနဲ့ နျူးကလိယပ်စ် ပြိုကွဲခြင်းကနေ ထွက်လာတဲ့ နျူထရွန်တွေကို ပိုမိုအားကောင်းဖို့ အားဖြည့်ပေးမဲ့ လောင်စာကိုရှာဖွေ ခဲ့ကြပါတယ်။ ၁၉၄၅ ခုနှစ် မှာတော့ ပထမဆုံးစတင်စမ်းသပ်ဖောက်ခွဲဖို့ အသင့်ဖြစ်လာခဲ့ကြပါတယ်။ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လရဲ့ မနက်အစော စော အချိန်မှာတော့ လော့စ်အယ်လာမိုစ်မှာ ကမ္ဘာ့ပထမဆုံးနျူးကလီယားလက်နက်ကို စမ်းသပ်ဖောက် ခွဲခဲ့ကြ ပါတယ်။ဗုံးဖောက်ခွဲမှုကြောင့် မိုးကောင်းကင်တစ်ခွင်လုံးမီးရောင်တွေနဲ့ လင်းလက်တောက်ပသွားပြီး စမ်းသပ် ချက်အောင်မြင်ခဲ့ပါတယ်။အလေးချိန် ၆ ကီလိုသာရှိတဲ့ ပလူတိုနီယမ်သတ္တု ကိုသုံးပြီး ပြင်းအား TNT သောင်းဂဏန်း ခန့်ရှိတဲ့ ကမ္ဘာဖျက်လက်နက်ကြီး တီထွင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီစမ်းသပ်ချက်ကို ထရစ်နတီ(Trinity Test) လို့သိကြပါတယ်။စုစုပေါင်း လူခြောက်သိန်းကျော်နဲ့ ဒေါ်လာ ၂ ဘီလီယံ အကုန်အကျခံပြီး သုံးနှစ်နီးပါးကြိုးစားခဲ့ရတဲ့ နျူကလီးယားလက်နက်တစ်ခုကို ဦးဆုံးတီထွင်နိုင်ပြီး နောက်မှာတော့ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီစမ်းသပ်ချက်ပြီးနောက်မှာတော့ Little boy နဲ့ Fat man လို့ခေါ်တဲ့ ဗုံးနှစ်လုံးကို ဆက်လက် ထုတ်လုပ်ခဲ့ပါတယ်။
ဂျာမနီတို့က ၁၉၄၅ ခုနှစ် မေလ ၇ ရက်နေ့မှာ အပြီးတိုင်လက်နက်ချခဲ့ပေမဲ့ အရှေ့ဖျားစစ်မျက်နှာမှာတော့ ဂျပန်တို့က အရှုံးမပေးဘဲ ဆက်လက်တိုက်ခိုက်ခဲ့ကြပါတယ်။
၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့မှာတော့ ဂျပန်နိုင်ငံ၊ဟီရိုရှီးမားမြို့ပေါ်ကို little boy လို့ခေါ်တဲ့ အားဖြည့် လောင်စာ ယူရေနီယမ် ၆၄ ကီလိုဂရမ် သုံးထားတဲ့ နျူကလီးယားဗုံး တစ်လုံးကို အမေရိကန်တို့က ကြဲချလိုက် ပါတယ်။ TNT ပြင်းအား တန်ချိန် တစ်သောင်းခွဲခန့်ရှိတဲ့ ဗုံးကြီးကြောင့် လူပေါင်း သိန်းနဲ့ချီ သေကြေပျက်စီး ခဲ့ပြီး မြို့ကြီးတစ်ခုလုံးလည်း မီးလောင်ပြင်ကြီးဖြစ်ခဲ့ပါတယ်။ နောက်ထပ်သုံးရက်အကြာ ဩဂုတ် ၉ ရက်မှာတော့ ဂျပန်နိုင်ငံ၊ နာဂါဆာကီမြို့ကို Fat Man လို့ခေါ်တဲ့ TNT ပြင်းအား နှစ်သောင်းရှိတဲ့ ဗုံးတစ်လုံးကို ထပ်မံကြဲချ လိုက်ပါတယ်။ နာဂါဆာကီမြို့က တောင်ထူထပ်တာကြောင့် လူပေါင်း ရှစ်သောင်းကျော် ထိခိုက်သေကြေခဲ့ ပါတယ်။အဲဒီလိုတိုက်ခိုက်အပြီး နှစ်ပတ်အကြာမှာ ဂျပန်တို့လက်နက်ချတဲ့အတွက် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံး ခဲ့ပါတယ်။
အော့ပန်ဟာသူ့ရဲ့တီထွင်မှုကြောင့် လူအများအပြာသေဆုံးခဲ့တာကို အကြီးအကျယ်စိတ်ထိခိုက်ခဲ့ပါတယ်။ လူအများရဲ့ အသက်ကို သေကြေစေနိုင်ခဲ့တဲ့အရာကို ထုတ်လုပ်ခဲ့မိတာကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်း သလိုခံစားခဲ့ရပြီး သူဟာသေမင်းတစ်ယောက်လို ဖြစ်သွားပြီ၊ သူ့လက်မှာ သွေးစွန်းသွားပြီ လို့လည်း ယူကြုံးမရ ပြောခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ အော့ပန် ကို အမေရိကန်အစိုးရက နျူးကလီးယားဗုံးထက် ပိုမိုအားပြင်း တဲ့ ဟိုက်ဒရိုဂျင်ဗုံး တီထွင်ဖို့ ဖိအားပေးခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အော့ပန်ဟာ ငြင်းဆိုခဲ့တဲ့အပြင် နျူးကလီယားဗုံးလိုမျိုး လူသတ်လက်နက်တွေအသုံးပြုမှုကိုလည်း အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။ အော့ပန်ကို နိုင်ငံရေးအရ ကွန်မြူနစ်တစ်ယောက်ဖြစ်တယ်လို့ အစိုးရက သတ်မှတ် စွပ်စွဲတဲ့အတွက် ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ အော့ပန်ကတော့ သူ့ရဲ့ယူဆချက်ကို အတိအလင်းဖော်ပြပြီး နျူးကလီးယားလက်နက် အသုံးပြုတာနဲ့ ဟိုက်ဒရိုဂျင်ဗုံးတီထွင်တာကို အခိုင်အမာငြင်းဆန်ပါတယ်။ ဒါကြောင့် သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို အစိုးရက ရုပ်သိမ်းခဲ့ပါတယ်။